← Chapters

ကျွန်တော်က မိန်းမတွေကို စိတ်မဝင်စားဘူး

Vol. 65 Ch. 901

ကျွန်တော်က မိန်းမတွေကို စိတ်မဝင်စားဘူး

Vol. 65 Ch. 901

“ဗုဒ္ဓအင်ပါယာကို နှုတ်ခွန်းဆက်ပါတယ်”

ရီမျိုးနွယ်မှ သိုင်းသမားများသာမက အခြားမျိုးနွယ်များမှ သိုင်းသမားများကလည်း သူတို့၏ တဲများအတွင်းမှ ထွက်လာကြပြီး ဒူးထောက်ကာ ဗုဒ္ဓအင်ပါယာကို နှုတ်ခွန်းဆက်လိုက်ကြလေသည်။ ထိုသူများထဲတွင် ရှီးဖေးတို့အုပ်စုပင် ပါဝင်သည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓအင်ပါယာက ရီမျိုးနွယ်၏ မိသားစုခေါင်းဆောင်ဖြစ်ရုံသာမက သိုင်းပညာတာအိုတွင် အထွတ်အထိပ်ရောက်နေသူတစ်ယောက်လည်း ဖြစ်၍ပင်။

ဗုဒ္ဓအင်ပါယာသည် အသက်(၃၉)နှစ်အရွယ်မှာပင် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်ခဲ့၏။ သူသည် ဤအရှေ့ဘက် တော်ဝင်နယ်မြေတွင် ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်သည်။ အရေးကြီးဆုံးမှာ သူက သမိုင်းတွင် မည်သူမှ မမြင်ခဲ့ဖူးသည့် တာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်ခဲ့ခြင်းပင်။ သူ၏ တိုက်ခိုက်အင်အားက ဧကရာဇ်ကိုးပါးထက် တစ်ဆင့်သာ နိမ့်ပေသည်။ မကြာခင်တွင် သူသည် သေချာပေါက် အထွတ်အထိပ်သို့ ရောက်သွားမည်ဖြစ်သည်။

ကျန်းရီသည်လည်း တဲအပြင်သို့ ထွက်သွားလိုက်၏။ ထိုအခိုက်တွင် သူသာ တဲအတွင်း၌ ဆက်ပုန်းအောင်းနေပါက လူများက သံသယဝင်သွားပေလိမ့်မည်။ သူ့ဘေးရှိ သူ၏ကိုယ်ရံတော်ဆယ်ယောက်လည်း ဒူးထောက်နေကြ၏။ သို့သော် သူကတော့ ဒူးမထောက်ခဲ့ပေ။ ဒူးမထောက်သည့်လူများလည်း များစွာရှိနေပေရာ သူက သိပ်၍သံသယဖြစ်ဖွယ် မရှိပေ။

“ဒါက သိုင်းပညာတာအိုရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်နေတဲ့ ပညာရှင်တွေ ရတဲ့ ဂုဏ်လား”

ကျန်းရီသည် လှည့်ပတ်ကြည့်လိုက်ပြီး ရာချီသော လူများက ဒူးထောက်နေသည်ကို တွေ့လိုက်၍ စိတ်ထဲမှ ရေရွတ်လိုက်သည်။ ဒူးမထောက်သည့်သူများကလည်း အတန်ငယ် ဦးညွှတ်နေကြပေသည်။ ထိုမြင်ကွင်းက အလွန်ကြီးကျယ်သော မြင်ကွင်းပင်။ ထို့ကြောင့် သူ့မျက်လုံးများ အလိုလိုတောက်ပလာလေသည်။

အဘယ်ကြောင့် သိုင်းသမားတစ်ယောက်သည် ထိပ်ဆုံးသို့ရောက်ရန် ကြိုးစားသင့်သနည်း။

အချို့လူများသည် သိုင်းပညာတာအိုကို စွဲလမ်းကာ ပို၍ကြီးသော စွမ်းအားကို လိုချင်ခြင်း၊ နတ်ဘုရားအဖြစ်သို့ တက်လှမ်းလိုခြင်း၊ မသေမျိုး ဖြစ်လာလိုခြင်းနှင့် စစ်မှန်သော နတ်ဘုရားတစ်ပါး ဖြစ်လာလိုခြင်းတို့ကြောင့် ကြိုးစားခြင်း ဖြစ်ပေမည်။ သို့သော် လူအများစုကမူ သန်းထောင်ချီသော လူများ၏ အထက်တွင် ရှိနေသည်ဆိုသော ခံစားချက်ကို ခံစားလို၍ ဖြစ်ပေသည်။  ဥပမာအနေဖြင့် လက်ရှိအခြေအနေကို ကြည့်ပါ။ လူတစ်ယောက်က သန်းချီသောလူများ၏ ဒူးထောက်အရိုအသေပေးခြင်းကို ခံရသည်မှာ မည်မျှ ဂုဏ်ရှိပါသနည်း။

