← Chapters

နောက်ဆုံးတွင် ကျီထင်ယွီ ထွက်ပေါ်လာပြီ

Vol. 65 Ch. 899

နောက်ဆုံးတွင် ကျီထင်ယွီ ထွက်ပေါ်လာပြီ

Vol. 65 Ch. 899

ရှီးဖေးနှင့် ကျန်းရီတို့ကြားတွင် နက်ရှိုင်းသော ရန်ငြိုးများရှိ၏။ အခွင့်အရေးသာ ရလျှင် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် သတ်ကြပေလိမ့်မည်။ ယခင်က ကျန်းရီသည် ရှီးဖေးကြောင့် အကြိမ်ကြိမ် သေမလိုဖြစ်ခဲ့၏။ သူသည် ထိုအကြွေးကို ကောင်းစွာ မှတ်မိပေသည်။ အခွင့်အရေးရလျှင် သူက ရှီးဖေးကို သေချာပေါက် သတ်မည်ဖြစ်သည်။

ကျန်းရီ၏အကျင့်က အမြဲ ထိုသို့ပင်။ သူသည် ကျော‌ထောက်နောက်ခံများကို ဂရုစိုက်တတ်သူ မဟုတ်ပေ။ တစ်ယောက်ယောက် သူ့ကို ရန်လာစလျှင် သူသည် အခြားဘာကိုမှမတွေးဘဲ ထိုသူကို သတ်ပစ်မည်ဖြစ်သည်။ အဆိုးဆုံးမှ သူ အပြစ်သားကျွန်း သို့မဟုတ် အဆုံးမဲ့ပင်လယ်နက်သို့ ပြန်ထွက်ပြေးရုံသာ။

သို့သော် ယခုတွင် ကျန်းရီ၌ အရေးကြီးလုပ်စရာများ ရှိနေ၏။ ထို့ကြောင့် သူ မဆင်မခြင် မလုပ်ဝံ့ချေ။ သူ မဆင်မခြင် လုပ်လိုလျှင်လည်း မည်သည့်အခွင့်အရေးမှ မရှိသေးပေ။

ရှီးဖေးက လူတစ်‌ထောင်ကျော် ခေါ်လာခဲ့၏။ သူတို့အားလုံးသည် အနိမ့်ဆုံး အဆင့်မြင့် ကောင်းကင်ဧကရာဇ်အဆင့်ရှိသော ပညာရှင်များပင်။ ကျန်းရီသည် ထိုလူတစ်ထောင်ကျော်ထဲမှနေ၍ ကြောက်မက်ဖွယ် အရှိန်အဝါဒါဇင်ကျော်ကို ခံစား‌နေရ၏။ ထို့ကြောင့် ထိုလူများထဲတွင် သေချာပေါက် ကြယ်လေးပွင့်နှင့် ကြယ်ငါးပွင့် ပညာရှင်များ ပါပေလိမ့်မည်။

ရှီးဖေးက အမှန်ပင် ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ သို့သော် သူ မတိုက်ခိုက်လျှင် သက်ရောက်မှုကို ခံစားရမည် မဟုတ်၍ ကျန်းရီသည် ရှီးဖေး၏ ကြယ်အဆင့်ကို မသိနိုင်သေးပေ။

ဝှစ်...ဝှစ်...ဝှစ်...

လေထဲတွင် ရှီးဖေးထွက်ပေါ်လာသောအခါ ရွက်ဖျင်တဲများထဲမှ လူများစွာသည် အပြင်သို့ ထွက်ကာ အော်ဟစ်နှုတ်ဆက်လိုက်ကြ၏။ ထိုအော်သံများက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားလေသည်။

“သခင်လေးဖေး...”

“သခင်လေးဖေးက တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ... ဒီအသက်အရွယ်နဲ့ ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်ကို ရောက်သွားပြီ။ သခင်လေးက အားလုံးကို အားကျရအောင် လုပ်နေတာပဲ”

“သခင်လေးဖေး ကျွန်တော်က မုန့်ချီပါ...”

“သခင်လေးဖေးက ဒီကိုရောက်လာပြီဆိုမှတော့ ကျွန်တော်တို့ အပြစ်ဆေးကြောဒေသထဲကို ဝင်ရင်လည်း အဓိပ္ပာယ်ရှိတော့မှာ မဟုတ်ဘူး...”

