← Chapters

မိတ်ဆွေဟောင်းများ

Vol. 65 Ch. 898

မိတ်ဆွေဟောင်းများ

Vol. 65 Ch. 898

လမ်းခရီးက အလွန်လုံခြုံခဲ့၏။ ကျန်းရီသည် အခန်းထဲသို့ ဝင်ပြီးနောက် ပြန်မထွက်တော့ပေ။ ညအချိန်တွင် သူ ငှားယမ်းထားသော ကိုယ်ရံတော်များက ကောင်းကင်ကံကြမ္မာသင်္ဘောကို မြေပြင်တွင် ရပ်တန့်ထားပြီး အရုဏ်တက်ခါမှ ပြန်ထွက်ခွာကြသည်။ မကြာမကြာဆိုသလို ကောင်းကင်ကံကြမ္မာသင်္ဘောကြီးများ ဖြတ်သန်းသွားသည်ကိုလည်း တွေ့ရ၏။ ထိုသင်္ဘောများ၏ ဘေးဘက်တွင် ‘ရီ’ဟူသော စာလုံးကြီးတစ်လုံးကို ရေးထိုးထားသည်။ ၎င်းတို့မှာ ရီမျိုးနွယ်၏ ကင်းလှည့်စစ်တပ်ပင်။

ခြောက်ရက်ကျော် ခုနစ်ရက် ပျံသန်းပြီးနောက် ကျန်းရီတို့သည် သခင်လေးများ၊ သခင်မလေးများ စီးနင်းလိုက်ပါလာသော အလယ်အလတ်အရွယ် ကောင်းကင်ကံကြမ္မာသင်္ဘောများနှင့် အသေးစား ကောင်းကင်ကံကြမ္မာသင်္ဘောများနှင့် မကြာမကြာ  ကြုံလာရ၏။ ထိုသခင်လေး၊ သခင်မလေးများက ကျန်းရီထက်ပို၍ ဝံ့ဝံ့ကြွားကြွား ရှိကြသည်။ သူတို့သည် သူတို့နှင့်အတူ ကိုယ်ရံတော် ရာချီ၊ ထောင်ချီ ခေါ်လာကြ၏။ ကျန်းရီသည် ကောင်းကင်ဧကရာဇ် ကိုယ်ရံတော် အယောက်တစ်သောင်းကို ခေါ်လာသော သခင်လေးတစ်ယောက်ကိုပင် တွေ့ခဲ့ရ၏။ သို့သော် ထိုသခင်လေးက မည်သည့်မျိုးနွယ်မှဖြစ်ကြောင်း ကျန်းရီ မသိပေ။

“ထွက်သွားစမ်း...”

ဆယ်ရက်မြောက်နေ့တွင် ကျန်းရီသည် အော်သံကြီးတစ်သံကြောင့် နိုးထလာ၏။ သူသည် အသံထွက်ပေါ်လာရာဆီသို့ ကောင်းကင်စိတ်အာရုံ ဆန့်ထုတ်လိုက်၏။ ထို့နောက်တွင် သူ၏ စိတ်ဝိညာဉ်က ရုတ်ခြည်း တုန်ယင်သွားလေသည်။ သူ အမိန့်ပေးလိုက်၏။

“ဘေးကို ဖယ်ပေးလိုက်ကြ”

ကျန်းရီ ငှားယမ်းထားသော ကိုယ်ရံတော်ခေါင်းဆောင်သည် ကျန်းရီ အမိန့်မပေးခင်ကပင် ကောင်းကင်ကံကြမ္မာသင်္ဘောကို ထိန်းချုပ်၍ ဘေးသို့ ပျံသန်းနေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့အနောက်မှနေ၍ ဧရာမကောင်းကင်ကံကြမ္မာသင်္ဘောကြီးတစ်စီး ချဉ်းကပ်လာ၍ပင်။ ထိုသင်္ဘောက မီတာ(၃၀၀)ရှည်ပြီး အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်၏ အမြန်နှုန်း ရှိပေသည်။ ၎င်းက ထန်မျိုးနွယ်၏ ထိပ်တန်းအဆင့် ကောင်းကင်ကံကြမ္မာသင်္ဘောနှင့် အဆင့်အတူတူပင်ဖြစ်ကြောင်း အံ့အားသင့်ဖွယ်တွေ့ရသည်။

