ဗုဒ္ဓအင်ပါယာ
Vol. 65 Ch. 900
ကျန်းရီသည် ကျီထင်ယွီကို နှစ်အနည်းငယ်လောက် မတွေ့ခဲ့ရပေ။ သူမက ပို၍ပင် လှလာပေသည်။ ယခင်က သူမသည် ဖူးပွင့်စ နှင်းဆီဝါတစ်ပွင့်ဆိုလျှင် ယခုတွင် ပွင့်အာနေသည့် နှင်းဆီဝါ ဖြစ်နေပေပြီ။ သူမက ဝူနီ၏ဘေးတွင် တိတ်တဆိတ် ရပ်နေ၏။ သူမ၏ အရှိန်အဝါက စွမ်းအားမကြီးပေ။ သို့သော် သူမသည် တောက်ပသော ပုလဲလုံးတစ်လုံးကဲ့သို့ မရေမတွက်နိုင်သော ယောကျ်ားများကို ဆွဲဆောင်နိုင်လေသည်။ သူမသည် ရီချန်နှင့် ယဉ်ရို့ပင်းတို့ထက် မနိမ့်ပေ။
ကျီထင်ယွီ၏ ဆွဲဆောင်မှုအရှိဆုံးအရာမှာ သူမ၏ မျက်လုံးရွဲကြီးများပင်။ မျက်ဝန်းအတွင်းရှိ မျက်စံများက နက်မှောင်နေပြီး မည်သည့် ညစ်နွမ်းမှုမှ ရှိမနေပေ။ သူမ၏ မျက်လုံးများသည် ဉာဏ်ပညာနှင့် ပြည့်နှက်နေပြီး ပင်လယ်ကဲ့သို့ နက်ရှိုင်းပေသည်။ ပုံမှန်ဆိုလျှင် မြင့်မြတ်သော သူတော်စင်များ သို့မဟုတ် အကြီးအကဲများတွင်သာ ထိုသို့သောမျက်လုံးမျိုး ရှိ၏။ ထို့ကြောင့် သူမ၏ မျက်လုံးများက သူမ၏ ဉာဏ်ပညာကို ဖော်ပြနေပေသည်။ သို့ဖြစ်၍ လူများစွာကလည်း သူမကို စိုက်ကြည့်နေကြလေသည်။
ဝူနီက များစွာပို၍ ရင့်ကျက်လာပေပြီ။ သူသည် သူ၏ ချောမောသော အစေခံမလေးများနှင့် လျှောက်သွားမနေတော့ချေ။ ထိုအစား သူနှင့်အတူ အကြီးအကဲနှစ်ယောက် ပါလာသည်။ သူသည် မားမားမတ်မတ် ရပ်နေပြီး မျက်နှာပေါ်တွင်လည်း အပြုံးသဲ့သဲ့တစ်ခု ရှိနေ၏။ သူသည် နွေဦးလေပြေကဲ့သို့ပင်။ သူ၏ အရှိန်အဝါက ခံ့ညားပြီး သူ၏ဟန်ပန်က ထူးကဲပေသည်။
လူများသည် ကျီထင်ယွီအပြင် ရီချန်နှင့် ယဉ်ရို့ပင်းတို့ကိုလည်း အာရုံစိုက်နေကြောင်း အထူးပြောစရာမလိုပေ။
ရီချန်က ခရမ်းရောင်ဆံပင်ရှိပြီး ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမသည် တစ္ဆေဘုရင်မျက်နှာဖုံးကိုလည်း ဝတ်ဆင်ထား၏။ အခြားသူများသာ ထိုမျက်နှာဖုံးကို ဝတ်ဆင်ထားပါက ကြောက်မက်ဖွယ် ကောင်းနေပေလိမ့်မည်။ သို့သော် သူမကမူ ဆန်းကြယ်ပုံပေါ်နေကာ ပို၍ပင် ဆွဲဆောင်မှုရှိနေပေသည်။ သူမ၏ အရှိန်အဝါက ဗုဒ္ဓတစ်ပါးကဲ့သို့ ထူးခြား၏။ ထို့ပြင် သူမ၏နောက်ကျောဘက်ကလည်း တလက်လက် တောက်ပနေသဖြင့် လူများ၏အာရုံစိုက်မှုကို ပိုခံရလေသည်။ ထိုအရှိန်အဝါသည် သူမကို ဤလောကနှင့် မသက်ဆိုင်သည့် ကောင်းကင်ကိုးဘုံမှ နတ်မိမယ်တစ်ပါးကဲ့သို့ ဖြစ်နေစေပေသည်။