ဗုဒ္ဓအင်ပါယာက တည်ငြိမ်ပုံပေါ်၏။ သူသည် ခပ်အေးအေးပင် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“အားလုံးပဲ ထကြပါ”

လူအားလုံး တရိုတသေ ထရပ်လိုက်ကြသည်။ ထို့နောက် သူတို့သည် ဗုဒ္ဓအင်ပါယာကို တိတ်တဆိတ်ကြည့်ကာ ဗုဒ္ဓအင်ပါယာ စကားပြောမည်ကို စောင့်နေကြလေသည်။ ဗုဒ္ဓအင်ပါယာက လှည့်ပတ်ကြည့်လိုက်သောအခါ လူအားလုံးသည် သူနှင့်အကြည့်ချင်းဆုံသွားသကဲ့သို့ ခံစားလိုက်ရ၏။ ဗုဒ္ဓအင်ပါယာက သိမ်မွေ့စွာပြုံး၍ ပြောလိုက်သည်။

“အပြစ်ဆေးကြောဒေသက နေရာကောင်းတစ်ခုပဲ။ ငါ ငယ်ငယ်တုန်းက အဲ့ဒေသထဲကို သုံးကြိမ်ဝင်ခဲ့ဖူးတယ်... အကျိုးအမြတ်တွေလည်း အများကြီးရခဲ့တယ်။ အဲ့ဒေသက အတော်လေးမှော်ဆန်တဲ့နေရာပဲ၊ အပြင်ကို ပြန်ထွက်လာရင် အထဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ မေ့သွားစေတယ်။ ဒါပေမဲ့ အထဲမှာ မင်းတို့ သိမြင်နားလည်ခဲ့တဲ့ တာအိုပုံသဏ္ဌာန်တွေ၊ နတ်ဘုရားစွမ်းရည်တွေက‌တော့ မင်းတို့ရဲ့ မှတ်ဉာဏ်ထဲမှာ စွဲထင်ပါလာတယ်။ မကြာခင် အပြစ်ဆေးကြောဒေသကို ဖွင့်တော့မယ်။ ငါ မင်းတို့အားလုံးကို တစ်ခုမှာချင်တယ်... လောဘမကြီးပါနဲ့။ တကယ်တော့ မင်းတို့ အထဲမှာ သိမြင်နားလည်နိုင်ခဲ့တဲ့ အရာတွေက မူလရတနာတွေထက်ပိုပြီး အဖိုးတန်ပါတယ်”

ဗုဒ္ဓအင်ပါယာက စကားရပ်လိုက်ပြီး အောက်ဘက်ရှိ တဲတစ်လုံးကို လက်ဝှေ့ယမ်းပြလိုက်၏။ ရီချန်သည် ဖြည်းဖြည်းချင်း ပျံတက်သွားပြီး ဗုဒ္ဓအင်ပါယာ၏ဘေးတွင် ရပ်လိုက်သည်။ ဗုဒ္ဓအင်ပါယာက ရီချန်ကို ချစ်မြတ်နိုးစွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ငါ့မှာ မျှော်လင့်ချက်တွေက မိုးထက်မြင့်ပြီး ဒီလောကထဲက ယောကျ်ားတွေကို အထင်သေးတတ်တဲ့ သမီးတစ်ယောက်ရှိတယ်။ တစ်ခါတုန်းက သူ ပြောဖူးတယ်... သူ့ထက်ပိုပြီး သန်မာတယ်လို့ သူဝန်ခံတဲ့ ယောက်ျားနဲ့မှ မဟုတ်ရင် တစ်သက်လုံး လက်မထပ်ဘဲ အပျိုကြီးပဲ လုပ်မယ်တဲ့။ ဒီနေ့မှာ အရှေ့ဘက် တော်ဝင်နယ်မြေမှာရှိတဲ့ ဂုဏ်သိက္ခာကြီးတဲ့ မျိုးနွယ်တွေက သခင်လေးတွေ၊ ပါရမီရှင်လူငယ်တွေက ဒီနေရာကို လာခဲ့ကြတယ်။ ဒီတော့ ငါ မင်းတို့ကို မေးခွန်းတစ်ခု မေးချင်တယ်... မင်းတို့ မိန်းမတစ်ယောက်ရဲ့ အထင်သေးတာကို ခံချင်ကြလား။ ဒါမှမဟုတ် မင်းတို့က ငါ့ရဲ့ ချန်အာလေး (၂၃)နှစ်ကြာ စောင့်နေခဲ့တဲ့ ပြိုင်ဘက်ကင်းယောက်ျားလား။ တကယ်လို့ ပြိုင်ဘက်ကင်းယောက်ျားဆိုရင် အပြစ်ဆေးကြောဒေသထဲကနေပြီး အသက်ရှင်ရက် ပြန်ထွက်ခဲ့ကြပါ”

