ယဉ်ရို့ပင်းနှင့် ထပ်မံတွေ့ဆုံခြင်း
Vol. 65 Ch. 904
ကျန်းရီသည် မိုင်(၃၀)ကို ဖြတ်သန်းရန် တစ်နာရီကြာ သွားခဲ့ရ၏။ နဂါးမီးနတ်ဘုရားဒိုင်းနှင့် မိုးကြိုးမီးနတ်ဘုရားဒိုင်းကြားမှ ကွာခြားချက်က ကြီးလွန်းပေသည်။ ထို့ကြောင့် ကျန်းရီသည် အကွာအဝေးတစ်ခု သွားပြီးတိုင်း တစ်ကြိမ် ရပ်နေရလေသည်။ သူ သံနက်ချပ်ဝတ်ကို ဝတ်ဆင်ထား၍သာ တော်သေးပေသည်။ မဟုတ်လျှင် သူ အကြိမ်များစွာ သေပြီးနေလောက်ပေပြီ။
ကျန်းရီသည် မြို့ပျက်သို့ ရောက်သောအခါ အရင်ဆုံး ကောင်းကင်စိတ်အာရုံကိုသုံး၍ မြို့ပျက်ကို စူးစမ်းလိုက်၏။ ထို့နောက်တွင် ကောင်းကင်နားလည်သိမြင်ခြင်းကိုသုံးကာ မိုင်ဒါဇင်ပတ်လည်ကို စူးစမ်းလိုက်လေသည်။ ထိုနေရာတွင် မည်သူမှ ရှိမနေကြောင်း အတည်ပြုပြီးသောအခါ ကျန်းရီသည် မြို့ပျက်ထဲတွင် လျင်မြန်စွာ ရှာဖွေလိုက်၏။
ဆယ်မိနစ်ကြာရှာပြီးနောက် ကျန်းရီ၏ မျက်နှာပေါ်တွင် စိတ်ပျက်သည့်အရိပ်အယောင်များ ထွက်ပေါ်လာ၏။ ဤမြို့ပျက်ကို ယခင်ကတည်းက အခြားသူများ ရှာပြီးသွားပြီလော၊ သို့မဟုတ် အစောမှပင် ရှာသွားခြင်းလော။ အဘယ်ကြောင့်ဆိုသော် သူ မည်သည့်ရတနာကိုမှ ရှာမတွေ့၍ပင်။ သူသည် ပျက်စီးနေသော အတုအယောင် နတ်ဘုရား အသုံးအဆောင်တစ်ခုကိုပင် ရှာမတွေ့ပေ။
သို့သော် ကျန်းရီသည် မျက်စိလျှမ်းကာ ကျန်ခဲ့မည်မျိုး ရှိမည်စိုးသဖြင့် ပိုက်စိပ်တိုက် ရှာဖွေလိုက်၏။ ဤမြို့ပျက်သည် အချင်းဝက် မိုင်(၃၀)သာ ရှိသည်ဖြစ်၍ သူသည် အချိန်တစ်ခဏအတွင်း သေသေချာချာ ရှာနိုင်ပေသည်။
“ဒီရှေးဟောင်းမျိုးနွယ်က ဘယ်လိုမျိုးနွယ်မျိုးလ။ သူတို့ရဲ့ အရိုးတွေက မာလိုက်တာ... သူတို့ရဲ့ ရုပ်ခန္ဓာနဲ့တင် သူတို့ ကောင်းကင်ဧကရာဇ်အဆင့်ကို ရောက်နိုင်လောက်တယ်။ ဒီမျိုးနွယ်က ဒီလောက်စွမ်းအားကြီးတာကို ဘာလို့ ရုတ်တရက်ကြီး မျိုးတုံးသွားရတာလဲ။ ဘာလို့ မြို့တွေက မြို့ပျက်တွေ ဖြစ်သွားရတာလဲ”
