← Chapters

ပြဿနာကြီး

Vol. 65 Ch. 902

ပြဿနာကြီး

Vol. 65 Ch. 902

ကျန်းရီသည် အခြောက်မဟုတ်သလို သူများနှင့်မတူ တမူထူးခြားအောင် ဟန်ဆောင်နေခြင်းလည်း မဟုတ်ပေ။ သူ ထိုသို့လုပ်ခဲ့ခြင်းမှာ သူမည်သူဖြစ်ကြောင်း မပေါ်သွားရန်နှင့် ရီချန်၏ အထူးအာရုံစိုက်မှုကို မခံရရန် ဖြစ်သည်။

ရီချန်သည် သူ့ကို မမှတ်မိလောက်ပေ။ မဟုတ်လျှင် သူမသည် သူ့ကို မည်သည့်နေရာတွင် တွေ့ခဲ့ဖူးသနည်းဆိုသော မေးခွန်းမျိုး မေးမည် မဟုတ်‌ချေ။ ကျန်းရီ သူမကို ကြည့်လိုက်သောအခါတွင်လည်း သူမ၏မျက်လုံးများထဲ၌ မည်သည့်ထူးခြားသောအကြည့်ကိုမှ မတွေ့ခဲ့ရပေ။

ရီချန်သည် အထူးစွမ်းရည်များ သို့မဟုတ် နတ်စွမ်းရည်များကို ပိုင်ဆိုင်ထား၍ ကျန်းရီကို ရင်းနှီးသည်ဟု ခံစားနေရခြင်း ဖြစ်ပေမည်။ သို့သော် ကျန်းရီ၏ ရုပ်ရည်နှင့် စိတ်ဝိညာဉ်အရှိန်အဝါက ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကြောင့် လုံးဝပြောင်းလဲနေပြဖြစ်သည်။ ထို့ကြောင့် ရီချန်သည် သံသယဖြစ်နေရုံသာဖြစ်ပြီး သူ့ကို မမှတ်မိသလို၊ သေလည်းမသေချာပေ။

မည်သို့ပင်ဖြစ်စေ ကျန်းရီသည် ရီချန်နှင့် မပတ်သတ်လိုပေ။ ယခင်က သူမက သူ့ကို ကူညီပေးခဲ့ဖူးသော်လည်း သူတို့က ဘက်မတူချေ။ ကျန်းရီသည် အပြစ်သားကျွန်းသို့ သွားခဲ့ပြီး အောင်းလုနှင့် အလွန်ရင်းနှီးကာ ဧကရာဇ်ကိုးပါးမျိုးနွယ်စု၏ ရန်သူဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် ထိုကောင်းကင်ကိုးဘုံမှ နတ်မိမယ်နှင့် မပတ်သတ်လိုခြင်းပင်။ သူမ၏ သံသယကို တည့်တိုးရှင်းလိုက်မှသာ သူမက သူ့ကို ဆက်၍ အာရုံမစိုက်တော့မည်ဖြစ်သည်။

ရွှီး...

အဖြူရောင်အလင်း တောက်ပလာ၏။ ကျန်းရီသည် အခြားလောကတစ်ခုသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူ လွင်တီးခေါင်တစ်ခုကို မြင်လိုက်ရသည်။ ထိုနေရာသည် မြူထူနေပြီး အရှေ့မီတာ(၉၀၀)ကျော်အကွာကို လှမ်းမမြင်နိုင်ပေ။ ကောင်းကင်ကလည်း မီးခိုရောင်သမ်းနေကာ အထက်ရှိ အရာများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။ ကျန်းရီ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။ သူ အောက်သိုးသိုးအနံ့တစ်ခုကို ရလိုက်လေသည်။

“မဟုတ်သေးပါဘူး”

