မိုးကြိုးအင်ပါယာကျင့်စဉ်
Vol. 1 Ch. 14
ကမ္ဘဦး မိုးကြိုးခန္ဓာအား ရက်အနည်းငယ်အတွင်း လေ့ကျင့် အောင်မြင်ခြင်း။ ဘယ်လို မကောင်းဆိုးဝါးက ထိုသို့ လုပ်နိုင်ပါမည်နည်း။ လွန်ခဲ့သော သုံးနှစ်ကျော်က ယဲ့ချန်ပင် ထိုသို့ မလုပ်နိုင်လောက်။
အံ့ဩမဆုံး ဖြစ်နေရင်းကပဲ မိသားစုဝင်များ အားလုံး ကျေနပ်မိကြသည်ကတော့ အမှန်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးနောက် ယဲ့မိသားစု၏ စစ်မှန်သော ပါရမီရှင်ကား ထွက်ပေါ်ခဲ့လေပြီ။
“အခုကစပြီး ယဲ့ချန်နဲ့ ပတ်သက်တဲ့ သတင်းမှန်သမျှကို မိသားစု လျှို့ဝှက်ချက် အနေနဲ့ ထိန်းသိမ်း ထားရမယ်”
ယဲ့ချိန်ရွှမ်းသည် မိသားစုဝင်များဘက်သို့ လှည့်၍ တင်းတင်းကျပ်ကျပ် သတိပေးသည်။
ထိုစကားကို ကြားသော် ယဲ့ကျန့်ထျန်းက အနည်းငယ် မပျော်မရွှင် ဖြစ်သွားသည်။ သူက နှစ်တစ်ထောင်တွင် တစ်ယောက် ပေါ်ထွန်းခဲသော ပါရမီရှင်လေး ယဲ့ချန်ကား သူ့သား ဖြစ်ကြောင်း တစ်လောကလုံးကို ကြော်ငြာချင်မိသည်။ ထို့နောက် ယဲ့ကျန့်ထျန်းသည် တစ်စုံတစ်ရာကို သတိရသွားပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ဆံဖြူ အဘိုးအို တစ်ယောက်ကို ချန်အာရဲ့ အိပ်မက်ထဲမှာ တွေ့ခဲ့တယ်တဲ့ နောက်တော့ အိပ်ရာကနိုးလာပြီး အဓိက သွေးကြောတွေ ပြန်ကောင်း နေရောတဲ့လေ”
“ဒီလိုဆိုရင်..”
ယဲ့ချိန်ရွှမ်းသည် ခဏမျှ မျက်မှောင် ကြုတ်နေပြီးနောက် စိတ်အား ထက်သန်စွာ ပြောလေသည်။
“အတိတ် တစ်ချိန်တုန်းက နတ်ဘုရား အဆင့်ကို တက်လှမ်းသွားခဲ့တဲ့ ဘိုးဘေးတွေထဲက တစ်ယောက်က ချန်အာကို အိပ်မက် ပေးသွားတာပဲ ဖြစ်ရမယ်”
ကွင်းပြင်အတွင်း ရှိနေဆဲဖြစ်သော မိသားစုဝင်များသည် ယဲ့ချန်အား ပိုမို တောက်ပသော မျက်လုံးများဖြင့် ကြည့်လာကြသည်။ ၎င်းတို့ မျက်လုံးထဲတွင် ယဲ့ချန်သည် ကောင်းကင်ဘုံမှ ချီးမြှောက်လိုက်သော သက်ရှိ ဆုလာဘ်အလား။
“ချန်အာ.. ဘိုးဘေးကြီးက ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး တစ်ခုခု လမ်းညွှန်ခဲ့တာမျိုး ရှိလား”
ယဲ့ကျန့်လုံက ယဲ့ချန်အား စိတ်လှုပ်ရှားစွာ မေးသည်။
“အာ.. အဲဒီလိုမျိုးတော့ မရှိဘူး”
ယဲ့ချန် ပြန်ဖြေလိုက်သော်လည်း အနည်းငယ် မလုံမလဲ ဖြစ်သလို ခံစားရသောကြောင့် ခေါင်းငုံ့ထားမိသည်။ အိပ်မက်နှင့် ပတ်သက်သမျှ အရာ အားလုံးသည် အလိမ်အညာများသာ ဖြစ်ရာ သူ့အနေနှင့် ဦးလေးဖြစ်သူ၏ မျက်လုံး တည့်တည့်ကို ကြည့်ပြီး မလိမ်ညာရက်ပေ။
“ဪ...”