ရီချန်သည် ဧကရာဇ်ကိုးပါးမျိုးနွယ်စု၏ အဖိုးတန်မိန်းမပျိုလေးဖြစ်ပြီး ဗုဒ္ဓဧကရာဇ်၏ အချစ်ဆုံးမြေးမလေးလည်းဖြစ်ကာ ရှားပါးသော ပါရမီရှင်တစ်ယောက်လည်း ဖြစ်ပေသည်။ မည်သူမှ သူမ၏ ရုပ်ရည်ကို မမြင်ဖူးပေ။ ရီချန်သည် အဆိပ်ရှိသော ဘိန်းပန်းတစ်ပွင့်ကဲ့သို့ပင်။ လူများသည် သူမကို အဝေးမှသာ ငေးမောကြည့်နိုင်ပြီး အနားမကပ်နိုင်ကြပေ။ သို့သော် ယောက်ျားများစွာသည် သူမ၏ မျက်နှာဖုံးကို လှပ်ကာ သူမ၏ ချောမောလှပသော မျက်နှာလေးကို ကြည့်၍ အခြားယောက်ျားသားများ မမြင်ဖူးသည့် သူမ၏အပြုံးကို ခံစားလိုကြပေသည်။
လက်လှမ်းမမီနိုင်သောအရာများက အကောင်းဆုံးဖြစ်သည်။ ယောက်ျားအားလုံးသည် သူတို့အား အရေးမစိုက်သူများကို ပို၍သဘောကျတတ်ကြပေသည်။ ယခု ရီချန်၏ ဘေးတွင် သွားဖြီးကာ မျက်နှာလိုမျက်နှာရလုပ်နေကြသော သခင်လေးများမှာလည်း ထို့အတူပင်။ သို့သော် ရီချန်က အရေးမစိုက်ဟန်ဖြင့် ရပ်နေပေသည်။ သူမ၏မျက်လုံးများကလည်း ရေကဲ့သို့ တည်ငြိမ်နေသည်။ သူမသည် မည်သူ့ကိုမှ စကားမပြောလိုသည့်ဟန်ဖြင့် အဝေးရှိ တောင်ကြားကိုသာ ကြည့်လိုက်လေသည်။
ရီချန်၏ဘေးမှ ယဉ်ရို့ပင်းကမူ သူမနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်သည်။ သူမသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရေခဲတောင်ပေါ်မှ နှင်းကြာပွင့်တစ်ပွင့်ကဲ့သို့ မြင့်မြတ်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေလေသည်။ သူမက အလွန်ထူးဆန်းသည်။ သူမသည် အမြဲ ခြေဗလာဖြင့်သာဖြစ်၏။ ယောက်ျားများစွာသည် သူမ၏ လှပသောခြေချောင်းလေးများကြောင့် ယစ်မူးကြလေသည်။
ယဉ်ရို့ပင်းသည် ရီချန်လောက် မအေးစက်ဘဲ သူမဘေးမှ သခင်လေးများကို ပြုံးကာ ပြန်နှုတ်ဆက်ပေသည်။ သို့သော် သူမ ပြုံးနေလျှင်ပင် သူမ၏အရိုးများအတွင်းမှနေ၍ အရေးမစိုက်သည့် အငွေ့အသက်များက ထွက်လာနေပေသေးသည်။ သူမသည် နှင်းဖုံးတောင်တန်းများ၏ ဝန်းရံမှုကို ခံထားရပြီး ယောက်ျားများအတွက် မည်သည့်အခါမှ အရည်မပျော်မည့်သူတစ်ယောက်ကဲ့သို့ပင်။
