← Chapters

ဒါက လှည့်ကွက်တစ်ခုပဲ

Vol. 65 Ch. 906

ဒါက လှည့်ကွက်တစ်ခုပဲ

Vol. 65 Ch. 906

နံ့သာသခင်မမျိုးနွယ်သည် ထိပ်တန်းနတ်ဘုရားမီးဖိုဆယ်လုံးထဲမှ နံပါတ်(၂)ဖြစ်သည်။ ထိုမျိုးနွယ်တွင် သဘာဝမွှေးရနံ့တစ်ခု ရှိ၏။ ထိုမျိုးနွယ်၏ အပျိုစင်ယင်ဓာတ်ကို ရရှိလျှင် ကျင့်ကြံသူတစ်ယောက်သည် ကောင်းကင်ဧကရာဇ် ပထမအဆင့်မှနေ၍ တတိယအဆင့်သို့ ရောက်သွားနိုင်ပေသည်။ ယင်းမျိုးနွယ်က တူနှစ်ကိုယ်ကျင့်ကြံခြင်းအတွက်တော့ အသုံးမဝင်ချေ။ သို့သော် သူမတို့၏ ခန္ဓာကိုယ်မွှေးရနံ့ကို မပြတ်ရှူရှိုက်ရလျှင် စိတ်ဝိညာဉ် သန်မာလာနိုင်ပေသည်။ တိုးတက်နှုန်းကလည်း အလွန်အံ့အားသင့်ဖွယ်ကောင်းသည်ဟူသော ကောလာဟလများလည်း ရှိလေသည်။

အထက်ပါအကြောင်းများကို လိပ်ပြာသခင်မမျိုးနွယ်၏ ဟူတန်နီက ပြောပြခဲ့ခြင်းပင်။ အားလုံးက ထိုအကြောင်းများကို သိသည်ဟု သူမကပြောခဲ့၏။ သူမတွင် လိမ်ရန်အကြောင်းမရှိဟု ကျန်းရီ ယုံကြည်ပေသည်။ ကျန်းရီသည် နံပါတ်(၅)အဆင့်သာရှိသည့် လိပ်ပြာသခင်မမျိုးနွယ်၏ အထိအတွေ့ကို ကိုယ်တိုင်ခံစားခဲ့ပြီးပြီ မဟုတ်ပါလား။

ယခုတွင် ယဉ်ရို့ပင်းက သူမ၏ နတ်ဘုရားဒိုင်းကို ထုတ်လိုက်ပြီး အတွင်းအားလှည့်ပတ်လိုက်သဖြင့် မွှေးရနံက ပိုစူးရှလာပေသည်။ ကျန်းရီ၏ ယူဆချက် မှန်ကန်ပေသည်။ သူသည် သူ၏စိတ်ဝိညာဉ်က တဖြည်းဖြည်း ပိုသန်မာလာသည်ကို ခံစားနေရ၏။ တိုးတက်နှုန်းက နှေးသော်လည်း ယင်းသို့ဖြစ်ခြင်းမှာ ယဉ်ရို့ပင်းက သူမခန္ဓာကိုယ်မှ မွှေးရနံ့ကို ဖုံးကွယ်ထားရန် ကြိုးစားနေခြင်းကြောင့်ပင်။

နံ့သာသခင်မမျိုးနွယ်...

ကျန်းရီ စိတ်လှုပ်ရှားသွား၏။ နံ့သာသခင်မမျိုးနွယ်မှ အမျိုးသမီးများသည် လောကအတွင်းရှိ ယောက်ျားအားလုံး၏ အိပ်မက်ပင်။ ထိုအမျိုးသမီးတစ်ယောက်သာ အနားတွင်ရှိလျှင် ကျင့်ကြံသူ၏ စိတ်ဝိညာဉ်က အလိုလို သန်မာလာမည်ဖြစ်သည်။ ယင်းက အမှန်ပင် အံ့အားသင့်စရာ ကောင်းပေသည်။

