← Chapters

အရာအားလုံး၏ရလဒ်များ

Vol. 52 Ch. 729

အရာအားလုံး၏ရလဒ်များ

Vol. 52 Ch. 729

အခန်း (၇၂၉) အရာအားလုံး၏ရလဒ်များ

လေဟုန်စီးကောင်းကင်ရွက်လှေက အလွန်တရာ စွမ်းအားမြင့်မားသော်လည်း ထိုအရာက အရာဝတ္ထုတစ်ခုသာ ဖြစ်သည်။ ကြီးမားသောစွမ်းအားများ ပိုင်ဆိုင်ထားသော်လည်း လုံလောက်သောသွက်လက်မှု မရှိပေ။

တောင်ပိုင်းထိပ်တန်းမျိုးနွယ်များက ‘ဇာမဏီအစစ်အမှန်ကျမ်းစာ’ ကို ကျင့်ကြံကြသူများဖြစ်ပြီး ဇာမဏီငှက်၏ အနှစ်သာရဖြစ်သော သာမဓိမီးတောက် (၅)မျိုးကိုပါ ကျင့်ကြံထားကြသည်။

အကယ်၍ သူတို့သာ အဖြူရောင် ‘မရဏသမာဓိမီးတောက်’ ကို ကျင့်ကြံအောင်မြင်ထားမည်ဆိုပါက ကောင်းကင်ဘုံက သူတို့အတွက် အသက်ရှင်ရန် အခွင့်အရေးပေးမည်ဖြစ်ပြီး ထွက်ပြေးရန် အပြည့်အဝ အာရုံစိုက်မည်ဆိုပါက တားဆီးရန် လွယ်ကူမည် မဟုတ်ပေ။

ပြိုင်ဘက်အနေဖြင့် စွမ်းအား သို့မဟုတ် အထူးနည်းစနစ်များတွင် ပြတ်ပြတ်သားသား အားသာချက်ရှိမှသာ တောင်ပိုင်းထိပ်တန်းမျိုးနွယ်များကို ဖမ်းဆီးနိုင်မည် ဖြစ်သည်။

ကျန့်မင်က လေဟုန်စီးကောင်းကင်ရွက်လှေကို ထိန်းချုပ်ထားရသဖြင့် ရန်သူက သူ့ကို တစ်ချက်မျှ ဖိနှိပ်တိုက်ခိုက်ပြီးနောက် ထိပ်တိုက်ရင်မဆိုင်ဘဲ ထွက်ပြေးသွားသည့်အခါ ကျန့်မင်မှာ လိုက်ပါနိုင်ခြင်းမရှိသဖြင့် လွတ်မြောက်သွားခဲ့ရသည်။

သို့သော် ရန်ကျောက်ကဲကျေးဇူးကြောင့် ဝမ်ဟွေ့ကိုတော့ ဖမ်းမိလိုက်သည်။

ပိုင်ကျစ်မင်နှင့် မြောက်ပင်လယ်ဓားခန်းမမှ အကြီးအကဲတို့မှာ အနည်းငယ် မခံချိမခံသာဖြစ်မိကြသော်လည်း ရန်ကျောက်ကဲအကူအညီသာ မရပါက ဝမ်ဟွေ့လွတ်မြောက်သွားရန် အခွင့်အရေးမြင့်မားကြောင်း ဝန်ခံရမည်သာ။

ဝမ်ဟွေ့ ကောင်းကင်ထက်သို့မော့ကြည့်လိုက်သည်။ လေဟုန်စီးကောင်းကင်ရွက်လှေကြီးကိုတွေ့သည့်အခါ သူမ သက်ပြင်းတစ်ချက်ချလိုက်ပြီး စိတ်လျှော့လိုက်၏။

သူမနှင့် တစ်ဂိုဏ်းတည်းဖြစ်သော သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့် တန်ခိုးစွမ်းအားရှင်က လွတ်မြောက်သွားပြီဖြစ်သော်လည်း သူမကတော့ ဖမ်းဆီးခံခဲ့ရပေပြီ။