ယဲ့ကျန့်လုံက အနည်းငယ်တော့ အားလျော့သွားသည်။ ဘိုးဘေးကြီးက ယဲ့မိသားစုဝင်များ၏ ကျင့်ကြံခြင်း လမ်းစဉ်အတွက် တစ်စုံတစ်ရာတော့ လမ်းညွှန်ခဲ့မည်ဟု မျှော်လင့်မိတာ ဖြစ်သည်။ ယဲ့မိသားစုသည် လွန်ခဲ့သော နှစ်ထောင်ကျော်က အစဉ်အလာကြီးသော မိသားစုကြီး ဖြစ်ခဲ့သည် မဟုတ်ပါလား။
“ဘိုးဘေးကြီးက တသီးတသန့် လမ်းညွှန်ခဲ့တာမျိုး မရှိဘူး ဆိုပေမဲ့ “မိုးကြိုးအင်ပါယာ”လို့ ခေါ်တဲ့ ကျင့်စဉ် တစ်ခုတော့ လွှဲပြောင်းပေးခဲ့တယ်”
ယဲ့ကျန့်ထျန်းက မနေနိုင်တော့၍ ဝင်ပြောလိုက်သည်။
“မိုးကြိုးအင်ပါယာကျင့်စဉ်”
ကျန်လူများ၏ အာရုံက ယဲ့ကျန့်ထျန်းအပေါ် အလုံးစုံ ရောက်လာသည်။
“အဲဒီ့ကျင့်စဉ်ကို ငါ နည်းနည်း လေ့လာကြည့်ပြီးပြီ၊ ငါတို့မိသားစုရဲ့ မိုးကြိုးလက်ဝါး အတွင်းအား ကျင့်စဉ်က မိုးကြိုးအင်ပါယာ ကျင့်စဉ်ထဲကနေ ကောက်နုတ်ထားတဲ့ မူကွဲတစ်ခုလို့ ပြောလို့ရတယ်။ သေချာတာကတော့ မိုးကြိုးအင်ပါယာ ကျင့်စဉ်က မိုးကြိုးလက်ဝါး အတွင်းအား ကျင့်စဉ်ထက် အများကြီး ပိုအစွမ်းထက်တယ် စကားနဲ့ ပြောမပြ နိုင်လောက်အောင်ပဲ”
“ဒီတော့ အစ်ကိုကြီး ထျန်းချီအဆင့်၉ကို အဆင့် တက်သွားတာက အဲဒီ ကျင့်စဉ်ကြောင့်လား”
ယဲ့ကျန့်လုံက အံ့အားသင့်စွာ မေးသည်။
“အမှန်ပဲ မိုးကြိုးအင်ပါယာ ကျင့်စဉ်ကို ပြောင်းပြီးကျင့်တာ သိပ်မကြာသေးပေမဲ့ ငါ့ရဲ့ ထျန်းချီတွေက အရင်ကထက် ပိုသိပ်သည်းလာပြီး လွန်ခဲ့တဲ့ နှစ်ရက်ကပဲ အဆင့်တက် နိုင်ခဲ့တယ်။ ဒါ့ကြောင့် မိုးကြိုးအင်ပါယာ ကျင့်စဉ်ကို ဦးလေး အပါအဝင် မိသားစုထဲက ညီနောင်တွေကို မျှဝေပေးဖို့ စဉ်းစားထားတယ်။ ကျင့်စဉ်ရဲ့ အခြေခံ နည်းစနစ်တွေကိုလည်း မိသားစုထဲက လူတိုင်း လေ့ကျင့်နိုင်အောင် ဖြန့်ဝေ ပေးလိုက်မယ်”
ထိုစကားကြောင့် ယဲ့ချိန်ရွှမ်းပင် စိတ်လှုပ်ရှားရသည်။
“မဟုတ်မှလွဲရော မိုးကြိုးအင်ပါယာ ကျင့်စဉ်က ငါတို့ ယဲ့မိသားစုရဲ့ ရှေးဟောင်း ကျင့်စဉ်များလား၊ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားလို့ မရဘူး။ ပြင်ပကို ပေါက်ကြားစေလို့လည်း မရဘူး ဒီကျင့်စဉ်အကြောင်း ထပ်မပြောကြနဲ့တော့”