ကျန်းရီသည် မြို့ပျက်ထဲရှိ မြေပြင်ပေါ်တွင် မရေမတွက်နိုင်သော အရိုးများကို မြင်ရ၏။ ထို့ပြင် ကလေးအရိုးများလည်း များစွာရှိနေသဖြင့် မြင်ကွင်းက မလှပေ။ သူသည် အရိုးများကိုကြည့်ရင်း ထိုရှေးဟောင်းမျိုးနွယ် ရုတ်တရက်ကြီး မျိုးမတုံးသွားခင်က မြင်ကွင်းများကို တွေးကြည့်လိုက်ကာ ရင်ထဲမကောင်း ဖြစ်သွားလေသည်။
“အာ... အဲ့မှာ သော့တစ်ချောင်းရှိတာလား”
ရဲတိုက်ပျက်တစ်ခုအောက်ရှိ ရွှံ့များနှင့် ကျောက်များ အောက်ရှိ ကြေးညှိတက်နေသော သော့ကြီးတစ်ချောင်းကို ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက အာရုံခံမိလိုက်၏။ သော့က ကြေးညှိတက်နေပြီဖြစ်၍ မခမ်းနားတော့ပေ။ ထို့ပြင် ၎င်းက ရတနာတစ်ခုလည်း မဟုတ်ချေ။
ထို့ကြောင့် ကျန်းရီသည် ထိုသော့ကို အရေးမစိုက်တော့ပေ။ ဤနေရာကို အခြားသူများ ရှာပြီးသွားပြီဖြစ်၍ ထိုသူများသည် ထိုသော့ကိုလည်း တွေ့သွားမည်သာ။ ထိုသော့ကသာ အဖိုးတန်လျှင် ထိုသူများက ယူသွားလောက်ပေပြီ။ ထိုသော့သည် ရဲတိုက်ကြီးတစ်ခုကို ဖွင့်သည့်သော့ဖြစ်မည်ဟု ကျန်းရီ တွေးလိုက်၏။ မဟုတ်လျှင် ၎င်းက ဤနေရာတွင် ရှိနေမည် မဟုတ်ပေ။
“မဟုတ်သေးဘူး...”
ကျန်းရီ ထွက်သွားတော့မည့်အချိန်တွင် သူ့စိတ်ထဲ၌ အတွေးတစ်ချက် လက်သွား၏။ ထို့နောက် သူသည် ရွှံ့များ၊ ကျောက်များ အောက်မှ ကြေးညှိတက်နေသော ကြေးသော့ကို ယူလိုက်၏။
ကျန်းရီသည် ထိုသော့ကို သေချာကြည့်ရှုပြီးနောက် သူ၏ရှေးဟောင်းနတ်ဘုရားလက်စွပ်အတွင်းမှနေ၍ အခြားသော့ကြီးတစ်ချောင်းကို ထုတ်လိုက်၏။ ထိုသော့သည် သူရှာတွေ့ထားသော သော့နှင့် ဆင်တူသော်လည်း သော့သွားများက ကွဲပြားပေသည်။
“တကယ် သိပ်မကွာဘူးပဲ”
ကျန်းရီသည် မျက်မှောင်ကြုတ်၍ သော့နှစ်ချောင်းကို ကြည့်လိုက်၏။ သူ့လက်စွပ်ထဲမှ သော့မှာ သူ နဂါးဖြူကျွန်းဆွယ်၏ ကျားဖြူကျွန်းတွင် ကောင်းကင်ကျောက်တုံးတစ်သန်းဖြင့် ဝယ်လာသော သော့ပင်။ ထိုသော့ကို ရောင်းသူက ယင်းကို အရှေ့ဘက် တော်ဝင်နယ်မြေရှိ အပျက်အစီးတစ်ခုဆီမှ ရလာခဲ့ခြင်းဟု ပြောခဲ့၏။ ကျန်းရီသည် ထိုသော့ကို ဝယ်ခဲ့စဉ်က များစွာအလေးမထားခဲ့ပေ။ ထို့ပြင် ယင်းသော့နှင့် ဆင်တူသည့် နောက်သော့တစ်ချောင်းကို ထပ်ရလိမ့်မည်ဟုလည်း သူ မမျှော်လင့်ခဲ့ချေ။
