အကြွင်းမဲ့လေတောင်ကြား
Vol. 65 Ch. 907
ဝှီး...
(၁၇)မီတာ ကျယ်သော လက်ဝါးရာကြီးက အမြင့်မှနေ၍ ကျဆင်းလာပြီး လေထုကို တုန်ခါနေစေ၏။ ကျန်းရီ ထုတ်လွှတ်လိုက်သော အတွင်းအား တိုက်ခိုက်မှုများမှာ မီးအတွင်းသို့ ပျံဝင်သွားသော ပိုးဖလံလေးများကဲ့သို့ ပျောက်ကွယ်သွားလေသည်။ လက်ဝါးရာကြီးသည် ကြောက်မက်ဖွယ်အရှိန်အဝါဖြင့် ပြင်းထန်စွာ ကျဆင်းလာနေပြီး ကျန်းရီကို အသားပြားဖြစ်သွားအောင် ဖိနှိပ်တော့ပေမည်။
ထိုအခိုက်တွင် ယဉ်ရို့ပင်းက လှုပ်ရှားလိုက်၏။ သူမလက်ထဲရှိ အဖြူရောင်လေးက ပျောက်ကွယ်သွားပြီး သေးငယ်သော အနီရောင်လေးတစ်လက် ထွက်ပေါ်လာလေသည်။ ထိုလေးက အဖြူရောင်လေးထက် နှစ်ဆငယ်၏။ သို့သော် ၎င်းတွင် ကြောက်မက်ဖွယ်အရှိန်အဝါ ရှိပေသည်။ လေးအတွင်းသို့ အတွင်းအား ဝင်သွားသောအခါ လေးမျက်နှာပြင်က ရုတ်ခြည်း သင်္ကေတပုံသဏ္ဌာန်များ တောက်ပလာသည်။ ယဉ်ရို့ပင်း၏လက်များက ညင်သာစွာ လှုပ်ရှားသွားပြီး ကျန်းရီပေါ်သို့ ကျဆင်းလာနေသည့် လက်ဝါးရာကြီးထဲ မျှားနီတစ်ချောင်း ပစ်လွှတ်လိုက်လေသည်။
မည်သည့်ပေါက်ကွဲမှု၊ မည်သည့်တုန်ခါမှုမှ ဖြစ်ပေါ်မလာဘဲ လက်ဝါးရာကြီးသည် မျှားနီလေးကြောင့် အလွယ်တကူ ပျောက်ကွယ်သွားသည်။ ထို့နောက်တွင် မျှားနီလေးက လေထဲတွင် လှည့်ပတ်၍ စစ်ဖုန်းထျန်းထံ လျင်မြန်စွာ ပျံသန်းသွား၏။
“နတ်ဘုရားပစ်လေးလား... ချက်ချင်း ပြန်ဆုတ်ကြ”
စစ်ဖုန်းထျန်း မျက်နှာပျက်သွား၏။ သူ့လက်ထဲတွင် ဒိုင်းကြီးတစ်ခု ထွက်ပေါ်လာသည်။ သူသည် ဒိုင်းကို အရှေ့တွင် လျင်မြန်စွာကာ၍ သက်တန့်တစ်စင်းကဲ့သို့ လျင်မြန်စွာ ပြန်ဆုတ်လိုက်လေသည်။ စစ်မျိုးနွယ်မှ လူများကလည်း အသည်းအသန် ဆုတ်ခွာလိုက်ကြသည်။
ဝုန်း...
ထိုဒိုင်းကြီးက အတုအယောင် နတ်ဘုရား အသုံးအဆောင်တစ်ခုဖြစ်ကြောင်း ထင်ရှားပေသည်။ သို့သော် ၎င်းသည် မျှားနီလေးနှင့် ထိမှန်သွားသောအခါ သုံးကီလိုမီတာကျော် အကွာထိ လွင့်ထွက်သွား၏။ မျှားနီလေးသည် ကောင်းကင်ကို ဆက်၍ထိုးဖောက်သွားကာ အဝေးရှိ တောင်ထွတ်လေးတစ်ခုနှင့် သွားထိတိုက်လေသည်။
ဝုန်း...