‘သူက ဧကရာဇ်ကိုးပါးမျိုးနွယ်စုကပဲ။ ကျန်းရီ သတိကပ်စမ်း... မဟုတ်ရင် မင်း ကိုယ့်သေတွင်းကိုယ်တူးမိသလို ဖြစ်သွားလိမ့်မယ်’

ကျန်းရီ၏ စိတ်ဝိညာဉ်တုန်ခါသွား၏။ သူ အသိပြန်ကပ်သွားသည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ လူများ၏ အမြင်တွင် သူက သတ်ပစ်ရမည့်သူတစ်ယောက်ဖြစ်သည်။ အကယ်၍ သူ၏မကောင်းသော အတွေးများကြောင့် သူမည်သူဖြစ်ကြောင်း ပေါ်သွားလျှင် ယဉ်ရို့ပင်း၏လူများက သူ့ကို ချက်ချင်းသတ်ပစ်ပေလိမ့်မည်။

ကျန်းရီ၏မျက်လုံးများ ပြန်ရှင်းလင်းသွားသည်။ သူ အဝေးသို့ ကြည့်လိုက်ပြီး သူ၏ ကောင်းကင်စိတ်အာရုံကိုထုတ်လွှတ်ကာ ယဉ်ရို့ပင်းတို့ကိုပင် ထိတ်လန့်သွားအောင် လုပ်နိုင်သူများမှာ မည်သူများနည်းဟု အာရုံခံလိုက်လေသည်။

“အာ...”

ယဉ်ရို့ပင်းသည် မျက်လုံးစွန်းမှနေ၍ ကျန်းရီ၏မျက်ဝန်းများ ပြန်ရှင်းလင်းလာသည်ကို တွေ့လိုက်၏။ ဘေးမှ အမျိုးသမီးကိုးယောက်ကလည်း ထိုအခြင်းအရာကို တွေ့လိုက်သည်။ သူမတို့အားလုံး အံ့အားသင့်သွားကြ၏။ ကျန်းရီသည် မွှေးရနံကို ရှူမိလိုက်ပြီး ခန္ဓာကိုယ်တုန်ယင်သွားကာ မျက်လုံးများ အရောင်တောက်လာခဲ့လေသည်။ သူက ယဉ်ရို့ပင်း၏ ထူးခြားသော ဝိညာဉ်ခန္ဓာကိုယ်ကို ခန့်မှန်းမိသွားခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။ သို့သော် သူသည် ဤမျှမြန်မြန် ပြန်ဣန္ဒြေဆည်နိုင်လိမ့်မည်ဟု သူမတို့ မမျှော်လင့်ထားကြချေ။ သူက အမှန်ပင် ယောက်ျားများကိုသာ စိတ်ဝင်စားသူလော။ သို့မဟုတ် သူ၏အောက်ပိုင်းက မသန်စွမ်းခြင်းလော။

ယဉ်ရို့ပင်းသည် အမှန်ပင် နံ့သာသခင်မမျိုးနွယ်မှ ဖြစ်ပြီး ထိုအကြောင်းကို မျိုးနွယ်ကြီးများ၏ မျိုးဆက်များက သိရှိထားပေသည်။ ယင်းက လျှို့ဝှက်ချက် မဟုတ်ပေ။ သို့သော် ထိုအကြောင်းကို အပြင်လောကကိုတော့ မကြေညာထားချေ။ ယဉ်ရို့ပင်းသည် သာမန်အခြေအနေများတွင် သူမခန္ဓာကိုယ်မှ မွှေးရနံ့ကို အလွန်ကောင်းစွာ ဖုံးကွယ်ထားသဖြင့် သာမန်လူများသည် ထိုမွှေးရနံ့ကို အနံ့ခံနိုင်မည် မဟုတ်ပေ။

“အဲ့လူတွေက ဘယ်မျိုးနွယ်က လူတွေလဲ။ ဘာလို့ ယဉ်ရို့ပင်းတို့က ဒီလောက်စိတ်လှုပ်ရှားနေရတာလဲ”