ကျန်းရီသည် မူမမှန်မှုတစ်ခုကို ချက်ချင်း သတိပြုမိလိုက်၏။ သူ ချက်ချင်းပင် ကောင်းကင်စိတ်အာရုံကို ထုတ်လိုက်ပြီး အာရုံခံကြည့်လိုက်သည်။ သို့သော် သူသည် တစ်ကီလိုမီတာခွဲအကွာအထိသာ အာရုံခံနိုင်ပေသည်။ ဤနေရာက သူ၏ ကောင်းကင်စိတ်အာရုံကို ကန့်သတ်ထားသည်။ သူ ရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်လိုက်၏။ သူ၏ခြေထောက်များက အလွန်လေးလံနေသဖြင့် သူ အံ့အားသင့်သွားသည်။ ဤနေရာရှိ မြေဆွဲအားက အပြင်ကထက် အဆတစ်သောင်း ပိုများလောက်ပေသည်။

“ဒီနေရာက ကောင်းကင်စိတ်အာရုံကိုလည်း ကန့်သတ်ထားတယ်၊ မြင်ကွင်းကလည်း မရှင်းဘူး၊ အဆတစ်သောင်းပိုများတဲ့ မြေဆွဲအားကလည်း လူတိုင်းရဲ့ အရှိန်ကို နှေးစေတယ်။ ဒီနေရာက တကယ့်ကို အံ့ဩစရာကောင်းတာပဲ”

ကျန်းရီ လှည့်ပတ်ကြည့်လိုက်၏။ သူ့ပတ်ပတ်လည်တွင် လွင်တီးခေါင်မှလွဲ၍ အခြားမည်သည့်အရာမှ ရှိမနေချေ။ အထဲသို့ လူများစွာ ဝင်လာသော်လည်း သူသည် ထိုလူတစ်ယောက်ကိုမှ မတွေ့ပေ။

“ငါတို့က တစ်ပြိုင်တည်း တည်နေရာပြောင်းရွှေ့ခံလိုက်ရတာ မဟုတ်ဘူလား”

ကျန်းရီ အံ့အားသင့်နေ၏။ သူ ခေတ္တမျှ တွေးတောလိုက်ပြီး နေရာရွှေ့ပြောင်းရန် ကြိုးစားကြည့်လိုက်၏။ သို့သော် သူ ထပ်မံအံ့အားသင့်သွားရပေသည်။ သူ၏ ကိုယ်ပေါ်တွင် အဖြူရောင်အလင်း လင်းလက်လာပြီး လေထုက အတန်ငယ် တုန်ခါသွားသော်လည်း သူ မူလနေရာတွင်သာ ပြန်ပေါ်လာလေသည်။ ထိုနေရာရှိ အာကာပြင်က အလွန်ခိုင်မာလွန်းသဖြင့် သူ နေရာမရွှေ့ပြောင်းနိုင်ပေ။

“ကောင်းကင်ရှောင်တိမ်းခြင်းကိုရော သုံးလို့ရလောက်လား”

ကျန်းရီ နှုတ်ခမ်းတွန့်သွား၏။ သူ့လက်တွင် အဖြူရောင်အလင်း လင်းလက်လာပြီး သူသည် အာကာပြင်ကို စုတ်ဖြဲရန် ဟန်ပြင်လိုက်သည်။ သို့သော် ရလဒ်က သူ့ကို လုံးဝဆွံ့အသွားစေလေသည်။ အာကာပြင်က မယုံနိုင်လောက်အောင် ခိုင်မာသဖြင့် ကောင်းကင်ရှောင်တိမ်းခြင်းကိုလည်း မသုံးနိုင်ချေ။ သူသည် အာကာပြင်ကိုပင် မစုတ်ဖြဲနိုင်ပေ။

“မိုးကြိုးအမျက်ရော ဘယ်လိုလဲ”