“ကျန့်မျိုးနွယ်လား... ကျန့်ဝူယင်းများ ဖြစ်နေမလား”

ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက သင်္ဘောဘေးရှိ ‘ကျန့်’ဟူသော ဧရာမစာလုံးကြီးကို အာရုံခံမိပေသည်။ သူ ရင်ခုန်မြန်လာ၏။ ထိုကဲ့သို့သော ဧရာမကောင်းကင်ကံကြမ္မာသင်္ဘောထဲတွင် သေချာပေါက် ကျန့်မျိုးနွယ်မှ ဩဇာကြီးသူတစ်ယောက် ပါလာပေလိမ့်မည်။ ထိုသူနှင့်အတူ ပညာရှင်များစွာလည်း ပါလာလောက်သည်။ အကယ်၍ သူတို့သာ သူမည်သူဖြစ်ကြောင်း သိသွားလျှင် ပြဿနာကြီးသွားမည်ဖြစ်သည်။

ရွှီး...

ရှိန်လောက်သော ကောင်းကင်စိတ်အာရုံ ဒါဇင်ကျော်လောက် ကျန်းရီ၏ခန္ဓာကိုယ်ကို ဖြတ်သွားကြ၏။ သူ့ကောင်းကင်ကံကြမ္မာသင်္ဘော၏ အကာအရံက အားနည်းလွန်းသဖြင့် ပညာရှင်များ၏ ကောင်းကင်စိတ်အာရုံများကို မတားဆီးနိုင်ပေ။ သို့သော် ထိုကောင်းကင်စိတ်အာရုံများကို သူ့ကို အာရုံခံပြီး‌နောက် ပြန်ဆုတ်သွားကြသဖြင့် သူ စိတ်အေးသွားဟန် သက်ပြင်းချလိုက်သည်။ ထို့နောက် ဧရာမကောင်းကင်ကံကြမ္မာသင်္ဘောကြီးသည် ကောင်းကင်ကို လျင်မြန်စွာ ဖြတ်သန်း၍ အဝေးရှိ ကြည်လင်သောကောင်းကင်ထဲတွင် ပျောက်ကွယ်သွားလေတော့သည်။

“အဲ့ဒါက သေချာပေါက် ကျန့်ဝူယင်းပဲ”

ကျန့်ဝူယင်း၏ ကျင့်ကြံခြင်းက များစွာတိုးတက်လာလိမ့်မည်ဟု ကျန်းရီ ခန့်မှန်းခဲ့၏။ ထို့ပြင် ကျန့်ဝူယင်းသည် စိတ်ကြီးဝင်နေသူဖြစ်၍ ဤကဲ့သို့သော ပွဲကြီးတစ်ပွဲတွင် မည်သို့ ဟိတ်ဟန်မထုတ်ဘဲ နေနိုင်မည်နည်း။ ကျန့်မျိုးနွယ်၏ သာမန် မျိုးဆက်များသည် သူ့လောက် စိတ်ကြီးမဝင်ကြပေ။

“ဒီပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်က တကယ့်ကို အစွမ်းထက်တာပဲ။ စွမ်းအားကြီးလူဒါဇင်ကျော်လောက်ကတောင် ငါ့ရဲ့ရုပ်ရည်အစစ်အမှန်ကို မမြင်နိုင်ကြဘူး”

နတ်ဘုရားတစ်ပိုင်းများမှလွဲ၍ မည်သူမှ သူ၏ရုပ်ရည်အစစ်အမှန်ကို မြင်နိုင်မည်မဟုတ်ဟု အောင်းလုက ပြောခဲ့ဖူး၏။ ကျန်းရီသည် ဤတစ်ကြိမ်တွင် ကိုယ်တိုင်ကြုံတွေ့ပြီးနောက် လုံးဝ စိတ်အေးသွားလေသည်။ ထို့ကြောင့် သူ အခန်းအောင်း၍သာ ဆက်ကျင့်ကြံနေလိုက်လေသည်။