ဗုဒ္ဓအင်ပါယာ၏စကား ဆုံးသွားသည်နှင့် ရီမျိုးနွယ်မှ ထောင်ချီသော ကောင်းကင်ဧကရာဇ်များက တောင်ကြားဆီသို့ အတွင်းအားများ အတူတကွ ထုတ်လွှတ်လိုက်ကြလေသည်။ တောင်ကြားက ပြိုကျမသွားပေ။ ထိုအစား ကမ်းပါးများပေါ်ရှိ ကျောက်တုံးအားလုံး တောက်ပလာ၏။ ထို့နောက် တောမီးတောက်လောင်လာသကဲ့သို့ တောင်များ၏ မြောက်ဘက်ပိုင်းတွင် တဖြည်းဖြည်းတောက်ပလာပြီး အဝေးသို့ ပျံ့နှံ့သွားလေသည်။

နောက်ဆုံးတွင် ကောင်းကင်တစ်ခွင်လုံး တောက်ပသွား၏။ လူအားလုံးသည် တောက်ပသောအလင်းကြောင့် မျက်လုံးများ ကျိန်းနေ၏။ အားလုံးသည် အံ့အားသင့်သာ ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။ ယင်းက အခြားလောကသို့ သွားသည့် ဂိတ်တံခါးတစ်ခု ပွင့်လာသကဲ့သို့ပင်။

ရွှီး...

အမှန်ပင် ဂိတ်တံခါးတစ်ခု ပွင့်လာ၏။ တောင်များမှ အလင်းများက တဖြည်းဖြည်း မှိန်သွား၏။ သို့သော် တောင်ကြားကတော့ လင်းလက်နေဆဲပင်။ လူများ၏ မြင်ကွင်းတွင် နက်ရှိုင်းသော တောင်ကြားကြီးတစ်ခု ထွက်ပေါ်လာ၏။ တောင်ကြား၏ အစွန်ဆုံးအပိုင်းသည် လိုဏ်ခေါင်းတစ်ခုအဖြစ် ပြောင်းလဲနေပြီး တောင်၏ အနက်ရှိုင်းဆုံးအပိုင်းအထိ ဆန့်တန်းနေလေသည်။