မည်မျှ အနှိုင်းမဲ့သော အလှပဂေးလေးများနည်း။
အထက်ပါစာသားသည် မရေမတွက်နိုင်သော ယောက်ျားများက ရီချန်၊ ယဉ်ရို့ပင်းနှင့် ကျီထင်ယွီတို့ကို ချီးကျူးသော မှတ်ချက်ပင်။ သခင်လေးများစွာသည် သူတို့၏ ရွက်ဖျင်တဲများအတွင်းမှ ထွက်လာကြပြီး သူမတို့ကို ဆွဲမက်စွာ ကြည့်လိုက်ကြ၏။ သူတို့သည် သူမတို့သုံးယောက်၏ အကြည့်တစ်ချက်ကို ပြန်ရရန် တစ်ဘဝလုံး ငေးကြည့်နေတော့မလိုပင်။
ရီချန်၊ ယဉ်ရို့ပင်းနှင့် ကျီထင်ယွီတို့က တောက်ပသော အလှလေးများပင်။ ဝူနီနှင့် ယဲ့မျိုးနွယ်၏ နံပါတ်(၁)သခင်လေး ယဲ့ရင်တို့သည် သူမတို့၏ဘေးတွင် ရပ်နေသဖြင့် မထင်မရှားဖြစ်နေရလေသည်။ ဝူနီက ခါးသက်သက်ပြုံး၍ ပြောလိုက်သည်။
“အားလုံးပဲ အရင်ဆုံး အနားယူကြတာပေါ့။ အပြစ်ဆေးကြောဒေသဖွင့်ဖို့ ဆယ်ရက်လိုပါသေးတယ်”
ယဲ့ရင်က ခေါင်းညိတ်လိုက်သည်။ ယဉ်ရို့ပင်းကလည်း ပျံဆင်းလာ၏။ ရီချန်သည်သာ လေထဲတွင် မျက်လုံးမှိတ်၍ ရပ်နေပေသည်။ သူမ ဘာလုပ်နေကြောင်း မည်သူမှ မသိပေ။
ကျန်းရီသည် သူမတို့ကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံနေ၏။ ထိုနေရာတစ်ခွင်လုံးတွင် ကောင်းကင်စိတ်အာရုံများဖြင့် ပြည့်နှက်နေပေသည်။ ကျန်းရီက သူ၏စိတ်ဝိညာဉ်အရှိန်အဝါကို ပြောင်းထားသဖြင့် မည်သူမှ သူ့ကို မှတ်မိမည် မဟုတ်ပေ။ သူသည် ရီချန်တစ်ယောက် လေထဲတွင် ရပ်နေကြောင်း တွေ့လိုက်သောအခါ ချီတုံချတုံဖြင့် သူမအပေါ် အာရုံစိုက်လိုက်လေသည်။ ချက်ချင်းပင် သူ တုန်လှုပ်သွား၏။
အဘယ်ကြောင့်ဆိုသော် သူ၏ကောင်းကင်စိတ်အာရုံက ရီချန်အပေါ်သို့ ကျရောက်သွားသည်နှင့် တစ်ပြိုင်နက် ရီချန်က မျက်လုံးများ ရုတ်တရက် ဖွင့်လာပြီး သူရှိသော ရွက်ဖျင်တဲကို ကြည့်လိုက်၍ပင်။ သူမ၏ တည်ငြိမ်နေသော မျက်လုံးများက အနည်းငယ် တောက်ပသွားသည်။ ထို့ကြောင့် ကျန်းရီသည် သူမက သူ၏လှည့်ကွက်များကို ဖောက်မြင်သွားနိုင်ပြီလောဟု ခံစားလိုက်ရ၏။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ကျန်းရီသည် သူ၏ကောင်းကင်စိတ်အာရုံကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်၏။ သူ သံသယဖြစ်ကာ အံ့အားသင့်နေပေသည်။ သူ၏ ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်က ရီချန်ကို မဆိုထားနှင့် သာမန်နတ်ဘုရားတစ်ပိုင်းများကိုပင် အရူးလုပ်နိုင်သည်ဟု သူ ယုံကြည်ပေသည်။
