နံ့သာသခင်မမျိုးနွယ်
Vol. 65 Ch. 905
ကျန်းရီ၏ ယဉ်ရို့ပင်းအပေါ် အမြင်က အမြဲကောင်းခဲ့သည်။ နတ်မြင်းပျံနယ်မြေ၏ သဲမြေမြို့တွင် သူသည် ယဉ်ရို့ပင်း၏ ခြံဝန်းအနီးရှိ ခြံဝန်းတွင် နေခဲ့သည်။ ထိုစဉ်က သူသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ သူမ၏ ကျင့်ကြံခြင်းကို စူးစမ်းခဲ့ပေသည်။ ယဉ်ရို့ပင်းသည် ထိုအကြောင်းကို သိခဲ့သော်လည် လူလွှတ်၍ သူ့ကို မသတ်ခိုင်းခဲ့ချေ။ ယင်းအချက်ဖြင့်ပင် ထိုသခင်မလေးက ကြင်နာတတ်သူတစ်ယောက်ဖြစ်ကြောင်း သက်သေပြရန် လုံလောက်ပြီဖြစ်သည်။ ယဉ်ရို့ပင်းနေရာတွင် အခြားမျိုးနွယ်ကြီးတစ်ခုမှ သခင်မလေးတစ်ယောက်ဖြစ်ပါက သူမသည် သူ့ကို သတ်ရန် ကြိုးစားခဲ့ပေလိမ့်မည်။
ယခင်က သခင်မလေးရို့ပင်းသည် ခြံဝန်းထဲတွင် ခြေဗလာဖြင့် ကခုန်ခဲ့၏။ ရလဒ်အနေဖြင့် ခြံဝန်းထဲတွင် မရေမတွက်နိုင်သော ပန်းများ ဖူးပွင့်လာခဲ့လေသည်။ ထိုမြင်ကွင်းက ကျန်းရီ၏ စိတ်ထဲတွင် စွဲထင်နေဆဲပင်။ သူ့အမြင်တွင် ပန်းပေါင်းတစ်ရာ ဖူးပွင့်အောင် လုပ်နိုင်သော မိန်းမပျိုတစ်ယောက်သည် သေချာပေါက် စိတ်ကောင်းလည်းရှိလိမ့်မည်ဟု မြင်ပေသည်။
အစောက ကျန်းရီ ရိုင်းပြစွာ မေးလိုက်စဉ်ကပင် ယဉ်ရို့ပင်းသည် ဒေါသမထွက်သွားဘဲ သူ၏မေးခွန်းကို မချွင်းမချန် ပြန်ဖြေပေးခဲ့ပေသည်။ ထို့ပြင် သူမက သူမ၏အစေခံကိုလည်း ဆုံးမလိုက်သဖြင့် ကျန်းရီ၏ သူမအပေါ်အမြင်က ပို၍ပင် ကောင်းမွန်သွားလေသည်။ ထို့ကြောင့် သူသည် သူမနှင့် ပူးပေါင်းလုပ်ဆောင်ရန် အကြံရလိုက်ခြင်းပင်။
ပူးပေါင်းမှု၏ ရည်ရွယ်ချက်မှာ မီးမြွေသစ်ခွကို ရနိုင်ရန် ဖြစ်သည်။ ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်းဖြင့် မိုင်တစ်ထောင်ပတ်လည်အတွင်းမှ အခြေအနေများကို ထောက်လှမ်းနိုင်၏။ ထို့ကြောင့် သူ ချော်ရည်ကန်ကို အလွယ်တကူ ရှာနိုင်ပေလိမ့်မည်။ ထို့ပြင် ယဉ်ရို့ပင်းက ပညာရှင်ဆယ်ယောက်ကို ခေါ်ဆောင်လာသဖြင့် သူမတို့နှင့်အတူ ခရီးသွားရခြင်းက အလွန်လုံခြုံမှုရှိမည်ဖြစ်သည်။ သူတို့အားလုံးက ချော်ရည်ကန်ကို ရှာနေခြင်းဖြစ်ရာ အဘယ်ကြောင့် မပူးပေါင်းဘဲ နေရမည်နည်း။
ယဉ်ရို့ပင်းသည် ယခုအထိ သူ့ကို မမှတ်မိသေးသဖြင့် ကျန်းရီ စိတ်အေးနေပေသည်။ သူသည် ယဉ်ရို့ပင်းနှင့် အကြိမ်အနည်းငယ် တွေ့ခဲ့ဖူး၏။ ထို့ကြောင့် သူမသည် သူ့ကို ယခု သံသယမဝင်လျှင် နောက်တွင်လည်း သေချာပေါက် သံသယဝင်မည် မဟုတ်ပေ။
“ဟွန်း...”