ထို့နောက်တွင် ယဲ့ချိန်ရွှမ်း၏ ဦးဆောင်မှုအောက်၌ ယဲ့မိသားစု ဘိုးဘေး ကန်တော့ပွဲအား ယခင်ကထက် ပိုမို ခမ်းနားစွာ ကျင်းပခဲ့သည်။ မိသားစုဝင်များ အားလုံးသည် ပျော်ရွှင်မှုတို့ ပြည့်နှက်နေကြပြီး ယဲ့ချန်အား ဆက်ခံသူအဖြစ် တရားဝင် ခန့်အပ်ပွဲကိုပါ ဆက်လက် ကျင်းပရာ အလွန် စိတ်လှုပ်ရှားဖွယ် ကောင်းသော ပွဲကြီးအဖြစ် အဆုံးသတ်ခဲ့လေသည်။
ဘိုးဘေးကန်တော့ပွဲ ပြီးသွားသည့်တ်ုင် ယဲ့ချိန်ရွှမ်းက ယဲ့မိသားစုမှ မထွက်ခွါခဲ့ပေ။ မိုးကြိုးအင်ပါယာ ကျင့်စဉ်အား သူ့တူများနှင့် အတူတကွ လေ့လာနိုင်ရန် ဖြစ်သည်။
ယဲ့မော့ယန်အတွက်ကမူ ဘိုးဘေးကန်တော့ပွဲ ပြီးသည်နှင့် ချမှတ်ထားသော ပြစ်ဒဏ်ကို ခံယူရသည်။ ထို့နောက် ယဲ့မော့ယန်က ယဲ့မိသားစု ပြစ်ဒဏ်စီရင်ရေး ခုံရုံးတွင် အကျဉ်းချ ခံထားရသော သားဖြစ်သူထံ သွားသည်။ လမ်းတစ်လျှောက်တွင် မိသားစုဝင် အများအပြားက ယဲ့မော့ယန်အား ကြည့်ရင်း တီးတိုး ပြောဆိုနေကြသည်။
“အဲဒါ... အကြီးအကဲချုပ် မဟုတ်လား”
“သူက ယဲ့မိသားစုရဲ့ အကြီးအကဲ မဟုတ်တော့ပါဘူးကွာ။ ခေါင်းဆောင်က သူ့ကို ကြာပွတ်ဒဏ် ၁၀၀ပေးပြီး ရာထူးလည်း ရုတ်သိမ်းလိုက်တယ်။ အကြောင်းကတော့ သားဖြစ်သူကို ကောင်းကောင်း မသွန်သင်နိုင်လို့ပဲ ငါ့အထင်တော့… အပြစ်ဒဏ်က လျော့ပေါ့နေသေးတယ်၊ သူ့ရဲ့ အားပေးအားမြှောက်မှု မရှိဘဲ ယဲ့ခုံးယန်က တားမြစ်သိုင်းပညာရပ်ကို ဘယ်လို လေ့ကျင့်နိုင်မှာတဲ့လဲ”
“အင်း ငါနဲ့အတွေးတူတယ်၊ ခေါင်းဆောင် ဒီကိစ္စကို ကိုင်တွယ်တာ သက်ညှာလွန်းနေတယ်”
ထိုလူများ၏ စကားများကို ယဲ့မော့ယန်လည်း ကြားနေရသည်။ သူကတွေးမိ၏၊ ယဲ့ကျန့်ထျန်း သူ့အား ပေးအပ်သော အပြစ်ဒဏ်က ပေါ့လျော့သည်ဖြစ်စေ၊ လေးနက်သည်ဖြစ်စေ အရေးမပါတော့။ ထျန်းချီအဆင့်၉ သို့ ယဲ့ကျန့်ထျန်း ရောက်သွားပြီးကတည်းက မိသားစု၏ စောင့်ရှောက်သူ ယဲ့ချိန်ရွှမ်းနှင့် အဆင့်အတန်းချင်း တူသွားပြီ ဖြစ်ရာ ထျန်းချီ အဆင့်၇သာ ရှိသေးသော ယဲ့မော့ယန် အနေနှင့် မည်သို့ ကြိုးစားပါစေ ဆန့်ကျင် နိုင်တော့မည် မဟုတ်။
