အံ့ဖွယ်နေမင်းကျင့်စဉ်
Vol. 8 Ch. 106
ထိုအခိုက်တွင် သူ၏နတ်အာရုံမှာတစ်ဆင့် သူ၏ကျောမှ ဓားအရိုးမှာ အနည်းငယ် မှိန်ဖျော့သွားကြောင်း တွေ့ရသည်။
မိစ္ဆာ၏ဝိညာဉ် လွတ်မြောက်သွားခြင်းမှာ ၎င်းသည် ဓားအရိုးနှင့် ဆက်နွယ်နေသောကြောင့် ဖြစ်သည်။
သူ၏ဝိညာဉ်တစ်ပိုင်းတစကို ဝိညာဉ်လိပ်ပြာဓားအဖြစ် စုစည်းခံရပြီးနောက်တွင် ၎င်းသည် အံ့ဖွယ်ကိုးပါးဓား၏ဖိနှိပ်ခြင်းမှ လွတ်မြောက်လာခဲ့သည်။
မိစ္ဆာကား သွေးအေးရက်စက်သည်။ ထို့အတူ အလွန်ဉာဏ်များ၏။
သူသည် သူ၏ကျင့်ကြံဆင့်အား စွန့်လွှတ်ကာ တုံးအသော ဓားဝိညာဉ်အား အဖော်လုပ်ပေးသည်။ သူ ရွေးချယ်သော နေရာနှစ်ခုသည် ဓားစံအိမ်၌ ဘေးအကင်းဆုံး ဖြစ်သည်။
အံ့ဖွယ်ကိုးပါးဓားကို ကာကွယ်ရမည့် ဓားစံအိမ်သည် ကောင်းရှောင်ရွှမ်ကို ထိခိုက်စေမည် မဟုတ်ပါ။
“ဖုန်းလင်ဓားဂိုဏ်းချုပ်ကရော… သူ လွတ်သွားလား”
“တိုက်ပွဲအခြေအနေ…”
ဟန်မူယဲ့သည် သူ၏ဝိညာဉ်စွမ်းအား ကုန်ဆုံးသွားပြီးနောက် သတိလစ်သွားခဲ့သည်။
ထို့ကြောင့် တိုက်ပွဲ၏နောက်ဆက်တွဲရလဒ်များကို သူ မသိပါ။
“ကျန်းချန်ရဲ့ဒဏ်ရာက မသေးဘူး။ အနည်းဆုံး နှစ်နည်းနည်းလောက် ကြာပြီးမှ ပြန်သက်သာလိမ့်မယ်။ ဒါပေမဲ့ သူဟာ ကောင်းကင်ဘုံအဆင့်မှာပဲလေ။ သူ လွတ်သွားတယ်”
ဓားစံအိမ်အကြီးအကဲက တည်ငြိမ်စွာ ပြောသည်။
ဟန်မူယဲ့ မအံ့ဩပါ။
အကယ်၍ ကောင်းကင်ဘုံအဆင့်သည်သာ အလွယ်တကူ သတ်၍ ရပါက သူတို့သည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ထိပ်သီးများ ဖြစ်နေမည် မဟုတ်ပေ။
“ကျင်းရှန်းဓားဂိုဏ်းက ကျန်းအန် သေသွားတယ်။ ဖုန်းလင်ဓားဂိုဏ်းက မဟာအကြီးအကဲသုံးပါးဟာလည်း ဒဏ်ရာအနည်းနဲ့အများပဲ”
ခေါင်းဆောင်တောက်ရင်ကလည်း ပြောသည်။
ထိုသတင်းက ဟန်မူယဲ့၏မျက်လုံးများကို စူးရှသွားစေသည်။
ဖုန်းလင်ဓားဂိုဏ်းခေါင်းဆောင်သည် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားကာ မဟာအကြီးအကဲသုံးဦးမှာလည်း ပြင်းထန်စွာ ထိခိုက်ထား၏။ ၎င်းသည် သေခါနီးခွေးအား ရိုက်သတ်ရန် အကောင်းဆုံး အချိန်လည်း ဖြစ်သည်။
