ချီထျန်းချန်
Vol. 65 Ch. 894
ဆယ်ရက်ဆိုသော အချိန်က လျင်မြန်စွာ ကုန်ဆုံးသွား၏။ သူတို့ အလံနက်မြို့သို့ ရောက်လာပေပြီ။ ကျန်းရီက ခေါင်းညိတ်လိုက်ပြီး အဝေးရှိ ခမ်းနားသော ဧရာမမြို့ကြီးကို ကြည့်လိုက်သည်။ ချီမျိုးနွယ်က အမှန်ပင် အင်အားကြီးပေသည်။ ထိုမြို့သည် မြို့တော်ထက် အနည်းငယ်လောက်သာ ပိုသေးလောက်၏။
“ထန်ထိုက်ရှစ်... ငါတို့ အလံနက်မြို့ကို ရောက်ပြီ။ နောက်ကျရင် မင်း ဒီမြို့မှာ နေရမှာ။ မပူပါနဲ့... မင်းတို့ ဒီမြို့မှာ ဒုက္ခမရောက်စေရဘူးလို့ ငါ အာမခံပါတယ်။ ရှောင်ထျန်းနဲ့ ရှောင်ယွီတို့လည်း အကောင်းဆုံးဘဝမှာ နေရမှာပါ”
ကျန်းရီက ထရပ်လိုက်ပြီး ထန်ထိုက်ရှစ်ကို ပြောလိုက်သည်။ ထန်ထိုက်ရှစ်က ခေါင်းခါကာ ပြန်ပြောလိုက်၏။
“အရှင်.. ကျွန်မရဲ့ နာမည်က ဟူတန်နီပါ။ ကျွန်မက ထန်ထိုက်မျိုးနွယ်နဲ့ မသက်ဆိုင်တော့ပါဘူး။ နောက်ကျရင် ကျွန်မကို ဟူတန်နီလို့ပဲ ခေါ်ပါ”
“တန်နီ...”
ကျန်းရီက သူ့နှာခေါင်းကိုပွတ်ကာ ခေါင်းညိတ်လိုက်သည်။
“သွားကြစို့... ငါက ချီမျိုးနွယ်ခေါင်းဆောင်နဲ့ ရင်းနှီးတယ်။ ချီမျိုးနွယ်မှာ မင်းကို ဘယ်သူမှ အနိုင်ကျင့်ရဲမှာ မဟုတ်ပါဘူး”
ကောင်းကင်ကံကြမ္မာသင်္ဘောက မြို့ထဲသို့ ဖြည်းဖြည်းချင်း ဝင်လိုက်၏။ မြို့အကာအရံ ပွင့်သွားသည်။ သင်္ဘောသည် မြို့အလယ်ရှိ ရင်ပြင်သို့ရောက်မှ ရပ်တန့်လိုက်လေသည်။ ကျန်းရီက အားလုံးကို ဦးဆောင်၍ ရင်ပြင်သို့ ဆင်းလိုက်၏။
ရင်ပြင်တွင် လူများနှင့် ပြည့်နှက်နေပေသည်။ အပေါ်လွင်ဆုံးလူများမှာ အနက်ရောင် စစ်သံချပ်ကာ ဝတ်ဆင်ထားသော လူစုများပင်။ ကျန်းရီသည် အလံနက်စစ်တပ်အရှေ့ရှိ အသတ်လတ်ပိုင်း ယောက်ျားတစ်ယောက်နှင့် တုတ်ခိုင်သော ယောက်ျားတစ်ယောက်ကို ကြည့်လိုက်၏။ သူတို့နှစ်ယောက်စလုံး၏ မျက်လုံးများ အရောင်လက်သွားသည်။ အသက်လတ်ပိုင်း ယောက်ျားက လက်ဝှေ့ယမ်းလိုက်သောအခါ သူ့အနောက်မှ အလံနက်စစ်သားများသည် ဒူးတစ်ဘက် ထောက်လိုက်ကြပြီး အော်ပြောလိုက်ကြလေသည်။
“အရှင်ရွှယ်ကို ကြိုဆိုပါတယ်”
“အရှင်ရွှယ်ကို ကြိုဆိုပါတယ်”
ရင်ပြင်ထဲရှိ ရာချီ၊ ထောင်ချီသော လူများကလည်း ဒူးတစ်ဘက်ထောက်ကာ အော်ပြောလိုက်ကြသည်။ သူတို့၏အသံများက အလံနက်မြို့ထဲတွင် ပဲ့တင်ထပ်သွားပြီး တစ်မြို့လုံးကို အနည်းငယ်ပင် တုန်ခါသွားစေလေသည်။
“ဟားဟားဟား...”