“ဒီသော့တွေက ဘာအတွက်လဲ။ ဒါတွေနဲ့ ဘယ်လိုရတနာသေတ္တာမျိုးကို ဖွင့်ရမှာလဲ”
ကျန်းရီသည် ထပ်မံကြည့်လိုက်သော်လည်း မည်သည့်ထူးခြားမှုကိုမှ မတွေ့ပေ။ ထို့ကြောင့် သူ စိတ်ပျက်စွာဖြင့် သော့များကို လက်စွပ်အတွင်း ပြန်ထည့်လိုက်ပြီး အခြားရတနာများကို ဆက်ရှာလိုက်လေသည်။ မြို့ပျက်တစ်ခွင်လုံးကို ရှာပြီးနောက်တွင်ပင် သူ မည်သည့်ရတနာကိုမှ မတွေ့ပေ။
“ကောင်းကင်နားလည်သိမြင်ခြင်း”
ကျန်းရီ၏ မြို့အစွန်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး ကောင်းကင်နားလည်သိမြင်ခြင်းကို အဆုံးစွန်အထိ ထုတ်လွှတ်လိုက်၏။ မကြာခင်မှာပင် သူသည် မြောက်ဘက် မိုင်သုံးရာအကွာရှိ အခြားမြို့ပျက်တစ်ခုကို ထပ်တွေ့လိုက်လေသည်။ ထို့ပြင် သူရှိနေရာသို့ အရှေ့ဘက်မှနေ၍ ချဉ်းကပ်လာသော လူတစ်စုကိုလည်း သူ သတိပြုမိလိုက်သည်။ သို့သော် ထိုလူစု၏ အမြန်နှုန်းက နှေးပေသည်။ သူသည် ထိုလူများကို စူးစမ်းလိုက်ပြီး တစ်ယောက်ကိုမှ မသိသဖြင့် ဆက်၍ အာရုံစိုက်မနေတော့ချေ။
“သွားစို့...”
ကျန်းရီသည် မီးမြွေသစ်ခွက မည်သည့်နေရာတွင် ရှိနေကြောင်း မသိပေ။ သို့သော် ထိုဒေသတစ်ခွင်လုံးက လွင်တီးခေါင်ကြီးဖြစ်သဖြင့် မြို့ပျက်များတွင် ရှာမှသာ ရတနာများကို တွေ့မည်ဖြစ်ကြောင်းကိုမူ သူသိပေသည်။ ထို့ကြောင့် သူ့အတွင် ရွေးချယ်စရာ မရှိတော့ဘဲ မြောက်ဘက်ရှိ မြို့သို့ တတ်နိုင်သမျှ လျင်မြန်စွာ သွားလိုက်လေသည်။
ဤတစ်ကြိမ်တွင်လည်း ကျန်းရီသည် နဂါးမီးနတ်ဘုရားဒိုင်းကိုသာ အသုံးပြုသည်ဖြစ်၍ အတန်ငယ် သွားပြီးတိုင်း တစ်ခါရပ်တန့်၍ ဒိုင်းအသစ်ထပ်လုပ်ရလေသည်။ ထို့ပြင် သူသည် အရှေ့သို့ ဆက်သွားခင် မြေကျင်းတူးကာ မြေကျင်းထဲမှနေ၍ ကောင်းကင်နားလည်သိမြင်ခြင်းဖြင့် ထောက်လှမ်းသဖြင့် ပို၍လုံခြုံနေပေသည်။