ရီမျိုးနွယ်မှ အကြီးအကဲတစ်ယောက် အော်ပြောလိုက်၏။

“အားလုံးပဲ နားထောင်ကြပါ။ အသက်(၃၀)ကျော်တဲ့ သိုင်းသမားတွေက အထဲကို ဝင်ခွင့်မရှိပါဘူး။ မဟုတ်ရင် အထဲက အစီအရင်တွေရဲ့ သတ်ဖြတ်တာကို ခံရပါလိမ့်မယ်။ အထဲရောက်ရင် တစ်ယောက်နဲ့တစ်ယောက် မတိုက်ခိုက်ကြပါနဲ့.. ရင်းရင်းနှီးနှီး၊ စည်းစည်းလုံးလုံး နေကြပါ။ မင်းတို့တွေ အပြစ်ဆေးကြောဒေသထဲမှာ တစ်လနေနိုင်ပါတယ်... တစ်လပြည့်တာနဲ့ အလိုလို အပြင်ဘက်ကို တည်နေရာပြောင်းရွှေ့ခံရမှာပါ။ တကယ်လို့ မင်းတို့ အန္တရာယ်ကို အာရုံခံမိလို့ ရှေ့ဆက်မသွားဝံ့တော့ဘူးဆိုရင် ပုန်းစရာနေရာတစ်ခုရှာပြီး တစ်လပြည့်တဲ့အထိ ပုန်းနေနိုင်ပါတယ်။ ရီမျိုးနွယ်က မင်းတို့ အထဲမှာ ရှာတွေ့လာတဲ့ ရတနာတွေကို လုယူခွင့် မရှိပါဘူး။ အဲ... ဒါပေမဲ့ မင်းတို့ အဲ့ရတနာတွေကို ရီမျိုးနွယ်မှာ ပြန်ရောင်းလို့ရပါတယ်။ ရီမျိုးနွယ်က မင်းတို့ ကျေနပ်လောက်မယ့် ဈေးကိုပေးမှာပါ။ ပြီးတော့ မင်းတို့ကိုလည်း မြို့အထိ လိုက်ပို့ပေးမှာပါ။ ကဲ... အပြစ်ဆေးကြောဒေသထဲကို ဝင်ချင်တဲ့သူတွေ အခု ဝင်လို့ရပါပြီ”

ဝှစ်...ဝှစ်...ဝှစ်...

အကြီးအကဲ၏စကား ဆုံးသွားသောအခါ ရှီးဖေးတို့အုပ်စုက အလင်းတန်းများအဖြစ် ပြောင်းလဲကာ တောင်ကြားအတွင်းသို့ တန်းတန်းမတ်မတ် ပျံဝင်သွားကြပြီး တောင်ကြားထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားကြလေသည်။ ကျန်းရီ၏ မျက်ဝန်းများသည် ကြယ်များကဲ့သို့ ပို၍ပင် တောက်ပလာ၏။

အဘယ်ကြောင့်ဆိုသော် ဝူနီနှင့် ကျီထင်ယွီတို့နှစ်ယောက်စလုံး အထဲသို့ ဝင်သွား၍ပင်။ ထို့ပြင် သူတို့နှင့်အတူ နောက်လိုက်တစ်ရာသာ ပါသွားပေသည်။ အသက်ကြီးသော သိုင်းပညာရှင်များက သူတို့နှင့်အတူ လိုက်မသွားနိုင်ကြပေ။

“တော်သေးတာပေါ့...”

ကျန်းရီသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်၏။ သူသည် အထဲသို့ မဆင်မခြင် အလောတကြီး လိုက်ဝင်မသွားပေ။ အထဲတွင် အလွန်အန္တရာယ်များသည်ဖြစ်ရာ စောဝင်သွားခြင်းက မည်သို့မှ အကျိုးမရှိချေ။ နှစ်‌ပေါင်းများစွာ ရတနာများ ရှာဖွေပြီးပြီဖြစ်၍ ဒေသအစပ်နားရှိ ရတနာများအားလုံး ကုန်သွားပြီဖြစ်သည်။ ထို့ကြောင့် စောဝင်သွားလျှင်လည်း ပိုသာမည် မဟုတ်ပေ။

“မီးမြွေသစ်ခွက ဘယ်မှာရှိနေလောက်လဲ”

ကျန်းရီသည် မျက်လုံးပင့်လိုက်ပြီး သူ့ပေါင်သူ ရိုက်ကာ သံသယဖြင့် ရေရွတ်လိုက်၏။

“မဟုတ်သေးပါဘူး... အပြစ်ဆေးကြောဒေအပြင်ကို ပြန်ထွက်လာရင် အထဲကမှတ်ဉာဏ်တွေ ဆုံးရှုံးသွားမှာ၊ အဲ့ဒါဆို ဘာလို့ အောင်းလုက မီးမြွေသစ်ခွက အဲ့မှာရှိနေတယ်လို့ သိနေရတာလဲ။ သူ့မှာ အတော်လေးစွမ်းအားကြီးတဲ့ နတ်စွမ်းရည်တွေ ရှိနေလို့လား”

