← Chapters

ကမ္ဘာဦးမိုးကြိုးခန္ဓာ

Vol. 1 Ch. 13

ကမ္ဘာဦးမိုးကြိုးခန္ဓာ

Vol. 1 Ch. 13

ပြိုင်ပွဲစင်မြင့်ပေါ်၌ ထျန်းချီမုန်တိုင်း အသေးစားလေး ဖြစ်ပေါ်လာသည်။ ယဲ့ချန်သည် မျက်လုံးမှိတ်လိုက်ပြီး အသိစိတ်ထဲရှိ ဓားအား အလျင်အမြန် နှိုးဆွလိုက်သည်။ ယခုကဲ့သို့ အခြေအနေတွင် သူ့အနေနှင့် ဓားအတွင်းရှိ ထျန်းချီ သမုဒ္ဒရာကိုသာ မှီခိုနိုင်တော့သည်။

အသိစိတ်အတွင်းရှိ ဓားသည် စူးရှသော မြည်သံတစ်ခုနှင့် အတူ အဆက်မပြတ် တုန်ခါလာသည်။ ချက်ချင်းဆိုသလို အလွန်သန့်စင်သော ထျန်းချီ လှိုင်းလုံးကြီးများက ဓားအတွင်းမှ ထွက်ပေါ်လာသည်။ ထိုထျန်းချီများက ယဲ့ချန်၏ ခန္ဓာကိုယ်အား ထောက်ပံ့ပေးပြီး ထျန်းချီအဆင့်၆  ကျင့်ကြံသူထံမှ ထျန်းချီအရှိန်အဝါကို တွန်းလှန်သည်။

ဖရိုဖရဲ အခြေအနေ ကြားထဲတွင်ပဲ ယဲ့ချန်၏ မျက်လုံးအစုံ ပြန်ပွင့်လာသည်။

မိုးကြိုးဟိန်းသံ …

ယဲ့ချန်၏ လက်ဝါးချက်သည် ထျန်းချီ အရှိန်အဝါအား ထိုးဖောက်လျက် ယဲ့ခုံးယန်ထံ ထိမှန်သည်။ မိုးကြိုးဟိန်းသံ ကဲ့သို့ အသံကျယ်ကြီး တစ်ခုကို ကြားရသည်။ ပြိုင်ပွဲစင်မြင့် တစ်ခုလုံး တုန်ခါသွားပြီး ပုံရိပ်တစ်ခု အနောက်ဘက်သို့ လွင့်စင်သွားသည်။

စင်မြင့်အလယ်၌ မားမားမတ်မတ် ရပ်လျက် ကျန်ရစ်သော ယဲ့ချန်ကိုကြည့်ကာ အားလုံး ပင့်သက် ရှိုက်မိကြသည်။ လွင့်စင်သွားသူက ယဲ့ချန် မဟုတ်ဘဲ ယဲ့ခုံးယန် ဖြစ်နေသည်။ ယဲ့ချန်ကဲ့သို့ ထျန်းချီအဆင့်၅ ကျင့်ကြံသူက ထျန်းချီအဆင့်၆တွင် ရှိနေသော ယဲ့ခုံးယန်အား လွင့်စင်သွားစေသည်။ ထိုအချက်က ယဲ့မိသားစုဝင်များ၏ ကျင့်ကြံခြင်း လမ်းစဉ်အပေါ် နားလည်မှုများအား ပြောင်းပြန် လှန်လိုက်သကဲ့သို့ ရှိသည်။

ထိုင်ခုံတွင် ထိုင်နေကြသော ယဲ့ချိန်ရွှမ်း၊ ယဲ့ကျန့်ထျန်းနှင့် အခြားသော အကြီးအကဲများလည်း အံ့ဩသွားကြသည်။

“ဓားထဲက ထျန်းချီတွေ သန့်စင် လွန်းနေတာကိုပဲ ကျေးဇူးတင်ရမယ်”