ကျန့်မင်က လက်နှစ်ဖက်ယှက်လိုက်ရာ လေဟုန်စီးကောင်းကင်ရွက်လှေကြီးထက်မှ အလင်းတန်းတစ်ခု ကျရောက်လာပြီး ဝမ်ဟွေ့ကို နတ်ရွက်လှေကြီးထက်သို့ ဆွဲတင်လိုက်သည်။

ဝမ်ဟွေ့က ခုခံတွန်းလှန်ခြင်းမရှိဘဲ ရန်ကျောက်ကဲကိုသာ စူးစိုက်ကြည့်နေသည်။ ထိုလူငယ်၏ပုံရိပ်ကို သူမနှလုံးသားထဲစွဲထင်နေအောင် မှတ်သားနေသည့်အလားပင်။

ရန်ကျောက်ကဲက အသင်္ချေနဂါးနန်းတော်ကို သိမ်းဆည်းလိုက်ပြီး ပိုင်ကျစ်မင်တို့နှစ်ယောက်နှင့်အတူ လေဟုန်စီးကောင်းကင်ရွက်လှေကြီးထက်သို့ လိုက်ပါသွား၏။

သူတို့ကိုတွေ့တော့ ကျန့်မင်က...

“မင်းတို့သုံးယောက်ရဲ့ ဖြောင့်မတ်တဲ့လုပ်ဆောင်ချက်အတွက် ဒီ ‘ကျန့်’ က တကယ့်ကို ကျေးဇူးတင်မိပါတယ် ၊ ဒီကိစ္စကြောင့် မင်းတို့တွေ ဒုက္ခရောက်မှာ မစိုးရိမ်ပါနဲ့ ၊ တောင်ပိုင်းထိပ်တန်းအရှင်သခင်နဲ့ ပြဿနာဖြေရှင်းပြီးရင် ကျုပ်ရဲ့ဆရာက မင်းတို့အားလုံးကို ကာကွယ်ပေးမှာပါ”

ရန်ကျောက်ကဲတို့ (၃)ယောက် ခေါင်းညိတ်လိုက်ကြပြီး...

“ရပါတယ် အကြီးအကဲ’ကျန့်’”

ကျန့်မင်က ရန်ကျောက်ကဲကိုကြည့်ရင်း...

“မိတ်ဆွေလေး’ရန်’ ... ဒီတစ်ခေါက်က တိုက်ဆိုင်တာလား ၊ တစ်ယောက်ယောက်က ဖိတ်ကြားလို့ရောက်လာတာလား”

ရန်ကျောက်ကဲက ပြုံးရင်း...

“တိုက်ဆိုင်သွားတာပါ ၊ ဒါပေမဲ့ ကူညီလိုက်ရတယ်လေ”

ကျန့်မင်က ခေါင်းညိတ်ရင်း...

“ခနေရင် ဒီကိစ္စဖြေရှင်းဖို့အတွက် ကျင်းထင်တောင်ကို ပြန်ရမယ် ၊ ဒီပြဿနာကို ဆရာဘယ်လိုဆုံးဖြတ်မလဲမသိဘူး ၊ မင်းရော ငါတို့နဲ့အတူ ကျင်းထင်တောင်ကိုလိုက်ပြီး ငါ့ဆရာနဲ့တွေ့ချင်သလား”

ရန်ကျောက်ကဲ ပြန်မဖြေခင် ကျန့်မင်က ဆက်ပြောသည်။

“မင်း ကျူတောပင်လယ်ဒေသမှာပဲ နေခဲ့ချင်လည်း ရပါတယ် ၊ ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီး ဒီကိုရောက်နေတယ် ၊ သူ့ကို မင်းနဲ့မိတ်ဆက်ပေးမယ် ၊ ဒါဆို တောင်ပိုင်းထိပ်တန်းမျိုးနွယ်ကလူတွေ မင်းကိုပြဿနာလာမရှာအောင် ဂိုဏ်းတူအစ်ကိုကြီးက စောင့်ရှောက်ပေးလို့ရတယ်”

ပြောပြီးသည်နှင့် သူက မြောက်ပင်လယ်ဓားခန်းမမှ အကြီးအကဲကို ကြည့်လိုက်သည်။

မြောက်ပင်လယ်ဓားခန်းမမှ အကြီးအကဲ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး...