အရှေ့ရှိ တုတ်ခိုင်သော ယောကျ်ားက လှိုက်လှိုက်လှဲလှဲ ရယ်လိုက်သည်။
“ညီလေး ရွှယ်ရီ... ငါတို့ မတွေ့ရတာ နှစ်သုံးဆယ်တောင် ကြာသွားပြီပဲ။ ဒါပေမဲ့ မင်းက ခံ့ညားတောက်ပနေတုန်းပဲ။ မင်းရဲ့ ရုပ်ရည်ကို ထိန်းပေးထားတဲ့ နည်းလမ်းကောင်းတွေကို ဒီကအစ်ကိုကြီးကိုလည်း သင်ပေးရမယ်”
ကျန်းရီသည် ထိုသူက ချီမျိုးနွယ်ခေါင်းဆောင် ချီထျန်းချန်ဖြစ်ကြောင်း ချက်ချင်းသိသွား၏။ ထို့ကြောင့် ကျန်းရီက ရွှင်ပြစွာပြုံး၍ ပြန်ပြောလိုက်သည်။
“အစ်ကိုကြီး... အစ်ကိုကြီးလည်း ဒီနှစ်သုံးဆယ်အတွင်းမှာ ဘာမှ မပြောင်းလဲသွားပါဘူး။ အစ်ကိုကြီးရဲ့ အုပ်ချုပ်မှုအောက်မှာ ချီမျိုးနွယ်က ဒီလို ကျော်ကြားပြီး အင်အားကြီးလာတာကို မြင်ရတာ တကယ်ပဲ ကျေနပ်ရပါတယ်”
“ဟားဟားဟား...”
ချီထျန်းချန်က ကျန်းရီ၏လက်ကို တရင်းတနှီး ဆွဲကိုင်၍ သူ့ကို မြို့အရှင်ခြံဝန်းထဲသို့ ခေါ်သွားလိုက်သည်။ ထို့နောက် သူက လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။
“အစ်ကိုတို့ မတွေ့ရတာ နှစ်သုံးဆယ်ရှိပြီဆိုတော့ ဒီတစ်ခေါက် ညီလေး အစ်ကိုကြီးနဲ့အတူ နှစ်နည်းနည်းလောက် နေရလိမ့်မယ်”
“နေပါမယ်...နေပါမယ်”
ကျန်းရီနှင့် ချီထျန်းချန်တို့က အချိတ်အဆက်မိမိ သရုပ်ဆောင်နေကြ၏။ သူတို့သည် မြို့အရှင်ခြံဝန်းကိုဖြတ်ကျော်ကာ ချီမျိုးနွယ်၏ ခြံဝန်းဆီသို့ ရောက်သွားသည်။ ထန်ထိုက်ရှစ်တို့ကို ချီထျန်းချန်၏ လူများက ခေါ်ဆောင်သွား၏။ ကျန်းရီကိုမူ ချီထျန်းချန်က ရဲတိုက်တစ်ခုအတွင်းသို့ ခေါ်ဆောင်သွားသည်။ နောက်ဆုံးတွင် သူတို့ လျှို့ဝှက်ခန်းတစ်ခန်းအတွင်းသို့ ရောက်သွား၏။
ချီထျန်းချန်သည် လျှို့ဝှက်ခန်းထဲသို့ ရောက်သည်နှင့် အကာအရံကို နှိုးလိုက်ပြီး ဒူးတစ်ဘက်ထောက်လိုက်ကာ အော်ပြောလိုက်သည်။
“ချီထျန်းချန် သခင်လေးကျန်းကို နှုတ်ဆက်ပါတယ်”
“ထပါ...ထပါ...”