ယဲ့ချန် စိတ်သက်သာရာရစွာ တွေးမိသည်။

ယဲ့ခုံးယန်၏ မျက်နှာက စက္ကူစတစကဲ့သို့ ဖြူဖျော့နေသည်။ နောက်ဆုံးတွင် ချီအဆီအနှစ် ဆေးလုံးနှင့် ကျင့်ကြံဆင့် မြှင့်တင်ခဲ့ခြင်းကပင် ယဲ့ချန်ကို အနိုင်ရရန် မကူညီနိုင်ခဲ့။ စိတ်ပျက်ခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်းတို့က စိတ်အတွင်း ကြီးစိုးလာသည်နှင့် အမျှ ယဲ့ခုံးယန်၍ အတွေးများက ပိုမို အရိုင်းဆန်လာသည်။ ဆက်ခံသူနေရာအား ရရှိရန် လက်တကမ်းမျှသာ လိုတော့သော်လည်း ထိုလက်တကမ်းမျှသော အကွာအဝေးက ဘယ်တော့မှ မနီးစပ်နိုင်တော့သလို ခံစားရ၏။

ရောထွေးနေသော စိတ်ခံစားချက်များနှင့်အတူ ယဲ့ခုံးယန်၏ မျက်လုံးများက ကြမ်းကြုတ်သောအသွင် ဆောင်လာသည်။ ခန္ဓာကိုယ် အတွင်းရှိ ထျန်းချီ လည်ပတ်မှုက ပုံမှန်ထက် အဆများစွာ မြန်လာပြီး သူ့ညာဘက်လက်သည် ရုတ်ခြည်းဆိုသလို အန္တာရာယ် အငွေ့အသက်များ ဖုံးလွှမ်းကာ အနက်ရောင် ပြောင်းသွားသည်။

“မင်း... သေရမယ် ယဲ့ချန်”

ထိုအချိန်တွင် ယဲ့ခုံးယန်၏ အတွေးထဲ၌ ရှိနေသည့် တစ်ခုတည်းသော ဆန္ဒမှာ ယဲ့ချန်အား အပိုင်းပိုင်း အစစ ဆုတ်ဖြဲပစ်ရန်သာ ရှိတော့သည်။

သားဖြစ်သူ၏ အမူအယာကို မြင်သည်တွင် ယဲ့မော့ယန် ချက်ချင်းဆိုသလို မျက်နှာပျက်သွားပြီး ထိုင်ခုံမှ ခုန်ထလိုက်မိသည်။

“မင်း လုပ်ရဲလား”

ယဲ့ကျန့်ထျန်းလည်း အံ့ဩထိတ်လန့်စွာ ထိုင်ခုံမှ ထရပ်လိုက်ပြီး အော်လိုက်သည်။ သို့သော် ပြိုင်ပွဲစင်မြင့်နှင့် အကြီးအကဲများ၏ ထိုင်ခုံများ ကြားရှိ အကွာအဝေးကြောင့် ယဲ့ခုံးယန်ကို တားဆီးရန် မဖြစ်နိုင်တော့။

ယဲ့ကျန့်ထျန်းသည် ယဲ့မော့ယန်ထံသို့ ကြောက်မက်ဖွယ် ကောင်းစွာ ကြည့်လျက် ကြိမ်းမောင်းသည်။

“ယဲ့မော့ယန်  မင်းရဲ့သားကို ဘယ်လိုမျိုး သင်ကြားထားတာလဲ ဟမ်၊ တကယ်လို့ ချန်အာသာ တစ်ခုခုဖြစ်ကြည့် ... မင်းတို့ သားအဖ နှစ်ယောက်လုံးကိုပါ မြေမြုပ်ပစ်မယ်”

ဒေါသကြောင့် ယဲ့ကျန့်ထျန်း၏ ခန္ဓာကိုယ်မှ အားကောင်းသော ထျန်းချီလှိုင်းများ ဖြာထွက်လာသည်။

“ထျန်း… ထျန်းချီ… အဆင့်၉”