“...”

မျက်တောင်တစ်ခတ်အတွင်းမှာပင် အနည်းဆုံး လူတစ်‌သောင်းလောက်က ကောင်းကင်ထက်သို့ ပျံတက်သွားကြ၏။ သခင်လေးများနှင့် သခင်မလေးများသည် ရှီးဖေးကို အလယ်တွင်ထား၍ ဝန်းရံလိုက်ကြပြီး နှုတ်ဆက်ကာ မျက်နှာလိုမျက်နှာရ လုပ်လိုက်ကြသည်။ ကျန်းရီသည် ထိုသူများကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံလိုက်၏။ သူသည် ထိုသူများထဲမှ တစ်ယောက်ကိုပင် မသိပေ။

“အားလုံးက ယဉ်‌ကျေးလွန်းနေပါပြီ။ နောက်ကျရင် ကျွန်တော် စားသောက်ပွဲကြီးတစ်ပွဲ ကျင်းပပါမယ်။ အားလုံးပဲ တစ်ခွက်လောက် လာသောက်ကြပါ”

ရှီးဖေးက ခပ်ရေးရေးပြုံး၍ ပြန်ပြောလိုက်သည်။ ယခုတွင် သူ၏စိတ်ဓာတ်က ပိုရင့်ကျက်လာပြီဖြစ်သည်။ သူ၏မျက်နှာပေါ်တွင် စိတ်ကြီးဝင်နေသည့် အရိပ်အယောင်တစ်ခုပင် မရှိချေ။ ကျန်းရီ တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။ ပြီးခဲ့သောနှစ်များအတွင်း ရှီးဖေးက အမှန်ပင် တိုးတက်လာပုံပင်။ သူသည် အရာအားလုံးကို အထင်သေးတတ်သော စိတ်ကြီးဝင်နေသည့် လူငယ်လေး မဟုတ်‌တော့ချေ။

“ဟေး...ဟေး.. ရှီးဖေး... လွန်ခဲ့တဲ့ငါးနှစ်က မိစ္ဆာဧကရာဇ်ရဲတိုက်မှာ လိပ်ကလေးလို ခေါင်းဝှက်ပြီး သူရဲဘောကြောင်ခဲ့တဲ့သူက ဒီနေ့တော့ ထွက်လာဝံ့ပြီပေါ့လေ”

ထိုအခိုက်တွင် မထင်မရှားအသံတစ်သံ ပဲ့တင်ထပ်လာ၍ ရှီးမျိုးနွယ်ဝင်များ မျက်နှာထား မည်းမှောင်သွား၏။ ရှီးဖေးကို ဝန်းရံထားသော သခင်လေးများနှင့် သခင်မလေးများသည်လည်း မျက်နှာထားပြောင်းသွားကြ၏။ သူတို့သည် ထိုအသံထွက်ပေါ်လာရာဘက်သို့ ဒေါသတကြီး ကြည့်လိုက်ကြသည်။ အကြည့်တစ်ချက်က အားလုံး၏ မျက်နှာထားကို ထပ်မံပြောင်းသွား‌စေ၏။ သူတို့၏ မျက်နှာထားများ အိုးတိုးအန်းတန်း ဖြစ်သွားကြသည်။

တောင်ကြား ဘယ်ဘက်ရှိ ရွက်ဖျင်တဲများအတွင်းမှ လူဒါဇင်အနည်းငယ် ပျံထွက်လာကြ၏။ သူတို့ထဲတွင် ခနဲ့ပြုံး ပြုံးနေသော လူငယ်တစ်ယောက်ပါ၏။ ထိုလူငယ်သည် (၁၂)နှစ်၊ (၁၃)နှစ်သာ ရှိလောက်သေးပြီး အဝါရောင်ရိုးရာဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူသည် လက်ထဲတွင် အဖြူရောင်ပုလွေတစ်ချောင်းကို ကိုင်ထား၏။ သူ၏အရှိန်အဝါက အတော်လေး ရှိန်လောက်ဖွယ်ကောင်းနေပေသည်။

“ဟဲဟဲ...”