ပြစ်ဒဏ်စီရင်ရေး ခုံရုံးသို့ ရောက်သည်တွင် အကျဉ်းချ ခံထားရသော ယဲ့ခုံးယန်အား တွေ့ရသည်။ ယဲ့မော့ယန်၏ မျက်နှာ အမူအယာမှာ ချက်ချင်း ဆိုသလို ခက်ထန်သွားသည်။
ဖြန်း …
ယဲ့မော့ယန်၏ ပြင်းထန်သော လက်ဝါးချက်က ယဲ့ခုံးယန် ပါးပြင်ပေါ် ကျသည်။
“မိုက်မဲတဲ့သား ဘယ်သူက မင်းကို မုန်တိုင်းအရိပ် လက်သည်းကို ခိုးကျင့်ခိုင်းလို့လဲ ဟမ်”
ထူးဆန်းစွာပင် ပါးရိုက် ခံလိုက် ရသည့်တိုင် ယဲ့ခုံးယန်မှာ အသံတစ်ချက် မထွက်။ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေပြီး ခေါင်းငုံ့ထားသည်။
ထိုပုံမှန် မဟုတ်သော အမူအယာကြောင့် ယဲ့မော့ယန် မျက်မှောင် ကြုတ်သွားပြီး ယဲ့ခုံးယန်၏ ညာဘက်လက်အား အလျင်အမြန် ဆွဲယူကာ သွေးခုန်နှုန်း စမ်းလိုက်သည်။
ယဲ့မော့ယန် တစ်ကိုယ်လုံး တုန်ယင်သွားကာ မတ်တတ်ရပ်ခြင်းငှါ မစွမ်းသာတော့ဘဲ ယိုင်လဲတော့မတတ်။
“ခွေးကောင် ယဲ့ချန် သူကများ လုပ်ရဲတယ်”
ယဲ့မော့ယန်၏ သွားကြားထဲမှ ထွက်သော လေသံကဲ့သို့ ကြောက်မက်ဖွယ် စကားသံက ကျိန်ဆိုခြင်း အဖြစ်သို့ ရောက်သည်။
“အဖေ မင်းအတွက် လက်စားချေပေးမယ်၊ ခုံးယန် အဖေ ကျိန်းသေပေါက် လုပ်ပေးမယ်”
ယဲ့ခုံးယန်သည် ယဲ့ချန်အား မုန်တိုင်းအရိပ် လက်သည်းနှင့် တိုက်ခိုက်ခဲ့စဉ်က ယဲ့ချန်သည်လည်း ကမ္ဘာဦး မိုးကြိုးခန္ဓာကို အသုံးပြုခဲ့သောကြောင့် နှစ်ဦးနှစ်ဖက်လုံး အားမထိန်းနိုင်ခဲ့ပုံ ပေါ်သည်။ ယဲ့ချန် အသားစီး ရသွားသောအခါ ရှုံးနိမ့်သွားသော ယဲ့ခုံးယန်က ပညာရပ် နှစ်မျိုးလုံး၏ ဖိအားကို သက်ရောက် ခံလိုက်ရသည်။ ထို့ပြင် ယဲ့ချန်၏ မိုးကြိုးဟိန်းသံ လက်ဝါးချက်က ယဲ့မော့ယန် ရင်ဘတ်သို့ မိမိရရ ရိုက်မိခဲ့ရာ အကျိုးဆက်အားဖြင့် ယဲ့မော့ယန်၏ အဓိက သွေးကြောမများ ပျက်စီး သွားခဲ့သည်။ ကွမ်းရှီဆေးလုံးသာ မရှိပါက ယဲ့မော့ယန်၏ ကျန်ရှိနေသော တစ်ဘဝလုံး မကျင့်ကြံနိုင်သည့် အမှိုက်အဖြစ် ရှေ့ဆက်သွားရန်သာ ရှိသည်။ သို့သော် ကွမ်းရှီ ဆေးလုံးသည် လွယ်လွယ်ကူကူ ရနိုင်သော ဆေးလုံးသာ ဆိုပါက ယဲ့ချန်အနေနှင့် လွန်ခဲ့သော သုံးနှစ်လုံး ဒုက္ခခံနေစရာ အကြောင်း မရှိပေ။