ယဲ့ကျန့်ထျန်း၏ ကျင့်ကြံဆင့်ကို မြင်သည်တွင် ယဲ့မော့ယန် ထိတ်လန့်မှုကြောင့် နှလုံးသား တစ်ခုလုံး နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။

ယဲ့ကျန့်လုံနှင့် အခြားသော အကြီးအကဲများ အားလုံး အာမေဋိတ်သံများနှင့် အတူ ထိုင်ခုံမှ ထရပ် လိုက်မိကြသည်။ ထိုအခါ ယဲ့ကျန့်ထျန်းနှင့် ယဲ့မော့ယန်တို့၏ အာရုံလည်း ပြိုင်ပွဲစင်မြင့်ထံ ပြန်လည် ရောက်ရှိသွားသည်။

ယဲ့မော့ယန် အသုံးပြုနေသော တိုက်ကွက်ကား ယဲ့မိသားစု ပညာရပ်များထဲတွင် မကောင်းဆိုးဝါး အဆန်ဆုံး ပညာရပ် ဖြစ်သည်။

“မုန်တိုင်းအရိပ် လက်သည်း”

ထိုပညာရပ်ကား နှလုံးသားထဲရှိ အညိုးအတေး၊ မုန်းတီးမှု၊ အာဃာတများကို ထျန်းချီနှင့် ပေါင်းစပ်ကာ လက်တစ်ဖက်တွင် စုစည်း တိုက်ခိုက်ရခြင်း ဖြစ်၏။ သေကွင်းသေကွက်ကို ဦးတည် တိုက်ခိုက်ရခြင်း ဖြစ်ပြီး ပြိုင်ဘက်၏ အဓိက သွေးကြောများကိုလည်း တိုက်ရိုက် ဖျက်စီးပစ်နိုင်သည်။ အစွမ်းထက်သော်လည်း လေ့ကျင့်သူ ရှားသည်။

“မုန်တိုင်းအရိပ် လက်သည်း”ကို တီထွင်ခဲ့သော ဘိုးဘေးကြီးသည် စိတ်ဖောက်လွဲ ဖောက်ပြန် ဖြစ်ကာ မိသားစုဝင် သုံးယောက်ကို သတ်ဖြတ်ခဲ့ဖူးသည်။ ထိုအချိန်မှစ၍ ထိုပညာရပ်ကို ချိတ်ပိတ် ထားခဲ့ပြီး တစ်စုံတစ်ယောက်က ခိုးယူ လေ့ကျင့်ပါက သစ္စာဖောက်အဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း ကြေငြာခဲ့သည်။

ထို့ကြောင့် ယခု ယဲ့ခုံးယန်က မုန်တိုင်းအရိပ် လက်သည်းကို အသုံးပြု လာသောအခါ အကြီးအကဲများ အားလုံး ထိတ်လန့်သွားကြတာ ဖြစ်သည်။ အကယ်၍ ယဲ့ချန်ကသာ သတိလက်လွတ်နှင့် ထိပ်တိုက် ရင်ဆိုင် လိုက်ပါက အဆိုးဆုံး အနေအထားတွင် သေသွားနိုင်သည်။

ယဲ့ခုံးယန်၏ မည်းနက်နေသော လက်ဝါးရိုက်ချက်က ယဲ့ချန်ထံ နီးကပ်လာသည်။ ထိုအရာ အားလုံးက စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်သွားခြင်းဖြစ်ရာ ဘယ်သူမှ အချိန်မီ မတားနိုင်လိုက်။

“အဲဒါက ဘာပညာရပ်လဲ”

ယဲ့ခုံးယန်၏ ထူးဆန်းသော ပညာရပ်ကြောင့် ယဲ့ချန် ဇဝေဇဝါ ဖြစ်သွားသော်လည်း မနှောင့်နှေးရဲဘဲ ကမ္ဘာဦး မိုးကြိုးခန္ဓာကို ထုတ်ဖော်လိုက်သည်။

“ကမ္ဘာဦး မိုးကြိုးခန္ဓာ”