တောင်ပြိုကျသွားပြီး မြေပြင် တုန်ခါသွား၏။ ပေါက်ကွဲသံများသည် မိုင်တစ်ရာပတ်လည်အတွင်း ပဲ့တင်ထပ်သွား၏။ ကျန်းရီ၏ နားစည်များပင် အပြင်းအထန် တုန်ခါသွားသည်။ သူသည် သေခြင်းတရားမှ လက်မတင်လေး လွတ်လာသူဖြစ်သဖြင့် မျက်နှာပေါ်တွင် ကြောက်ရွံ့တုန်လှုပ်သည့်အရိပ်အယောင်များ ရှိနေသေး၏။ သို့သော် သူသည် စိတ်ထဲမှ ကြိတ်ပြုံးနေပေသည်။
ဤအဖြစ်အပျက်တစ်ခုလုံးက ပြဇာတ်ကောင်းတစ်ခုပင်။ ထိုပြဇာတ်က သူ့အတွက် ကပြခြင်းဖြစ်သည်။
ယဉ်ရို့ပင်းသည် သူမ၏ ဝိညာဉ်ချိတ်ဆက် မူလရတနာကို အစကတည်းက ထုတ်မသုံးခဲ့ပေ။ သူမသည် ကျန်းရီ အသတ်ခံရတော့မည့်အချိန်မှ ၎င်းကို ထုတ်သုံးလိုက်ခြင်းဖြစ်၏။ ထို့ပြင် အစ်မရှင်းကလည်း သူ့ကိုကယ်တင်ရန် မကြိုးစားခဲ့ချေ။ ထို့ကြောင့် ဖြစ်နိုင်ခြေက တစ်ခုသာ ရှိသည်။ သူမတို့သည် သူ၏ အင်အားအစစ်အမှန်ကို စမ်းသပ်ခြင်း သို့မဟုတ် သူ့ကို အစွမ်းကုန်ထုတ်သုံးအောင် ဖိအားပေးခြင်း ဖြစ်ပေမည်။
စစ်ဖုန်းထျန်းကလည်း ယဉ်ရို့ပင်းနှင့် ပေါင်းကြံခြင်းဖြစ်မည်ဟူ၍ပင် ကျန်းရီ သံသယဖြစ်နေသည်။ စစ်ဖုန်းထျန်းသည် ရှေးဟောင်းမျိုးနွယ်တစ်ခုမှ မျိုးဆက်တစ်ယောက်ဖြစ်လျှင်လည်း ယဉ်မျိုးနွယ်မှ လူများကို အမှန်တကယ် တိုက်ခိုက်ဝံ့ပါမည်လော။ စစ်ဖုန်းထျန်းက ယဉ်ရို့ပင်း၏ လက်အောက်ငယ်သား ဖြစ်နိုင်ပေသည်။ သူနှင့် ယဉ်ရို့ပင်းတို့က ကြိုတင်ဇာတ်တိုက်ထားခြင်း ဖြစ်ဖို့များသည်။
သို့ဆိုလျှင် ယဉ်ရို့ပင်း၏ ကိုယ်မှထွက်ပေါ်လာသော မွှေးရနံကလည်း တမင် ထုတ်လွှတ်လိုက်ခြင်းလော။ သူမတို့၏ ရည်ရွယ်ချက်မှာ သူ၏တုံ့ပြန်မှုကို စမ်းသပ်ရန်လော။
‘နံ့သာသခင်မမျိုးနွယ်ရဲ့ ထူးခြားတဲ့ခန္ဓာကိုယ်က မူမမှန်တဲ့ တစ်ခုခုကို အာရုံခံနိုင်တဲ့ စွမ်းရည်ရှိနေလို့လား’
ကျန်းရီ၏စိတ်ထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာ၏။ ယဉ်မျိုးနွယ်တွင် သံသယအချို့ရှိနေလျှင် ယဉ်ရို့ပင်းက စူးစမ်းပေးခြင်းမှာ သာမန်သာဖြစ်သည်။ သူမတွင် ထူးခြားသောခန္ဓာကိုယ် ရှိနေသည် မဟုတ်ပါလား။ သို့သော် ယဉ်ရို့ပင်းသည် သံသယရှိနေခြင်းသာဖြစ်ပြီး မသေချာကြောင်း ထင်ရှား၏။ မဟုတ်လျှင် ယခုကဲ့သို့ ဟန်ဆောင်ဇာတ်ကနေကြမည် မဟုတ်ပေ။
‘သူက တော်တော် ဉာဏ်ကောင်းတာပဲ’
ကျန်းရီသည် ယဉ်ရို့ပင်းကို ပို၍ပင် အထင်ကြီးသွား၏။ သူ သူမကို မမုန်းပေ။ အကယ်၍ သူသာ သူမနေရာတွင်ဆိုလျှင်လည်း ထိုသို့ စမ်းသပ်ကြည့်မည်သာ။ သူသည် ထူးဆန်းသော စွမ်းရည်တစ်ခု ရှိသည့် သူစိမ်းတစ်ယောက် မဟုတ်ပါလော။ စစ်ဖုန်းထျန်က အမှန်ပင် သူမ၏ လက်အောက်ငယ်သား ဖြစ်မည်ဆိုလျှင် ထိုလှည့်ကွက်က အတော်လေးပြောင်မြောက်သည်ဟု ဆိုနိုင်ပေသည်။ သူသည် နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ထုတ်လွှတ်၍ သူ့ကိုယ်သူ ဖော်မိလုနီးပါး ဖြစ်သွားခဲ့သည် မဟုတ်ပါလား။
“ဟူး...”