အကယ်၍ သူတို့သာ ကောင်းကောင်း လုပ်ဆောင်နိုင်ပါက ဖုန်းလင်ဓားဂိုဏ်းသည် မပျက်စီးလျှင်ပင် အကြီးအကျယ် ထိခိုက်သွားပေလိမ့်မည်။
ဟန်မူယဲ့က မေးလိုက်သည်။
ဂိုဏ်းချုပ်ကျင်းကျီသည် သတ္တုကို ထိန်းချုပ်သည်ဟု နာမည်ကြီး၏။ သူသည် တစ်ကြိမ်မျှ အတွက်အချက်မှားကာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအား ပျက်စီးလုနီးပါး ဖြစ်စေခဲ့သော်လည်း သူ၏အတွေးအခေါ်နှင့် အကွက်ချက်မှုများမှာ သာမန်လူများ နှိုင်းယှဉ်နိုင်သော အရာမဟုတ်ပေ။
ကျင်းကျီ၏ဆုံးဖြတ်ချက်ပြတ်သားမှုအရဆိုပါက သူသည် သေချာပေါက် ထိုမျှ ကောင်းသော အခွင့်အလမ်းအား လက်လွှတ်မည် မဟုတ်ပေ။
ဟန်မူယဲ့၏စကားကို ကြားလျှင် ဓားစံအိမ်အကြီးအကဲနှင့် ခေါင်းဆောင်တောက်ရင်တို့သည် အချင်းချင်း ကြည့်ကာ နောင်တရစွာဖြင့် ခေါင်းယမ်းကြသည်။
“ဂိုဏ်းချုပ် တံခါးပိတ်ကျင့်ကြံနေတယ်”
ခေါင်းဆောင်တောက်ရင်က ပြောသည်။
“သူ့ရဲ့ပြိုပျက်သွားတဲ့ အမြုတေဟာ သူ့စွမ်းအားကို သိပ်မသုံးစွဲခဲ့ပေမဲ့ သူ့အနာဂတ်ကျင့်ကြံဆင့်မြင့်တက်ဖို့တော့ လမ်းမရှိတော့ဘူး ထင်တာပဲ”
ဟန်မူယဲ့သည် ဝိညာဉ်လိပ်ပြာဓားကို အသက်သွင်းလိုက်ပြီးနောက်တွင် ဂိုဏ်းချုပ်၏ပြိုပျက်သွားသော အမြုတေအား ပြန်လည်ဖိနှိပ်ခဲ့သည်။
ကံမကောင်းသည်ကား သူသည် ကျင်းကျီ၏ကျင့်ကြံဆင့်ကိုသာ ထိန်းသိမ်းနိုင်ခဲ့ကာ အဆုံးသတ်၌ သူ၏တာအိုလမ်းစဉ်မှာ ကျိုးပျက်ခဲ့ရသည်။
ဟန်မူယဲ့ အနည်းငယ် အပြစ်ရှိသလို ခံစားရ၏။
ဂိုဏ်းချုပ်ကျင်းကျီ၏အစီအစဉ်မှာ သူ့ကြောင့် မအောင်မြင်ဖြစ်သွားခဲ့သည်။
မဟုတ်လျှင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏နံပါတ် ၁ ဓားသမားသည် အံ့ဖွယ်ကိုးပါးဓားကို ကိုင်ဆောင်ကာ ဖုန်းလင်ဓားဂိုဏ်းချုပ်အား သတ်ဖြတ်သည့်မြင်ကွင်း ဖြစ်ပေါ်လာနိုင်၏။