ယဲ့ခုံးယန်သည် တစ်ချိန်က သူကိုယ်တိုင် လှောင်ပြောင်ခဲ့သည့် အမှိုက်ကောင် ဟူသော နာမ်စားကို ယခု ကိုယ်တိုင်ကိုယ်ကျ ခံစားရန် ဝဋ်လည် ခဲ့လေပြီ။
ယဲ့မော့ယန်၏ ဝိညာဉ် လွင့်နေသကဲ့သို့သော အမူအယာကို မြင်ရသည်တွင် ယဲ့မော့ယန်လည်း ဆယ်စုနှစ် တစ်ခုစာခန့် အိုစာသွားသယောင် ခံစားလိုက်ရသည်။ တစ်ချိန်က ယဲ့ကျန့်ထျန်း ခံစားခဲ့ရသည်နှင့် တစ်ထပ်တည်းပါပင်။
***
ယွင်မိသားစုအိမ်တော်၊ မိသားစု ခေါင်းဆောင် ခြံဝန်း၌ …
“မင်းပြောတာ သေချာရဲ့လား၊ အဲဒီ ယဲ့ကျန့်ထျန်းက တကယ်ပဲ အဆင့်တက်သွားတာလား”
မေးလိုက်သူကား မီးခိုးရောင် ဝတ်ရုံကို ခမ်းခမ်းနားနား ဝတ်ဆင်ထားသည့် ယွင်မိသားစု ခေါင်းဆောင် ယွင်ရိရန်ပါပင်။ ယွင်ရိရန်သည် ထျန်းချီအဆင့်၉ အလယ်အလတ်ဆင့်သို့ ရောက်ရှိနေပြီး ဖြစ်သည်။။ လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်အနက် ထိပ်ဆုံးတွင် ရပ်တည်နေသည့် ကျင့်ကြံသူဆိုလည်း မမှားပေ။
ထျန်းချီ အဆင့်၉သို့ ရောက်ရှိပြီးသော တစ်စုံတစ်ယောက်သည် ကျင့်ကြံခြင်း လမ်းစဉ်တွင် အနည်းငယ်မျှသော တိုးတက်မှုလေး ရရှိနိုင်ဖို့ပင် ဆေးဝါး အထောက်အပံ့များ သုံးကြရသည်။ ထို့ကြောင့် ထျန်းချီအဆင့်၉ အလယ်အလတ်ဆင့် ဟူသော ကျင့်ကြံဆင့် အနေအထားကား တုန်းလင်ပြည်နယ် တစ်ခုလုံး၌ပင် ရှားပါး၏။
ယွင်မိသားစုတွင် ထျန်းချီအဆင့်၉ ကျင့်ကြံသူ ၂ယောက်နှင့် ထျန်းချီအဆင့်၈ ကျင့်ကြံသူ ၆ယောက် ရှိသည်။ လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင် အတွင်း အင်အား အတောင့်ဆုံးဟု ဆိုနိုင်သည်။ နိုင်ငံရေး အသိအမြင် ကြွယ်ဝကာ ဉာဏ်များသော မြေခွေးအိုကြီးများလည်း ယွင်မိသားစုတွင် ရှိနေသေးရာ ပုံမှန်အားဖြင့် ယွင်မိသားစုအား ဆန့်ကျင် တိုက်ခိုက်ရဲသော မိသားစုဟူ၍ မရှိခဲ့တာ ဖြစ်သည်။