ကျန်းရီသည် သူ့ကို ကြည့်နေသော အကြည့်များကို လျစ်လျူရှုလိုက်ပြီး ပျံသန်းလာသော လူသုံးဆယ်ကျော်ထံသို့ ကောင်းကင်စိတ်အာရုံ ပို့လွှတ်လိုက်လေသည်။ သူတို့အားလုံးက အလွန်စွမ်းအားကြီးကြ၏။ ထို့ပြင် သူတို့ထဲတွင် အနည်းဆုံး အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ခုနစ်ယောက်၊ ရှစ်ယောက် ပါလာပေသည်။ ထိုလူများက သူတို့ကို တွေ့ရှိသွားကြောင်း ထင်ရှား၏။ သူတို့သည် ကြောက်မက်ဖွယ် အရှိန်အဝါများဖြင့် လျင်မြန်စွာ ပျံသန်းလာနေလေသည်။

“သူတို့က ရန်သူတွေလား။ သခင်မလေးတို့ရဲ့ မျိုးနွယ်ကိုတောင် ဆန့်ကျင်နိုင်တယ်ဆိုတော့ သူတို့ကလည်း အတော်လေးအာဏာရှိတဲ့ မျိုးနွယ်ကပဲ ဖြစ်မယ်... ဟုတ်လား”

ကျန်းရီသည် စိတ်ဝင်စားသောလေသံဖြင့် နူးညံ့စွာ မေးလိုက်၏။

ယဉ်ရို့ပင်းက အတန်ငယ် ချီတုံချတုံ ဖြစ်နေပြီးမှ ရှင်းပြလိုက်သည်။

“အဲ့လူတွေက ‌ရှေးဟောင်း စစ်မျိုးနွယ်ကပါ။ အခုလာနေတဲ့ အရူးက စစ်ဖုန်းထျန်းပဲ။ စစ်မျိုးနွယ်နဲ့ ကျွန်မတို့မျိုးနွယ်ကြားမှာ ရန်ငြိုးတစ်ခုရှိနေတာ အခုဆို နှစ်ထောင်ကျော်ပြီ။ ခဏနေရင် သတိထားပါ... တကယ်လို့ အခြေအနေ မကောင်းတော့ရင် ချက်ချင်း ထွက်ပြေးပါ။ စစ်ဖုန်းထျန်းက ကျွန်မကိုတော့ မသတ်ရဲဘူးဆိုပေမယ့်...”

ယဉ်ရို့ပင်းက ဆက်မပြောပေ။ သို့သော် ကျန်းရီ နားလည်သွားပေပြီ။ သူ သတိကပ်ထားလိုက်၏။ အရှေ့ဘက် တော်ဝင်နယ်မြေတွင် ဧကရာဇ်ကိုးပါးမျိုးနွယ်စုနှင့် ရန်သူဖြစ်ဝံ့သော စွမ်းအားကြီး ရှေးဟောင်းမျိုးနွယ်များ ရှိနေသည်လော။ သူ အလွန်စိတ်ဝင်စားနေပေသည်။

ဝှစ်...ဝှစ်...ဝှစ်...

အရှေ့မှ လူများက လျင်မြန်စွာ ရောက်ရှိလာ၏။ သူတို့အားလုံးသည် စုစုပေါင်း (၃၃)ယောက်ရှိပြီး ဆင်တစ်ကောင်ကဲ့သို့ တုတ်ခိုင်တောင့်တင်းသူများဖြစ်ကြသည်။ သူတို့ထဲတွင် အဝါရောင်ပန်းထိုးဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က အထင်ရှားဆုံးပင်။ သူ၏မျက်လုံးများက ရွှေရင့်ရောင်ဖြစ်ပြီး သူ၏မျက်နှာထားက အလွန်ခက်ထန်နေပေသည်။ သာမန်ကလေးများသည် သူ့ကို တွေ့လိုက်ရုံဖြင့် ကြောက်ရွံ့တုန်လှုပ်သွားနိုင်လေသည်။