ကျန်းရီသည် အခြေအနေအလိုက် တုံ့ပြန်လိုက်ပြီး သက်ပြင်းချကာ ထရပ်လိုက်သည်။ သူသည် အလွန်ကြောက်ရွံ့နေပုံ ဟန်ဆောင်လိုက်၏။ ယဉ်ရို့ပင်းက သူ့ဆီ လျှောက်လာသောအခါ သူ လျင်မြန်စွာ လက်ဆုပ်၍ ခံစားချက်များဖြင့် ပြောလိုက်လေသည်။
“အခုလို ကယ်တင်ပေးတဲ့အတွက် သခင်မလေးယဉ်ကို ကျေးဇူးအများကြီး တင်ပါတယ်။ ပိုင်ရီ ကျေးဇူးတင်လွန်းလို့ မျက်ရည်တောင်ဝဲမိပါတယ်”
ယဉ်ရို့ပင်း၏ နက်ရှိုင်းသော မျက်ဝန်းတစ်နေရာတွင် စိတ်ပျက်မှုအရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် သူမက အရေးမစိုက်ဟန်ဖြင့်ေ ပြာလိုက်သည်။
“ကျွန်မကြောင့်သာ သခင်လေးက အခုလို ဒုက္ခနဲ့ကြုံရတာပါ။ သွားကြစို့... စစ်ဖုန်းထျန်းက ထပ်ပြီးပြဿနာလာရှာရဲတော့မှာ မဟုတ်ပါဘူး”
ယဉ်မျိုးနွယ်မှ အမျိုးသမီးနှစ်ယောက်က ဒဏ်ရာအနည်းငယ်စီ ရခဲ့၏။ သို့သော် ဒဏ်ရာများက အသေးအဖွဲသာ။ ထို့ကြောင့် သူတို့အားလုံး ခရီးဆက်လိုက်ကြသည်။ ကျန်းရီသည် ယဉ်ရို့ပင်းနောက်သို့ ကြောက်ရွံ့တုန်လှုပ်ဟန်ဖြင့် လိုက်သွား၏။ သူမသည် ယခုတွင် ပို၍အေးစက်စက်နိုင်လာပြီဖြစ်ကြောင်း သူ သတိပြုမိလိုက်သည်။ အစောက ယဉ်ရို့ပင်း သူ့အား တလေးတစား ဆက်ဆံခဲ့မှုအပေါ် သူ သံသယမဝင်ခဲ့မိ၍ တိတ်တဆိတ် နောင်တရနေ၏။ ယဉ်မျိုးနွယ်မှ သခင်မလေးတစ်ယောက်က အဘယ်သို့ သာမန်လူတစ်ယောက်ကို ထိုသို့တလေးတစား ဆက်ဆံပါမည်နည်း။ ထို့ကြောင့် တစ်ခုခု မှားနေကြောင်း ထင်ရှားပေသည်။
အစ်မရှင်းက အရှေ့တွင်ဆက်နေ၍ အားလုံးအတွက် လမ်းကြောင်းရှင်းပေးနေ၏။ လမ်းတစ်လျှောက်တွင် ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်၍ ထောက်လှမ်းခဲ့၏။ ယခုတွင် သူသည်လည်း ပိုတိတ်ဆိတ်နေပြီဖြစ်သည်။ သူတို့အုပ်စုသည် သူ၏ထောက်လှမ်းမှုကြောင့် မြို့ပျက်တစ်ခုကို တွေ့ရှိခဲ့၏။ သို့သော် ထိုမြို့ပျက် အရှာခံထားရပြီး ဖြစ်သည်။ ထို့ကြောင့် ထိုမြို့ပျက်တွင် မည်သည့်ရတနာမှ မကျန်တော့ပေ။
“သခင်မလေးယဉ်... ကျွန်တော် နားမလည်တာတစ်ခု ရှိပါတယ်”
ကျန်းရီသည် မြို့ပျက်ကို ရှာဖွေပြီးနောက် မနေနိုင်တော့၍ မေးလိုက်၏။