အပြစ်ဆေးကြောဒေသနှင့် နီးလာလေလေ၊ ကောင်းကင်ကံကြမ္မာသင်္ဘောများကို ပိုတွေ့လာရလေလေပင်။ ကျန်းရီသည် ထိပ်တန်းအဆင့် ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီးကို ထပ်တွေ့လိုက်၏။ သို့သော် ထိုသင်္ဘောက ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ မဟုတ်ပေ။ ၎င်းက ရှစ်မျိုးနွယ်ကပင်။ ကျန်းရီသည် ကိုယ်ရံတော်ခေါင်းဆောင်ကို မေးပြီးနောက် ရှစ်မျိုးနွယ်က မျိုးနွယ်ကြီးတစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။ ထိုမျိုးနွယ်သည် ရှေးဟောင်းတော်ဝင်မျိုးနွယ်တစ်ခု ဖြစ်ပြီး အရှေ့ဘက် တော်ဝင်နယ်မြေ၏ အလယ်ပိုင်းရှိ ဒေသသုံးခုကို အုပ်စိုးပေသည်။ ထို့ကြောင့် သူတို့၏ ဩဇာအာဏာက အတော်လေးကြီးလေသည်။

နောက်သုံးရက်နေလျှင် အပြစ်ဆေးကြောဒေသသို့ ရောက်တော့မည်ဖြစ်၍ ကျန်းရီ ဆက်မကျင့်ကြံတော့ပေ။ သူသည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍သာ ပတ်ဝန်းကျင်ကို စူးစမ်းနေလိုက်၏။ မိမိကိုယ်ကိုယ်နှင့် မိမိ၏ရန်သူကို သိမှသာ တိုက်ပွဲတိုင်းတွင် အနိုင်ရနိုင်မည်ဖြစ်သည်။ ပတ်ဝန်းကျင်ကို ရင်းနှီးအောင် စူးစမ်းခြင်းက ကောင်းသောလုပ်ရပ်ပင်။

ရီမျိုးနွယ်က တပ်သားများစေလွှတ်၍ ဓားပြများကို ဖိနှိပ်ထား၍လော သို့မဟုတ် အခြားအကြောင်းများကြောင့်လောမသိ ပတ်ဝန်းကျင်တွင် ပုန်းအောင်းနေသော ဓားပြများ အမှန်ပင် ရှိမနေချေ။ ကျန်းရီသည် ပတ်ဝန်းကျင်ကို အတန်ကြာ စူးစမ်းပြီးနောက် ဓားပြများရှိမနေခြင်းမှာ မြင့်မားသော ကောင်းကင်ထက်ရှိ ဝိညာဉ်လေများကြောင့် ဖြစ်ကြောင်း သဘောပေါက်သွားလေသည်။ ထိုဝိညာဉ်လေများက ညအချိန်တွင်ဆိုလျှင် ပို၍ပင်အားကောင်းနိုင်သည်ဟု သူ တွေးလိုက်၏။ ထို့ကြောင့် ဤပတ်ဝန်းကျင်တွင် သွားလာခြင်းက အလွန်အန္တရာယ်များခြင်းပင်။

ထင်ထားသလိုပင်။

ကျန်းရီသည် ညအချိန်တွင် ပတ်ဝန်းကျင်ကို စူးစမ်းပြီးနောက် ကြောက်မက်ဖွယ် အခြေအနေတစ်ခုကို တွေ့ရှိလိုက်၏။ ညအချိန်တွင် မြေပြင်အထက်ဆယ်မီတာရှိ ဝိညာဉ်လေများသည်ပင် အခြားနေရာများမှ ဝိညာဉ်လေများထက်  ဆယ်ဆပိုအားကောင်း၏။ မြေပြင်အထက်မီတာ(၃၀၀)သို့‌ရောက်သောအခါ ဝိညာဉ်လေများက ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာပေသည်။ ကြယ်ငါးပွင့် ပညာရှင်တစ်ယောက်သည်ပင် အထူးစွမ်းရည်တစ်ခုမရှိလျှင် ထိုဝိညာဉ်လေများကို တောင့်မခံနိုင်လောက်ဟု ယူဆရ၏။