အစ်မရှင်းသည် ကျန်းရီက ပူးပေါင်းလိုသည်ဟု ပြောလိုက်သည်ကို ကြားလိုက်သောအခါ နှာမှုတ်လိုက်ပြီး သူ့ကို လှောင်ရန် ဟန်ပြင်လိုက်၏။ သို့သော် ယဉ်ရို့ပင်းက လှမ်းကြည့်လိုက်သဖြင့် သူမ ချက်ချင်း ပါးစပ်ပိတ်လိုက်လေသည်။ ထို့နောက် ယဉ်ရို့ပင်းက ကျန်းရီကိုကြည့်ကာ ပြောလိုက်သည်။
“ဒီကသခင်လေးက ဘယ်လို ပူးပေါင်းချင်တာပါလဲ။ သခင်လေးက ချော်ရည်ကန်ကို ရှာတွေ့လိမ့်မယ်လို့ ဘယ်လို အာမခံနိုင်ပါသလဲ”
ကျန်းရီ၏ ကောင်းကင်နားလည်သိမြင်ခြင်းအကြောင်းကို မည်သူမှ မသိပေ။ ကျန်းရီသည် မစိုးရိမ်သည့်ဟန်ဖြင့် ပြန်ပြောလိုက်၏။
“ရိုးရှင်းပါတယ်... ကျွန်တော့်ရဲ့ ကောင်းကင်စိတ်အာရုံက အရမ်းစွမ်းအားကြီးလို့ မိုင်တစ်ထောင်ပတ်လည်အတွင်း ထောက်လှမ်းနိုင်ပါတယ်။ အဲ့လိုဆိုရင် ချော်ရည်ကန်ကို ရှာတွေ့နိုင်ခြေက ပိုများလာမယ်မဟုတ်လား”
“မိုင်တစ်ထောင်... သခင်လေး သေချာရဲ့လား”
ယဉ်ရို့ပင်းက အံ့အားသင့်သွားပြီး အစ်မရှင်းနှင့် အခြားသူများကလည်း မယုံနိုင် ဖြစ်သွားကြသည်။ အစ်မရှင်းသည် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ဖြစ်ပြီး အလယ်အလတ်အဆင့် တာအိုပုံသဏ္ဌာန်များကိုလည်း သိမြင်နားလည်ထားသဖြင့် စွမ်းအားကြီးသူတစ်ယောက်ဟု ဆိုနိုင်ပေသည်။ ထို့ပြင် သူမသည် ဧကရာဇ်ကိုးပါးမျိုးနွယ်စုတွင် မွေးဖွားလာခဲ့သူဖြစ်၍ သူမ၏စိတ်ဝိညာဉ်က စွမ်းအားကြီးကြောင်း ပြောနေရန်ပင် မလိုချေ။ သို့သော် သူမသည်ပင် ဤဒေသထဲ၌ ဆယ်မိုင်ပတ်လည်ကိုသာ ထောက်လှမ်းနိုင်ပေသည်။
ကျန်းရီက ပခုံးတွန့်ကာ အရေးမကြီးဟန်ဖြင့် ပြန်ပြောလိုက်သည်။
“ယုံတာ၊ မယုံတာကတော့ သခင်မလေးတို့ သဘောပါပဲ”
ယဉ်ရို့ပင်းတစ်ယောက် တိတ်ဆိတ်သွားပြီး ခေါင်းငုံ့ကာ တွေးတောလိုက်လေသည်။ သို့သော် ဘေးမှ အစ်မရှင်းက စိတ်မြန်သူတစ်ယောက်ဖြစ်၍ စိတ်မရှည်နိုင်တော့ဘဲ ဝင်ပြောလိုက်လေသည်။
“အဲ့ဒါကို ရှင် သက်သေပြရမှာပေါ့။ မဟုတ်ရင် ကျွန်မတို့က ဘယ်လိုလုပ် ရှင့်ကို ယုံနိုင်မှာလဲ။ ကျွန်မတို့နောက်မှ ဘယ်သူတွေ ရှိနေတယ်ဆိုတာကို ရှင် ထောက်လှမ်းနိုင်လား”