ရှီးဖေးသည် ‌ဒေါသထွက်မသွားဘဲ ထိုလူငယ်ကို ကြည့်ကာ ခံစားချက်များဖြင့် သက်ပြင်းချလိုက်သည်။

“ကျန့်ဝူယင်း... ငါးနှစ်တောင်ရှိသွားပြီ၊ ဒါပေမဲ့ မင်းရဲ့အကျင့်စရိုက်က အရင်တုန်းက အတိုင်းပဲ”

“သခင်လေးဖေး...”

ကျန့်ဝူယင်း၏ ဘေးရှိ ရွက်ဖျက်တဲမှနေ၍ တောင်တစ်လုံးကဲ့သို့ တုတ်ခိုင်သော လူတစ်ယောက် ထွက်လာ၏။ သူက လက်ဆုပ်ကာ အသံအုပ်အုပ်ဖြင့် ပြောလိုက်သည်။

“သခင်လေးဖေးရဲ့ အင်အားက အများကြီး တိုးတက်လာတာပဲ... ကျွန်တော်တို့ကိုတောင် ကျော်သွားပြီ။ ထူလုံ တကယ်ပဲ အရှက်ရမိပါတယ်။ ဒီည ကျွန်တော်တို့ သောက်ကြမလား”

ရှီးဖေးက နှိမ့်ချစွာ ရယ်လိုက်ပြီး ပြန်ပြောလိုက်သည်။

“ညီလေးထူလုံ... မင်းက မင်းတို့ထူမျိုးနွယ်ရဲ့ အနန္တသားရဲအစီအရင်ကို သိမြင်နားလည်သွားပြီလို့ အစ်ကို ကြားတယ်။ အဲ့ဒါက တကယ်ပဲ ဂုဏ်ပြုခံရဖို့ ထိုက်တန်ပါတယ်။ အခု မင်းရဲ့အင်အားက ကြယ်လေးပွင့်အဆင့်မှာမလား”

ထူလုံသည် မည်သို့မှ ပြန်မပြောတော့ဘဲ ပြုံး၍သာ သူ့တဲအတွင်း ပြန်ဝင်သွားလေသည်။ ရှီးဖေးသည် တောင်ကြားဝ ညာဘက်ရှိ ရွက်ဖျင်တဲတစ်လုံးကို ကြည့်လိုက်၏။ ထို့နောက် သူသည် ထိုတဲရှေ့မှ လူနှစ်ယောက်ကိုစိုက်ကြည့်ကာ လက်ဆုပ်၍ ပြောလိုက်သည်။

“ချီကျန့် မင်းက ဒီကို အစောကြီးရောက်နေတာပဲ။ ညီမလေးရှီယာ့ကလည်း ပိုတောင် လှလာတယ်”

နောက်ကျောတွင် ဧရာမဓားကြီးတစ်လက်ကို လွယ်ထားသော လင်းချီကျန့်က မည်သို့မှ ပြန်မပြောဘဲ ပြုံး၍ လက်ဆုပ်ပြလိုက်သည်။ လင်းရှီယာ့က ရှီးဖေးကို ကြည့်ကာ စိတ်ဝင်တစား မေးလိုက်သည်။

“ရှီးဖေး... ရှင် အစ်မကြီးပင်းနဲ့ အစ်မကြီးချန်တို့ကို တွေ့ပြီးပြီလား”

ရှီးဖေးသည် သူ့ဘေးမှ သခင်လေးများနှင့် သခင်မလေးများကို လက်ဆုပ်ပြလိုက်ပြီး သူ့လူများနှင့်အတူ အောက်သို့ ဆင်းသွားလိုက်သည်။ ထို့နောက် သူ ရယ်ကာ ပြောလိုက်သည်။

“ယဉ်ရို့ပင်းနဲ့ ရီချန်တို့က အခု ကောင်းကင်ဧကရာဇ်မြို့ထဲမှာ ရှိနေလောက်မှာပေါ့။ ဝူနီကလည်း ဗုဒ္ဓဧကရာဇ်မြို့မှာပဲ။ သူတို့ နောက်ရက်အနည်းငယ်အတွင်း ရောက်လာလိမ့်မယ်ထင်တယ်။ အင်း... ရီယင်းကလည်း သူတို့နဲ့ပဲ”

“အို့...”