ကံမကောင်းသည်ကား အံ့ဖွယ်ကိုးပါးဓားကို မတွေ့မြင်ရရာ ထူစွန်းရှစ်သည်လည်း တိုက်ခိုက်ရန် မရွေးချယ်ခဲ့ပေ။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ကောင်းကင်ဘုံအဆင့်နှင့် တိုက်ခိုက်ကာ ပျက်စီးတော့မည့် အခြေသို့ပင် ရောက်ခဲ့၏။
ဟန်မူယဲ့ကသာ ဝိညာဉ်လိပ်ပြာဓားကို အရေးကြီးသော အခြေအနေ၌ အသုံးမပြုခဲ့ပါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ သေချာပေါက် ပျက်စီးသွားပေလိမ့်မည်။
“စိတ်မကောင်းစရာပဲ”
ဟန်မူယဲ့က ပြောသည်။
“စိတ်မကောင်းဖြစ်စရာ မရှိဘူး။ ဂိုဏ်းချုပ် တံခါးပိတ်ကျင့်ကြံဖို့ မသွားခင် လင်တောက်ဂိုဏ်းက ငြိမ်းချမ်းရေးအမိန့်တော် ထုတ်ပြန်ထားပြီးပြီ”
‘ငြိမ်းချမ်းရေး’
ဟန်မူယဲ့ အံ့အားသင့်သွားသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း တိုက်ခိုက်ခံရစဉ်က သူတို့ အဘယ်ကြောင့် ငြိမ်းချမ်းရေးစကားကို မပြောသနည်း။
ယခု ဖုန်းလင်ဓားဂိုဏ်း တိုက်ခိုက်ခံရခါနီးမှ သူတို့က ငြိမ်းချမ်းရေးအမိန့်တော် ထုတ်ပြန်သည်။
သူတို့က မည်သည့်ဘက်ကို အလေးသာနေသည်ကို ပြောနေစရာပင် မလိုတော့ချေ။
“ကျင်းရှန်းဓားဂိုဏ်းချုပ်ဟာ တောင်ပိုင်းကုန်းမြေမိစ္ဆာတွေကို ဦးဆောင်ပြီးတော့ အနောက်ဘက်နယ်စပ်ကုန်းမြေက ဂိုဏ်းတွေ အတော်များများကို တိုက်ခိုက်ဖျက်ဆီးပြီးပြီ။ လင်တောက်ဂိုဏ်းက အနောက်ဘက်နယ်စပ်ကုန်းမြေက ဂိုဏ်းတွေအားလုံး အချင်းချင်း တိုက်ခိုက်တာကို ရပ်ထားရမယ်လို့ အမိန့်တော် ထုတ်ပြန်ထားတယ်”
“သုံးလအတွင်း ဂိုဏ်းတွေအားလုံးက ပညာရှင်တွေကို ဖုန်းရှို့တောင်ကို စောင့်ကြပ်ဖို့စေလွှတ်ပေးရမယ်”
ခေါင်းဆောင်တောက်ရင်ကလည်း ပြောသည်။
“ငါတို့က တောင်ပိုင်းနယ်ခြားက မိစ္ဆာတွေကို မတွန်းလှန်နိုင်သရွေ့ အချင်းချင်း တိုက်ခိုက်လို့မရဘူး။ အမြုတေဖွဲ့စည်းခြင်းအဆင့်အောက်က တပည့်တွေကတော့ တိုက်ခိုက်လို့ရတယ်”
အမြုတေဖွဲ့စည်းခြင်းနှင့်အထက်မှ ကျင့်ကြံသူများမှာ အနောက်ဘက်နယ်စပ်ကုန်းမြေ၏ထောက်တိုင်များ ဖြစ်ကြသည်။ သူတို့က အချင်းချင်း တိုက်ခိုက်၍ မဖြစ်ပေ။ အဆင့်နိမ့်ကျင့်ကြံသူများအတွက်ကား သူတို့၏သေခြင်းရှင်ခြင်းမှာ ထည့်သွင်းစဉ်းစားရန် မထိုက်တန်ပါ။