ယဉ်ရို့ပင်းက မည်သို့မှ ဝင်မပြောပေ။ ထို့ကြောင့် သူမသည်လည်း အစ်မရှင်း၏ မေးခွန်းကို သဘောတူကြောင်း ထင်ရှားပေသည်။ ကျန်းရီသည် ယဉ်ရို့ပင်းကို စိုက်ကြည့်ကာ ပြောလိုက်၏။
“သခင်မလေး ကျွန်တော့်ရဲ့ လုံခြုံမှုကို အာမခံပေးနိုင်ပါသလား”
“ကျွန်မ အာမခံပါတယ်”
ယဉ်ရို့ပင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“သခင်လေးရဲ့ လုံခြုံမှုကို အာမခံပေးမယ်လို့ ကျွန်မရဲ့ ယင်မျိုးနွယ်မျိုးဆက်ဆိုတဲ့ အဆင့်အတန်းပေါ်မှာ ကျိန်ဆိုပါတယ်”
“ကျွန်တော် သခင်မလေးကို ယုံပါတယ်”
ကျန်းရီသည် ယဉ်ရို့ပင်း၏ လှပသော မျက်လုံးများကို ကြည့်ကာ တင်ပျဉ်ခွေထိုင်လိုက်ပြီး ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်လိုက်လေသည်။ ခေတ္တမျှကြာပြီးနောက် သူ မျက်လုံးများ ပြန်ဖွင့်ကာ ပြောလိုက်သည်။
“သခင်မလေးတို့နောက်ဘက် မိုင်ဒါဇင်ကျော်အကွာမှာ သိုင်းသမားတစ်စု ရှိနေတယ်။ အင်း... ကြည့်ရတာ သူတို့က ရှစ်မျိုးနွယ်ကလူတွေ ထင်တယ်”
“အာ...”
ယဉ်ရို့ပင်နှင့် အခြားသူများ အံ့အားသင့်သွား၏။ ထို့နောက်ချက်ချင်းပင် သူမတို့၏ မျက်လုံးများ တောက်ပလာလေသည်။ ယဉ်ရို့ပင်းက ပွင့်လင်းသောဟန်ပန်ဖြင့် ပြောလိုက်၏။
“သခင်လေးရဲ့ စွမ်းရည်က ပြောင်မြောက်ပါပေတယ်။ သခင်လေးလိုချင်တာကိုသာ ပြောပါတော့”
ကျန်းရီသည် ကြိုတွေးထားပြီးဖြစ်၍ ချက်ချင်း ပြန်ပြောလိုက်သည်။
“ကျွန်တော်က မြေကြယ်ကြာပွင့်တစ်ပွင့်နဲ့ မီးမြွေသစ်ခွတစ်ပွင့်ပဲ လိုချင်တာပါ။ ပြီးတော့ ကျွန်တော့်ရဲ့လုံခြုံရေးကိုလည်း သခင်မလေးတို့ အာမခံပေးစေချင်ပါတယ်။ ချော်ရည်ကန်နဲ့ ဝိညာဉ်ဆေးပင်တွေကို ရှာတွေ့ပြီးလို့ ကျွန်တော် ထွက်သွားချင်တယ်ဆိုရင် သခင်မလေးတို့ ကျွန်တော့်ကို တားဆီးတာမျိုး၊ လိုက်ဖမ်းတာမျိုး လုပ်လို့မရပါဘူး။ လမ်းတစ်လျှောက်မှာ ရတနာတွေ ရှာတဲ့အခါ ကျွန်တော်ရှာတွေ့တဲ့ရတနာတွေကို သခင်မလေးတို့ လုမယူရပါဘူး”
ယဉ်ရို့ပင်းက ခပ်ရေးရေးပြုံးကာ ပြောလိုက်သည်။
“သဘောတူပါတယ်... ယဉ်မျိုးနွယ်က ပေးပြီးသားကတိကို ဘယ်တုန်းကမှ မဖျက်တတ်ပါဘူး။ သခင်လေး မစိုးရိမ်ပါနဲ့... အရှေ့ဘက် တော်ဝင်နယ်မြေမှာ ရို့ပင်းရဲ့ ဂုဏ်သတင်းက အတော်လေး ကောင်းပါတယ်”
“ဒါပေါ့...ဒါပေါ့...”