“အပြစ်ဆေးကြောဒေသထဲက မြေမျက်နှာသွင်ပြင်က အမြဲပြောင်းလဲနေတာလား”
အပြစ်ဆေးကြောဒေသအပြင်သို့ ပြန်ထွက်နိုင်သူများ၏ မှတ်ဉာဏ်များက ဖျက်ပစ်ခံရမည်ဖြစ်သော်လည်း ဤနေရာ၏ မြေပုံကို ရေးဆွဲထားနိုင်ပေသည်။ သို့ဆိုလျှင် နောက်ပိုင်းမှဝင်သူများက မြေပုံကို အသုံးပြု၍ ရတနာများကို ရှာနိုင်မည် မဟုတ်လော။ ဤမြို့ပျက်များက အလွန်ထူးဆန်းပေသည်။ ဒေသအစွန်အဖျားရှိ မြို့ပျက်အချို့တွင် ရတနာများ ရှိနေသေးသော်လည်း အတွင်းပိုင်းမှ မြို့ပျက်များအားလုံးက အရှာခံထားရပြီလော။
ယဉ်ရို့ပင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“သခင်လေးမှန်းတာ မှန်ပါတယ်။ ဒီထဲက မြေမျက်နှာသွင်ပြင်က အမြဲ ပြောင်းလဲနေတာပါ။ ချော်ရည်ကန်က ဘယ်တော့မှ ပုံစံမပြောင်းလဲတဲ့ ထူးဆန်းတဲ့ကန်တစ်ခု ဆိုပေမဲ့ အဲ့ကန်က ဘယ်မှာရှိနေလဲဆိုတာကိုတော့ ဘယ်သူမှ မသိကြဘူး။ အဲ့တော့ ကျွန်မတို့ လိုက်ရှာမှပဲ ရမှာ။ ဒီထဲမှာ နေရာမပြောင်းလဲဘဲ တည်ရှိနေတဲ့ တစ်ခုတည်းသောအရာက အလယ်ဗဟိုမှာရှိတဲ့ နတ်ဘုရားဘုံကျောင်းပဲ။ ဒီဒေသထဲမှာ အကောင်းအတိုင်းရှိနေတာကလည်း အဲ့ဘုံကျောင်းတစ်ခုပဲ ရှိတယ်။ ဒါပေမဲ့ ကျွန်မတို့ အခု အဲ့ဘုံကျောင်းထဲကို ဝင်လို့မရဘူး”
“နတ်ဘုရားဘုံကျောင်းလား...”
ကျန်းရီ စိတ်ဝင်တစား မေးလိုက်သည်။
“ဘာလို့ ကျွန်တော်တို့က အထဲကို ဝင်လို့မရတာလဲ”
“ဟင်းဟင်း...”
ယဉ်ရို့ပင်းက ရယ်ကာ ပြန်ပြောလိုက်သည်။
“အဲ့ဘုံကျောင်းထဲက ဝိညာဉ်လေတွေက အပြင်က ဝိညာဉ်လေတွေထက် အဆတစ်ရာ ပိုအားကောင်းတယ်။ အစ်မရှင်းတောင် အဲ့လေတွေကို တောင့်ခံနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ဘုံကျောင်းထဲမှာ ကြောက်စရာကောင်းတဲ့ အစီအရင်တွေလည်း အများကြီးရှိတယ်။ ဝင်သွားတဲ့လူတိုင်း သေနိုင်ခြေ(၈၀)ရာခိုင်နှုန်းရှိတယ်။ ကျွန်မတို့ ယဉ်မျိုးနွယ်ရဲ့ သမိုင်းမှာတောင် နတ်ဘုရားဘုံကျောင်းထဲဝင်နိုင်ခဲ့တဲ့သူက ဆယ်ယောက်မပြည့်ဘူး။ အဲ့လူတွေကလည်း နတ်ဘုရားဘုံကျောင်းရဲ့ အပြင်ပိုင်းကိုပဲ လေ့လာနိုင်ခဲ့တာ...”