တစ်စုံတစ်ရာ ကျိုးပြတ်သွားသကဲ့သို့ တုန်ခါသံများ ထွက်ပေါ်လာသည်။ ယဲ့ချန်၏ တန့်ထျန်ထဲရှိ ထျန်းချီများသည် မိုးကြိုးသဘာဝ စွမ်းအင်များအဖြစ် ပြောင်းလဲကာ ခန္ဓာကိုယ် အပြင်ဘက်၌ ဖျော့တော့သော ရွှေဝါရောင် အလင်း အကာအရံ ဖြစ်ပေါ်လာသည်။ ရွှေဝါရောင် အလင်းက ပိုမို တောက်ပလာလျှင် ယဲ့ချန်က မာန်သွင်းလျက် အော်လိုက်သည်။

“မိုးကြိုးဟိန်းသံ”

ကမ္ဘာဦး မိုးကြိုးခန္ဓာ၏ ထောက်ပံ့မှုအောက်တွင် မိုးကြိုးဟိန်းသံ လက်ဝါး ရိုက်ချက်သည် မခန့်မှန်းနိုင်သော ပြင်းအားတစ်ခုသို့ ရောက်ရှိသွားသည်။

ယဲ့ချန်သည် ယဲ့ခုံးယန်၏ လက်ဝါးချက်အား လက်တစ်ဖက်ဖြင့် တားဆီးလိုက်သည်။ မိုးကြိုးဟိန်းသံ လက်ဝါးချက်ကို ထုတ်ဖော်ထားသော အခြား လက်တစ်ဖက်က ယဲ့ခုံးယန် ရင်ဘတ်သို့ ထိမှန်သည်။ ယဲ့ခုံးယန်သည် ပြိုင်ပွဲစင်မြင့်၏ အစွန်းနားသို့ လွင့်စင်သွားပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။

ယဲ့ခုံးယန်သည် မုန်းတီးမှု အာဃာတများ ပြည့်နှက်နေသော မျက်လုံးများနှင့် ယဲ့ချန်အား ကြည့်နေရင်းမှ မေ့မျောသွား၏။

ရုတ်တရက် အေးစက်သော အငွေ့အသက်တစ်ခု သူ့ခန္ဓာကိုယ် အတွင်း ရှိနေသည်ကို ယဲ့ချန် ခံစားလိုက်ရသည်။ ယဲ့ခုံးယန်၏ လက်ဝါးချက်အား လက်တဖက်ဖြင့် တားဆီးလိုက်စဉ်က အညိုးအတေးများနှင့် ထျန်းချီ ပေါင်းစပ်ထားသော နတ်ဆိုးချီတချို့ သူ့ခန္ဓာကိုယ် အတွင်း ရောက်ရှိသွားပုံ ရသည်။ ထို့ကြောင့် အသိစိတ်အတွင်းရှိ ဓားကို နှိုးဆွကာ နတ်ဆိုးချီများ အားလုံး ကုန်စင်သည်အထိ စုပ်ယူစေလိုက်ရသည်။

ကံကောင်း ထောက်မ၍ ယဲ့ချန် ကြီးကြီးမားမား ထိခိုက်သွားတာမျိုး မရှိ။ ယဲ့ချန်သည် ယဲ့ခုံးယန် အသုံးပြုသွားသော ပညာရပ်ကို မသိသော်လည်း သူ့ဖခင်နှင့် အကြီးအကဲများ၏ အမူအယာကို ကြည့်ခြင်းဖြင့် အန္တရာယ်များသော ပညာရပ် ဖြစ်ဟန်ရသည်။

ယဲ့ကျန့်ထျန်းသည် ပြိုင်ပွဲ စင်မြင့်ထက်သို့ ခုန်ပျံ တက်လာပြီး ယဲ့ချန်၏ ညာလက်အား ကိုင်ကာ စစ်ဆေးသည်။ ဒဏ်ရာ တစ်စုံတစ်ရာ ရသွားခြင်း မရှိကြောင်း သေချာကာမှ သက်ပြင်းချသည်။