ကျန်းရီက ခေါင်းညိတ်လိုက်ပြီး အစ်မရှင်းနှင့် အခြားသူများကိုကြည့်ကာ ပြောလိုက်သည်။
“နောက်တစ်ခုရှိတာက... သခင်မလေးရဲ့ လူတွေကို ကျွန်တော့်ကို မနှောင့်ယှက်ဖို့ ပြောထားပေးပါ။ ကျွန်တော်က မိန်းမတွေကို မကြိုက်ပါဘူး”
“ဘာ...”
အစ်မရှင်းနှင့် အခြားသူများသည် ဒေါသထွက်ကာ ကြက်သီးများထသွားကြ၏။ ယဉ်ရို့ပင်း၏ ချစ်စဖွယ်မျက်နှာလေးသည်လည်း နီမြန်းသွား၏။ သူမ ခေါင်းလှည့်၍ မျက်နှာလွှဲလိုက်သောအခါ သူမ၏နားရွက်လေးများပင် နီရဲနေသည်ကို တွေ့လိုက်ရလေသည်။
“ဟီးဟီး...”
ကျန်းရီသည် ဤမြို့ပျက်တွင် ရှာဖွေပြီးပြီဖြစ်၍ ပြုံး၍ တင်ပျဉ်ခွေထိုင်လိုက်ပြီး ကောင်းကင်နားလည်သိမြင်ခြင်းကို ထပ်မံထုတ်လိုက်၏။ ထို့နောက်တွင် သူ လက်ဝှေ့ယမ်းကာ ပြောလိုက်လေသည်။
“သွားကြစို့... အရှေ့မြောက်ဘက် မိုင်ငါးရာအကွာမှာ မြို့ကြီးတစ်မြို့ရှိတယ်။ အဲ့မြို့မှာ ဘယ်သူမှ မရှာရသေးဘူးထင်တယ်”
“ကောင်းပါပြီ...”
ယဉ်ရို့ပင်း၏ မျက်နှာလေးက ပြန်၍ဣန္ဒြေရနေပြီဖြစ်သည်။ သူမ ချိုသာစွာ အော်ပြောလိုက်၏။
“သွားကြစို့.... အစ်မရှင်းက လမ်းကြောင်းရှင်းပေးပါ”
အစ်မရှင်း၏ ခန္ဓာကိုယ်က တောက်ပသွား၏။ ထို့နောက် သူမ မြောက်ဘက်သို့ ဦးတည်သွားလိုက်လေသည်။ ကျန်အမျိုးသမီးများက ကျန်းရီနှင့် ယဉ်ရို့ပင်းကို အလယ်တွင်ထား၍ ဝန်းရံလိုက်ကြသည်။ ယဉ်ရို့ပင်းသည် ကျန်းရီက သူမကို လုပ်ကြံမည်ကို မစိုးရိမ်ဘဲ ကျန်းရီ၏ဘေးတွင်ရပ်ကာ ပြောလိုက်၏။
“သခင်လေး... ကျွန်မတို့နဲ့အတူ အရှေ့ကိုသွားပါ”
ရွှီး...