ကျန်းရီက ချီထျန်းချန်ကို ချက်ချင်း ဆွဲထူလိုက်၏။ ထိုသူက ကြယ်ခြောက်ပွင့်အဆင့် နတ်ဘုရားတစ်ပိုင်း ပညာရှင်ဖြစ်သည်။ သူက မိစ္ဆာမျိုးနွယ်ဆိုလျှင် ကျန်းရီ ဝန်လေးနေမည် မဟုတ်ပေ။ သို့သော် ကျန်းရီသည် လူသားတစ်ယောက်ထံမှနေ၍ ထိုသို့အရိုအသေပေးမှုကို မခံယူဝံ့ချေ။
ကျန်းရီသည် ချီထျန်းချန်က သူမည်သူဖြစ်ကြောင်း သိနေခြင်းကို မအံ့ဩပေ။ ဤချီထျန်းချန်သည် အရိပ်ဧကရာဇ်၏ အတော်လေး အရေးပါသော နယ်ရုပ်တစ်ခု မဟုတ်ပါလား။ အကယ်၍ သူတို့သာ ချီထျန်းချန်အား ထိုသို့သော သတင်းအချက်အလက်များကို မပေးထားလျှင် ချီထန်းချန်သည် ကျန်းရီ၏ လုပ်ဆောင်ချက်များနှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်နိုင်မည် မဟုတ်ချေ။
ကျန်းရီသည် ခေတ္တမျှ တွေးပြီးနောက် စိတ်ဝင်တစား မေးလိုက်၏။
“အစ်ကိုထျန်းချန်... အရှေ့ဘက် တော်ဝင်နယ်မြေမှာ ကျွန်တော်က ဘယ်သူဆိုတာကို သိတဲ့သူ ဘယ်နှစ်ယောက်လောက်ရှိပါသလဲ”
“သုံးယောက်ရှိပါတယ်”
ချီထျန်းချန်က တလေးတစား ပြန်ဖြေလိုက်သည်။
“သခင်လေး စိတ်ပူစရာ မလိုပါဘူး။ တခြားနှစ်ယောက်နဲ့ ကျွန်တော်က သခင်လေး ဘယ်သူဆိုတာကို ထုတ်ပြောမှာ မဟုတ်ပါဘူး”
“ဒါပေါ့...”
ကျန်းရီ ခေါင်းညိတ်လိုက်သည်။ သူသည် အရိပ်ဧကရာဇ်၏ ကိစ္စများကို ကိုင်တွယ်သည့် နည်းလမ်းကို အမှန်ပင် လေးစားနေပေသည်။ စွမ်းအားအကြီးဆုံး နယ်ရုပ်သုံးရုပ်ကသာ သူ မည်သူဖြစ်ကြောင်း သိထားသဖြင့် သူ့အကြောင်း ပေါ်သွားနိုင်ခြေက သုညနားကပ်နေလေသည်။
ကျန်းရီ ထပ်မေးလိုက်၏။
“ကောင်းကင်မီးတောက်မြို့က ကိစ္စက အစ်ကိုကြီးအတွက် ပြဿနာကြီးသွားစေသေးလား”
“ဘာပြဿနာမှ မရှိပါဘူး... ဘာပြဿနာမှ မရှိပါဘူး”
ချီထျန်းချန်က အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“အထက်ကလူတွေကို လာဘ်ထိုးထားပြီးပါပြီ... အလွန်ဆုံးမှ အပြစ်ခံယူဖို့ဆိုပြီး သေမိန့်ကြထားပြီးတဲ့ ထောင်သားနည်းနည်းလောက်ကို ပို့ပေးလိုက်ရုံပါပဲ။ ထန်ထိုက်ဟုန်က အရေးပါတဲ့သူတစ်ယောက် မဟုတ်ပါဘူး။ သူ့ကို သတ်ပစ်လိုက်ရင်တောင် ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး”
“အဲ့ဒါဆို ကောင်းပါတယ်”
ကျန်းရီ စိတ်သက်သာရာရသွား၏။ ထို့နောက် သူ ဆက်ပြောလိုက်သည်။
“ကျွန်တော် လူနည်းနည်းလည်း ခေါ်လာခဲ့ပါသေးတယ်။ ကလေးနှစ်ယောက်ကို ဂရုစိုက်ပေးဖို့ ကျွန်တော် အစ်ကိုကြီးကိုပဲ ဒုက္ခပေးရတော့မှာပဲ။ နောက်နှစ်ရက်နေရင် ကျွန်တော်က ဗုဒ္ဓဒေသဆီ လျှို့ဝှက် ထွက်ခွာတော့မှာဆိုတော့လေ...”