“ကျင်းရှန်းဓားဂိုဏ်းချုပ်ဟာ အတော်လေး ဆုံးဖြတ်ချက် ပြတ်သားတယ်”
ဟန်မူယဲ့က ပြောသည်။
မူထျဲယန်၏စကားများမှ ကျင်းရှန်းဓားဂိုဏ်းသည် တောင်ပိုင်းကုန်းမြေမိစ္ဆာများနှင့် ပတ်သက်နေကြောင်း ယခင်ကတည်းက သူသိသည်။
ယခု သူသည် တောင်ပိုင်းမိစ္ဆာများအား အနောက်ဘက်နယ်စပ်ကုန်းမြေသို့ တိုက်ရိုက်ဦးဆောင်ကာ တိုက်ခိုက်သည်။
ဂိုဏ်းပျက်စီးမည့်အရေးမှာ မရှောင်လွှဲနိုင်မှတော့ သူကလည်း အနောက်ဘက်နယ်စပ်ကုန်းမြေအား သစ္စာဖောက်သွားတော့သည်။
တောင်ပိုင်းကုန်းမြေသည် မိစ္ဆာများ နယ်မြေဖြစ်သည်။ အတိတ်တွင် တောင်ပိုင်းကုန်းမြေနှင့် အနောက်ဘက်နယ်စပ်ကုန်းမြေတို့မှာ အမြဲတမ်းအားဖြင့် ပဋိပက္ခများ ရှိသော်လည်း တိုက်ရိုက်တိုက်ခိုက်ခြင်း မရှိခဲ့ပေ။
“ဖုန်းလင်ဓားဂိုဏ်းချုပ် ကျန်းချန်ဟာ ကျင်းရှန်းဓားဂိုဏ်းက တောင်ပိုင်းမိစ္ဆာတွေနဲ့ ပူးပေါင်းနေတယ်ဆိုတဲ့အကြောင်း အရင်ကတည်းက သိခဲ့တာ ဖြစ်မယ်။ ဒါကြောင့် သူက ကောင်းကင်ဘုံအဆင့်သို့ တက်လှမ်းရဲတာ”
ဓားစံအိမ်အကြီးအကဲက နံရံတွင် ချိတ်ဆွဲထားသော ကျားဖြူပန်းချီကားကို ကြည့်ကာ ပြောသည်။
အတိတ်တွင် ကောင်းကင်ဘုံအဆင့်သို့ တက်လှမ်းရဲသူ မှန်သမျှသည် ထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်း၏ဝန်းရံတားဆီးမှုအား ခံရသည်။
တောင်ပိုင်းမိစ္ဆာများ ကျူးကျော်လာခြင်းကြောင့်သာ ဖုန်းလင်ဓားဂိုဏ်းသည် ထိုအပြစ်တင်ခံရမှုမှ လွတ်မြောက်နိုင်၏။
ကျန်းချန်သည် ထိုကိစ္စကား ယခင်ကတည်းက စီမံအကွက်ချထားပြီးဖြစ်ကာ ကျင်းရှန်းဓားဂိုဏ်းအား အနောက်ဘက်နယ်စပ်ကုန်းမြေအား သစ္စာဖောက်ရန် အတင်းတွန်းအားပေးခဲ့ခြင်း ဖြစ်နိုင်သည်။
ကြီးမြတ်သော ကျင့်ကြံသူများထဲတွင် မည်သူမှ အလွယ်တကူ ရင်ဆိုင်နိုင်သူ မရှိပါ။ ကျင့်ကြံခြင်းအတွက်ဖြစ်စေ၊ သူတို့ဂိုဏ်းအတွက်ဖြစ်စေ သူတို့ မလုပ်နိုင်သောအရာ မရှိပါ။