“ဆရာ’ကျန့်’ ပြောတာ... ယင်စန်းတောင်ဓားဘုရင် ‘လင်ဟန့်ဟွာ’ ၊ ‘လင်’ သူရဲကောင်း ဒီကိုရောက်နေတယ်လို့ ဆိုလိုတာလား”

‘ယင်စန်းတောင်ဓားဘုရင်’ လင်ဟန့်ဟွာဆိုသည်က သိုင်းသူတော်စင် အဋ္ဌမအဆင့် ၊ အမတကူးပြောင်းခြင်း အလယ်ဆင့် တန်ခိုးစွမ်းအားရှင်ဖြစ်ပြီး အရှေ့တောင်ထိပ်တန်းအကြီးအကဲ၏ အကြီးဆုံးတပည့်လည်း ဖြစ်သည်။

တကယ်တော့ လင်ဟန့်ဟွာက ကျင်းထင်တောင်၏ နေ့စဉ်အလုပ်ကိစ္စများနှင့် တာဝန်များကို စီမံခန့်ခွဲရသူ ဖြစ်၏။ ထူးခြားအရေးပါသည့်ကိစ္စတစ်ခုမရှိပါက အရှေ့တောင်ထိပ်တန်းအရှင်သခင်က သူ့ကို ကျူတောပင်လယ်ဒေသသို့ စေလွှတ်မည် မဟုတ်ပေ။

ကောလဟလများအရ လင်ဟန့်ဟွာသည် အရှေ့တောင်ထိပ်တန်းအရှင်သခင်၏ တပည့်ဖြစ်ရုံသာမက နက်ရှိုင်းသည့်နောက်ခံဇာစ်မြစ်ရှိသည်ဟုလည်း ဆိုကြသည်။

ထို့ပြင် လင်ဟန့်ဟွာက အခြားသော အရှေ့တောင်ထိပ်တန်းမျိုးနွယ်များကဲ့သို့ ကျင်းထင်တောင်တွင် အမြဲတမ်းနေထိုင်ခြင်းမရှိဘဲ ပြင်ပလောကသို့ မကြာခဏသွားရောက်လေ့ရှိသည်။ သို့သော် ကျူတောပင်လယ်ဒေသကိုတော့ ရောက်ခဲလှသည်။

လင်ဟန့်ဟွာ ကျူတောပင်လယ်ဒေသသို့ နောက်ဆုံးတစ်ခေါက် ရောက်ခဲ့သည်မှာ လွန်ခဲ့သည့် နှစ်တစ်ရာကျော်ခန့်ကဖြစ်ပြီး တာ့ရွှမ်တိုင်းပြည်လာရောက်အခြေချစဉ်အခါက ဖြစ်၏။ အနီးကပ်ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် အရှေ့တောင်ထိပ်တန်းအကြီးအကဲကိုယ်စား လင်ဟန့်ဟွာက ဧကရာဇ်ရွှမ်ဝမ်တို့အုပ်စုအား ကျူတောပင်လယ်ဒေသတွင် နေထိုင်ရန် ခွင့် ပြုခဲ့သည်။

ရန်ကျောက်ကဲ မေးစေ့ကိုပွတ်သပ်လိုက်၏။

ဧကရာဇ်’ရွှမ်ဝမ်’ နှင့် ရှန်လင်ကျီတို့သည် နှစ်ပေါင်းများစွာ ဆိုးရွားသည့်ရည်ရွယ်ချက်များဖြင့် ကျူတောပင်လယ်ဒေသတွင် နေထိုင်ခဲ့ကြောင်း ယခုတော့ သက်သေပြခဲ့ပြီးဖြစ်ရာ တစ်ချိန်က လင်ဟန့်ဟွာ၏ ဆုံးဖြတ်ချက်မှာ အနည်းငယ် အလျင်စလို ဖြစ်ခဲ့ဟန်တူသည်။

ယင်စန်းတောင်ဓားဘုရင်က သူ့အပေါ်မည်သို့သဘောထားမည်ကို ခန့်မှန်းရခက်ကြောင်း ရန်ကျောက်ကဲ သတိပြုမိသည်။

ခဏမျှ စဉ်းစားပြီးနောက် ရန်ကျောက်ကဲက...