လင်းရှီယာ့က စိတ်ပျက်သွားသော လေသံဖြင့် ပြောလိုက်ပြီး ရှီးဖေးကို အရေးမစိုက်တော့ဘဲ သူမ၏တဲအတွင်းသို့ ပြန်ဝင်သွားလေသည်။ ရှီးဖေးက လက်ဝှေ့ယမ်းကာ သူ့လူများကို ရွက်ဖျင်တဲဆင်ရန် အချက်ပြလိုက်သည်။ တောင်ကြားဝနှင့် အနီးဆုံးနေရာတွင် မည်သူမှ မနေရဲသဖြင့် လွတ်နေသော မြေနေရာအလွတ်တစ်ခုရှိ၏။ တဲသုံးလုံး ဆင်ပြီးသောအခါ ရှီးဖေးက အစောင့်အုပ်စုကို ခပ်လှမ်းလှမ်းတွင် နောက်ထပ်တဲတစ်လုံး ထပ်ဆင်ပြီး နေရန် ပြောလိုက်၏။ ထို့နောက် သူသည် သူ၏ အသန်မာဆုံး ပညာရှင်အနည်းငယ်ကို တဲသုံးလုံးထဲတွင် နေခိုင်းလိုက်လေသည်။

“ပညာရှင်တွေ အများကြီး ပါလာတာပဲ”

ကျန်းရီ ဆက်၍ မစူးစမ်းဝံ့တော့ပေ။ အစောက အကြည့်များ၊ ကောင်းကင်စိတ်အာရုံများ များစွာ ရောထွေးနေသဖြင့် သူ စူးစမ်းလျှင်လည်း ပြဿနာရှိမည် မဟုတ်ပေ။ ယခုတွင်မူ သူ မဆင်မခြင် စူးစမ်းလိုက်ပါက သေချာပေါက် အာရုံစိုက်ခံရမည်ဖြစ်သည်။

ကျန်းရီ၏ မျက်နှာထားက တည်နေ၏။ ထိုသို့တည်နေခြင်းမှာ သူ ရှီးဖေးနှင့် အခြားသူများကို ကြောက်၍မဟုတ်ပေ။ အကယ်၍ သူသာ အပြစ်ဆေးကြောဒေသထဲတွင် ထိုသခင်လေးများ၊ သခင်မလေးများနှင့် တိုက်ခိုက်ရပါက မယှဉ်နိုင်တော့လျှင် ထွက်ပြေးလိုက်ရုံသာ။ ပြဿနာမှာ သူ အပြစ်ဆေးကြောဒေသမှ ထွက်လာစဉ်တွင် ရှီးဖေးဦးဆောင်သော ပညာရှင်တစ်စုက တောင်ကြားဝတွင် စောင့်နေပြီး သူထွက်လာသည်နှင့် တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ပါက သူ ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးရန်ပင် အခွင့်အရေး ရလိုက်မည် မဟုတ်ခြင်းပင်။

“မဟုတ်သေးပါဘူး...”

ကျန်းရီသည် ရုတ်တရက် သူ့ပေါင်သူရိုက်ကာ ရေရွတ်လိုက်၏။ သူ့မျက်လုံးများကလည်း လင်းလက်သွားသည်။ အပြစ်ဆေးကြောဒေသအတွင်းမှ ထွက်လာလျှင် မှတ်ဉာဏ်များ ရှင်းပစ်ခံလိုက်ရမည် မဟုတ်လော။

သို့ဆိုလျှင် ရှီးဖေးနှင့် အခြားသူများ အပြင်သို့ ထွက်နိုင်လျှင်ပင် အထဲတွင် ဖြစ်ခဲ့သောအရာအားလုံးကို မှတ်မိမည် မဟုတ်ပေ။ သူတို့သည် ကျန်းရီက အထဲတွင် ရှိနေကြောင်းကိုလည်း မေ့သွားမည်ဖြစ်သည်။ သူမည်သူဖြစ်ကြောင်း အပြင်ဘက်တွင် မပေါ်သွားလျှင် အပြစ်ဆေးကြောဒေသထဲ၌ သူ စိတ်ကြိုက်ပြုမူနိုင်ပေသည်။ အပြစ်ဆေးကြောဒေသအတွင်း၌ သူမည်သူဖြစ်ကြောင်း ပြလိုက်လျှင်လည်း ပြဿနာရှိမည် မဟုတ်ချေ။

“ကောင်းပြီ...”