“ဟီးဟီး... ယဉ်မျိုးနွယ်က အမျိုးသမီးတွေ... ထပ်တွေ့ကြပြန်ပြီနော်”

ရွှေရင့်ရောင်မျက်လုံးများနှင့် လူငယ်က ယဉ်ရို့ပင်း၏ သွယ်လျသောခန္ဓာကိုယ်လေးကို အကြိမ်အနည်းငယ် ကြည့်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

“အရင်တုန်းက မင်းက လူများတာကို အခွင့်ကောင်းယူပြီး ဒီသခင်လေးရဲ့ ခြေထောက်နှစ်ချောင်းစလုံးကို ချိုးသွားခဲ့တယ်။ ဒီတစ်ခေါက်တော့ တိုက်တိုက်ဆိုင်ဆိုင် ဒီသခင်လေးဘက်က လူပိုများနေတယ်။ ငါ မင်းရဲ့ ခြေထောက်တွေကို ချိုးပစ်ရမလား ဒါမှမဟုတ် မင်း ဒူးထောက်ပြီး အသနားခံတဲ့အထိ မင်းကို ရိုက်ရမလား”

ယဉ်ရို့ပင်းသည် ခံစားချက်မရှိသော မျက်နှာထားဖြင့် အသက်ကင်းမဲ့စွာ ရယ်လိုက်ပြီး ပြန်ပြောလိုက်သည်။

“စစ်ဖုန်းထျန်း... အရင်တုန်းက သင်ခန်းစာက ရှင့်အတွက် မလုံလောက်တဲ့ပုံပဲ။ ရှင်က ရှင့်ရဲ့အမှားတွေကနေပြီး သင်ခန်းစာ မယူနိုင်သေးဘူး။ ရှင် သင်ခန်းစာကောင်းကောင်း ယူနိုင်အောင် ကျွန်မ ရှင့်ရဲ့ လက်ကိုရော၊ ခြေကိုပါ ချိုးပစ်ပေးရမလား”

စစ်ဖုန်းထျန်း၏ မျက်နှာထားက တဖြည်းဖြည်း အေးစက်သွား၏။ သူ အော်ပြောလိုက်သည်။

“အပိုတွေ ပြောမနေနဲ့တော့။ အခွင့်အရေးရတဲ့အချိန်မှာ လက်စားမချေနိုင်ရင် ငါ ယောက်ျားဟုတ်တော့မှာ မဟုတ်ဘူး။ တိုက်ကြ”

ဝှစ်...ဝှစ်...ဝှစ်...

စစ်ဖုန်းထျန်းက အမိန့်ပေးလိုက်သည်နှင့် လူသုံးဆယ်ကျော်က သူတို့၏ လက်နက်များကို တစ်ပြိုင်တည်း ထုတ်လိုက်ကြသည်။ သူတို့သည် ပစ်မှတ်ကို စိုက်ကြည့်၍ တိုက်ခိုက်ရန် ဟန်ပြင်လိုက်၏။ ယဉ်ရို့ပင်းကလည်း အော်၍ အမိန့်ပေးလိုက်သည်။

“တိုက်ကြ...”

“အဲ့ကောင်က ရူးနေတာပါ။ သခင်လေးပိုင်ရီ မြန်မြန် ပြန်ဆုတ်သွားပါတော့”

ကျန်းရီ၏ စိတ်ထဲတွင် ပို့လွှတ်လိုက်သောအသံတစ်သံ ပဲ့တင်ထပ်လာ၏။ သူ စိတ်ထဲမှ ဆဲလိုက်ပြီး ချက်ချင်း ‌နောက်ဆုတ်လိုက်လေသည်။ ထို့နောက် သူ ကောင်းကင်စိတ်အာရုံကို အရှေ့သို့ ဆန့်တန်းလိုက်၏။ သို့သော် သူသည် သူတို့၏တိုက်ခိုက်မှုများကို အာရုံခံသည်မဟုတ်ဘဲ ကောင်းကင်နှင့်မြေကြီးအပေါ် သူတို့တိုက်ခိုက်မှုများ၏ သက်ရောက်မှုကို အာရုံခံလိုက်ခြင်းပင်။ သူသည် သက်ရောက်မှုကို အာရုံခံ၍ ထိုလူများ၏ ကြယ်အဆင့်ကို စူးစမ်းနေခြင်းဖြစ်သည်။