“ချန်အာ ... အဆင်ပြေရဲ့လား”

ယဲ့ကျန့်ထျန်းက စိုးရိမ်စွာ မေးသည်။

“ကျွန်တော် အဆင်ပြေတယ် အဖေ”

ယဲ့ချန်က တောက်ပစွာ ပြုံးလျက် ပြန်ဖြေသည်။

ထိုအခါမှ ယဲ့ကျန့်ထျန်းက စိတ်ချသွားပြီး မေ့မျောနေသော ယဲ့ခုံးယန်ဘက်သို့ ကြည့်ကာ အမိန့်ပေးလိုက်သည်။

“ဆေးပေးခန်းကို ခေါ်သွားလိုက်”

ထို့နောက် ယဲ့ကျန့်ထျန်းသည် လူအုပ်ကြီးဘက်သို့ လှည့်ကာ အတိအလင်း ကြေငြာသည်။

“ယဲ့မိသားစုဝင် တစ်ယောက် ဖြစ်တဲ့ ယဲ့ခုံးယန်ဟာ တားမြစ် ပညာရပ်ကို ခိုးယူ လေ့ကျင့်ခဲ့တဲ့အတွက် ဆယ်နှစ်တိတိ ချိပ်ပိတ် အပြစ်ပေးခြင်း ခံရမယ်။ ယဲ့မိသားစုရဲ့ အကြီးအကဲချုပ် ဖြစ်တဲ့ ယဲ့မော့ယန်က သားဖြစ်သူငို ကောင်းကောင်း မသွန်သင်နိုင်တဲ့အတွက် ကြိမ်ဒဏ် ၁၀၀နဲ့အတူ ရာထူးကနေ ဖယ်ရှားခြင်း ခံရမယ် သဘောမတူတဲ့သူ ရှိလား”

ယခုတကြိမ် အခွင့်အရေးကို လက်လွတ် ခံလိုက်ပါက နောက်တစ်ကြိမ်တွင် ယဲ့မော့ယန်အား အပြတ်ရှင်းရန် အခွင့်အရေး မရှိတော့တာလည်း ဖြစ်နိုင်သည်။ ထို့ကြောင့် ယဲ့ကျန့်ထျန်းက တုံ့ဆိုင်းမနေပေ။

“သဘောမတူတဲ့သူ မရှိပါဘူး”

မိသားစုဝင်များ၏ တုံ့ပြန်မှုကို ကြားသည်တွင် ယဲ့မော့ယန် မျက်နှာက ဖြူဖျော့သွားသည်။ အခြားသော အကြီးအကဲများထံ အကူအညီ တောင်းလိုစွာ ကြည့်သော်လည်း လူတိုင်း မျက်နှာ လွှဲသွားကြသည်။ ထျန်းချီအဆင့်၉ ရှိသော ယဲ့ကျန့်ထျန်းကို ဆန့်ကျင် ရလောက်အောင် ဘယ်သူမှ မရူးကြ။

နောက်ဆုံးတွင် ယဲ့မော့ယန်သည် ယဲ့ချိန်ရွှမ်းဘက်သို့ လှည့်ကာ ဒူးထောက်လိုက်သည်။

“ဦးလေး.. ကျုပ်ရဲ့ အပြစ်တွေအတွက် ကျုပ်ကိုယ်တိုင် ခံယူပါ့မယ် ဒါပေမဲ့ ခုံးယန်က ငယ်သေးတယ် သူ့ကို တစ်ကြိမ်လောက် အခွင့်အရေး ပေးပေးပါ”

ယဲ့ချိန်ရွှမ်းက မဲ့ပြုံးပြုံးသည်။

“မင်းရဲ့ မိုက်မဲမှုကိုပဲ အပြစ်တင်လိုက်၊ မုန်တိုင်းအရိပ် လက်သည်းက မင်းသာ သင်မပေးရင် ယဲ့ခုံးယန် တတ်စရာ အကြောင်းကို မရှိဘူး၊ အခု သူ့ကို ပေးထားတဲ့ အပြစ်ကလည်း အများကြီး လျှော့ပေါ့ ပေးထားတာ၊ ဒါကို အထွန့် မတက်နဲ့တော့”