ကျန်းရီ အတန်ငယ် စိတ်မသက်မသာ ဖြစ်နေပေပြီ။ ကောင်းကင်ရှောင်တိမ်းခြင်းကို သုံး၍မရလျှင် သူသည် စွမ်းအားကြီး ရှောင်တိမ်းစွမ်းရည်ကို ဆုံးရှုံးသွားပေလိမ့်မည်။ အကယ်၍ သူသာ လိုက်သတ်ခံလိုက်လျှင် အချိန်မရွေး သေသွားနိုင်ပေသည်။

ကျန်းရီ၏လက်ထဲတွင် အနက်ရောင်ဓားတစ်လက် ထွက်ပေါ်လာ၏။ သူသည် ဓားကို ကောင်းကင်ထက်သို့ မြှောက်လိုက်သည်။ သို့သော် သူ အံ့အားသင့်သွား၏။ ဤနေရာတွင် မိုးကြိုးအမျက်ကိုလည်း အသုံးမပြုနိုင်ပေ။ ဤနေရာက အလုံပိတ်နေရာတစ်ခုဖြစ်သဖြင့် ကောင်းကင်ကိုးဘုံမှ မိုးကြိုးများကို ထိန်းချုပ်ရန် မဖြစ်နိုင်သည့်ပုံပင်။

“ငါတော့ ပြဿနာကြီးပြီ...”

ကျန်းရီ ထပ်မံ၍ နှုတ်ခမ်းတွန့်သွား၏။ မိုးကြိုးအမျက်က သူ၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုဖြစ်သည်။ ၎င်းသည် သူ ကောင်းကင်မိုးကြိုးကျွန်းရှိ မိုးကြိုးတောင်တန်းတွင် သိမြင်နားလည်ခဲ့သော စွမ်းအားကြီးတာအိုပုံသဏ္ဌာန်တစ်ခုပင်။ ကောင်းကင်မိုးကြိုးကျွန်းတွင် မိုးကြိုးစုဝေးအစီအရင်တစ်ခု ရှိ၏။ မိုးကြိုးတောင်တန်းတွင်လည်း မိုးကြိုးများ အဆက်မပြတ် ကျဆင်းနေပြီး မိုးကြိုးတာအိုအရှိန်အဝါတစ်ခုကို ပေးနေပေသည်။ ထို့ကြောင့် သူ ထိုတာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်နိုင်ခဲ့ခြင်းဖြစ်သည်။

မိုးကြိုးအမျက်ကို သုံး၍မရလျှင် ကျန်းရီ၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုမှာ မိုးကြိုးမီး ဖြစ်ပေလိမ့်မည်။ သို့သော် ပြဿနာမှာ မိုးကြိုးမီးက စွမ်းအားကြီး သိုင်းသမားများကို မသတ်နိုင်ခြင်းပင်။ လျင်မြန်သူများသည် မိုးကြိုးမီးကို အလွယ်တကူ ရှောင်တိမ်းကာ ထွက်ပြေးနိုင်ပေသည်။ သူ့တွင် ဝိညာဉ်ချိတ်ဆက် မူလရတနာဖြစ်သော ကောင်းကင်ပြောင်းပြန်လှန်ဒယ်စောက်အိုး ရှိသေး၏။ သို့သော် ၎င်းက ထိခိုက်ထားပေသည်။ သို့ဖြစ်၍ စွမ်းအားကြီး အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များက မည်သို့မှ ပြန်မတုံ့ပြန်ဘဲ သူ့ကို တိုက်ခိုက်ခွင့်ပေးလျှင်ပင် သူ ထိုကောင်းကင်ဧကရာဇ်များကို သတ်နိုင်လိမ့်မည် မဟုတ်ချေ။

ဤဒေသထဲတွင် ဝူနီနှင့် ကျီထင်ယွီတို့ ရှိနေသဖြင့် ကျန်းရီ စိတ်တက်ကြွနေခဲ့သည်။ သူသည် ထိုနှစ်ယောက်ကို အလွယ်တကူ ဖမ်းနိုင်လိမ့်မည်ဟု ထင်ခဲ့၏။ ယခုတွင်မူ သူသည် မဆင်မခြင် မလုပ်ဝံ့တော့သလို သူ မည်သူဖြစ်ကြောင်းလည်း မဖော်ပြဝံ့တော့ပေ။ မဟုတ်လျှင် ဝူနီက သူ့ကို အလွယ်တကူ သတ်ဖြတ်သွားပေလိမ့်မည်။