“ဟုတ်ကဲ့ပါ... သခင်လေး စိုးရိမ်စရာမလိုပါဘူး။ သခင်လေးစိတ်ကြိုက် လုပ်နိုင်ပါတယ်။ မင်းသမီးချမ်ချမ်ရဲ့ ကိစ္စက အရေးကြီးဆုံးဆိုတာကို ကျွန်တော် သိပါတယ်”
ထို့နောက် ချီထျန်းချန်က လေးနက်သောမျက်နှာထားဖြင့် ပြောလိုက်သည်။
“အပြစ်ဆေးကြောဒေသက အရမ်းအန္တရာယ်များတဲ့ နေရာတစ်ခုပါ။ အချိန်ကျလာရင် သခင်လေးကို ကူညီပေးဖို့ ကျွန်တော် လူတချို့ စေလွှတ်ပေးပါမယ်။ ဒါပေမဲ့ အသက်သုံးဆယ်ကျော်လူတွေက အပြစ်ဆေးကြောဒေသထဲကို ဝင်ခွင့်မရှိဘူး။ အဲ့ဒါကြောင့် ကျွန်တော် ပို့ပေးမယ့်လူတွေက လူငယ်တွေဆိုတော့ သိပ်တော့ အကူအညီရမှာ မဟုတ်လောက်ဘူး။ ကိစ္စအားလုံးက သခင်လေးအပေါ်ပဲ မူတည်နေမှာပါ...”
“အသက်သုံးဆယ်ကျော်လူတွေက အပြစ်ဆေးကြောဒေသထဲကို ဝင်ခွင့်မရှိဘူးလား”
ကျန်းရီ ချက်ချင်း နားလည်သွား၏။ ချီထျန်းချန်ကဲ့သို့ စွမ်းအားကြီးသည့်လူတစ်ယောက်က မီးမြွေသစ်ခွကို မယူနိုင်ခြင်းမှာ အံ့ဩစရာ မရှိတော့ပေ။ ထို့ကြောင့် ကျန်းရီ လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“ခဏနေရင် ကျွန်တော့်ဆီ အပြစ်ဆေးကြောဒေသနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေ ပို့ပေးပါ။ ပြီးတော့ ကျီထင်ယွီက ဗုဒ္ဓဧကရာဇ်မြို့ကို တကယ်သွားတာ ဟုတ်၊ မဟုတ် အတည်ပြုပြီးသွားပြီလား”
“အတည်ပြုပြီးပါပြီ”
ချီထျန်းချန်က ပြတ်သားစွာ ပြန်ပြောလိုက်သည်။
“ဝူနီက ပေါင်းထူမြို့မှာ နှစ်ရက်နားခဲ့ပါတယ်။ အဲ့မြို့မှာရှိတဲ့ ကျွန်တော်တို့ လူတွေက ဝူနီနဲ့အတူ ကျီထင်ယွီပါလာတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက် သူတို့နဲ့အတူ နောက်လိုက်ပညာရှင်တွေ အများကြီး ပါလာပါတယ်။ ကြယ်ငါးပွင့် ပညာရှင်က နှစ်ယောက်၊ ကြယ်လေးပွင့် ပညာရှင်က အယောက်ငါးဆယ်... ပြီးတော့ အနည်းဆုံး ကောင်းကင်ဧကရာဇ်တစ်ထောင်လောက် ပါပါလိမ့်မယ်”
“ကြယ်ငါးပွင့် ပညာရှင်တွေ...”
ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွားသည်။ ကြယ်ငါးပွင့် ပညာရှင်သည် ကောင်းကင်ဧကရာဇ်အဆင့်တွင် အသန်မာဆုံးသူများ ဖြစ်၏။ ထန်ထိုက်ဟုန်က ကြယ်ငါးပွင့် ပညာရှင်ပင်။ ထန်မျိုးနွယ်၏ ကောင်းကင်ကံကြမ္မာသင်္ဘောကို ကြီးကြပ်သည့် ပညာရှင်ကလည်း ကြယ်ငါးပွင့် ပညာရှင်ဖြစ်သည်။
ကျန်းရီသည် ကြယ်ငါးပွင့် ပညာရှင်များ တိုက်ခိုက်သည်ကို မမြင်ဖူးသေးသော်လည်း သူသာ ကြယ်ငါးပွင့် ပညာရှင်၏ အစွမ်းကုန်တိုက်ခိုက်မှုကို ခံလိုက်ရလျှင် သေချာပေါက် သေဆုံးသွားမည်ဖြစ်ကြောင်း ယုံကြည်ပေသည်။ သူ၏ နတ်ဘုရားအသံ ကောင်းကင်အတတ်က အလွန်အစွမ်းထက်သော်လည်း ကြယ်ငါးပွင့် ပညာရှင်တစ်ယောက်အပေါ်တွင်တော့ သက်ရောက်မှု မရှိနိုင်ပေ။ ထို့ပြင် ဝူမျိုးနွယ်မှ ပညာရှင်များထံတွင် ရတနာများ များစွာရှိလောက်သည်။
“ဝူနီက အခု ဘယ်အဆင့် ရောက်နေပြီလဲ”
ကျန်းရီ ထပ်မေးလိုက်သည်။
ချီထျန်းချန်က တွေးတောက ပြန်ဖြေလိုက်၏။
“သူ့ရဲ့ အင်အားက ကြယ်သုံးပွင့်အဆင့်မှာ ရှိလောက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းမှာ ဝူနီက တော်တော်လေး ကြိုးစားပြီး ကျင့်ကြံနေခဲ့တာပါ။ အခု သူက အဆင့်မြင့် ကောင်းကင်ဧကရာဇ် ဖြစ်နေပါပြီ။ ပြီးတော့ သူ့မှာ ဝိညာဉ်ချိတ်ဆက်ပြီးတဲ့ အတုအယောင် နတ်ဘုရား အသုံးအဆောင်နှစ်ခု ရှိပါတယ်...”
‘လခွမ်းပဲ...’
ကျန်းရီ ပို၍စိတ်လှုပ်ရှားသွား၏။ သူ ကျီထင်ယွီနှင့် ဝူနီတို့ကို သတ်ပစ်ရမည်ဆိုလျှင် သေချာအစီအစဉ်ဆွဲလိုက်ပါက ပြဿနာမရှိနိုင်ပေ။ သို့သော် သူက သူတို့ကို အရှင်ဖမ်းရမည်ဖြစ်သည်။ ထိုမှသာ သူတို့နှင့် စုလောရွှယ်ကို လဲလှယ်နိုင်ပေလိမ့်မည်။ ကောင်းကင်ဧကရာဇ် တစ်ထောင်၊ ကြယ်ငါးပွင့် ပညာရှင်နှစ်ယောက်၊ ကြယ်လေးပွင့် ပညာရှင် အယောက်ငါးဆယ်တို့က ကာကွယ်ပေးနေလျှင် သူတို့ကို အရှင်ဖမ်းရခြင်းက နတ်ဘုရားအဖြစ်သို့ တက်လှမ်းရခြင်းလောက် ခက်ခဲပေလိမ့်မည်။
“သခင်လေး”
ချီထျန်းချန်သည် ကျန်းရီ မျက်နှာထား မှိုင်းသွားသည်ကို မြင်လိုက်သောအခါ အံ့ကြိတ်ကာ ပြောလိုက်လေ၏။
“တကယ်လို့ သခင်လေးက သူတို့နှစ်ယောက်ကို ဖမ်းကိုဖမ်းမှ ဖြစ်မယ်ဆိုရင် ကျွန်တော်ကိုယ်တိုင် သခင်လေးကို ကူညီပေးပါမယ်...”
“အစ်ကိုကလား...”