“ဪ...”
ကျန်းရီ ခေါင်းညိတ်လိုက်ပြီး ထပ်မမေးတော့ပေ။ သူသည် ထိုနတ်ဘုရားဘုံကျောင်းထဲ ဝင်ရန် စိတ်မဝင်စားချေ။ ထိုဘုံကျောင်း၏ အတွင်းပိုင်းက ထိုမျှကြောက်မက်ဖွယ်ကောင်းနေလျှင် သူ ဝင်သွားပါက သေချာပေါက် သေသွားပေလိမ့်မည်။ သူသည် မီးမြွေသစ်ခွကို ရရှိပြီးနောက် ဝူနီနှင့် ကျီထင်ယွီတို့ကို ဖမ်းရန် အခွင့်အရေးမရလျှင် ပုန်းအောင်းရန်နေရာတစ်ခုကိုရှာ၍သာ တစ်လပြည့်သည်အထိ စောင့်နေမည်ဖြစ်သည်။
ဤတစ်ကြိမ်တွင် ကျန်းရီသည် အလွန်သတိထား၏။ စစ်ဖုန်းထျန်းက ယဉ်ရို့ပင်း၏ လက်အောက်ငယ်သား ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူသည် သူမ သူ့ကို ထပ်စမ်းသပ်နိုင်ရန် အခွင့်အရေးပေးတော့မည် မဟုတ်ချေ။ သူသည် နေ့ဝက်ကြာအောင် အစွမ်းကုန်ထုတ်သုံး၍ ထောက်လှမ်းနိုင်၏။ ထို့ကြောင့် ဤတစ်ခေါက်တွင် တစ်စုံတစ်ယောက်က သူ့ထံ ချဉ်းကပ်လာလိုလျှင် ယခင်တစ်ခေါက်ကနှင့် လုံးဝကွဲပြားသွားမည်ဖြစ်သည်။
ငါးရက်ကြာပြီးနောက် ကျန်းရီတို့အုပ်စုက မြို့ပျက်ငါးခုကို ရှာတွေ့ခဲ့ပြီဖြစ်သည်။ သို့သော် ထိုမြို့ငါးမြို့စလုံးက အရှာခံထားရပြီးသော မြို့များ ဖြစ်နေသည်။ သူတို့သည် လင်းချီကျန့်၊ ထူလုံနှင့် အခြားသူများကိုလည်း မတွေ့ခဲ့ပေ။ ကျန်းရီသည် ထူလုံကို သတ်ချင်နေသော်လည်း ဤဒေသထဲတွင် မိုးကြိုးအမျက်ကို မထုတ်လွှတ်နိုင်သဖြင့် သူတို့နှင့် ကြုံလျှင်လည်း သူတို့မချဉ်းကပ်လာနိုင်ခင် တတ်နိုင်သမျှ ရှောင်ရှားမည်ဖြစ်သည်။
“အာ... အရှေ့မှာ တောင်ကြီးနှစ်လုံး ရှိနေတယ်။ တောင်နှစ်လုံး အလယ်မှာကျ တောင်ကြားတစ်ခု ရှိနေတာလား”
ခြောက်ရက်မြောက်နေ့တွင် ကျန်းရီသည် ထုံးစံအတိုင်း ထောက်လှမ်းလိုက်ရာ ထူးဆန်းသော မြေနေရာတစ်ခုကို ရှာတွေ့လိုက်၏။ အပြစ်ဆေးကြောဒေသတွင် မြင့်မားသော တောင်များ များစွာ မရှိပေ။ မီတာသုံးရာကျော်မြင့်သော တောင်များဆိုလျှင် အလွန်ရှားပေသည်။ ထိုတောင်နှစ်လုံးက အလွန်ကြီး၏။ အကယ်၍ သူတို့သာ ထိုတောင်များကို ပတ်သွားရမည်ဆိုလျှင် နှစ်ယောက်၊ သုံးရက်လောက် အချိန်ပုတ်သွားပေလိမ့်မည်။ တောင်ပေါ်သို့ တက်ရန်လည်း မဖြစ်နိုင်ပေ။ ကျန်းရီ မဆိုထားနှင့် အစ်မရှင်းပင် ထိုသို့လုပ်ဝံ့မည် မဟုတ်ချေ။ ပိုမြင့်လာလေလေ၊ ဝိညာဉ်လေများက ပိုအားကောင်းလာလေလေ မဟုတ်ပါလား။