ကျန်းရီ ရှန်းစီမြို့နှင့် စစ်ထူမျိုးနွယ်ကို သွားခဲ့စဉ်ကလည်း ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို သုံးခဲ့သည်။ သို့သော် မည်သူမှ သူ့ကို သံသယမဖြစ်ခဲ့ပေ။ ရီချန်က အဘယ်သို့ သူ့ကို သိနိုင်မည်နည်း။ သူမသည် သူ့ကို မှတ်မိခြင်းမဟုတ်ဘဲ မတော်တဆ သူရှိရာဘက်သို့ ကြည့်ခဲ့မိခြင်းလော။
“သခင်မလေး ဘာဖြစ်လို့လဲ”
ကောင်းကင်ထက်တွင် ရီမျိုးနွယ်၏ သိုင်းပညာရှင်တစ်ယောက်က သံသယဖြင့် မေးလိုက်၏။ ထို့နောက် သူသည် ကျန်းရီ၏ရွက်ဖျင်တဲ ပတ်ပတ်လည်ရှိ တဲများကို ကြည့်လိုက်၏။ သို့သော် မည်သည့်မူမမှန်မှုကိုမှ သူ မတွေ့ပေ။
“ဘာမှမဖြစ်ပါဘူး... သွားကြစို့”
ရီချန်က ခပ်အေးအေး ပြန်ပြောလိုက်ပြီး လူတစ်စုနှင့်အတူ အောက်သို့ တန်းတန်းမတ်မတ် ပျံဆင်းသွားလိုက်လေသည်။ ရွက်ဖျင်တဲများကို ဆင်ထားပြီးဖြစ်၍ ရီချန်သည် တဲတစ်လုံးအတွင် ဝင်သွားလိုက်ပြီး ပြန်ထွက်မလာတော့ချေ။
ဝူနီနှင့် ယဲ့ရင်တို့သည် ရှီးဖေး၊ ထူလုံနှင့် အခြားသူများတို့နှင့် စကားစမြည် ပြောလိုက်ကြ၏။ ယဉ်ရို့ပင်းကလည်း ဝေဝေဆာဆာပြုံး၍ လူများကို ဧည့်ခံစကားပြောနေ၏။ သူတို့ဘေးတွင် သခင်လေးများနှင့် သခင်မလေးများ များစွာ ရှိနေပေသည်။ ရှေးဟောင်းမျိုးနွယ်များမှ သခင်လေးများနှင့် သခင်မလေးများလည်း ရောက်လာကြသည်။ ထို့ကြောင့် တောင်ကြားဝသည် အလွန်စည်းကားသက်ဝင်လာလေတော့သည်။
ကျန်းရီသည် တစ်ချက် ဝေ့ဝဲကြည့်ပြီးနောက် သူ၏ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်၏။ သူ ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းရသည့် ပထမအကြောင်းမှာ ထိုသခင်လေးအုပ်စုက တစ်ယောက်ကိုတစ်ယောက် အသုံးမဝင်သည့် ချီကျူးစကားများ ပြောနေခြင်းသာဖြစ်၍ပင်။ ဒုတိယအကြောင်းမှာမူ သူ သူ၏သတ်ဖြတ်လိုစိတ်ကို မထိန်းချုပ်နိုင်ခဲ့လျှင် ရန်သူကို သတိပေးသကဲ့သို့ ဖြစ်သွားမည်ဖြစ်၍ပင်။