“သတင်းက တိကျပါတယ်”
“ယဲ့မော့ယန်အကြောင်း ဘာကြားသေးလဲ”
“ဆက်ခံသူရွေးပွဲမှာ ယဲ့မော့ယန်ရဲ့သား ယဲ့ခုံးယန်နဲ့ ယဲ့ချန်တို့ ပြိုင်ကြတယ်။ ယဲ့ခုံးယန် ရှုံးသွားပြီး တားမြစ်ပညာရပ်ကို လေ့ကျင့်ထားတဲ့ လျှို့ဝှက်ချက်လည်း ပေါ်သွားတယ်၊ နောက်တော့ ယဲ့ခုံးယန်က ပြစ်ဒဏ်စီရင်ရေး ခုံရုံးမှာ ဆယ်နှစ် အကျဉ်းကျသွားပြီး အဲဒီ ကိစ္စကြောင့်ပဲ ယဲ့မော့ယန်လည်း အကြီးအကဲချုပ် ရာထူးကနေ ဖြုတ်ချ ခံလိုက်ရတယ်”
“အင်း ယဲ့ကျန့်ထျန်းက ထျန်းချီအဆင့်၉ ပညာရှင် ဖြစ်သွားပြီ ဆိုမှတော့ ယဲ့မိသားစုထဲက ဘယ်သူမှ သူ့စကားကို မဆန့်ကျင်ရဲတာ မထူးဆန်းပါဘူး”
ယွင်ရိရန်က မှတ်ချက်ချသည်။
“ယဲ့မော့ယန်က သူ့ကိုယ်သူ အသုံးမကျကြောင်း သက်သေ ပြလိုက်တာပဲ၊ ဒီပုံစံနဲ့ အနာဂတ်မှာရော ဘယ်လိုလုပ် အောင်မြင်နိုင်မှာတဲ့လဲ။ သူ့အတွက်နဲ့ ချီအဆီအနှစ် ဆေးလုံးတစ်လုံး ဖြုန်းတီးခဲ့မိတာတောင် နောင်တရလို့ မဆုံးဘူး။ အရေးကြီးတာက ယဲ့ချန်… အဲဒီ ကောင်လေးရဲ့ အဓိက သွေးကြောမတွေက ဘယ်လိုဖြစ်ပြီး ပြန်ကောင်းသွားရတာလဲ၊ ယဲ့ကျန့်ထျန်းက သူ့သားအတွက် ကွမ်းရှီဆေးလုံးကို ရအောင် ရှာပေးနိုင်ခဲ့လို့ များလား”
ယွင်ရိရန်သည် ဆက်လက် ခန့်မှန်း ပြောဆိုနေရင်း မျက်မှောင် ကြုတ်သည်ထက် ကြုတ်လာသည်။
ယဲ့မိသားစုတွင် ယဲ့ချိန်ရွှမ်း ရှိနေခြင်းကပင် ခေါင်းနောက်ဖို့ လုံလောက် နေရသည့်အထဲ ယဲ့ကျန့်ထျန်းက အဆင့်တက်သွားသည်။ ယွင်ရိရန်၏ စိတ်အခြေအနေက ကောင်းမနေ။ ယွင်မိသားစုတွင်လည်း ထျန်းချီအဆင့်၉ ကျင့်ကြံသူ နှစ်ယောက် ရှိတာ မှန်သည်။ သို့သော် ထျန်းချီအဆင့်၉ ကျင့်ကြံသူများ ရေကုန်ရေခမ်း တိုက်ခိုက် ကြသည့်အခါ နှစ်ဖက်လုံး အထိနာရမှာ ဖြစ်သည်။ ရှောင်လွှဲ မရနိုင်ပေ။ ထိုသို့ ဖိအားများသော ကိစ္စကို မဆုံးဖြတ်ခင် ယွင်ရိရန် အနေနှင့် နှစ်ခါ ပြန်စဉ်းစားဖို့ လိုသည်။