“နတ်ဘုရားအသံ ကောင်းကင်အတတ်”

ကျန်းရီ၏ ဘယ်ဘက်လက်ထဲတွင် ဓားပျော့တစ်ချောင်း ထွက်ပေါ်လာ၏။ ယခုတွင် သူသည် သူ၏မျှော်လင့်ချက်အားလုံးကို နတ်ဘုရားအသံ ကောင်းကင်အတတ်အပေါ်တွင်သာ ထားရပေတော့မည်။ သူ ဓားပျော့ကို လှုပ်ယမ်းလိုက်ရာ စူးရှသောအသံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက်ချက်ချင်းပင် အဝေးမှနေ၍ ထွက်ပေါ်လာသော နာကျင်စွာအော်လိုက်သံတစ်သံကို သူ ကြားလိုက်ရလေသည်။

“အာ... အဲ့ဒါက ဘာအသံလဲ။ ကြောက်ဖို့ကောင်းလိုက်တာ... အားလုံးပဲ နောက်ဆုတ်ကြ”

“သွားကြစို့...”

စွမ်းအားကြီးနတ်ဘုရားစွမ်းရည်တစ်ခုကို အသုံးပြု၍ ရနေသေးသဖြင့် ကျန်းရီ စိတ်သက်သာရာရသွားသည်။ သူသည် တစ်နေရာတည်းတွင် စွန့်စားကာ နေမနေနိုင်ပေ။ ထို့ကြောင့် သူ နတ်ဘုရားဒိုင်းကို ထုတ်လိုက်ပြီး အခြားတစ်ဘက်သို့ လျင်မြန်စွာ ပြေးသွားလိုက်သည်။ သူ ပျံသန်းမသွားဝံ့ချေ။ အဆတစ်သောင်းပိုများသော မြေဆွဲအား‌အောက်တွင် ပျံသန်းနှုန်းက များစွာနှေးကွေးမည်ဖြစ်ပြီး အတွင်းအားလည်း များစွာကုန်ဆုံးမည်ဖြစ်သည်။

“ငါက နှေးလွန်းနေတယ်... ငါ့ရဲ့အမြန်နှုန်းက စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ အမြန်နှုန်းလောက်ပဲ ရှိမယ်”

ကျန်းရီသည် ကီလိုမီတာအနည်းငယ် သွားပြီးနောက် ရေရွတ်လိုက်၏။ သူက အလွန်နှေးလွန်းနေပေသည်။ အပြစ်ဆေးကြောနယ်မြေက အချင်းကီလိုမီတာတစ်သန်းရှိသည်ဟု ပြောကြ၏။ ဤအမြန်နှုန်းနှင့်သာဆိုလျှင် သူသည် တစ်လအတွင်း ဤဒေသ၏ ဆယ်ပုံတစ်ပုံကိုပင် ဖြတ်သန်းနိုင်ပါမည်လော။

ရွှီး...

လမ်းတစ်နေရာတွင် ကျန်းရီ၏ နတ်ဘုရားဒိုင်းက ရုတ်တရက် လင်းလက်စွာ တောက်ပလာပြီး ပျက်စီးသွားလေသည်။ ကျန်းရီ၏ စိတ်ဝိညာဉ်ကလည်း ကွဲအက်လုနီးပါး ဖြစ်သွားသည်။

ကျန်းရီသည် မလှုပ်ဝံ့တော့ဘဲ ရောက်ရာနေရာတွင်သာ ရပ်နေလိုက်ရ၏။ ထို့နောက်ချက်ချင်းပင် သူ နတ်ဘုရားဒိုင်းကို ထပ်ထုတ်လိုက်ပြီး ကောင်းကင်စိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ သူ၏ကြွက်သားများသည် အဆုံးစွန်ထိ တောင့်တင်းသွား၏။