စူးစမ်းပြီးနောက် ကျန်းရီ အတန်ငယ် စိတ်အေးသွားသည်။ ထိုလူများဘက်တွင် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ရှစ်ပါး ပါသော်လည်း သူတို့သည် အလယ်အလတ်အဆင့်နှင့် အဆင့်နိမ့်တာအို ပုံသဏ္ဌာန်များစွာကိုသာ တတ်မြောက်ထားခြင်းပင်။ သူတို့သည် တာအိုပုံသဏ္ဌာန်အရေအတွက်ကို အသုံးပြု၍သာ အထွတ်အထိပ်အဆင့်သို့ ရောက်နေခြင်းပင်။ ထို့ကြောင့် သူတို့၏ တိုက်ခိုက်စွမ်းရည်က သိပ်၍စွမ်းအားမကြီးချေ။ သူတို့ထဲတွင် ကြယ်သုံးပွင့် ပညာရှင်တစ်ယောက်ပင် မပါပေ။ သို့သော် စစ်ဖုန်းထျန်းကမူ အဆင့်မြင့် တာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်ထားသဖြင့် သူ့တိုက်ခိုက်မှုများ၏ သက်ရောက်မှုက တစ်မိုင်ပတ်လည်အတွင်း ရှိပေသည်။ ယင်းသည် သူက ကြယ်သုံးပွင့် ပညာရှင်တစ်ယောက်ဖြစ်သည်ဆိုသော အဓိပ္ပာယ်ပင်။

ယဉ်မျိုးနွယ်ဘက်တွင်လည်း ယဉ်ရို့ပင်းမှလွဲ၍ အခြား ကြယ်သုံးပွင့် ပညာရှင် မရှိပေ။ ယဉ်ရို့ပင်းသည် သူမ၏လက်မှနေ၍ ပြင်းထန်သောစွမ်းအားပါသည့် ကြောက်မက်ဖွယ် အလင်းမျှားရှစ်ချောင်းကို ပစ်လွှတ်လိုက်၏။ ထိုတိုက်ခိုက်မှု၏ သက်ရောက်မှုက တစ်မိုင်ပတ်လည်အထိ ရောက်ပေသည်။

ကျန်းရီကလည်း ကြယ်သုံးပွင့် ပညာရှင်ဖြစ်သည်။ အကယ်၍ သူသာ နတ်ဘုရားအသံ ကောင်းကင်အတတ်နှင့် မိုးကြိုးအမျက်ကို ယဉ်ရို့ပင်း၏ တိုက်ခိုက်မှုနှင့် တစ်ပြိုင်တည်း ထုတ်လွှတ်လိုက်ပါက ရန်သူများကို အလွယ်တကူ ဖိနှိပ်နိုင်ပေလိမ့်မည်။ သို့သော် ပြဿနာမှာ ထူးဆန်းသော အာကာပြင်ကြောင့် သူသည် မိုးကြိုးအမျက်ကို မထုတ်လွှတ်နိုင်ခြင်းပင်။ သူ ထုတ်လွှတ်နိုင်လျှင်ပင် သူမည်သူဖြစ်ကြောင်း ပေါ်သွားမည်စိုး၍ ထုတ်လွှတ်ဝံ့မည် မဟုတ်ပေ။ သူမည်သူဖြစ်ကြောင်း ပေါ်သွားလျှင် ပို၍အန္တရာယ်များလာမည်ဖြစ်သည်။

ကျန်းရီသည် နတ်ဘုရားအသံ ကောင်းကင်အတတ်ကိုလည်း မထုတ်လွှတ်ဝံ့ပေ။ ထို့ကြောင့် သူသည် အမြန်ဆုံးအရှိန်ဖြင့်သာ ပြန်ဆုတ်လိုက်ရလေသည်။ သူသည် နဂါးမီးနတ်ဘုရားဒိုင်းကိုပင် ထုတ်မသုံးဝံ့ချေ။ သေရတော့မည့် အခြေအနေမှမဟုတ်လျှင် သူသည် သူမည်သူဖြစ်ကြောင်း အပေါ်ခံမည် မဟုတ်ပေ။

ဝုန်း...ဝုန်း...ဝုန်း...