ယွင်ရိရန်၏ မူလ အစီအစဉ်က ဓားတွင် သွေးမစွန်းဘဲ ယဲ့မိသားစုကို သိမ်းယူနိုင်ရန် ဖြစ်သည်။ ယခု ထွက်ပေါ်လာသော ဆန့်ကျင်ဘက် ရလဒ်ကြောင့် ယွင်ရိရန်က ညဘက် များတွင်ပင် ကောင်းကောင်း အိပ်ပျော်နိုင်တော့မည် မဟုတ်။
အချိန်အတော် ကြာသည့်နောက် ယွင်ရိရန်သည် အစီအစဉ် တစ်ခုအား ဖြစ်ဖြစ်မြောက်မြောက် စဉ်းစားလိုက်နိုင်၏။ လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင် အတွင်းရှိ အခြားသော အဆင့်မြင့် ကျင့်ကြံသူများအား ယွင်မိသားစုဘက်သို့ တတ်နိုင်သမျှ သိမ်းသွင်းထားရန် ဖြစ်သည်။ အချိန်များက မျက်တောင်တခတ် အတောအတွင်း စီးဆင်း ကုန်လွန်သွားသည်။
ဘိုးဘေးကန်တော့ပွဲ ကျင်းပပြီးသည့် သုံးရက်မြောက်နေ့၌ ယဲ့မိသားစုဝင်များအား ထိတ်လန့်သွားစေသည့် သတင်းတစ်ခု ထွက်ပေါ်လာသည်။ ယဲ့ချိန်ရွှမ်း အပါအဝင် မိသားစု၏ ထိပ်တန်းကျင့်ကြံသူ ၆ယောက်က မိုးကြိုးလက်ဝါး အတွင်းအား ကျင့်စဉ်ကို ပြန်လည် ပြုပြင်လိုက်သည် ဟူ၍။ သမိုင်းတစ်လျှောက်၌ အထူးချွန်ဆုံးသော ဉာဏ်ကြီးရှင်များကသာ ကျင့်စဉ် ဖန်တီးခြင်း၊ ပြုပြင်ခြင်း စသည်တို့ကို ပြုလုပ်နိုင်ကြသည်။ ယဲ့ချိန်ရွှမ်းအား အလွန် လေးစားကြသည့် ယဲ့မိသားစုဝင်များ အနေနှင့်ပင် ထိုကိစ္စက ယုံကြည်ရန် ခက်ခဲနေသည်။ သို့နှင့် မိုးကြိုးလက်ဝါး အတွင်းအားကျင့်စဉ် အသစ်အား မိသားစုဝင်များ၏ လက်ထဲသို့ ဖြန့်ဝေ ပေးလိုက်သည့်အခါ မိသားစု တစ်ခုလုံး ပွက်လော ရိုက်သွားတော့သည်။
“ပြင်ပလောကမှာ လျှောက်သွား နေခဲ့တုန်းက ခေါင်းဆောင်ဟောင်း ဉာဏ်အလင်း ပွင့်သွားတာ များလား”
“ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူး၊ ရှိပြီးသား ကျင့်စဉ်တစ်ခုကို ဒီလောက်ထိ တိုးတက်သွားအောင် ပြုပြင်ဖို့ဆိုတာ လွယ်မှ မလွယ်တာ၊ ဉာဏ်အလင်း ပွင့်တာမဟုတ်ဘဲ အခုလို ပြင်နိုင်စရာ အကြောင်း မရှိဘူး”
“မဟုတ်မှ လွဲရော ခေါင်းဆောင်ဟောင်းရဲ့ ကျင့်ကြံဆင့်က ထျန်းချီအဆင့် ၁၀ကို ရောက်သွားတာများလား ဖြစ်နိုင်လား”
“ထျန်းချီအဆင့် ၁၀”
