မြို့ပျက်များ
Vol. 65 Ch. 903
ယဲ့ရင်က အစီအရင်ဆင်ရန် အမိန့်ပေးပြီးသောအခါ လူနှစ်ဆယ်က သူ့ပတ်ပတ်လည်တွင် ရပ်လိုက်ပြီး ထူးဆန်းသော စက်ဝိုင်းပုံအစီအရင်ကို ဆင်လိုက်လေသည်။ သူတို့သည် ယဲ့ရင်၏ပတ်ပတ်လည်တွင် လျင်မြန်စွာ လှည့်ပတ်ကာ အရှေ့သို့ တိုးသွားလိုက်၏။ ကောင်းကင်စိတ်အာရုံကိုသုံး၍ အာရုံခံနေသော ကျန်းရီတစ်ယောက် ထိုအလွန်မှော်ဆန်သော မြင်ကွင်းကြောင်း အံ့အားသင့်သွားလေသည်။
ယဲ့ရင်တို့အုပ်စု အရှေ့သို့ တိုးသွားသောအခါ ဝိညာဉ်လေများ နိုးထလာ၏။ သို့သော် ယဲ့ရင်၏ပတ်ပတ်လည်တွင် လူများ လှည့်ပတ်နေသဖြင့် ဝိညာဉ်လေများသည် လူတစ်ယောက်တည်းကို မတိုက်ခိုက်နိုင်ဘဲ သူတို့အားလုံးကို ပတ်လည်တိုက်ခိုက်နေလေသည်။
လူတစ်ယောက်၏ နတ်ဘုရားဒိုင်းက မှိန်သွားလျှင် အခြားတစ်ယောက်က ချက်ချင်း ရှေ့တက်လာပြီး ထပ်မံတိုက်ခိုက်သည့် ဝိညာဉ်လေများကို ခုခံလိုက်သည်။ ပြီးခဲ့သောလူကလည်း သူ၏နတ်ဘုရားဒိုင်းအတွင်းသို့ အတွင်းအား ထပ်သွင်းကာ နတ်ဘုရားဒိုင်း၏ စွမ်းအားကို အဆုံးစွန်သို့ ရောက်အောင် ပြန်လုပ်လိုက်သည်။ ထိုနည်းဖြင့် အားလုံးသည် ဝိညာဉ်လေများ၏ တိုက်ခိုက်မှုကို တစ်ကြိမ်သာ ခံရသည်ဖြစ်၍ သေလောက်သည်အထိ မဖြစ်ကြပေ။
“အဲ့အစီအရင်ကို ဖန်တီးခဲ့တဲ့သူက တကယ်ကို တော်တာပဲ”
ကျန်းရီ ခေါင်းညိတ်ကာ စိတ်ထဲမှ ချီးကျူးလိုက်သည်။ သို့သော် ထိုအစီအရင်ကို သုံးနိုင်ရန် နှစ်ပေါင်းများစွာ လေ့ကျင့်ရန်တော့ လိုပေသည်။ မဟုတ်လျှင် လူတစ်ယောက်သာ တစ်ချက်မှားသွားပါက အစီအရင်တစ်ခုလုံး ပျက်စီးသွားပြီး လူများစွာ သေဆုံးသွားရမည်ဖြစ်သည်။
ဝှစ်...