အရှေ့ဆုံးရှိ အစ်မရှင်းက အဝါရောင်အလင်း တောက်ပလာသည်။ သူမ၏ နတ်ဘုရားဒိုင်းက ဝါဖျော့ဖျော့အရောင်အဖြစ် ပြောင်းလဲသွားခြင်းပင်။ ၎င်းက အဆက်မပြတ် ပြန့်ကားနေ၏။ ၎င်းသည် သူမကို ရစ်သိုင်းထားသော အလွှာများစွာပါသည့် ပိုးအိမ်တစ်ခုကဲ့သို့ပင်။ ထို့နောက် သူမ၏ခန္ဓာကိုယ်က သက်တန့်အလင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မြို့ပျက်ထဲမှ ပျံထွက်ကာ အရှေ့သို့ လျင်မြန်စွာ ဦးတည်သွားလိုက်လေသည်။
ရွှီး...ရွှီး...ရွှီး...
အစ်မရှင်း၏ အဝါဖျော့ရောင် နတ်ဘုရားဒိုင်းက အဆက်မပြတ် လင်းလက်နေ၏။ ထိုဒိုင်းသည် အရှေ့ရှိ ဝိညာဉ်လေများ၏ တိုက်ခိုက်မှုများကို ခံနေရကြောင်း ထင်ရှားပေသည်။ သို့သော် သူမ၏နတ်ဘုရားဒိုင်းက လင်းလက်ရုံသာ လင်းလက်လာပြီး မထိခိုက်သွားသဖြင့် ကျန်းရီ အံ့အားသင့်နေလေသည်။ သူမက အရှေ့သို့ လျင်မြန်စွာ သွားနေပြီး ဝိညာဉ်လေးများအားလုံးက ဘေးသို့ တွန်းထုတ်ခံနေရသည်။ သူမသည် အားလုံးရှေ့သို့တိုးနိုင်ရန် လမ်းကြောင်း ရှင်းပေးနေခြင်းပင်။
ကျန်အမျိုးသမီးကိုးယောက်သည် သူမတို့၏ နတ်ဘုရားဒိုင်းများကိုထုတ်၍ ယဉ်ရို့ပင်နှင့် ကျန်းရီတို့၏ ဘေးဘက်ကို ကာကွယ်ပေးနေကြသည်။ ဘေးသို့ရောက်သွားသည့် ဝိညာဉ်လေများကို ထိုအမျိုးသမီးကိုးယောက်၏ နတ်ဘုရားဒိုင်းများက ကာပေးမည်ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်လေများသည် ယဉ်ရို့ပင်းနှင့် ကျန်းရီတို့ကို တိုက်ခိုက်နိုင်ရန် အခွင့်အရေးရမည် မဟုတ်ပေ။
“အဲ့ဒါက မြေဓာတ်တာအိုပုံသဏ္ဌာန်လား။ ကြယ်အဆင့်ဘယ်လောက်လဲ”
ကျန်းရီသည် အရှေ့ဆုံးရှိ အစ်မရှင်းကိုကြည့်၍ စိတ်ဝင်တစား မေးလိုက်သည်။ သူမ၏ နတ်ဘုရားဒိုင်း၏ ခုခံစွမ်းအားက အလွန်ကြီးပေသည်။ သူ၏မိုးကြိုးအမျက်ပင် ထိုနတ်ဘုရားဒိုင်းကို ဖျက်ဆီးနိုင်လောက်မည် မဟုတ်ချေ။
“အဲ့ဒါက တာအိုပုံသဏ္ဌာန်မဟုတ်ပါဘူး... ရတနာတစ်ခုရဲ့အစွမ်းပါ”
ယဉ်ရို့ပင်းက ရှင်းပြလိုက်သည်။
“အစ်မရှင်းက စွမ်းအားကြီးတဲ့ တာအိုပုံသဏ္ဌာန်တစ်ခုကိုမှ မတတ်ပါဘူး။ အဲ့ဒါက နတ်ဘုရားဒိုင်းနဲ့ တွဲသုံးလို့ရတဲ့ ဝိညာဉ်ချိတ်ဆက် မူလရတနာတစ်ခုရဲ့ အစွမ်းပါ။ အဲ့ဒါကြောင့် ခုခံစွမ်းအားက တော်တော်လေးကောင်းနေတာ”
“ဪ...အဲ့လိုကိုး...”