ယဲ့မော့ယန် ဆွဲခေါ်ခံသွားရသည်ကို ကြည့်ရင်း ယဲ့ကျန့်ထျန်း စိတ်သက်သာရာ ရစွာ သက်ပြင်းချသည်။ ယဲ့မော့ယန်သည် ယဲ့မိသားစု၌ နှစ်ပေါင်းများစွာ နစ်ဝင်နေသော ဆူးတစ်ချောင်းနှင့် တူသည်။ ယွင်မိသားစုနှင့် ယဲ့မော့ယန်၏ ဆက်ဆံရေးအကြောင်း သိနေသော်လည်း လက်ဆုပ်လက်ကိုင် သက်သေပြစရာ မရှိသေး၍ ယဲ့ကျန့်ထျန်းက ငြိမ်နေခဲ့ရတာ ဖြစ်သည်။

“အရေးကြီးတဲ့ ဘိုးဘေးကန်တော့ပွဲလို အချိန်မျိုးမှာမှ အခုလို မတော်တဆ ဖြစ်ရတယ်လို့ ရှက်စရာ ကောင်းလွန်းတယ်”

ယဲ့ကျန့်ထျန်းက လူအုပ်ဘက်သို့ တစ်ဖန် လှည့်လိုက်သည်။

“ချန်အာကို ယဲ့မိသားစုရဲ့ ဆက်ခံသူအဖြစ် နောက်တစ်ကြိမ် ခန့်အပ်မယ် သဘောမတူတဲ့သူ ရှိရင် ပြောနိုင်တယ်”

“မရှိပါဘူး”

မိသားစုဝင်များက တစ်ညီတစ်ညာတည်း ထောက်ခံကြသည်။

ထျန်းချီအဆင့်၆ ကျင့်ကြံသူ တစ်ယောက်ဖြစ်သော ယဲ့ခုံးယန်ကို ယဲ့ချန် အနိုင်ယူခဲ့သည်က အားလုံးမျက်မြင် ဖြစ်သည်။ ဦးနှောက်ပါတဲ့ ဘယ်သူမဆို ငြင်းမည် မဟုတ်ပေ။

ယဲ့ဖုန်း၊ ယဲ့မူ၊ ယဲ့မင်နှင့် ယဲ့မုန့်တို့ အားလုံးလည်း ပျော်ရွှင် နေကြသည်။

ပြိုင်ပွဲစင်မြင့်ပေါ်တွင် တောက်ပစွာ ရပ်နေသော လူငယ်လေးကို ကြည့်ရင်း လော့အာ၏ နှုတ်ခမ်းများက လှပစွာ တွန့်ကွေးသွားရသည်။

“ဂုဏ်ပြုပါတယ် အစ်ကိုယဲ့ချန်”

သူမက တီးတိုး ရေရွတ်လိုက်၏။

“ထျန်းချီအဆင့်၉ကို ရောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ် အစ်ကိုကြီး”

ယဲ့ကျန့်လုံက ပျော်ရွှင်မှုများ ပြည့်နှက်နေသော အသံနှင့် ဦးဆောင် ပြောလိုက်သည်။

ထိုအခါမှ လူအုပ်ကြီးမှာ ထိတ်လန့် အံ့ဩသွားကြသည်။

“ခေါင်းဆောင်က ထျန်းချီအဆင့်၉ကို ရောက်နေပြီလား”

“အကြီးအကဲကျန့်လုံပြောတာ မကြားဘူးလား၊ သူပြောမှတော့ အမှန်မလို့ နေမှာပေါ့”

“ဒါသာအမှန်ဆို ငါတို့မိသားစုမှာ ထျန်းချီအဆင့်၉ ကျင့်ကြံသူ နှစ်ယောက်တောင် ရှိနေပြီ၊ ယွင်မိသားစုကို ကြောက်နေစရာ မလိုတော့ဘူး”