ဝူနီနှင့် ကျီထင်ယွီတို့ နှစ်ယောက်စလုံး ဤနေရာတွင် ရှိနေပေပြီ။ သူတို့ အပြစ်ဆေးကြောဒေသအတွင်းသို့ ဝင်မည်၊ မဝင်မည်ကို အချိန်တစ်ခုကြာလျှင် သိရပေတော့မည်။ ဝူနီက အပြစ်ဆေးကြောဒေသအတွင်း ဝင်ဖို့များ၏။ ထို့ကြောင့် ကျန်းရီသည် ကျီထင်ယွီက အပြင်တွင်နေခဲ့မည်ကိုသာ စိုးရိမ်နေပေသည်။
ပတ်ဝန်းကျင်ရှိ မျိုးနွယ်အသီးသီးတွင် သိုင်းပညာရှင်များ များစွာရှိပေသည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက တစ်စိတ်တစ်ဝမ်းတည်း လုပ်ဆောင်၏။ အကယ်၍ ကိစ္စတစ်ခုခု ဖြစ်လာလျှင် သူတို့က အင်အားပူးပေါင်းကြမည်ဖြစ်သည်။ ချီထျန်းချန်သည်ပင် ထိုမျှများသော သိုင်းပညာရှင်များကို ကိုင်တွယ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူ၏ တစ်ခုတည်းသော အခွင့်အရေးမှာ ဝူနီနှင့် ကျီထင်ယွီတို့ကို အပြစ်ဆေးကြောဒေသအတွင်းတွင် ဖမ်းဆီးရန် ဖြစ်သည်။ မဟုတ်လျှင် သူသည် ဝူနီတို့ကို မြောက်ဘက်ဧကရာဇ်မြို့တော်သို့ ပြန်ရာလမ်းတွင် ဖမ်းဆီးရပေလိမ့်မည်။
ပြဿနာမှာ ဝူနီသည် ဤတစ်ခေါက်တွင် သူနှင့်အတူ လူများစွာ ခေါ်လာခဲ့ခြင်းပင်။ ထို့ကြောင့် ကျန်းရီသည် သူတို့အနား မကပ်နိုင်ခင်မှာပင် သိုင်းပညာရှင် အယောက်တစ်ထောင်၏ တိုက်ခိုက်မှုများကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားနိုင်ပေသည်။ သို့ဖြစ်၍ သူ ဝူနီတို့ကို အပြစ်ဆေးကြောဒေသအတွင်း၌ ဖမ်းဆီးနိုင်လျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။
“ကျင့်ကြံရမယ်”
ကျန်းရီသည် ဆက်မတွေးတော့ဘဲ တင်ပျဉ်ခွေထိုင်လိုက်၏။ ဤအချိန်တွင် သူ လှုပ်ရှားလိုက်ပါက အလွယ်တကူ သံသယအဝင်ခံရပေလိမ့်မည်။ ထို့ကြောင့် သူ စိတ်ရှည်ရှည်ထားကာ သူ့တဲအတွင်း၌ ကျင့်ကြံရင်း အပြစ်ဆေးကြောဒေသဖွင့်မည့် အချိန်ကို စောင့်နေခြင်းက အကောင်းဆုံးဖြစ်ပေသည်။ သူ အပြစ်ဆေးကြောဒေသအတွင်းသို့ ဝင်လိုက်သည်နှင့် အရာအားလုံး ပိုလွယ်ကူသွားပေလိမ့်မည်။
အချိန်က နှေးကွေးစွာ ကုန်ဆုံးနေ၏။ ရှီးဖေး၊ ဝူနီနှင့် သူတို့အုပ်စုသည် နေ့စဉ် တွေ့ဆုံကြ၏။ သူတို့၏တဲအတွင်းသို့ သခင်လေး၊ သခင်မလေး အနည်းငယ်သာ ဝင်ခွင့်ရပေသည်။ ရီချန်နှင့် ကျီထင်ယွီတို့မှာလည်း သူမတို့၏ တဲများအတွင်းမှ ထွက်မလာကြချေ။
ဝှစ်...