ကျန်းရီ၏ မျက်လုံးများ တောက်ပသွား၏။ ချီထျန်းချန်က ကြယ်ခြောက်ပွင့် ပညာရှင်ဖြစ်ပြီး နတ်ဘုရားတစ်ပိုင်းအဆင့်တွင် ရှိသူဖြစ်သည်။ အကယ်၍ သူကသာ ကျန်းရီကို ကူညီပေးလျှင် ကျန်းရီသည် ကျီထင်ယွီနှင့်ဝူနီတို့ကို အလွယ်တကူ ဖမ်းနိုင်ပေလိမ့်မည်။ သို့သော် သူ ချက်ချင်း ခေါင်းခါ၍ ပြောလိုက်သည်။
“ဟင့်အင်း.. အစ်ကို လှုပ်ရှားလိုက်ရင် အစ်ကိုတို့ချီမျိုးနွယ် အဆုံးသတ်သွားလိမ့်မယ်။ အစ်ကိုတို့ချီမျိုးနွယ်က သိန်းချီတဲ့ မျိုးနွယ်ဝင်တွေလည်း အဆုံးသတ်သွားလိမ့်မယ်”
ကျန်းရီတွင် ကောင်းကင်ရှောင်တိမ်းခြင်းနှင့် ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည် ရှိပေသည်။ ထို့ကြောင့် ဝူမျိုးနွယ်နှင့် ရင်ဆိုင်ရလျှင်ပင် သူ သေမသွားလောက်ပေ။ ချီထျန်းချန်ကလည်း အင်အားကြီးသူတစ်ယောက်ဖြစ်၍ လွတ်မြောက်နိုင်လောက်သည်။ သို့သော် ချီမျိုးနွယ်ကတော့ သေချာပေါက် သတ်ဖြတ်ခံရပေလိမ့်မည်။ ကျန်းရီသည် သူ့ကိစ္စများအတွက်ဖြင့် လူပေါင်းသိန်းချီ သေဆုံးရမည်ကို မည်သို့ သဘောတူနိုင်ပါမည်နည်း။
“အဆင်ပြေပါတယ် သခင်လေး...”
ချီထျန်းချန်က အံကြိတ်ကာ ပြောလိုက်သည်။
“အရိပ်ဧကရာဇ်ကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့ ချီမျိုးနွယ်က ကျန့်မျိုးနွယ်ရဲ့ ဖျက်ဆီးတာကို ခံရပြီးလောက်ပါပြီ။ ပြီးတော့ အရိပ်ဧကရာဇ်သာ မကူညီပေးရင် ကျွန်တော်တို့ ချီမျိုးနွယ်က အခုလောက်ထိ အင်အားကြီးလာမှာ မဟုတ်ပါဘူး။ သခင်လေးရဲ့ တောင်းဆိုချက်ကိုသာ ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် စစ်သားတိုင်း၊ နယ်ရုပ်တိုင်းကို ရင်းဖို့ အရိပ်ဧကရာဇ်ကို ကျွန်တော်တို့ကို အမိန့်ပေးထားပြီးပါပြီ”
“တကယ် အဲ့လိုလုပ်ဖို့ မလိုပါဘူး”
ကျန်းရီသည် ချီထျန်းချန်ကို ကျေးဇူးတင်စွာကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“တခြားနည်းလမ်းတွေ ရှိလောက်မှာပါ။ မဆင်မခြင် မလုပ်ပါနဲ့။ ကျွန်တော့်အတွက် အသေခံသူရဲကောင်း နည်းနည်းလောက်ပဲ ကူပြီးပြင်ဆင်ပေးပါ။ ပြီးတော့ ကျွန်တော့်အမိန့်မရမချင်း ဘယ်သူမှ မလှုပ်ရှားကြပါနဲ့။ ဒါက အမိန့်ပဲ”
ချီထျန်းချန်က ပြောစရာစကားမဲ့သွားဟန်ဖြင့် လက်ဆုပ်ကာ ပြန်ပြောလိုက်သည်။
“နားလည်ပါပြီ”
“အဟင်း... ဝူနီ မင်း ဒီတစ်ခေါက် အပြစ်ဆေးကြောဒေသထဲကို မဝင်ရင် ကောင်းလိမ့်မယ်”
ကျန်းရီ ထရပ်လိုက်ပြီး ပြောလိုက်သည်။ သူ၏မျက်လုံးများက အရောင်သဲ့သဲ့ လက်နေ၏။
“မင်း အပြစ်ဆေးကြောဒေသထဲ ဝင်ရဲရင်တော့ ငါ နည်းမျိုးစုံသုံးပြီး မင်းကိုဖမ်းမယ်”
***