“ဂုဏ်ပြုပါတယ် ခေါင်းဆောင်”

“ခေါင်းဆောင်က အမြဲတမ်း အကောင်းဆုံးပါပဲ”

ရုတ်တရက် မိသားစုဝင်များက ညီညာစွာနှင့် ယဲ့ကျန့်ထျန်းအား ဂါဝရ ပြုလာကြသည်။ ယဲ့ချိန်ရွှမ်းက အစွမ်းထက်သည်မှာ မှန်သော်လည်း အသက်ကြီးနေပြီ ဖြစ်သည်။ ထို့ကြောင့် မိသားစုအတွင်း နောက်ထပ် ထျန်းချီအဆင့်၉ တစ်ယောက် ရှိလာခြင်းက မိသားစုဝင်များကို စိတ်အား တက်ကြွစေသည်။

ယဲ့ချိန်ရွှမ်း၊ ယဲ့ကျန့်လုံနှင့် ကျန်အကြီးအကဲ များလည်း ပြိုင်ပွဲစင်မြင့်ဆီ လှမ်းလာကြသည်။

“ဦးလေး”

ယဲ့ကျန့်ထျန်းက ယဲ့ချိိန်ရွှမ်းအား ဦးညွှတ် နှုတ်ဆက်သည်။

လူအိုကြီးက ခေါင်းညိတ်ကာ ပြုံးသည်။

“ထျန်းချီ အဆင့်၉ကို ရောက်သွားလို့ ဂုဏ်ပြုပါတယ်ကွာ၊ ငါ့အနေနဲ့လည်း ဝန်တဝက် ပေါ့သွားသလို ခံစားရတယ်”

ထို့နောက် ယဲ့ချိန်ရွှမ်းသည် ယဲ့ချန်ဘက်သို့ လှည့်ကာ အလေးအနက် မေးလာ၏။

“ချန်အာ.. ယဲ့ခုံးယန်ရဲ့ နောက်ဆုံး လက်ဝါးချက်ကို ခုခံတုန်းက အသုံးပြုလိုက်တာက ကမ္ဘာဦး မိုးကြိုးခန္ဓာလား”

ယဲ့ကျန့်ထျန်းသည် ယဲ့ချန်၏ လုံခြုံမှုကို အတည်ပြုရန်သာ စိတ်စောနေခဲ့ရာ ထိုအကြောင်းအရာအား မေးမြန်းဖို့ မေ့လျော့ နေခဲ့တာ ဖြစ်သည်။ ယခု ယဲ့ချိန်ရွှမ်း၏ မေးခွန်းက သူ့အား သတိပေးလိုက် သလို ရှိသည်။ နောက်ဆုံး လက်ဝါးချက်ကို ထုတ်ဖော်စဉ်က ယဲ့ချန်၏ ကိုယ်၌ ရွှေဝါရောင် အလင်း အကာအရံကို သူတို့အားလုံး မြင်ခဲ့ရသည်။ ထိုအလင်းက ကမ္ဘာဦး မိုးကြိုးခန္ဓာ၏ ပြယုဂ် ဖြစ်ကြောင်း အမှားအယွင်းမရှိ သေချာပါ၏။

သို့သော် တစ်ဖက်က တွေးကြည့်လျှင်လည်း အဓိပ္ပာယ် မရှိပေ။ ယဲ့ချန် ထိုပညာရပ်အား လေ့လာသည်မှာ ရက်ပိုင်းခန့်သာ ရှိသေးပြီး အောင်အောင်မြင်မြင် အသုံးပြုနိုင်ရန် လုံးဝ မဖြစ်နိုင်ပါ။ အကယ်၍ ယဲ့ချန်သည် ထျန်းချီအဆင့်၅ ကျင့်ကြံဆင့်လေးနှင့် ကမ္ဘာဦး မိုးကြိုးခန္ဓာအား လေ့ကျင့် အောင်မြင်ခဲ့သည် ဆိုပါက ထျန်းချီအဆင့်၇ ကျင့်ကြံဆင့်နှင့် သုံးနှစ်ခန့် ကြိုးစားခဲ့ရသော ယဲ့ကျန့်ထျန်းက အသုံးမကျသော အမှိုက် ဖြစ်နေ ပေတော့မည်။