ဟန်မူယဲ့ကား ယခုမှ သတိရလာခြင်း ဖြစ်သည်။ ခေါင်းဆောင်တောက်ရင်နှင့် ဓားစံအိမ်အကြီးအကဲတို့သည် သူ့အခန်းထဲတွင် သိပ်ကြာကြာ မနေဘဲ ထွက်သွားကြသည်။
သူတို့နှစ်ဦး ထွက်သွားလျှင် ဟန်မူယဲ့သည် သစ်သားကုတင်တွင် မှီကာ သူ့ရှေ့မှ ကျားဖြူပန်းချီကားအား ငြိမ်သက်စွာ ကြည့်နေသည်။
အခန်းငယ်ထဲတွင် လဲလျောင်းရင်း သူသည် ငြိမ်းချမ်းသော ခံစားချက်အား ကြိုက်နှစ်သက်သည်။
သူ၏ခံစားချက်ကို နာလည်ဟန်ဖြင့် ဓားစံအိမ်ပထမထပ်မှ ဓားများ အနည်းငယ် လှုပ်ရှားလာကြသည်။
ဟန်မူယဲ့ ပြုံးမိသည်။
သူသည် ဓားစံအိမ်အကြီးအကဲအား ဘေးကင်းစွာ ပြန်ခေါ်လာနိုင်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာလည်း ဘေးကင်းသည်။
အနာဂတ်တွင် သူသည် ဓားစံအိမ်၏ဓားထိန်းတစ်ယောက် လုပ်နိုင်သေးသည်။
သူ၏နတ်အာရုံသည် သူ့ခန္ဓာကိုယ်မှ အပြောင်းအလဲများအား ဆန်းစစ်၏။
သူ၏စိတ်နယ်ပယ်မှာ ဟင်းလင်းပြင် ဖြစ်နေသည်။ သူ သတိလစ်နေစဉ် ပြန်လည်သက်သာလာသော စိတ်ဝိညာဉ်မှာ အတော်လေး အားနည်းနေဆဲ ဖြစ်သည်။
သို့သော် သူ၏စိတ်ဝိညာဉ်သည် အတော်လေး မာသည်။
သူ၏ချီပင်လယ်မှ ဓားချီများနှင့် ဓားဆန္ဒများမှာ ရှိနေကြသေးသည်။ သူ၏ဒန်ထျန်မှ ဓားချီများ စတင်လှည့်ပတ်လာကြသည်။
သူ၏စွမ်းအင်ကျင့်ကြံခြင်းနှင့် ခန္ဓာကိုယ်ကျင့်ကြံခြင်းတို့မှာ အထိအခိုက်မရှိပါ။
သူ၏ခန္ဓာကိုယ်မှာ ချို့ယွင်းချက်မရှိသလို သူ့စိတ်ဝိညာဉ်မှာလည်း ပြန်လည်သက်သာရန် အချိန်တစ်ခုသာ လိုသည်။
ထိုအရာများအားလုံးမှာ သတင်းကောင်း ဖြစ်သည်။
ကံမကောင်းသည်ကား ‘အသက်ရှုကြိမ်တစ်ရာ’ ဝိညာဉ်လိပ်ပြာဓားမှာ ကုန်ဆုံးသွားပြီး ဖြစ်သည်။
သို့သော်လည်း သူ နောင်တမရပါ။
ဟန်မူယဲ့သည် စိတ်ထဲတွင် ဓားပျိုးထောင်စနစ်၊ ဓားစုစည်းစနစ်နှင့် ဓားစစ်သည်စနစ်တို့၏ သဘောတရားများကို အပြန်ပြန်အလှန်လှန် ဆန်းစစ်နေ၏။
ပြီးပြည့်စုံသော ဓားစစ်သည်စနစ်သည် တခြားနည်းစနစ်နှစ်မျိုးနှင့် အလွန်အားကောင်းစွာ ဆက်နွယ်နေသည်။
နောက်ဆုံးတွင် ဓားနည်းစနစ်သုံးခုသည် တစ်မျိုးတည်းအဖြစ် ပေါင်းစပ်နိုင်ကြောင်း သူ တွေ့ရှိလာသည်။