အပြင်တွင်ဆိုလျှင် မိုင်သုံးရာခရီးမှာ ကျန်းရီအတွက် အလွန်ဆုံးမှ (၁၅)မိနစ်သာ ကြာနိုင်သော်လည်း ဤဒေသထဲတွင်မူ တစ်ရက်ကြာခဲ့လေသည်။ ထိုသို့ကြာရခြင်းမှာ လမ်းတစ်ဝက်တွင် မြေကျင်းတူး၍ တစ်နာရီကြာ အနားယူခဲ့၍လည်း ပါသည်။ ဝိညာဉ်လေများက နေရာအနှံ့တွင်ရှိနေသဖြင့် အဆက်မပြတ် အာရုံစိုက်နေရပေရာ သူ့အတွက် အလွန်ပင်ပန်းစေပေသည်။
ကျန်းရီသည် မြို့ပျက်ထဲသို့ ဝင်လိုက်ပြီးနောက် ဤမြို့ပျက်က အစောမှ မြို့ပျက်ထက် နှစ်ဆပိုကြီးကြောင်း သတိပြုမိလိုက်၏။ ထို့ပြင် ဤမြို့ပျက်သည် အရှာမခံရသေးပေ။ သူသည် သားရေချပ်ဝတ်၊ သင်္ကေတပုံသဏ္ဌာန်များ တောက်ပနေသော သစ်သားဓားနှင့် မည်သို့သုံးရမည်ကို မသိသော ပစ္စည်းများကဲ့သို့သော ထူးဆန်းသည့်ရတနာအချို့ကို အရိုးစုများအပေါ်တွင် အလွယ်တကူ ရှာတွေ့လေသည်။ သူသည် များစွာတွေးတောမနေဘဲ အရင်ဆုံး ထိုရတနာများကို သိမ်းဆည်းလိုက်၏။
“အတုအယောင် နတ်ဘုရား အသုံးအဆောင်”
မြို့ပျက်တစ်နေရာတွင် ကျန်းရီသည် အရိုးစုတစ်ခုက ကိုင်ထားသော စစ်ပုဆိန်တစ်လက်ကို တွေ့လိုက်၏။ ထိုစစ်ပုဆိန်ပေါ်မှ အရှိန်အဝါက အတုအယောင် နတ်ဘုရား အသုံးအဆောင်တစ်ခု၏ အရှိန်အဝါကဲ့သို့ပင်။
“ဒါကို အကျိုးအမြတ်လေးတစ်ခုလို့ သတ်မှတ်လို့ရတာပေါ့”
ကျန်းရီသည် အရိုးစု၏လက်ထဲမှနေ၍ စစ်ပုဆိန်ကို ယူလိုက်ပြီး အကြိမ်အနည်းငယ် ဝှေ့ယမ်းကြည့်လိုက်၏။ သူ အလွန်ကျေနပ်သွားသည်။ သူ့တွင် အတုအယောင် နတ်ဘုရား အသုံးအဆောင်များ ရှိသော်လည်း ပို၍လေလေ၊ ကောင်းလေလေ မဟုတ်ပါလား။ အတုအယောင် နတ်ဘုရား အသုံးအဆောင်များ ပိုရှိလာလျှင် ဝိညာဉ်ချိတ်ဆက်နိုင်ရန် ပိုအခွင့်အရေးများလာပေလိမ့်မည်။ ယခင်မှ အတုအယောင် နတ်ဘုရား အသုံးအဆောင်များက ဝိညာဉ်မချိတ်ဆက်နိုင်ခဲ့သော်လည်း အသစ်များက ချိတ်ဆက်ချင်ချိတ်ဆက်နိုင်မည်ဖြစ်သည်။
“ဆက်ရှာရမယ်...”