အားလုံး၏ သိလိုစိတ် ပြင်းပြနေသော မျက်လုံးများကြောင့် ယဲ့ချန်လည်း ဖုံးကွယ်ရန် မကြိုးစားတော့ပေ။

“ဟုတ်ကဲ့ ကျွန်တော် အသုံးပြုလိုက်တဲ့ ပညာရပ်က ကမ္ဘာဦး မိုးကြိုးခန္ဓာပါ”

ယဲ့ချန်၏ ဝန်ခံစကားကို ကြားသည်တွင် လူအုပ်ကြီးမှာ ပင့်သက် ရှိုက်မိကြသည်။

ကမ္ဘာဦးမိုးကြိုးခန္ဓာသည် ထျန်းချီအဆင့်၇နှင့် အထက် ကျင့်ကြံဆင့်ရှိမှ အသုံးပြုနိုင်မည့် ပညာရပ် ဖြစ်သည်။ ဒါတောင် လူတိုင်း လုပ်နိုင်ဖို့ မသေချာ။ မိသားစုထဲတွင် ယဲ့ကျန့်ထျန်း၊ ယဲ့ကျန့်လုံနှင့် ယဲ့ကျန့်ရှုံးတို့သာ ထိုပညာရပ်ကို လေ့ကျင့်နိုင်ကြသည်။

“အစ်ကိုကြီး ကတော့လေ ကျုပ်တို့ကိုတောင် အသိမပေးဘဲ ချန်အာကို ကမ္ဘာဦး မိုးကြိုးခန္ဓာ ပညာရပ်အကြောင်း လွှဲပြောင်း ပေးလိုက်တယ်ပေါ့”

ယဲ့ကျန့်လုံသည် ယဲ့ကျန့်ထျန်း၏ ပခုံးအား လက်ဖြင့် ရိုက်လျက် ရေရွတ်သည်။ သူ့အမူအယာကမူ ပျော်ရွှင်မှုတို့ ပြည့်နှက်နေသည်။

ယဲ့ကျန့်ထျန်းမှာ ရယ်ရခက်၊ ငိုရခက် အမူအယာနှင့်။

“ငါ ချန်အာ့ကို ဘာမှ မသင်ပေးလိုက်ရပါဘူး၊ ငါက သူလေ့လာလို့ ရအောင် စာအုပ်ကို ပေးလိုက်ရုံလေး ဒီလောက် အချိန်တိုလေးအတွင်း တကယ်ကြီး အောင်မြင် သွားမယ်လို့ ဘယ်သူက ထင်မှာလဲ”

လေ့ကျင့်ဖူးသူ တစ်ယောက် အနေနှင့် ကမ္ဘာဦး မိုးကြိုးခန္ဓာသည် မည်မျှ ခက်ခဲစွာ လေ့ကျင့်ရကြောင်း ယဲ့ကျန့်ထျန်းက ကောင်းကောင်း နားလည်သည်။

“စာအုပ်လေးပဲ ပေးလိုက်တာ ဘာမှ မသင်ပေးလိုက်ရဘူး”

ယဲ့ကျန့်လုံနှင့် အခြားသူများ၏ အမူအယာများမှာ မကောင်းဆိုးဝါး တစ်ကောင်အား မြင်လိုက်ရသကဲ့သို့ ဖြစ်သွားကြသည်။ မှန်ရာကို ဝန်ခံရလျှင် ဤစွမ်းဆောင်ရည်က ယဲ့ချိန်ရွှမ်း ငယ်စဉ်ကထက်ပင် ကျော်လွန်နေ၏။

***

All Chapters