“နှမြောစရာပဲ... ငါ့အတွက် ဆန်းကြယ်တဲ့ လေဓာတ်တာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်နိုင်မယ့် အခွင့်အရေးမရှိခဲ့လို့.. မဟုတ်ရင် ဒီနေရာမှာ ထွက်ပြေးဖို့က အလွယ်လေးဖြစ်မှာပဲ”

ကျန်းရီ စိတ်ထဲမှ သက်ပြင်းချလိုက်၏။ အကယ်၍ သူသာ ထိုကဲ့သို့ လေဓာတ်တာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်နိုင်ခဲ့လျှင် မည်သည့်ပညာရှင်က ညအချိန်တွင် မြေပြင်အထက် သုံးကီလိုမီတာလောက်အထိ ပျံတက်၍ သူ့အနောက်သို့ လိုက်ဖမ်းနိုင်မည်နည်း။ သူတို့သည် သူ ထွက်ပြေးသွားသည်ကို ကူကယ်ရာမဲ့စွာသာ ရပ်ကြည့်နေရမည်ဖြစ်သည်။ သူ့အနေဖြင့် ကောင်းကင်ရှောင်တိမ်းခြင်းကို အသုံးပြုရန်ပင် လိုမည်မဟုတ်ပေ။

ကျန်းရီတို့ အပြစ်ဆေးကြောဒေသသို့ ရောက်တော့ပေမည်။ ယခုအချိန်ကျမှ လေဓာတ်တာအိုပုံသဏ္ဌာန်တစ်ခုကို ရုတ်တရက်ကြီး သိမြင်နားလည်နိုင်မည် မဟုတ်သဖြင့် ကျန်းရီ စိတ်လျှော့လိုက်တော့သည်။ သူသည် များစွာ မျှော်လင့်မနေတော့ဘဲ ပတ်ဝန်းကျင်ကိုသာ ဆက်၍ စူးစမ်းနေလိုက်၏။ သူသည် ပိုဝေးဝေးအာရုံခံနိုင်ရန် ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လိုက်၏။ ညအချိန်တွင် ကောင်းကင်ကံကြမ္မာသင်္ဘောများစွာက ရပ်တန့်ကြကြောင်း၊ သိုင်းသမားအုပ်စုများကလည်း တောင်ကြားများနှင့် တောအုပ်များထဲတွင် စခန်းချကြကြောင်း သူ အာရုံခံမိ၏။ ဤပတ်ဝန်းကျင်၌ ထိပ်တန်းအဆင့် ကောင်းကင်ကံကြမ္မာသင်္ဘောများပင် ညအချိန်၌ မပျံသန်းဝံ့ကြချေ။ ၎င်းသင်္ဘောများက ဝိညာဉ်လေးများကို တောင့်ခံနိုင်လျှင်ပင် စွမ်းအင်များစွာ ကုန်ပေလိမ့်မည်။

အရုဏ်တက်လာသောအခါ ကောင်းကင်ကံကြမ္မာသင်္ဘောများ ဆက်လက်ပျံသန်းကြသည်။ ညရောက်၍ သူတို့ ရပ်တန့်သောအခါ ဝိညာဉ်လေများက ပို၍အားကောင်းလာကြောင်း ကျန်းရီ သိရှိလိုက်၏။ ထို့ကြောင့် သူသည် သင်္ဘောထဲတွင် ဆက်မနေဝံ့တော့ဘဲ မြေပြင်တွင် ရွက်ဖျင်တဲထိုးကာ ကောင်းကင်ကံကြမ္မာသင်္ဘောကို သိမ်းထားလိုက်လေသည်။ သူ စိတ်လှုပ်ရှားနေ၏။ အဘယ်ကြောင့်ဆိုသော် မနက်ဖြန်တွင် သူတို့ အပြစ်ဆေးကြောဒေသအနီးသို့ ရောက်တော့မည် ဖြစ်၍ပင်။