ပတ်ဝန်းကျင်တွင် ဝိညာဉ်လေများ ပြည့်နှက်နေသဖြင့် နှစ်ဘက်စလုံးသည် အစွမ်းကုန် မတိုက်ခိုက်နိုင်ဖြစ်နေ၏။ တစ်ချက်မှားသွားသည်နှင့် သူတို့ သေသွားနိုင်သည် မဟုတ်ပါလား။ ထို့ပြင် ယဉ်ရို့ပင်းနှင့် စစ်ဖုန်းထျန်းတို့သည် အဆင့်အတန်းမြင့်သူများဖြစ်သဖြင့် တစ်ယောက်လက်ချက်ဖြင့် တစ်ယောက်သေရမည် ဆိုလျှင်ပင် နိမ့်ကျသည့် လှည့်ကွက်များကို သုံးဝံ့မည် မဟုတ်ပေ။

အစွမ်းကုန် မတိုက်ခိုက်နိုင်သော်လည်း တိုက်ပွဲက အလွန်ပြင်းထန်နေဆဲပင်။ စစ်မျိုးနွယ်မှ သိုင်းသမားများစွာသည် ယဉ်ရို့ပင်း၏ အဖြူရောင်အလင်းမျှားများကြောင့် လွင့်ပျံသွားကြ၏။ သူတို့၏ နတ်ဘုရားဒိုင်းများက ပျက်စီးမသွားသော်လည်း သူတို့သည် ဝိညာဉ်လေများသိပ်သည်းသော နေရာသို့ ရောက်သွားကြသဖြင့် သေလုနီးပါး ထိတ်လန့်သွားကြလေသည်။ သူတို့ တစ်ချက် လှုပ်ရှားလိုက်လျှင်ပင် ဝိညာဉ်လေများ နိုးထလာမည်ဖြစ်သည်။

ယဉ်ရို့ပင်း၏ ကိုယ်ရံတော်သုံးယောက်ကလည်း လွင့်ပျံထွက်သွား၏။ သူမတို့သုံးယောက်ထဲမှ တစ်ယောက်၏ နတ်ဘုရားဒိုင်းက ပျက်စီးသွားသည်။ သို့သော် အစ်မရှင်းက အလျင်အမြန်သွား၍ ဝိညာဉ်လေများကို ဖယ်ရှားပေးလိုက်၍ တော်သေးပေသည်။ မဟုတ်လျှင် ထိုအမျိုးသမီးက သေချာပေါက် သေသွားမည်ဖြစ်သည်။

အစ်မရှင်း၏ ခုခံစွမ်းရည်က မယုံနိုင်လောက်အောင် စွမ်းအားကြီး၏။ သူမသည် မတိုက်ခိုက်ဘဲ ယဉ်မျိုးနွယ်မှ လူများအားလုံးကို လှည့်ပတ်ကာ တိုက်ခိုက်မှုများကို ကာကွယ်တားဆီးပေးနေလေသည်။

ဝှစ်...