ကျန်းရီသည် သူ့အရှေ့မှသွားသော လူများ စိုက်ပျိုးခဲ့သည်ကို ပျော်ပျော်ပါးပါးကြီး ရိပ်သိမ်းလိုက်၏။ ဝိညာဉ်လေများသည် နတ်ဘုရားဒိုင်းများနှင့် ထိတိုက်သွားပြီးနောက် ခဏတာ ဆက်မစီးဆင်းနိုင် ဖြစ်သွား၏။ ထို့ကြောင့် ကျန်းရီအတွက် သူတို့နောက်မှ လိုက်သွားခြင်းက အလွန်လုံခြုံမည်ဖြစ်သည်။
အပြစ်ဆေးကြောဒေသ တည်ရှိနေခဲ့သည်မှာ နှစ်ပေါင်းတစ်သိန်းကျော်ပြီဖြစ်သည်။ ထို့ကြောင့် ဒေသအစွန်ပိုင်းရှိ ရတနာများနှင့် ဝိညာဉ်ဆေးပင်များမှာ ကုန်လုနီးပါး ဖြစ်နေပေပြီ။ စစ်မှန်သော ရတနာများကို ရရှိနိုင်ရန် လူတစ်ယောက်သည် ဒေသအလယ်ပိုင်းအထိ သွားရမည်ဖြစ်သည်။ အလယ်ပိုင်းရှိ ဝိညာဉ်လေများက ပို၍အားကောင်းသော်လည်း မစွန့်စားလျှင် အပြစ်ဆေးကြောဒေသအတွင်း ဝင်လာခဲ့ခြင်းက အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
ကျန်းရီသည် ယဲ့ရင်တို့အုပ်စုနောက်မှ လိုက်သွား၏။ သူတို့ ကီလိုမီတာများစွာ သွားပြီးသောအခါ အရှေ့မှလူများက သူ့ကို သတိပြုမိသွားပေသည်။ ယဲ့မျိုးနွယ်မှ သိုင်းပညာရှင်တစ်ယောက်က ဆဲဆိုလိုက်သည်။
“မျိုးမစစ်တစ်ကောင်က အနောက်က လိုက်လာတယ်။ လခွမ်း.. သူက ကျွန်တော်တို့ကို အခွင့်အရေးယူနေတာပဲ”
ယဲ့ရင်က ကောင်းကင်စိတ်အာရုံထုတ်၍ အာရုံခံလိုက်ပြီး နှာမှုတ်ကာ ပြောလိုက်သည်။
“လမ်းကိုပဲ ဂရုစိုက်ကြ... သူ့ကို အရေးမစိုက်နဲ့။ သူ ငါတို့နောက်က လိုက်လာတော့ရော ဘာကွာမှာမလို့လဲ။ နောက်ဆုံးကျရင် သူ သေရမှာပဲ မဟုတ်လား”
အရှေ့ရှိ ဝိညာဉ်လေများက ပို၍ပင် အားကောင်းလာ၏။ ကျန်းရီသည် ကောင်းကင်ဧကရာဇ်အဆင့်၏ အဆင့်တစ် သို့မဟုတ် အဆင့်နှစ်လောက်တွင်သာ ရှိလောက်၏။ ယဲ့ရင်မြင်ရသလောက် ကျန်းရီသည် အချိန်မရွေးသေသွားနိုင်ပုံ ပေါ်နေလေသည်။ ထို့ကြောင့် ယဲ့ရင်သည် ကျန်းရီအတွက် အချိန်ဖြုန်းနေမည် မဟုတ်ပေ။
ယဲ့ရင် အမိန့်ပေးလိုက်ပြီဖြစ်၍ ကျန်းရီကို အာရုံခံနေသော ကောင်းကင်စိတ်အာရုံများ ပျောက်ကွယ်သွား၏။ သူတို့သည် ကျန်းရီကို အရေးမစိုက်ကြတော့ပေ။ သူတို့၏စိတ်ထဲတွင် ကျန်းရီက သူတို့ ချန်ခဲ့သော အရိုးအရင်းကို ကိုက်နေသည့် ခွေးတစ်ကောင်ဟုသာ တွေးလောက်ပေသည်။
ကျန်းရီသည် လမ်းတစ်လျှောက်တွင် အရှေ့သို့ အလွယ်တကူ သွားနိုင်နေ၏။ သူတို့သည် ဒေသအတွင်းပိုင်သို့ ရောက်လာသည့်ပုံပင်။ သူတို့အရှေ့တွင် မြို့ပျက်တစ်ခု ရှိနေလေသည်။ ဤဒေသက ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခု၏ ဒေသဖြစ်၍ ပုံမှန်အားဖြင့် ရတနာများက မြို့ပျက်များထဲတွင် ရှိမည်ဖြစ်သည်။
“အာ...”