ကျန်းရီသည် အကြိမ်အနည်းငယ် ထောက်လှမ်းပြီးနောက် မျက်လုံးများဖွင့်ကာ အခြေအနေကို ရှင်းပြလိုက်သည်။ ထို့နောက် သူသည် သူ၏စိုးရိမ်မှုကို ပြောပြလိုက်၏။
“အဲ့တောင်ကြားက တော်တော်နက်တယ်... အထဲဝင်သွားရင် အန္တရာယ်တွေ့လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ ပတ်သွားသင့်လား”
“အကြွင်းမဲ့လေတောင်ကြားလား”
ယဉ်ရို့ပင်း၊ အစ်မရှင်းနှင့် အခြားသူများအားလုံး မျက်လုံးများ အရောင်တောက်သွား၏။ အစ်မရှင်းက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“မြန်မြန် သွားကြစို့... အဲ့နေရာကို တခြားသူတွေ အရင်တွေ့မသွားစေချင်ဘူး။ အကြွင်းမဲ့လေတောင်ကြားမှာ ကျောက်မျက်နတ်ဘုရားပိုးကောင်ရှိတယ်”
“ကျောက်မျက်နတ်ဘုရားပိုးကောင်လား...”
ကျန်းရီ မျက်မှောင်ကြုတ်လိုက်ပြီး ယဉ်ရို့ပင်းကို ကြည့်လိုက်သည်။
“သွားရင်းနဲ့မှ ပြောကြတာပေါ့”
ယဉ်ရို့ပင်းသည် လက်ဝှေ့ယမ်းလိုက်ပြီး အားလုံးကို အမြန်ဆုံးအရှိန်ဖြင့် ရှေ့ဆက်သွားရန် အမိန့်ပေးလိုက်၏။ လမ်းတွင်မှ သူမ ရှင်းပြလိုက်သည်။
“အပြစ်ဆေးကြောဒေသမှာ ဆန်းကြယ်တဲ့နေရာတွေ အများကြီးရှိတယ်။ အဲ့ထဲမှာ ဒီအကြွင်းမဲ့လေတောင်ကြားနဲ့ ချော်ရည်ကန်လည်း ပါတယ်။ မျိုးနွယ်က မှတ်တမ်းတွေအရ အကြွင်းမဲ့လေတောင်ကြားထဲမှာ နတ်ဘုရားပိုးကောင်တစ်မျိုးရှိတယ်လို့ သိရတယ်။ အဲ့ပိုးကောင်က ပိုးချည်ကို ထုတ်ပေးတာမဟုတ်ဘူး... ပိုးကောင်အဆီတစ်မျိုးကို ထုတ်ပေးတာ။ အဲ့ပိုးကောင်အဆီက စိတ်ဝိညာဉ်အတွက် ရတနာတစ်ခုပဲ။ အဲ့ဒါက စိတ်ဝိညာဉ်ကို တိုးတက်လာအောင် လုပ်မပေးနိုင်ပေမယ့် ဆင့်ကဲပြောင်းလဲသွားစေနိုင်တယ်။ စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေကို အဓိကထားသုံးတဲ့ သိုင်းသမားတွေအတွက် အဲ့ပိုးကောင်အဆီက အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုပဲ”
“ပိုးကောင်အဆီက စိတ်ဝိညာဉ်ကို ဆင့်ကဲပြောင်းလဲစေတာလား...”
ကျန်းရီ မျက်ခုံးပင့်လိုက်၏။ ယင်းပိုးကောင်အဆီက လိပ်ပြာသခင်မမျိုးနွယ်၏ လိပ်ပြာရေစင်နှင့် အတူတူပင် မဟုတ်လော။ သူ၏ဝိညာဉ်ဓား ဆယ့်နှစ်ချောင်းက ဆင့်ကဲပြောင်းလဲသွားပြီး နှစ်ဆပိုမြန်လာခဲ့သည်။ အကယ်၍ သူသာ ထိုပိုးကောင်အဆီကို ရနိုင်လျှင် ကောင်းပေလိမ့်မည်။ သို့သော် ၎င်းကို ရရှိပြီးနောက်တွင် ယဉ်ရို့ပင်းက သူနှင့် မျှဝေမည်၊ မဝေမည်ကို သူ မသိချေ။