ဤကဲ့သို့ မြို့ပျက်တစ်ခုထဲတွင် ရတနာများကို ရှာတွေ့ခြင်းက ဝမ်းမြောက်စရာ ကောင်းပေသည်။ ကျန်းရီသည် တက်တက်ကြွကြွဖြင့် ရတနာများ ဆက်ရှာလိုက်၏။ သို့သော် သူ၏ကောင်းကင်စိတ်အာရုံက မီတာ(၃၀၀)ပတ်လည်သာ စူးစမ်းနိုင်သဖြင့် ရှာရသည်မှာ အတော်ဒုက္ခများနေပေသည်။ အကယ်၍ အပြင်တွင်သာဆိုလျှင် သူ၏ ကောင်းကင်စိတ်အာရုံသည် ရတနာများရှိနေသည့် နေရာများကို အတိအကျ ရှာနိုင်မည်ဖြစ်သည်။
မိနစ်(၃၀)ကြာပြီးနောက် ကျန်းရီက မြို့တစ်ဝက်ကို ရှာပြီးသွားပြီဖြစ်သည်။ သူသည် ထူးဆန်းသော ရတနာများစွာကို ရရှိခဲ့၏။
သို့သော် ထိုရတနာများက အစွမ်းသိပ်မကြီးသဖြင့် အဖိုးတန်မည်၊ မတန်မည်ကို ကျန်းရီ သေချာမသိပေ။ ကျန်းရီသည် သံနက်ဓားဖြင့် သားရေချပ်ဝတ်တစ်ခုကို ခုတ်ကြည့်လိုက်သည်။ သားရေချပ်ဝတ်က ပျက်စီးမသွားသော်လည်း ဓားရာထင်သွားသဖြင့် ၎င်း၏ ခုခံစွမ်းရည်က သိပ်မကောင်းကြောင်း ထင်ရှားပေသည်။
သို့သော် တစ်ခုမှ မရသည်ထက် ရတနာအချို့ရခြင်းက ပိုကောင်းပေသေးသည်။ နောင်တွင် ထိုရတနာများက တစ်နေရာရာ၌ အသုံးဝင်လာနိုင်ပေသည်။ သူသည် ဆေးပင်အချို့ကိုလည်း ရရှိခဲ့၏။ သို့သော် ထိုဆေးပင်များက မည်သို့သောဆေးပင်များဖြစ်ကြောင်းကိုမူ သူမသိပေ။ အပြင်သို့ ပြန်ရောက်ခါမှ သူ ၎င်းတို့ကို စစ်ဆေးကြည့်ခိုင်းရမည်ဖြစ်သည်။
ဝှစ်...ဝှစ်...ဝှစ်...
ကျန်းရီသည် မြို့ပျက်တစ်ခုလုံးကို စေ့စေ့ပေါက်ပေါက် လိုက်ရှာနေ၏။ ထိုစဉ် အနောက်ဘက်မှနေ၍ စူးရှသော လေခွင်းသံများ ထွက်ပေါ်လာသည်။ ထို့နောက်ချက်ချင်းပင် အမျိုးသမီး(၁၁)ယောက်က လျင်မြန်စွာ ပျံသန်းလာ၏။ ကျန်းရီသည် သူမတို့ကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံကြည့်ပြီးနောက် ရုတ်ခြည်း အံ့အားသင့်သွား၏။ သူ ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။
ရောက်လာသူများထဲတွင် သူနှင့် ရင်းနှီးသူတစ်ယောက်ပါ၏။ ထိုတစ်ယောက်မှာ ယဉ်ရို့ပင်းဖြစ်သည်။
ယဉ်ရို့ပင်းသည် အသက်(၂၇)နှစ်၊ (၂၈)နှစ် ရှိမည်ဟုထင်ရသည့် အမျိုးသမီးဆယ်ယောက်ကို ဦးဆောင်ကာ ရောက်လာခြင်းပင်။ ထိုအမျိုးသမီးများက အလွန်ရှိန်ဖွယ်ကောင်းပေသည်။ သူမတို့ထဲမှ သုံးယောက်သည် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များ ဖြစ်၏။ ကျန်းရီသည် ရုတ်တရက် ပဋိပက္ခများ ဖြစ်လာမည်စိုး၍ ယဉ်ရို့ပင်နှင့် မျက်နှာချင်း မဆိုင်ဝံ့ပေ။