ကျန်းရီသည် မြို့ပျက်ထဲရှိ အရိုးများစွာကို အာရုံခံမိလိုက်၏။ အရိုးများက အလွန်ကြီး၏။ အရိုးအများစုက သုံးမီးတာကျော် ရှည်ပေသည်။ ရှေးဟောင်းမျိုးနွယ်မှ မျိုးနွယ်ဝင်များသည် ဧရာမလူထွားကြီးများလော။ သူတို့သည် သုံးမီတာကျော် မြင့်ပြီး ဆင်များကဲ့သို့ သန်မာကြသည်လော။
တဖြည်းဖြည်းဖြင့် ပြိုကျပျက်စီးနေသော အဆောက်အဦပျက်များကို တွေ့လာရ၏။ ကျန်းရီတို့သည် သူတို့၏ ကောင်းကင်စိတ်အာရုံများကို ထုတ်၍ အာရုံခံလိုက်ကြ၏။ သို့သော် မြို့ပျက်၏အဆုံးကို အာရုံမခံနိုင်ကြပေ။ မြို့ပျက်ထဲ၌ ပြိုပျက်နေသော ရဲတိုက်များ၊ အဆောက်အဦများမနှင့် အရိုးများက နေရာအနှံ့တွင် ရှိနေပေသည်။ သို့သော် မြို့ပျက်ထဲတွင် ဝိညာဉ်လေအနည်းငယ်သာ ရှိသည်။
“ကောင်းပြီ... အစီအရင်ကို ဖြုတ်လိုက်တော့။ အားလုံးပဲ လူခွဲလိုက်ပါ... ပြီးတော့ ဝိညာဉ်လေတွေကိုလည်း သတိထားပါ”
ယဲ့ရင်က အမိန့်ပေးလိုက်သည်။ ကျန်းရီသည် သူတို့နောက်သို့ ဆက်မလိုက်ဝံ့တော့ပေ။ ယဲ့မျိုးနွယ်မှ ပညာရှင်များက သူ့ကို စိတ်ရှုပ်စရာကောင်းသည်ဟု တွေးမိသွားပါက ချက်ချင်း တိုက်ခိုက်ကြပေလိမ့်မည်။ သို့ဖြစ်လာလျှင် အလွန်ဒုက္ခများမည်ဖြစ်သည်။
ကျန်းရီသည် အဆောက်အဦပျက်တစ်ခု၏ အခန်းတစ်ခုထဲတွင် ဝင်နေလိုက်၏။ မလှမ်းမကမ်းရှိ လူတစ်ယောက်က သူ့၏အရှိန်အဝါကို အာရုံခံမိ၏။ သို့သော် သူသည် ကျန်းရီက မည်သူ့ကိုမှ အနှောင့်အယှက်မပေးဘဲ ကောင်းကောင်းမွန်မွန် နေနေကြောင်း တွေ့လိုက်သောအခါ ကျန်းရီကို သွားသတ်ရန် အချိန်ဖြုန်းမနေတော့ချေ။ ထိုအစား သူသည် မြို့ပျက်ထဲ လှည့်ပတ်ပျံသန်း၍သာ ရတနာများကို ရှာလိုက်လေသည်။
“ဝိုး... သခင်လေး.. ကျွန်တော် အတုအယောင် နတ်ဘုရား အသုံးအဆောင်တစ်ခုကို ရှာတွေ့ပြီ”
“သခင်လေး... ဒီမှာ ရှားပါး ရွှံ့နက်မြက်ပင်တစ်ပင် ရှိနေတယ်”
မကြာခင်မှာပင် ယဲ့မျိုးနွယ်ဝင်များက ရတနာများစွာကို စတင်တွေ့ရှိလာ၏။ သူတို့သည် အရိုးများပေါ်ရှိ လက်နက်အချို့ကိုလည်း တွေ့ကြ၏။ သူတို့တွေ့သောအရာများထဲတွင် အတုအယောင် နတ်ဘုရား အသုံးအဆောင်နှစ်ခုနှင့် ထူးဆန်းသော ရတနာများစွာ ပါလေသည်။ ကျန်းရီသည် လောဘမတက်ဝံ့သဖြင့် အခန်းထဲတွင်သာ ဆက်ပုန်းအောင်းနေလိုက်သည်။ ယဲ့မျိုးနွယ်မှ သိုင်းပညာရှင်များက သူ့ကို မတိုက်ခိုက်ကြဘဲ လျစ်လျူသာရှုသွားကြ၏။
“သွားကြစို့...”