ကျန်းရီသည် အလွန်လျင်မြန်စွာ နောက်ဆုတ်နေ၏။ သို့သော် သူသည် ရန်သူတစ်ယောက်၏ ပစ်မှတ်ထားခြင်းကို ခံနေရသေးပေသည်။ ကြီးမားသော လက်ဝါးကြီးက သူ့ကို လွင့်ပျံသွား‌အောင် ရိုက်လိုက်၏။ သူ၏ အတွင်းအားအဆင့်က ကောင်းကင်ဧကရာဇ် တတိယအဆင့်တွင်သာ ရှိသေးပေရာ သူ၏ နတ်ဘုရားဒိုင်းက အတော်လေး အားနည်းနေသေးသည်။ ထို့ကြောင့် လက်ဝါးရိုက်ချက် တစ်ချက်က သူ၏နတ်ဘုရားဒိုင်းကို ပျက်စီးသွားအောင်လုပ်ရန် လုံလောက်ပေသည်။ သူသည် ဝိညာဉ်လေများ သိပ်သည်းသောနေရာအတွင်းသို့ လွင့်ပျံသွား၏။ သူ၏ အတုအယောင် နတ်ဘုရား အသုံးအဆောင် သံနက်ချပ်ဝတ်ကြောင့်သာ မဟုတ်လျှင် သူ သေလျှင်သေ၊ မသေလျှင် ဒဏ်ရာအပြင်းအထန် ရသွားမည်ဖြစ်သည်။

“အတုအယောင် နတ်ဘုရား အသုံးအဆောင်လား”

ကျန်းရီကို တိုက်ခိုက်လိုက်သော စစ်မျိုးနွယ်မှ ပညာရှင်၏ မျက်လုံးများ အရောင်တောက်သွားသည်။ သူသည် ကျန်းရီထံသို့ သက်တန့်တစ်စင်းကဲ့သို့ ပျံသန်းလာလေသည်။ ထို့နောက် သူသည် ကျန်းရီကို လက်ဝါးဖြင့် ထပ်ရိုက်လိုက်၏။

“အန်...”

ကျန်းရီသည် အခြေအနေတစ်ခုကို သတိပြုမိလိုက်၏။ အစ်မရှင်းသည် သူနှင့် သိပ်မဝေးသော်လည်း သူ့ကို ကယ်တင်ရန် ဆန္ဒရှိပုံ မပေါ်ပေ။ အစ်မရှင်းသည် သူ့ကို အထင်မကြီးသဖြင့် သူ သေသည်ကို ကြည့်ရန် ပြင်ဆင်ထားပုံပင်။

ကျန်းရီသည် ကျဆင်းလာသော လက်ဝါးရာကြီးကို ကြည့်ကာ စိတ်ထဲမှနေ၍ သက်ပြင်းသဲ့သဲ့ချလိုက်၏။ သူ့လက်ထဲတွင် ဓားပျော့တစ်ချောင်း ထွက်ပေါ်လာသည်။ သူသည် နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ထုတ်သုံး၍ ထွက်ပြေးရန် ဟန်ပြင်လိုက်၏။ သူ့ကို တိုက်ခိုက်နေသူမှာ အဆင့်မြင့် ကောင်းကင်ဧကရာဇ်တစ်ပါးပင်။ ထိုသူ၏ လက်ဝါးချက်က အလွန်စွမ်းအားကြီးသဖြင့် သူ၏သံနက်ချပ်ဝတ်က တောင့်ခံနိုင်မည် မဟုတ်ပေ။

“မဟုတ်သေးဘူး... ဒါက လှည့်ကွက်တစ်ခုပဲ”

ကျန်းရီသည် ဓားပျော့ကို ယမ်းကာ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ထုတ်သုံးတော့မည့် အချိန်တွင် မျက်ဝန်းစွန်းမှနေ၍ ယဉ်ရို့ပင်းက သူ့ကို ကြည့်နေကြောင်း တွေ့လိုက်လေသည်။ သူ၏စိတ်ဝိညာဉ် တုန်ယင်သွား၏။ သူ ဓားပျော့ကို ယမ်းလိုက်သည်။ သို့သော် နတ်ဘုရားအသံ ကောင်းကင်အတတ်ကိုတော့ မထုတ်လွှတ်လိုက်ပေ။ ထိုအစား အတွင်းအား တိုက်ခိုက်မှုများကိုသာ ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် မျက်လုံးများမှိတ်၍ သေခြင်းတရားကို စောင့်မျှော်နေလိုက်လေသည်။

***

All Chapters