ကျန်းရီသည် ညအချိန်တွင် ပတ်ဝန်းကျင်ကို မစူးစမ်းတော့ပေ။ သူသည် သူ၏အကောင်းဆုံးအခြေအနေတွင် ရှိနေရန် အိပ်ရေးဝဝ အိပ်စက်လိုက်ပြီး သူ၏စိတ်ဝိညာဉ်ကို အနားပေးလိုက်သည်။ အပြစ်ဆေးကြောဒေသတွင် ပညာရှင်များ စုဝေးနေမည်ဖြစ်သည်။ ထို့ပြင် ထိုနေရာတွင် သူ၏မိတ်ဆွေဟောင်းများစွာလည်း ရှိနေပေလိမ့်မည်။ ထို့ကြောင့် သူ တစ်ချက်မှ မှား၍မရပေ။ သူသည် ပြင်ပရုပ်ရည်ကို ပြောင်းထားပြီးဖြစ်သော်လည်း သူ၏ အမူအကျင့်များကိုလည်း ပြောင်းရန် လိုသေးပေသည်။ မဟုတ်၍ လူများသာ သူမည်သူဖြစ်ကြောင်း သိသွားလျှင် သူထာဝရအိပ်စက်သွားရမည်ဖြစ်သည်။

ကျန်းရီသည် အရုဏ်တက်သည်အထိ အိပ်စက်အနားယူလိုက်၏။ ထွက်ခွာရန် သူ မလောပေ။ ထိုအစား သူသည် သူ၏ကိုယ်ရံတော်များအား သားကောင်အချို့ကို ဖမ်းခိုင်းလိုက်၏။ ထို့နောက် သူသည် မီးမွှေးကာ နံနက်စာ ပြင်ဆင်လိုက်သည်။ နံနက်စာကောင်းကောင်း စားသောက်ပြီးမှ သူ ခရီးဆက်လိုက်လေသည်။

ကျန်းရီသည် သူ၏ကိုယ်ရံတော်အုပ်စုကို သုံးလငှားခဲ့ခြင်းပင်။ ထိုသုံးလအတွင်းတွင် ထိုလူဆယ်ယောက်သည် သူ၏လက်အောက်ငယ်သားများ၊ သူ၏ကိုယ်ရံတော်များ ဖြစ်နေမည်ဖြစ်သည်။ သို့သော် ကုန်သည်အဖွဲ့အစည်းက သဘောတူညီမှုတစ်ခု လုပ်ခဲ့၏။ အကယ်၍ သူတို့သာ မနိုင်နိုင်သော စွမ်းအားကြီးရန်သူနှင့် ကြုံတွေ့ရလျှင် ထိုလူများက ထွက်ပြေးမည်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် ထို အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်ဆယ်ပါးကို အားကိုးမထားပေ။

အပြစ်ဆေးကြောဒေသနှင့် နီးကပ်လာသောအခါ ကျန်းရီသည် သူ၏ ကောင်းကင်နားလည်သိမြင်ခြင်းကို မထုတ်လွှတ်ဝံ့တော့ချေ။ သူသည် ကောင်းကင်စိတ်အာရုံကို အသုံးပြု၍သာ အပြစ်ဆေးကြောဒေသဆီသို့ ဦးတည်သွားနေရာ မရေမတွက်နိုင်သည့် ကောင်းကင်ကံကြမ္မာသင်္ဘောများကို အာရုံခံလိုက်လေသည်။ သာမန်လူတစ်ယောက်က သူ၏ ကောင်းကင်နားလည်သိမြင်ခြင်းကို သတိပြုမိမည်မဟုတ်ပေ။ သို့သော် ဤပတ်ဝန်းကျင်တွင် ထူးခြားသော မျိုးနွယ်တစ်ခု ရှိနေလျှင် မည်သို့ လုပ်မည်နည်း။ သူ မဆင်မခြင် အာရုံခံမိလိုက်၍ ပညာရှင်များကို ဒေါသထွက်မိသွားစေလျှင် မည်သို့ လုပ်မည်နည်း။