ဆယ်ရက်ကြာပြီးနောက် အရှေ့ဘက်မှနေ၍ စူးရှသော လေခွင်းသံတစ်သံ ထွက်ပေါ်လာသည်။ အခြားထိပ်တန်းအဆင့် ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီး ရောက်ရှိလာခြင်းဖြစ်ကြောင်း ပြောနေရန်ပင် လိုမည်မထင်ပေ။ ကျန်းရီက ကျင့်ကြံခြင်းကို ရပ်ထားသည်မှာ ကြာပြီဖြစ်သည်။ သူသည် အပြစ်ဆေးကြောဒေသဖွင့်မည့် အချိန်ကို စိတ်ရှည်ရှည်စောင့်နေခြင်းပင်။ ယခုတွင် သူသည် သူ၏ကောင်းကင်စိတ်အာရုံကို အလိုလို ထုတ်လွှတ်မိသွား၏။
ရွှီး...
ကောင်းကင်ကံကြမ္မာသင်္ဘောက လေထဲတွင် ပျောက်ကွယ်သွားသည်။ အဖြူရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော ခေါင်းတုံးနှင့် ယောက်ျားတစ်ယောက်သည် လူတစ်စုနှင့်အတူ ကောင်းကင်ထဲတွင် ရပ်နေ၏။ သူ၏ခန္ဓာကိုယ်က မတောင့်တင်းသလို သူ၏ရုပ်ရည်ကလည်း ခံ့ညားသည်ဟု မဆိုနိုင်ပေ။ ထို့ပြင် သူ့တွင် အုပ်ချုပ်သူတစ်ယောက်၏ လွှမ်းမိုးအားကြီးသော အရှိန်အဝါပင် မရှိချေ။ သို့သော် သူ့တွင် အလွန်ထူးဆန်းသော ဆွဲဆောင်မှုတစ်ခုရှိ၏။ သူက ရင်းနှီးဖော်ရွေကာ စိတ်ထားကောင်းဟန် ပေါ်ပေသည်။ ကောင်းကင်စိတ်အာရုံဖြင့် တစ်ချက် အာရုံခံကြည့်လိုက်ရုံဖြင့် သူသည် အလွန်ကြင်နာ၊ အလွန်ရိုးသားပြီး အလွန်အားကိုးရသူဖြစ်ကြောင်း သိနိုင်၏။ သူက မိတ်ဆွေကောင်းတစ်ယောက် ဖြစ်နိုင်ပေသည်။
“ဗုဒ္ဓအင်ပါယာကို နှုတ်ခွန်းဆက်ပါတယ်”
ထိုအသက်လတ်ပိုင်း အမျိုးသား ထွက်ပေါ်လာသည်နှင့် ရီမျိုးနွယ်မှ သောင်းချီသော သိုင်းသမားများသည် ဒူးထောက်လိုက်ကြပြီး ပြိုင်တူ အော်ပြောလိုက်ကြ၏။ ထိုလူက ရီမျိုးနွယ်၏ မိသားစုခေါင်းဆောင်၊ ရီချန်၏အဖေ ဗုဒ္ဓအင်ပါယာဖြစ်ကြောင်း ကျန်းရီ သိသွားလေသည်။
ကျန်းရီ စိတ်လှုပ်ရှားလာ၏။ ဗုဒ္ဓအင်ပါယာရောက်ရှိလာခြင်းမှာ အပြစ်ဆေးကြောဒေသကို ဖွင့်တော့မည်ဆိုသော အဓိပ္ပာယ်ပင်။
***