ယဲ့ရင်သည် အတော်ကြာရှာဖွေပြီးနောက် လက်ဝှေ့ယမ်းကာ သူ့လူများကို အမိန့်ပေးလိုက်ပြီး အရှေ့သို့ ဆက်သွားလိုက်လေသည်။ ကျန်းရီက အပြင်သို့ ထွက်မသွားပေ။ ထိုနေရာတွင် သူ့အတွက် အလွန်လုံခြုံလောက်ပေသည်။ ထို့ပြင် သူသည် ကောင်းကင်းနားလည်သိမြင်ခြင်းကိုသုံးလျှင် ပိုဝေးဝေးအာရုံခံနိုင်မည်လောဟု စူးစမ်းရန် စီစဉ်ထား၏။
ကောင်းကင်နားလည်သိမြင်ခြင်းက ကျန်းရီကို လုံးဝကြီးစိတ်မပျက်စေခဲ့ပေ။ သို့သော် သူ အနည်းငယ်တော့ စိတ်ပျက်သွားပေသည်။
ကောင်းကင်နားလည်သိမြင်ခြင်းက အလုပ်ဖြစ်ခဲ့သော်လည်း (၅၀၀)ကီလိုမီတာအထိသာ အာရုံခံနိုင်၏။ အပြင်ဘက်တွင်ဆိုလျှင် ထိုအကွာအဝေးထက် အဆတစ်သိန်းပို၍ အာရုံခံနိုင်ပေသည်။ သို့သော် သုံးကီလိုမီတာအထိသာ အာရုံခံနိုင်သော ကောင်းကင်စိတ်အာရုံနှင့် ယှဉ်လျှင်မူ များစွာပိုသာသည်ဟု ဆိုနိုင်၏။
ကျန်းရီသည် အရှေ့တွင် ရတနာများ ရှာဖွေနေသော ယဲ့ရင်တို့အုပ်စုကို အလွယ်တကူ ရှာတွေ့လိုက်၏။ ယခု သူရှိနေသော နေရာမှနေ၍ (၁၅)ကီလိုမီတာအတွင်းတွင် အပျက်အစီးများသာ ရှိနေသည်။ သူ့ဘယ်ဘက်ရှိ ကီလိုမီတာ ရာကျော်အကွာတွင်လည်း အခြားမြို့ပျက်တစ်ခု ရှိနေသေးကြောင်း သူ အာရုံခံမလိုက်၏။ လက်ရှိတွင် လဲ့ချီကျန့်တို့အုပ်စုက ထိုမြို့ပျက်တွင် ရတနာများ ရှာဖွေနေပေသည်။
ကျန်းရီကို ခေါင်းကိုက်စေသည့်အရာမှ ဝိညာဉ်လေများက မြို့ပျက်ထဲတွင် အားနည်းသော်လည်း မြို့ပြင်သို့ ထွက်လိုက်သည်နှင့် ဆယ်ဆပို၍ အားကောင်လာခြင်းပင်။ သူ့အနေဖြင့် ရှေ့ဆက်သွားရန် ခက်ခဲပေလိမ့်မည်။ သို့သော် ပြဿနာမှာ သူ ရှေ့ဆက်မသွားလျှင် မီးမြွေသစ်ခွ၊ ဝူနီနှင့် ကျီထင်ယွီတို့ကို ရှာတွေ့နိုင်မည် မဟုတ်ခြင်းပင်။
“သွားမယ်...”
ကျန်းရီသည် ခေတ္တမျှ တွေးလိုက်ပြီးနောက် သူ၏ကံကိုစမ်းရန် ရှေ့ဆက်သွားဖို့ ဆုံးဖြတ်လိုက်လေသည်။
ယဲ့ရင်တို့အုပ်စုက အရှေ့တွင် ရှာနေဆဲပင်။ ကျန်းရီသည် သူတို့နှင့် ထိပ်တိုက်မတိုးလို၍ ညာဘက်မှ ထွက်သွားလိုက်သည်။ ကျန်းရီ မြို့အပြင်သို့ ထွက်တော့မည့် အချိန်တွင် သူ့လက်ထဲရှိ ပုလဲလုံးက လင်းလက်လာပြီး အပူလှိုင်းတစ်ခုက ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားလေသည်။ ယဲ့ရင်တို့အုပ်စုပင် ထိုအပူလှိုင်းကို သတိပြုမိလိုက်၏။ သို့သော် သူတို့၏ ကောင်းကင်စိတ်အာရုံက အဝေးသို့ မရောက်နိုင်သဖြင့် ထိုအပူလှိုင်းက မည်သည့်နေရာမှ ထွက်လာကြောင်း သူတို့ အတိအကျ မသိနိုင်ပေ။ သူတို့ သံသယများဖြင့် အနားသို့ ကပ်လာသောအခါတွင်မူ ကျန်းရီက အဝေးသို့ ရောက်သွားပြီဖြစ်သည်။
“သေစမ်း... မိုးကြိုးမီးကုန်တာက မြန်လွန်းတယ်”