“ဘာမှ မရှိဘူးလား။ အဲ့ဒါဆို အစောတုန်းက ငါ့ကို ဘာက တိုက်ခိုက်လိုက်တာလဲ”

ကျန်းရီသည် အတော်ကြာ ရှာပြီးနောက်တွင်ပင် မည်သည့်အရာကိုမှ ရှာမတွေ့ပေ။ ထို့ကြောင့် သူ ကြက်သီးများပင် ထသွား၏။ ဤနေရာတွင် သရဲတစ်ကောင် ရှိနေခြင်းလော။

“မဟုတ်သေးဘူး... ကောင်းကင်နဲ့လူသား‌ ပေါင်းစည်းခြင်း”

ကျန်းရီ မျက်လုံးများ မှိတ်လိုက်ပြီး ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ဝင်ကာ ထပ်မံ၍ အာရုံခံလိုက်လေသည်။ မကြာခင်မှာပင် သူ အကြောင်းကို ရှာတွေ့သွား၏။ အဘယ်ကြောင့် အပြစ်ဆေးကြောဒေသက အလွန်အန္တရာယ်များသည့်နေရာတစ်ခု ဖြစ်နေကြောင်း၊ ထိုဒေသထဲသို့ ဝင်သွားသည့် လူဆယ်ယောက်တွင် ရှစ်ယောက်က အသက်ဆုံးရှုံးသွားကြောင်း နောက်ဆုံးတွင် သူ နားလည်သွားပေပြီ။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် ဝိညာဉ်လေများ ရှိနေ၍ပင်။ ဝိညာဉ်လေးများသည် လူများကို တိတ်တဆိတ် သတ်ဖြတ်နေခြင်းပင်။

“အထဲကို ဝင်လာခဲ့တဲ့ လူနှစ်သိန်းကျော်မှာ အလွန်ဆုံးမှ လူထောင်ဂဏန်းလောက်ပဲ အသက်ရှင်ရက် ပြန်ထွက်နိုင်လောက်တယ်”

ကျန်းရီသည် နှာခေါင်းပွတ်ကာ ရေရွတ်လိုက်၏။ သူ၏စိတ်ထဲတွင် သံသယများဖြင့် ပြည့်နှက်နေပေသည်။ အဘယ်ကြောင့် ဤနေရာတွင် ဝိညာဉ်လေများ ရှိနေရသနည်း။ ထို့ပြင် ဤဒေသအထက်ရှိ တောင်များပေါ်တွင်လည်း နေ့အချိန်တွင်ပင် ဝိညာဉ်လေများ ရှိနေပေသည်။ ယင်းက ဤနေရာရှိ ဝိညာဉ်လေများနှင့် သက်ဆိုင်နေသလော။

“ငါ မြေအောက်ကသွားမယ်ဆိုရင်ရော”

အကယ်၍ ကျန်းရီသာ မြေအောက်က သွားနိုင်လျှင် ဝိညာဉ်လေများကို ကြောက်နေရန် လိုတော့မည် မဟုတ်ပေ။ ထို့ကြောင့် ကျန်းရီသည် သံဓားကိုထုတ်၍ မြေပြင်ကို ခုတ်လိုက်၏။ သို့သော် ဓားသည် အေးစက်စက်သံပြင်ကြီးကို ခုတ်မိလိုက်သကဲ့သို့ပင်။ တွင်းငယ်လေးတစ်တွင်း ဖြစ်သွားသော်လည်း ထိုနှုန်းအတိုင်းသာဆိုလျှင် သူသည် တစ်လလုံးနေမှ မြေအောက်ငါးကီလိုမီတာလောက်ကိုသာ သွားနိုင်ပေလိမ့်မည်။

“ဒီမြေကို ဘာနဲ့လုပ်ထားတာလဲဟ...”