“မလှုပ်နဲ့... မဟုတ်ရင် အညှာအတာမရှိ အသတ်ခံရမယ်”
ကျန်းရီသည် ပြဿနာမဖြစ်လိုသော်လည်း ယဉ်ရို့ပင်း၏ လူများက သူ့ကိုလွှတ်ပေးရန် ဆန္ဒမရှိသည့်ပုံပင်။ အမျိုးသမီးတစ်ယောက်၏ ရေခဲတမျှ အေးစက်သောအသံတစ်သံ ပဲ့တင်ထပ်လာ၏။ သူ့အပေါ်သို့ သတ်ဖြတ်အရှိန်အဝါများစွာလည်း ကျရောက်လာသည်။ အမျိုးသမီးသုံးယောက်သည် သူ့အနောက်သို့ သက်တန့်အလင်းများသဖွယ် လိုက်လာ၏။ သူမတို့က သူ့ထက် အဆပေါင်းများစွာ ပိုမြန်ပေသည်။ သူမတို့က အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များ ဖြစ်၍ သူ မလွတ်နိုင်ပေ။
ကျန်းရီ ရင်တုန်နေ၏။ သူ့လက်တစ်ဘက်တွင် ဓားပျော့တစ်လက် ထွက်ပေါ်လာပြီး အခြားလက်တစ်ဘက်တွင် မီးဝိညာဉ်ပုလဲ ထွက်ပေါ်လာသည်။ သူသည် မိုးကြိုးမီးနတ်ဘုရားဒိုင်းကို ထုတ်ရန်နှင့် နတ်ဘုရားအသံ ကောင်းကင်အတတ်ကို သုံးရန် အသင့်ပြင်လိုက်သည်။
“အစ်မရှင်း မရိုင်းပါနဲ့”
ယဉ်ရို့ပင်းသည် မြေပြင်ကို ခြေဗလာဖြင့် နင်း၍ အားပြုကာ အခြားအမျိုးသမီးခုနစ်ဦးနှင့်အတူ နတ်မိမယ်တစ်ပါးကဲ့သို့ ပျံဝဲလာလေသည်။ သူမသည် ကျန်းရီကို ကြည့်၍ ခပ်ရေးရေးပြုံးလိုက်ပြီး ချိုသာသောအသံလေးဖြင့် ထပ်ပြောလိုက်လေသည်။
“ဒီကသခင်လေး စိတ်လှုပ်ရှားစရာ မလိုပါဘူး။ ကျွန်မတို့က ရှင့်ရဲ့ ရတနာတွေကို လုမလို့ မဟုတ်ပါဘူး။ ကိစ္စတစ်ခုကို မေးချင်ရုံပါပဲ”
ကျန်းရီ အတန်ငယ် စိတ်အေးသွားပြီး လက်ဆုပ်ကာ ပြန်ပြောလိုက်သည်။
“သခင်မလေးယဉ် မေးပါ...”
ယဉ်ရို့ပင်းက ပြုံး၍ မေးလိုက်သည်။
“သခင်လေး ချော်ရည်ကန်တစ်ကန်ကို မြင်မိပါသလား။ ဒါမှမဟုတ် ထူးထူးခြားခြား ပူနေတဲ့နေရာတစ်နေရာကို တွေ့မိပါသလား”
“ချော်ရည်ကန်နဲ့ ထူးထူးခြားခြား ပူနေတဲ့နေရာလား”
ကျန်းရီ စိတ်လှုပ်ရှားသွား၏။ အပြစ်ဆေးကြောဒေသထဲတွင် ထိုသို့သောနေရာတစ်ခု အမှန်ပင် ရှိနေခြင်းလော။ မီးမြွေသစ်ခွဟူသော အမည်အရ ထိုသစ်ခွသည် ချော်ရည်ကန်တွင် ရှိနေနိုင်သလော။ သူသည် တွေးတောလိုက်ပြီး ယဉ်ရို့ပင်း၏ မေးခွန်းကို ပြန်မဖြေဘဲ မေးခွန်းတစ်ခု ပြန်မေးလိုက်လေသည်။
“သခင်မလေးယဉ်... အဲ့ချော်ရည်ကန်ထဲမှာ ဝိညာဉ်ဆေးပင်တွေ ရှိပါသလား”
“အတင့်ရဲလိုက်တာ...”