“ကောင်းကင်ဘုံကို ဦးဆောင်လမ်းပြစေလျှက်… ချီသည် သွေးကြောများ ဖြစ်စေ၊ ဓားသည် ခန္ဓာကိုယ် ဖြစ်စေ…”
ဓားနည်းစနစ်သုံးခုကို ပေါင်းစပ်မှသာ ၎င်းသည် ပြီးပြည့်စုံသော ကျင့်စဉ်ဖြစ်လာသည်။
သူသည် အံ့ဖွယ်နေမင်းဓားနည်းစနစ်အား နားလည်တတ်မြောက်သွားသည်။
သူက အံ့ဖွယ်နေမင်းဓားနည်းစနစ်ကို နားလည်သွားသည်နှင့် ဟန်မူယဲ့၏ခန္ဓာကိုယ်က တုန်ခါသွားသည်။ သူ၏စိတ်နယ်ပယ်သည် လုံးဝ ခမ်းခြောက်သွားကာ သူ့အာရုံမှာလည်း ဝေဝါးသွား၏။
ထိုဓားနည်းစနစ်ကို ဆင်ခြင်ခြင်းက သူ၏စိတ်ဝိညာဉ်ကို အမှန်တကယ် အားလျော့စေသည်။
သူ၏ခေါင်းမှာ မူးဝေနေ၏။
အံ့ဖွယ်နေမင်းသည် ကောင်းကင်နှင့်မြေပြင်တို့၏မဟာတာအိုဖြစ်သည်။ ထိုဓားစနစ်သည် စိတ်ဝိညာဉ်ကို သုံးကာ ခန္ဓာကိုယ်အား ဓားကိုယ်ထည်အဖြစ် ကျင့်ကြံ၏။ နည်းစနစ် အောင်မြင်သွားပါက ဓားအမြုတေသည် ဓားဖြစ်လာကာ စိတ်ဝိညာဉ်မှာလည်း ဓားဖြစ်လာသည်။
ထိုစွမ်းအားကြီးဓားနည်းစနစ်သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ မည်သည့်နည်းစနစ်ထက်မဆို အဆများစွာ အားကောင်းသည်။
ထို့အပြင် သည်ဓားနည်းစနစ်သည် ဓားချီအား အခြေခံအုတ်မြစ်အဖြစ် သုံးကာ စွမ်းအင်ကျင့်ကြံခြင်းနှင့် လိုက်လျောညီထွေရှိသည်။ ၎င်းသည် ကျင့်ကြံခြင်းပါရမီကို များစွာ အားကိုးခြင်း မရှိပေ။
သို့သော်လည်း ၎င်းသည် ဓားချီတချို့ ကုန်ဆုံး၏။
ဓားစံအိမ်တွင် ဓားချီများ ရှားပါးပါသလော။
“ညီလေးဟန်… ရှောင်ရွှမ်က မင်း နိုးလာတယ်ပြောတယ်… ငါ တောင်မှ…”
ဟွမ်လောင်လျှို၏အသံသည် အခန်းထဲကို မရောက်ခင်ပင် အပြင်မှ ထွက်လာသည်။ သူ အခန်းထဲကို ဝင်လာသော် ဟန်မူယဲ့ အားနည်းစွာ ထိုင်နေသည်ကို တွေ့၏။
“မင်း ဘာလို့ အားနည်းနေတာလဲ”
ဟွမ်လောင်လျှို အလျင်အမြန် သူ့ဘေးသို့ လာရောက်ကာ တွဲပေးသည်။
“ငါတို့နှစ်ယောက်လုံးက ဝိညာဉ်ဓားကြောင့် အားကုန်ခမ်းသွားကြတယ်။ ငါ အဆင်ပြေနေတယ်။ မင်းက ဘာလို့ ဒီလိုဖြစ်နေရတာလဲ”