ကျန်းရီသည် ထိုအကြောင်းကို မသိရှိနိုင်သလို လေ့လာနေရန်လည်း အချိန်မရှိပေ။ တစ်လဟူသောအချိန်က တိုလွန်းပေသည်။ ဤကဲ့သို့ နှေးကွေးသည့်အမြန်နှုန်းနှင့်ဆိုလျှင် သူသည် မီးမြွေသစ်ခွကို ရှာရန် မဆိုထားနှင့် ဝူနီတို့အုပ်စုနှင့်ပင် တွေ့ချင်မှ တွေ့နိုင်ပေလိမ့်မည်။

“သွားရမယ်...”

ကျန်းရီ ရှေ့သို့ မြန်နိုင်သမျှမြန်မြန် သွားလိုက်သည်။ သူသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ထားသဖြင့် ဝိညာဉ်လေများကို ကြိုတင်အာရုံခံနိုင်သည်ဖြစ်ရာ ၎င်းလေများကို အလွယ်တကူ ရှောင်တိမ်းနိုင်နေပေသည်။ ဝိညာဉ်လေများက သာမန်လေးများဖြင့်အတူ ‌ရွေ့လျားနေခြင်းပင်။ ထို့ကြောင့် သူ ၎င်းတို့အနားကို ကပ်မသွားသ၍ အန္တရာယ်ရှိမည် မဟုတ်ချေ။

“အစ်ကိုသုံး...”

“အား..အား...”

အရှေ့ကီလိုမီတာ(၃၀)အကွာမှနေ၍ ထွက်ပေါ်လာသော ဝမ်းနည်းတကြီးအော်လိုက်သံများကို ကျန်းရီ ကြားလိုက်ရသည်။ သူ ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံကြည့်လိုက်ရာ လူတစ်စုကို တွေ့လိုက်ရ၏။ ထိုလူများထဲမှ ငါးယောက်မှာ သွေးအိုင်တစ်ခုအတွင်း လဲနေပေပြီ။ သူတို့၏ခန္ဓာကိုယ်များကလည်း အပိုင်းပိုင်း အဖြတ်ခံထားရသည်။ သူတို့က ဝိညာဉ်လေများ၏ သတ်ဖြတ်မှုကို ခံခဲ့ရခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။

“အန္တရာယ်အများဆုံး နေရာဆယ်ခုထဲက တစ်ခုဆိုတဲ့ ဂုဏ်သတင်းနဲ့ ထိုက်တန်ပါတယ်...”

ကျန်းရီသည် ထိုလူအုပ်ကို လျစ်လျူရှုလိုက်ပြီး ခရီးဆက်လိုက်သည်။ သူသည် လမ်းတစ်လျှောက်တွင် မြေကြီးပေါ်မှ သွေးကွက်များကို တွေ့ခဲ့ရ၏။ သို့သော် အလောင်းများကတော့ မရှိတော့ပေ။ အလောင်းများကို ရှင်ကျန်ခဲ့သူများက ယူသွားခြင်းဖြစ်မည်။ နေရာအနှံ့တွင် သွေးကွက်များ ရှိနေသဖြင့် ဝိညာဉ်လေများကြောင့် လူပေါင်းများစွာ သေဆုံးသွားခဲ့ကြောင်း ထင်ရှားပေသည်။

“ဒီဘက်က ဝိညာဉ်လေတွေက ပိုပြီးအားကောင်းတယ်”