လှပသော အမျိုးသမီးတစ်ယောက်က ဒေါသထွက်သွားပြီး အေးစက်စက် ပြောလိုက်သည်။
“မလိုအပ်တာတွေကို မမေးနဲ့။ မေးတာကိုပဲ ဖြေ”
ကျန်းရီသည် သူမကို အေးစက်စက် ပြန်ကြည့်လိုက်ပြီး နှာမှုတ်ကာ ယဉ်ရို့ပင်းကို ပြောလိုက်၏။
“သခင်မလေးယဉ်... သခင်မလေးရဲ့ မျိုးနွယ်ဝင်တွေက ဒီလိုပဲ ရိုင်းစိုင်းတာပဲလား”
“တောင်းပန်ပါတယ် သခင်လေး...”
ယဉ်ရို့ပင်း၏ မျက်ဝန်းများက အေးစက်သွားပြီး လှပသော အမျိုးသမီးကိုကြည့်ကာ ပြောလိုက်သည်။
“အစ်မရှင်း... အစ်မ ဒီလိုဆက်ပြုမူနေဦးမယ်ဆိုရင် ကျွန်မနောက်က မလိုက်ခဲ့နဲ့တော့”
အစ်မရှင်းဟုခေါ်သော အထွတ်အထိပ် ကောင်းကင်ဧကရာဇ်က တုန်လှုပ်သွားပြီး လျင်မြန်စွာ ဦးညွှတ်၍ ပြောလိုက်လေသည်။
“သခင်မလေး... ဒေါသမထွက်ပါနဲ့။ ကျွန်မ ထပ်မလုပ်ဝံ့တော့ပါဘူး”
ယဉ်ရို့ပင်းက ခေါင်းညိတ်လိုက်ပြီး ကျန်းရီကိုကြည့်ကာ ပြောလိုက်သည်။
“ကျွန်မက သခင်လေးကို မဖုံးကွယ်ထားချင်ပါဘူး။ ချော်ရည်ကန်မှာ တကယ်ပဲ ဆေးပင်တွေ အများကြီးရှိပါတယ်။ အဲ့က ဆေးပင်တွေက အပြင်ဘက်မှာ ရှာမတွေ့နိုင်တဲ့ဆေးပင်တွေပါ... ပြီးတော့ မယုံနိုင်လောက်အောင်လည်း အဖိုးတန်ပါတယ်။ မြေကြယ်ကြာပွင့်၊ နေ့မှိုနဲ့ မီးမြွေသစ်ခွတို့လို ဆေးပင်တွေပေါ့... တကယ်လို့ သခင်လေးကသာ ကျွန်မတို့ကို ချော်ရည်ကန်ရဲ့ တည်နေရာကို ပြောပြမယ်ဆို သခင်လေးကျေနပ်လောက်မယ့် ဆုလာဘ်တွေကို ချီးမြှင့်မှာပါ”
“မီးမြွေသစ်ခွက တကယ်ပဲ အဲ့မှာကိုး...”
ကျန်းရီ၏ မျက်လုံးများ အရောင်တောက်သွား၏။ ထို့နောက် သူ ခေါင်းငုံ့ကာ အချိန်အတော်ကြာ တွေးတောလိုက်သည်။ ပြီးမှ သူ ခေါင်းပြန်မော့၍ ပြန်ပြောလိုက်လေသည်။
“သခင်မလေးယဉ်... ချော်ရည်ကန်က ဘယ်မှာရှိလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အတူရှာလို့ရပါတယ်။ ချော်ရည်ကန်ကိုရှာဖို့ ကျွန်တော် သခင်မလေးကို ဦးဆောင်ပြီး ခေါ်သွားနိုင်ပါတယ်”
***