‌နေ့လယ်ခင်းတွင် ကျန်းရီတို့ အပြစ်ဆေးကြောဒေသအပြင်သို့ ရောက်လာသည်။ ကျန်းရီသည် လေအေးတစ်ချက် ရှူသွင်းလိုက်ပြီး သူ့မျက်စိရှေ့မှ ရှုခင်းကို ကြည့်ရှုလိုက်၏။

ကျန်းရီ၏အရှေ့တွင် လွင်ပြင်ကျယ်ကြီးများ ရှိ၏။ လွင်ပြင်များ၏ မြောက်ဘက်တွင် တောထူထပ်သော တောင်တန်းကြီးတစ်ခု ရှိ၏။ ထိုတောင်တန်းသည် အလွန်မက်စောက်ပြီး သုံးကီလိုမီတာ မြင့်ပေသည်။ တောင်ထွတ်များကလည်း အလွန်ကြီးမားပြီး အဝေးမှကြည့်လျှင် ဧရာမသားရဲကြီးများ ဝပ်နေသကဲ့သို့ ထင်ရလေသည်။

တောင်တန်းအလယ်တွင် နက်ရှိုင်းသော တောင်ကြားတစ်ခုရှိ၏။ ထိုနေရာသည် အပြစ်ဆေးကြောဒေသသို့ ဝင်ရသည့်နေရာ ဖြစ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် တောင်ကြားဘေးနှစ်ဘက်တွင် ခမ်းနားသော မြို့ရိုးများကို တွေ့နေရ၍ပင်။ သို့သော် မြို့ရိုးတော်တော်များများက ဆိုးဝါးစွာ ပျက်စီးနေပြီဖြစ်သည်။

ထိုအရာအားလုံးက အဓိကမဟုတ်ပေ။ အဓိကမှာ တောင်ကြားအပြင်ရှိ လွင်ပြင်များပင်။

လွင်ပြင်များ၏ ပတ်လည်အလျားက မိုင်ရာကျော်၏။ ထိုအခိုက်တွင် လွင်ပြင်များပေါ်၌ ရွက်ဖျင်တဲများနှင့် ပြည့်နေ၏။ ထို့ကြောင့် လွင်ပြင်များ၏ တစ်ဘက်အစွန်းကို တစ်ချက်ကြည့်ရုံဖြင့် မမြင်နိုင်ပေ။ ထိုရွက်ဖျင်တဲများကို ကောင်းကင်ထက်မှ ကြည့်မည်ဆိုပါက သိန်းချီသော အဖြူရောင်ပန်းပွင့်များ ဖူးပွင့်နေသကဲ့သို့ ထင်ရပေသည်။

ရွက်ဖျက်တဲတစ်တဲလျှင် လူဆယ်ယောက်ရှိသည်ဟု ပျှမ်းမျှယူပါက အနည်းဆုံး လူသန်းချီ ရှိပေလိမ့်မည်။

မျိုးနွယ်များအားလုံးမှ ကိုယ်ရံတော်များ၊ သက်တော်စောင့်များကို နှုတ်လိုက်လျှင်ပင် အပြစ်ဆေးကြောဒေသအတွင်းသို့ ဝင်မည့်သူမှာ အနည်းဆုံး သိန်းချီရှိမည်ဖြစ်သည်။ သို့သော် မရေမတွက်နိုင်သော ကောင်းကင်ကံကြမ္မာသင်္ဘောများ ရောက်ရှိလာနေဆဲဖြစ်၏။ ထို့ပြင် အပြစ်ဆေးကြောဒေသကို ဖွင့်ရန် အချိန်ဆယ်ရက် လိုပေသေးသည်။ ထိုဆယ်ရက်အတွင် ဤနေရာသို့ လူမည်မျှ ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း မည်သူ သိမည်နည်း။

“ဆင်းကြ...”