ကျန်းရီသည် ထိုသို့တွေးမိသောအခါ ကျေနပ်သွား၏။ သူခန္ဓာကိုယ်က စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာလေသည်။ အကယ်၍ သူသည် အပြစ်ဆေးကြောဒေသထဲတွင် အစွမ်းကုန် တိုက်ခိုက်နိုင်လျှင် မည်သည့်ပညာရှင်ကိုမှ ကြောက်စရာလိုမည် မဟုတ်ပေ။ အပြစ်ဆေးကြောဒေသသည် အသက်(၃၀)အောက် ပညာရှင်များကိုသာ အဝင်ခံသည်ဖြစ်၍ အသန်မာဆုံး ပညာရှင်များပင် ရှီးဖေး၏အဆင့်လောက်သာ ရှိမည်ဟူသော အဓိပ္ပာယ်ပင်။

ရှီးဖေးမှာ အသက်(၃၀)အတိပင်။ သူသည် ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ သခင်လေးတစ်ယောက်ပင်။ မည်သူ၏ကျင့်ကြံနှုန်းက ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ ပါရမီရှင် သခင်လေးတစ်ယောက်၏ ကျင့်ကြံနှုန်းထက် ပိုမြန်ပါမည်နည်း။ နှစ်ပေါင်းသိန်းချီအတွင်း ဆန်းကြယ်ဧကရာဇ် တစ်ပါးသာ ထွက်ပေါ်လာခဲ့ဖူးပေသည်။ ထို့ပြင် အပြစ်ဆေးကြောဒေသအတွင်းသို့ ရှီးဖေးထက် အင်အားကြီးသူ ဝင်လာလျှင်လည်း ကျန်းရီ မကြောက်ပေ။ သူ၏ နတ်ဘုရားအသံကောင်းကင်အတတ်နှင့် မိုးကြိုးအမျက်ဖြင့်သာ ဆိုလျှင် သူ ရှီးဖေးနှင့် အခြားသူများကို မသတ်နိုင်လျှင်ပင် အလွယ်တကူ ထွက်ပြေးနိုင်မည်သာ။

“ဝူနီ၊ ရှီးဖေး၊ ကျန့်ဝူယင်း၊ ထူလုံ၊ ကျီထင်ယွီ... သတ်မယ်၊ သတ်မယ်၊ သတ်မယ်...”

ကျန်းရီ၏ မျက်လုံးများ နီရဲလာ၏။ အပြင်မှလူများသည် အပြစ်ဆေးကြောဒေသအတွင်း၌ ဖြစ်နေသောကိစ္စများကို သိမည်မဟုတ်ပေ။ ရှင်ကျန်ခဲ့သူများကလည်း အထဲတွင် ဖြစ်ခဲ့သောကိစ္စများကို မှတ်မိမည် မဟုတ်။ ထို့ကြောင့် ကျန်းရီသည် မည်သည်ကို ကြောက်နေရပါမည်နည်း။ ရှီးဖေးနှင့် အခြားသူများသာ အပြစ်ဆေးကြောဒေသအတွင်းသို့ ဝင်သွားဝံ့လျှင် သူသည် အခွင့်အရေးရသည်နှင့် ထိုငါးယောက်ကို သေချာပေါက် သတ်ပစ်မည်ဖြစ်သည်။

“စိတ်ငြိမ်ငြိမ်ထားရမယ်...”

ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်၏။ ရှီးဖေး၏ အင်အားက ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ ထို့ပြင် ယခုတွင် မျိုးနွယ်အတွင်းရှိ သူ့အဆင့်အတန်းကလည်း မြင့်မားနေပေပြီ။ ထို့ကြောင့် သူ့ထံတွင် အတုအယောင် နတ်ဘုရား အသုံးအဆောင်များ ရှိနိုင်ပေသည်။ သူသည် ဝိညာဉ်ချိတ်ဆက် မူလရတနာအချို့ကိုပင် ပိုင်ဆိုင်ထားလောက်၏။ ထူလုံကလည်း ‘အနန္တသားရဲအစီအရင်’ကို တတ်မြောက်ခဲ့ပုံပင်။ ယင်းက ထူမျိုးနွယ်၏ ဘိုးဘေးများ လက်ဆင့်ကမ်းပေးခဲ့သော နတ်ဘုရားအတတ်တစ်ခုလော။

“ငါ သတိလက်လွတ်ဖြစ်လို့ မရဘူး။ ငါ ရန်သူကို လျှော့တွက်ရင် သေရလိမ့်မယ်”

ကျန်းရီသည် သူ့ကိုယ်သူ တိတ်တဆိတ် သတိပေးလိုက်၏။ သူသည် ကောင်းကင်စိတ်အာရုံဖြင့် ဆက်၍အာရုံခံမနေတော့ဘဲ တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံလိုက်ပြီး အပြစ်ဆေးကြောဒေသ ဖွင့်မည့်အချိန်နှင့် ရီချန်၊ ဝူနီနှင့် အခြားသူများ ရောက်လာမည့်အချိန်ကို စောင့်နေလိုက်သည်။

နောက်ရက်အနည်းငယ်အတွင်း ကောင်းကင်ကံကြမ္မာသင်္ဘောများ အဆက်မပြတ် ရောက်ရှိလာ၏။ ကိုယ်တိုင်ပျံသန်းလာသော လူများကလည်း သိန်းချီပေသည်။ သိပ်မထင်ရှားသော မျိုးနွယ်ကြီးများနှင့် ရှေးဟောင်းမျိုးနွယ်များမှ သခင်လေးများလည်း ရောက်လာ၍ ရှီးဖေးနှင့် အခြားသူများ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သေးသည်။ သို့သော် ကျန်းရီသည် ထိုသခင်လေးများကို သိရန်မဆိုထားနှင့် ကြားပင်မကြားဖူးပေ။

လေးရက်ကြာပြီးနောက် အရှေ့ဘက်မှနေ၍ စူးရှသော လေခွင်းသံ တစ်ဒါဇင်ကျော် ပဲ့တင်ထပ်လာလေသည်။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို ဆန့်ထုတ်၍ အာရုံခံလိုက်၏။ သူ့မျက်လုံးများ ရုတ်ခြည်း အရောင်လက်သွားသည်။ ပျံသန်းလာသည့် ကောင်းကင်သင်္ဘောများအားလုံးမှာ ထိပ်တန်းအဆင့်များပင်။ ၎င်းထို့ထဲက ဆယ်စီးပေါ်တွင် ‘ရီ’စာလုံး၊ ‘ယင်’စာလုံး၊ ‘ယဲ့’စာလုံးနှင့် ‘ဝူ’စာလုံးတို့ ပါပေသည်။

မရေမတွက်နိုင်သော လူများက သူတို့ကို ကြိုဆိုလိုက်၏။ ထိုကောင်းကင်ကံကြမ္မာသင်္ဘောအားလုံး လေထဲတွင်‌ ပျောက်ကွယ်သွားသည်။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံလိုက်ရာ ရင်းနှီးသော မျက်နှာများကို တွေ့လိုက်ရ၏။ ဝူနီ၏ဘေးတွင် အဝါရောင်ဝတ်စုံဝတ်ဆင်ထားသည့် ချောမောလှပသော မိန်းမပျိုတစ်ယောက် ရှိနေသည်ကို ကျန်းရီ တွေ့လိုက်၏။ သူ ချက်ချင်း မျက်နှာရှုံ့လိုက်သည်။ သူ့မျက်ဝန်းများထဲတွင်လည်း အမုန်းတရားတစ်ခု ထွက်ပေါ်လာ၏။ ထိုအမုန်းတရာက သူ့နှလုံးသားထဲတွင် ကမ္ပည်းတင်နေပုံပင်။

နောက်ဆုံးတွင် ကျီထင်ယွီ ထွက်ပေါ်လာပေပြီ။

***

All Chapters