နှစ်နာရီကြာ သွားပြီးနောက် ကျန်းရီသည် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်၏။ သူသည် သူ့အရှေ့မှ အလောင်းဒါဇင်ကျော်ကို မြင်လိုက်ရ၏။ ထိုအလောင်းများကို သိမ်းရန် မည်သူမှ မရှင်ကျန်ခဲ့ပုံပင်။ ထိုသူတို့တစ်ဖွဲ့လုံး အသတ်ခံလိုက်ရခြင်းဖြစ်မည်။ သူ့အ‌ရှေ့ရှိ ဝိညာဉ်လေများက သူ့အနောက်ရှိ ဝိညာဉ်လေများထက် ပိုအားကောင်းပေသည်။ သူသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ထားသဖြင့် ၎င်းတို့ကို ရှောင်နိုင်သော်လည်း ယင်းက အလွန်အန္တရာယ်များလွန်းပေသည်။

ထို့ကြောင့် ကျန်းရီသည် တောင်ကြားလေးတစ်ခုအတွင်း၌ ပုန်းနေလိုက်၏။ မည်သို့ဆက်လုပ်ရမည်ကို သူ မဆုံးဖြတ်နိုင် ဖြစ်နေသည်။ ခေတ္တမျှကြာပြီးနောက် သူ ခြေသံများကို ကြားလိုက်ရ၏။ ထို့ကြောင့် သူ လျင်မြန်စွာ အသက်အောင့်ကာ အရှိန်အဝါကိုလည်း ဖုံးကွယ်လိုက်လေသည်။ ထို့နောက် သူသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေဖြင့် ပတ်ဝန်းကျင်ကို ဂရုတစိုက် ထောက်လှမ်းလိုက်၏။

“ယဲ့ရင်လား”

ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ မျိုးဆက်တစ်ယောက်က အဆင့်မြင့် ကောင်းကင်ဧကရာဇ်အဆင့် သိုင်းပညာရှင် အယောက်နှစ်ဆယ်ကျော်ဖြင့် ‌ရောက်လာခြင်းပင်။ သူတို့ထဲမှ ငါးယောက်မှာ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များ ဖြစ်ကြသည်။ သူတို့၏ ကောင်းကင်စိတ်အာရုံများက ကျန်းရီထံ ရောက်ရှိလာ၏။ သို့သော် သူတို့သည် ကျန်းရီကို အရေးမစိုက်ပေ။ ထိုအစား အရှေ့မှ လူနှစ်ယောက်က ရုတ်တရက် ရပ်ကာ အသံဩဩဖြင့် ပြောလိုက်လေသည်။

“သခင်လေး... အ‌ရှေ့က ဝိညာဉ်လေတွေက ပိုပြီးအားကောင်းလာတယ်။ ကျွန်‌တော်တို့ လေတွေကို ရှောင်ပြီး ကွေ့ပတ်သွားကြရင်ကောင်းမလား”

“ကွေ့ပတ်သွားမှာလား... မင်းက စည်းမျဉ်းကို နားမလည်ဘူးပဲ”

ယဲ့မျိုးနွယ်၏ သခင်လေး ယဲ့ရင်က နှာမှုတ်ကာ ပြောလိုက်သည်။

“အပြစ်ဆေးကြောဒေသ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပြီ။ အန္တရာယ်သိပ်မများတဲ့နေရာတွေမှာ ရတနာတွေ ရှိနေပါဦးမလား။ ရှိနေသေးတယ်ဆိုရင် အရင်ကတည်းက တခြားသူတွေ ယူသွားလောက်ပြီပေါ့။ သွားကြစို့... ဝိညာဉ်လေတွေ ပိုအားကောင်းတဲ့နေရာတွေမှာမှ ရတနာတွေ ပိုရှိနေမှာ။ အစီအရင်ဆင်ကြ။ အတင်းတိုးဝင်ကြမယ်...”

“အန်...”

ကျန်းရီ စိတ်လှုပ်ရှားသွား၏။ ယဲ့ရင်၏ စကားက အဓိပ္ပာယ်ရှိသည်။ ကြည့်ရသည်မှာ မီးမြွေသစ်ခွကို ရှာတွေ့နိုင်ရန် သူ အန္တရာယ်များသော နေရာများသို့ သွားရမည့်ပုံပင်။

***

All Chapters