ကောင်းကင်ကံကြမ္မာသင်္ဘောက လွင်ပြင်များအထက်သို့ ရောက်နေပြီဖြစ်၍ ကျန်းရီ ဆက်မစူးစမ်းဝံ့တော့ပေ။ သူတို့အာလုံး ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်မှ ဆင်းလိုက်ကြ၏။ ထို့နောက် ကျန်းရီ ကောင်းကင်ကံကြမ္မာသင်္ဘောကို သိမ်းလိုက်သည်။ သူသည် ကိုယ်ရံတော်ဆယ်ယောက်ကို ဦးဆောင်ကာ လွင်ပြင်ရှိ မြေလွတ်တစ်နေရာသို့ ပျံသန်းသွားလိုက်၏။

ကျန်းရီတို့ ဆင်းသက်လာသောအခါ ကောင်းကင်စိတ်အာရုံ ရာကျော် ချက်ချင်း ရောက်ရှိလာသည်။ ကျန်းရီ၏ မျက်နှာထားက ရေခဲတမျှ အေးစက်နေ၏။ သူသည် ထိုကောင်းကင်စိတ်အာရုံများကို လျစ်လျူရှုကာ နေရာလွတ်သို့ ပျံသန်း၍ ရွက်ဖျင်တဲနှစ်တဲ ဆင်လိုက်လေသည်။ သူသည် ကိုယ်ရံတော်ဆယ်ယောက်ကို ရွက်ဖျင်တဲတစ်တဲအတွင်းသို့ ဝင်ခိုင်းလိုက်ပြီး သူက အခြားရွက်ဖျင်တဲထဲသို့ ဝင်လိုက်သည်။

ကောင်းကင်စိတ်အာရုံ ရာကျော် ပြန်ပျောက်ကွယ်သွား၏။ ကျန်းရီသည် လူအနည်းငယ်သာ ခေါ်လာခဲ့၍ မျိုးနွယ်ကြီးတစ်ခုမှ မျိုးဆက် မဟုတ်နိုင်ပေ။ ထို့ကြောင့် မည်သူကမှ သူ့ကို အာရုံမစိုက်ကြချေ။ ရွက်ဖျင်တဲများကလည်း အတော်လေးသေးပြီး အဆင့်ကလည်း နိမ့်သဖြင့် မည်သူကမှ အထင်မကြီးကြပေ။

ဝှစ်...

ကျန်းရီ ရွက်ဖျင်တဲအတွင်းသို့ ဝင်သွားပြီးနောက်တွင် အရှေ့ဘက်မှနေ၍ စူးရှသော လေခွင်းသံတစ်သံ ထွက်ပေါ်လာ၏။ ကျန်းရီသည် ချက်ချင်းပင် ထိုဘက်သို့ ကောင်းကင်စိတ်အာရုံပို့လွှတ်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်အရိပ်အယောင်တစ်ခု လက်သွား၏။

အရှေ့ဘက်မှနေ၍ အဆင့်အမြင့်ဆုံး ကောင်းကင်ကံကြမ္မာသင်္ဘာကြီးတစ်စီး ပျံသန်းလာခြင်းပင်။ ထိုသင်္ဘောဘေးဘက်တွင် ‘ရှဲ့’ဟူသော ဧရာမစားလုံးကြီး ရေးထိုးထား၏။ ထိုအခိုက် ကောင်းကင်ကံကြမ္မာသင်္ဘောကြီးက လေထဲတွင် ပျောက်ကွယ်သွား၏။ ထို့နောက်တွင် အနီရောင်ဝတ်စုံဝတ်ဆင်ထားပြီး လည်ပင်းတွင် တိရိစ္ဆာန်အရိုးလည်ဆွဲ ဆွဲထားကာ နားပေါက်တွင် အရိုးနားကပ် ပန်ထားသော လူငယ်တစ်ယောက် ထွက်ပေါ်လာလေသည်။ သူ့အနောက်တွင် သိုင်းသမားတစ်ထောင်ရပ်နေ၏။ ထိုလူငယ်က ပတ်ဝန်းကျင်ကျင်ကို လှည့်ပတ်ကြည့်နေ၏။ သူသည် ရှီးဖေးမှလွဲ၍ မည်သူဖြစ်နိုင်ပါသေးသနည်း။

***

All Chapters