ထိုအဆင့်ကား ထင်သလောက် လွယ်သော အဆင့်မဟုတ်။ လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်၌ပင် ထျန်းချီအဆင့်၁၀ ကျင့်ကြံသူ တစ်ယောက်မှ မရှိသည်ကို ကြည့်လျှင် သိသာသည်။ တုန်းလင်ပြည်နယ်၏ ဒုတိယ မင်းသားသည်ပင် ထျန်းချီအဆင့်၁၀ ကျင့်ကြံသူ တစ်ယောက်အား ရိုရိုကျိုးကျိုး ဆက်ဆံရမည် ဖြစ်သည်။
ယဲ့မိသားစုသည် ပြန်လည် ထူထောင်ကာစ အခြေအနေတွင်သာ ရှိနေ သေးသော်လည်း လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်တွင် နောက်ဆုံးအဆင့်တော့ မဟုတ်တော့တာ သေချာသည်။ မိသားစုဝင်များ အားလုံး၏ စိတ်ထဲတွင် ယဲ့မိသားစု ပြန်လည် ဦးမော့နိုင်ရန် အချိန်တစ်ခုသာ လိုတော့သည်ဟု ယုံကြည်ထားကြသည်။
ဆက်ခံသူနေရာကို ပြန်လည် ရရှိပြီးနောက် ယဲ့ချန်သည် ကိုယ်ပိုင်ခြံဝန်း တစ်ခု ရရှိခဲ့သည်။ သူ့ဖခင်၏ ခြံဝန်းနှင့် အနည်းငယ်သာ ဝေးသည်။ လွန်ခဲ့သော သုံးနှစ်ကကဲ့သို့ အလားတူ ဖြစ်ရပ်မျိုး မဖြစ်ရလေအောင် ယဲ့ချိန်ရွှမ်းသည် ယဲ့ချန်၏ လုံခြုံရေးအပေါ် အထူး အလေးပေး ဆောင်ရွက်စေသည်။
ယဲ့ကျန့်ထျန်းနှင့် အကြီးအကဲ ငါးယောက်တို့သည် မိသားစု ခေါင်းဆောင် ခြံဝန်း၌ မိုးကြိုးအင်ပါယာ ကျင့်စဉ်ကို စုပေါင်း လေ့လာနေကြပြီး စားလည်း မစားသလို အိပ်လည်း မအိပ်ကြပေ။ ထိုအချိန်တွင် ယဲ့ချန်သည် အပြင်လောကရှိ ကိစ္စရပ်များအား လုံးလုံးလျားလျား လျစ်လျူရှုထားပြီး ကျင့်ကြံခြင်းတွင်သာ အလုံးစုံ မြုပ်နှံထားသည်။
တနေ့သ၌ ယဲ့မိသားစု ခေါင်းဆောင် ခြံဝန်းထံမှ ထျန်းချီ မငြိမ်မသက် ဖြစ်မှုများ နှစ်ကြိမ်တိတိ ထွက်ပေါ်လာသည်။ ထျန်းချီအဆင့်၇ ထိပ်ဆုံးတွင် နှစ်အတန်ကြာ ရပ်တန့်နေသော ယဲ့ကျန့်ရှုံးနှင့် အခြားသော ယဲ့ချန်၏ ဦးလေးတစ်ယောက် တစ်ပြိုင်နက် အဆင့်တက်သွားကြခြင်း ဖြစ်သည်။ မိုးကြိုး အင်ပါယာ ကျင့်စဉ်ကို လေ့လာပြီးနောက် ရရှိလာသည့် အကျိုး ကျေးဇူးများပင်။ ထိုသတင်းကို ကြားပြီးနောက် ယဲ့ချန်လည်း ပိုမို တက်ကြွလာသည်။
“ငါလည်း အဆင့်တက်နိုင်အောင် ကြိုးစားရမယ်”
***