ကျန်းရီသည် မိုးကြိုးမီးနတ်ဘုရားဒိုင်းကို ထုတ်ထားရ၏။ မဟုတ်လျှင် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေတွင်ပင် သူ ဝိညာဉ်လေများကို ရှောင်ရှားနိုင်မည် မဟုတ်ပေ။ သူ ပြေးနေစဉ်တွင် သူ၏မိုးကြိုးမီးနတ်ဘုရားဒိုင်းက ဝိညာဉ်လေများ၏ တိုက်ခိုက်မှုများကြောင့် တုန်ခါနေ၏။
ကျန်းရီသည် ဘေးဘယ်ညာ၊ အထက်အောက် ရှောင်၍ ကျွမ်းဘားသမားတစ်ယောက်ကဲ့သို့ သွားနေလေသည်။ မကြာမကြာဆိုသလို သူသည် မြေပြင်ပေါ်တွင် မှောက်ချတတ်၏။ ကောင်းကင်နှင့် လူသား ပေါင်းစည်းခြင်း အခြေအနေတွင် သူသည် အလုံခြုံဆုံးလမ်းကြောင်းကို ရှာနိုင်သဖြင့် ဝိညာဉ်လေများ၏ တိုက်ခိုက်မှုများကို သိပ်မခံရပေ။ မဟုတ်လျှင် သူ၏ မိုးကြိုးမီးနတ်ဘုရားဒိုင်းပင် ဝိညာဉ်လေများ၏ တိုက်ခိုက်မှုများကို ခံနိုင်မည် မဟုတ်ဘဲ သူ ချက်ချင်း သေသွားမည်ဖြစ်သည်။
“ငါ မိုးကြိုးမီးကို ဒီလိုဆက်သုံးနေလို့ မရဘူး။ မိုးကြိုးမီးသာ ကုန်သွားရင် စွမ်းအားကြီးရန်သူနဲ့ ရင်ဆိုင်ရတဲ့အချိန် ဒုက္ခများသွားလိမ့်မယ်”
ကီလိုမီတာ ဒါဇင်ကျော် သွားပြီးနောက် မိုးကြိုးမီးနတ်ဘုရားဒိုင်း ပျောက်ကွယ်သွားသည်။ ကျန်းရီသည် အံကြိတ်လိုက်ပြီး မိုးကြိုးမီးအစား ကောင်းကင်ကိုးဘုံ နဂါးမီးကို သုံးရန် ဆုံးဖြတ်လိုက်၏။ နဂါးမီးနတ်ဘုရားဒိုင်းက ပျက်စီးရန် လွယ်သော်လည်း သူ့တွင် သံနက်ချပ်ဝတ်ရှိနေသေးသဖြင့် အရေးကြုံသောအခိုက်တွင် ထိုချပ်ဝတ်က သူ့အသက်ကို ကာကွယ်ပေးနိုင်ပေသည်။ ထို့ပြင် နဂါးမီးနတ်ဘုရားဒိုင်းကို အကြိမ်ကြိမ် ပြုလုပ်ရန်မှာ သူ့အတွက် ပြဿနာမရှိလောက်ပေ။
ထင်ထားသလိုပင်။
ဝိညာဉ်လေများ၏ တိုက်ခိုက်မှုခုနစ်ကြိမ်ကို ခံပြီးနောက် ကောင်းကင်ကိုးဘုံ နဂါးမီးတောက်ဖြင့် ပြုလုပ်ထားသော နဂါးမီးနတ်ဘုရားဒိုင်းက ပျက်စီးသွားလေသည်။ ထို့ကြောင့် ကျန်းရီသည် ရှေ့ဆက်မသွားခင် နဂါးမီးနတ်ဘုရားဒိုင်းကို ထပ်မံပြုလုပ်ရ၏။
ကျန်းရီသည် မကြာမကြာ ရပ်တန့်နေရသဖြင့် ခရီးမတွင် ဖြစ်နေသည်။ ကီလိုမီတာ(၁၀၀)ကျော် သွားပြီးနောက် သူသည် သံနက်ဓားကို သုံး၍ မြေကျင်းလေးတစ်ကျင်းတူးကာ ကျင်းထဲသို့ ဝင်နေလိုက်၏။ ထို့နောက် သူသည် ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို ထပ်မံ စူးစမ်းလိုက်၏။
“”ဟေး... ဒီကနေ (၁၅)ကီလိုမီတာအကွာမှာ မြို့ပျက်တစ်ခု ရှိနေတာပဲ။ ပြီးတော့ အဲ့မှာ အခု ဘယ်သူမှ မရှိနေဘူးလား။ အဲ့ကရတနာတွေ ကုန်မသွားပါစေနဲ့ဦးလို့ ငါမျှော်လင့်ပါတယ်”
ကျန်းရီသည် ပတ်ဝန်းကျင်ကို စူးစမ်းလိုက်ပြီး မည်သူမှ ရှိမနေကြောင်း အတည်ပြုလိုက်၏။ ထို့နောက်တွင် သူသည် ထိုမြို့ပျက်ဆီသို့ မြန်နိုင်သမျှ မြန်မြန် သွားလိုက်လေသည်။
***