ကျန်းရီသည် ခေတ္တမျှ တွေးတောလိုက်သော်လည်း နားမလည်နိုင်ပေ။ သူ အဆုံးမဲ့ပင်လယ်နက်သို့ ပြန်ရောက်မှသာ အောင်းလုကို မေးရပေလိမ့်မည်။ အပြစ်ဆေးကြောဒေသအတွင်းသို့ လူများစွာ ဝင်သွားပြီဖြစ်သည်။ နှစ်မိနစ်အတွင်းမှာပင် လူသိန်းချီ ဝင်သွားပေပြီ။ သူတို့အများစုမှာ သခင်လေးများဖြစ်၏။ သို့သော် သခင်မလေးအနည်းငယ်လည်း ဝင်သွားကြသည်။ လင်းချီကျန့်၏ ညီမလေး လင်းရှီယာ့က အထဲသို့ ဝင်သွားသည်မှာ ကြာပြီဖြစ်သည်။ ယဉ်ရို့ပင်းကလည်း ထို့အတူပင်။ ကျန်းရီသည် သူမတို့ကို ထိုအတွက် အတော်လေး လေးစားသွား၏။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ မျိုးဆက်များက သေခြင်းတရားကို မကြောက်ကြပေ။

သို့သော် ရီချန်သည် ဗုဒ္ဓအင်ပါယာ၏ဘေးတွင်သာ ရပ်နေသေးပြီး အပြစ်ဆေးကြောဒေသအတွင်းသို့ ဝင်နေသည့် လူများကို ကြည့်နေသဖြင့် ကျန်းရီ စိတ်ဝင်စားသွားသည်။ သူမသည် အပြစ်ဆေးကြောဒေသအတွင်း ဝင်မည့်ပုံမပေါ်သေးပေ။

ဝှစ်...ဝှစ်...ဝှစ်...

နောက်ထပ်နှစ်မိနစ် ကြာပြီးနောက် လူများ သောင်းချီ ထပ်ဝင်သွားလေသည်။ ယခုတွင် အပြင်၌ လူအနည်းငယ်သာ ကျန်တော့ပေသည်။ ထိုငရဲဒေသက မည်သည့်အကြောင်းကြောင့်မသိ အသက်ကန့်သတ်ချက် ရှိနေသည် မဟုတ်ပါလား။ ယင်းက အတွင်းရှိ အစီအရင်များကြောင့်လော သို့မဟုတ် အခြားအကြောင်းများကြောင့်လောကိုမူ မည်သူမှ မသိပေ။ သို့မဟုတ် ရီမျိုးနွယ်က လူငယ်များကို လေ့ကျင့်ပေးရန်အတွက် တမင် အသက်ကန့်သတ်ထားခြင်းလည်း ဖြစ်နိုင်ပေသည်။

“ခင်ဗျားတို့ ဒီမှာ စောင့်နေကြပါ။ တစ်လပြည့်လို့မှ ကျွန်တော် ပြန်ထွက်မလာရင် ခင်ဗျားတို့ ကိုယ့်ဘာသာ ပြန်သွားကြပါ”

ကျန်းရီသည် သူငှားရမ်းလာသော ကိုယ်ရံတော်ဆယ်ယောက်ကို မှာကြားပြီးနောက် အရှေ့သို့ တိတ်တဆိတ်သွားလိုက်လေသည်။ သူသည် အရမ်းမမြန်ဘဲ သိုသိုသိပ်သိပ်သာ သွားနေ၏။ ကောင်းကင်ထက်မှလူများ သူ့ကို သတိထားမိသွားမည်ကို သူစိုးရိမ်ပေသည်။ ကောင်းကင်ထက်တွင် ဗုဒ္ဓအင်ပါယာရှိနေသည် မဟုတ်ပါလား။

“အန်...”