ကျန်းရီ ခေါင်းညိတ်လိုက်၏။ ထိုအစ်မရှင်းသည် အသက်(၃၀)ပင် မပြည့်လောက်သေးပေ။ အကယ်၍ သူမသည် စွမ်းအားကြီးတာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်ထားလျှင် သူမ၏အမည်က လောကတစ်ခွင်လုံးတွင် ကျော်ကြားနေပေလိမ့်မည်။ ထို့ပြင် သူမသည် ယဉ်ရို့ပင်း၏ ကိုယ်ရံတော်တစ်ယောက်လည်း ဖြစ်နေမည် မဟုတ်ပေ။
ခေတ္တကြာပြီးနောက် ကျန်းရီက စိတ်ဝင်တစား ထပ်မေးလိုက်၏။
“သခင်မလေးယဉ်... အပြစ်ဆေးကြောဒေသအပြင်ကို ပြန်ရောက်ရင် မှတ်ဉာဏ်တွေ ဖျက်ပစ်ခံလိုက်ရမှာ မဟုတ်လား။ ဘာလို့ သခင်မလေးက ဒီဒေသထဲမှာ ချော်ရည်ကန်တစ်ကန်ရှိနေတာရယ်၊ အဲ့ကန်မှာ ဝိညာဉ်ဆေးပင်တွေ ရှိနေတာရယ်ကို သိနေရတာလဲ”
“အာ...”
အမျိုးသမီးကိုယ်ရံတော် ကိုးယောက်စလုံး မျက်လုံးပင့်လိုက်၏။ ယဉ်ရို့ပင်းကလည်း ခါးသက်သက်ပြုံးကာ ပြန်ဖြေလိုက်သည်။
“သခင်လေး... မှတ်ဉာဏ်တွေက ဖျက်ပစ်ခံရမှာဆိုပေမယ့် တချို့အရာတွေကို ချရေးထားလို့ရတယ်လေ... ဟုတ်တယ်မလား။ ဒီဒေသထဲကို ယဉ်မျိုးနွယ်က လူတွေအများကြီး ဝင်ခဲ့ဖူးတယ်... အဲ့တော့ သတင်းအချက်အလက်တချို့ကို သိနေတာ မထူးဆန်းပါဘူး”
ကျန်းရီတစ်ယောက် မျက်နှာထားအိုးတိုးအန်းတန်း ဖြစ်သွား၏။ ထို့နောက် သူ နှာခေါင်းပွတ်ကာ ရှက်ရယ် ရယ်လိုက်လေသည်။
“ဟီးဟီး... ကျွန်တော်က နည်းနည်းတုံးတယ်၊ အဲ့လိုလုပ်လို့ရတာကို မတွေးမိဘူး။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အရှက်ရစေမိပါပြီ”
“အဟင်း...”
ယဉ်ရို့ပင်းက တစ်ချက်ပြုံးလိုက်ပြီး စိတ်ဝင်တစား မေးလိုက်သည်။
“သခင်လေးရဲ့ မျိုးနွယ်နာမည်က ဘာပါလဲ။ သခင်လေးရဲ့မျိုးနွယ်က ဘယ်မှာ တည်ရှိတာပါလဲ”
ကျန်းရီ ယဉ်ရို့ပင်းကို တစ်ချက်ကြည့်လိုက်၏။ ယဉ်ရို့ပင်းတွင် အခြားမည်သည့်အကြံမှမရှိဘဲ အာလာပသလာပအနေဖြင့်သာ မေးလိုက်ခြင်းဖြစ်ကြောင်း ကျန်းရီ သိလိုက်သည်။ ထို့ကြောင့် သူ တုံ့ဆိုင်းခြင်း မရှိဘဲ ပြန်ဖြေလိုက်၏။
“ကျွန်တော့်မျိုးနွယ်နာမည်က ‘ပိုင်’ပါ။ ကျွန်တော့်နာမည်က ပိုင်ရီပါ။ ကျွန်တော်တို့မျိုးနွယ်က ကောင်းကင်ဒေသမှာ တည်ရှိပါတယ်... ဒီအတိုင်း မထင်မရှား မျိုးနွယ်လေးတစ်ခုပါ”
“ပိုင်ရီ...”