ကျန်းရီသည် တောင်ကြားထဲသို့ ရောက်တော့မည့်အချိန်တွင် ရီချန်က သူ့ကို မသိမသာ ငုံ့ကြည့်နေကြောင်း ရုတ်တရက် သတိပြုမိလိုက်၏။ ထို့နောက် သူမသည် အောက်ဘက်သို့ ကျော့ရှင်းစွာ ပျံဆင်းလာပြီး သူ့နောက် မလှမ်းမကမ်းမှနေ၍ တောင်ကြားအတွင်းသို့ ပျံဝင်သွားလေသည်။

“ဘာလဲဟ... သူက ငါ့ကို မှတ်မိသွားတာလား”

ထိုအခိုက်တွင် ကျန်းရီ၏ စိတ်ဝိညာဉ်က တုန်ရင်သွား၏။ သို့သော် သူသည် အရေးမစိုက်ဟန် ဆောင်လိုက်ပြီး ရီချန်ကို ကြည့်လိုက်၏။ သူ့ဘေးရှိ သခင်လေးတစ်ဒါဇင်ကျော်ကလည်း စိတ်လှုပ်တရှားဖြင့် နောက်သို့ လှည့်ကြည့်နေကြပေသည်။

(၃၃)ကီလိုမီတာ၊ (၃)ကီလိုမီတာ၊ မီတာ(၃၀၀)...

ကျန်းရီသည် အရှေ့ရှိ အဖြူရောင်အလင်းတောက်ပနေသော တည်နေရာပြောင်းရွှေ့ဂိတ်တံခါးကို တွေ့သောအခါ စိတ်အေးသွားဟန် သက်ပြင်းချလိုက်လေသည်။ ရီချန်က မည်သည့် ထူးဆန်းသောအပြုအမူကိုမှ မလုပ်ဘဲ သူ့အနောက်မှသာ တိတ်တဆိတ်လိုက်လာသည်။ ဗုဒ္ဓအင်ပါယာနှင့် အခြားသူများကလည်း သူတို့၏ကောင်းကင်စိတ်အာရုံများကို မထုတ်လွှတ်လိုက်ကြပေ။ သူ မည်သူဖြစ်ကြောင်း မပေါ်သွားသေးသ၍ သူ့အတွက် အန္တရာယ်မရှိနိုင်ချေ။

ကျန်းရီသည် ဂိတ်တံခါးအရှေ့သို့ ရောက်သောအခါ ရုတ်တရက် နောက်လှည့်လိုက်ပြီး တစ္ဆေဘုရင် မျက်နှာဖုံးကို ကြည့်၍ အေးစက်စက် ပြောလိုက်သည်။

“သခင်မလေးရီ... ဘာလို့ ကျွန်တော့်နောက်ကို လိုက်နေတာပါလဲ”

“အာ...”

ပတ်ဝန်းကျင်မှ သခင်လေးများ မှင်တက်သွား၏။ ရီချန်ကို ထိုသို့ပြောဝံ့သူတစ်ယောက် ရှိနေသည်လော။ ရီချန်က သူ့အနောက်သို့ လိုက်နေခြင်းလော။ သူသည် သူ့ကိုယ်သူ မည်သူဟု ထင်နေခြင်းနည်း။ သူ့တွင် သိက္ခာမရှိသည်လော။

ရီချန်လည်း မှင်တက်သွားသည်။ ထို့နောက်တွင် သူမသည် တောက်ပသော မျက်ဝန်းများဖြင့် ပြောလိုက်၏။

“ဒီကသခင်လေး... ကျွန်မတို့ တစ်နေရာရာမှာ တွေ့ခဲ့ဖူးပါသလား။ ဘာလို... ကျွန်မ ရှင့်ကို ရင်းနှီးတယ်လို့ ခံစားနေရတာလဲ”

“ဟဲဟဲ...”

ကျန်းရီက အေးစက်စက်ရယ်လိုက်ပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“သခင်မလေးရီချန်ရဲ့ အကွက်တွေက ရိုးနေပါပြီ။ ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော်က မိန်းမတွေကို စိတ်မဝင်စားပါဘူး”

ကျန်းရီသည် ထိုသို့ပြောပြီးနောက် နောက်ပြန်လှည့်ကာ တည်နေရာပြောင်းရွှေ့ဂိတ်တံခါးအတွင်းသို့ လျင်မြန်စွာ ဝင်သွားလိုက်၏။ အပြင်မှ သခင်လေးများသည် မိုးကြိုးအပစ်ခံလိုက်ရသကဲ့သို့ ကြက်သေသေကာ ကျန်ခဲ့ကြလေသည်။ ရီချန်သည်လည်း အလွန်ရှက်သွားသဖြင့် မြေတွင်းတစ်တွင်းတူးကာ ဝင်ပုန်းနေချင်စိတ် ပေါက်သွားလေသည်။

***

All Chapters