ယဉ်ရို့ပင်းက တီးတိုးရေရွတ်လိုက်သည်။ အခြားအမျိုးသမီးများကမူ အရေးမစိုက်ပေ။ သူမတို့သည် ‘ပိုင်’ဟု အမည်ရသည့် မျိုးနွယ်ကြီးမျိုးကို မကြားဖူးကြပေ။
ဝှစ်...ဝှစ်...
တစ်နာရီကြာပြီးနောက် အေးချမ်းနေသော ခရီးစဉ်က နှောင့်ယှက်ခံလိုက်ရပေသည်။ အရှေ့မှနေ၍ စူးရှသော လေခွင့်သံတစ်သံ ထွက်ပေါ်လာ၏။ အစ်မရှင်း ရပ်တန့်လိုက်သည်။ သူမ၏ မျက်နှာထားက တင်းမာနေ၏။ ကျန်အမျိုးသမီးကိုးယောက်ကလည်း သူမတို့၏ လက်နက်များကို ဆွဲထုတ်လိုက်ကြသည်။ ယဉ်ရို့ပင်း၏ လက်ထဲတွင်လည်း လှပသော အဖြူရောင်လေးတစ်စင်း ထွက်ပေါ်လာ၏။ သူမသည် အတွင်းအား လှည့်ပတ်လိုက်ပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်လေ၏။
“အာ...”
ကျန်းရီသည် ယဉ်ရို့ပင်း အတွင်းအားလှည့်ပတ်လိုက်သောအခါ သူမ၏ခန္ဓာကိုယ်မှ ထွက်လာသော အမွေးနံ့ခပ်ရေးရေးတစ်ခုကို ရလိုက်၏။ ထိုရနံ့က သူ့အဆုပ်အတွင်းသို့ ဝင်ရောက်သွားပြီး သူ့ကို ယစ်မူးသွားစေလေသည်။ သူ့ခန္ဓာကိုယ်ကလည်း မယုံနိုင်လောက်အောင် သက်တောင့်သက်သာ ဖြစ်သွားသည်။ သူသည် အေးသောဆောင်းတွင်းအချိန်တွင် ရေပူစမ်းတစ်ခု၌ စိမ်လိုက်ရသလိုမျိုး ခံစားလိုက်ရ၏။ ထို့ပြင် သူ့စိတ်ဝိညာဉ်က တဖြည်းဖြည်း ကြီးမားလာပုံပေါ်သည်ဟုလည်း သူ ခံစားနေရပေသည်။
‘နံ့သာသခင်မမျိုးနွယ်”
ကျန်းရီ၏ မျက်လုံးများ တောက်ပသွား၏။ ယဉ်ရို့ပင်း သဲမြေမြို့ရှိ ခြံဝန်းထဲတွင် ကခဲ့စဉ် ပန်းပေါင်းတစ်ရာ ဖူးပွင့်လာသည်ကို သူ ပြန်အမှတ်ရသွားသည်။ သူသည် သူမကိုယ်မှ ထွက်ပေါ်လာသော မွှေးရနံ့ကို ရှူရှိုက်ရင်း ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွား၏။ ထိုယဉ်ရို့ပင်းက ထိပ်တန်းနတ်ဘုရားမီးဖိုဆယ်လုံးဟု တင်စားသည့် ထိပ်တန်းမျိုးနွယ်ဆယ်ခုထဲမှ နံပါတ်(၂)မျိုးနွယ် ဖြစ်ပေလိမ့်မည်။
***