“’လင်’ သူရဲကောင်းရဲ့ နာမည်ကျော်ကြားမှုကို ကြားဖူးတာ ကြပါပြီ ၊ အခုတော့ သူ့ကိုတွေ့ဆုံခွင့်ရမှာ တကယ်ဝမ်းသာစရာပဲ”

အခြားသူများသည်လည်း ထိုသို့ပင်ဖြစ်ပြီး ‘လင်’ သူရဲကောင်းကို တွေ့ဆုံလိုကြသည်ပင်။

ရန်ကျောက်ကဲစကားဆုံးသွားသည်နှင့် လေဟုန်စီးကောင်းကင်ရွက်လှေကြီးက ပြန်ကွေ့လိုက်ပြီး ခပ်ဝေးဝေးတစ်နေရာသို့ ထွက်ခွာသွားသည်။ သွားရာလမ်းကြောင်းကို အကဲခတ်လိုက်တော့ မကြာခင်ကပင် သူထွက်ခွာလာသော ယိုးမင်ဂိုဏ်း ဂိုဏ်းခွဲပလ္လင်ရှိရာနေရာသို့ ဦးတည်နေကြောင်း သတိထားလိုက်မိသည်။

ရန်ကျောက်ကဲ အတော်လေး အံ့အားသင့်သွားပြီး...

“ယင်စန်းတောင်ဓားဘုရင်က ယိုးမင်ဂိုဏ်းမှာ ဧည့်သည်အဖြစ် တည်းခိုးနေထိုင်တာလား”

ကျန့်မင်က သက်ပြင်းချရင်း...

“အဲဒီလိုတော့ မဟုတ်ဘူး ၊ ကြယ်ခြွေလက်ဝါးသခင် ‘ကွမ်းလီတဲ့’ က ရုတ်တရက်ကြီး ကျူတောပင်လယ်ဒေသကိုရောက်လာပြီး ယိုးမင်ဂိုဏ်းကို တိုက်ခိုက်တယ်လေ ၊ သတင်းကြားတာ‌တော့ ယိုးမင်ဂူဗိမာန်ကိစ္စမှာ ယိုးမင်ဂိုဏ်းက သူ့ကိုလှည့်စားခဲ့လို့ ဒေါသအကြီးအကျယ်ထွက်ပြီး လက်တုံ့ပြန်ဖို့ ရောက်လာတာတဲ့”

ထိုစကားကြားတော့ ရန်ကျောက်ကဲမျက်နှာအမူအရာ ထူးဆန်းသွားသည်။

ကျန့်မင်က...

“ယိုးမင်ဂူဗိမာန်မှာ ယိုးမင်ဂိုဏ်းလုပ်ခဲ့တဲ့လုပ်ရပ်အတွက် လက်စားချေတာလို့ အကြီးအကဲ’ကွမ်းလီတဲ့’ က ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောခဲ့တယ်”

“ဂိုဏ်းတူအစ်ကိုကြီးကလည်း ကျူတောပင်လယ်ဒေသကို ရောက်နေတုန်းဆိုတော့ ယိုးမင်ဂိုဏ်းအမွေအနှစ်တွေ အန္တရယ်ကင်းစေဖို့အတွက် သူနဲ့ အဲဒီကိစ္စဆွေးနွေးဖို့ ယိုးမင်ဂိုဏ်းဌာနခွဲပလ္လင်ကို လိုက်သွားခဲ့တယ် ၊ ဒါပေမဲ့ အကြီးအကဲ’ကွမ်း’ လက်ချက်နဲ့ ယိုးမင်ဂိုဏ်းက အတော်ပျက်ဆီးသွားခဲ့ပြီ”

ကျန့်မင်က ဆက်ပြောသည်။

“အကြီးအကဲ’ကွမ်းလီတဲ့’ ပြန်သွားပေမယ့် ယိုးမင်ဂိုဏ်းလည်း အတော်လေး ပျက်ဆီးသွားတယ် ၊ ဂိုဏ်းတူအစ်ကိုကြီးကတော့ မပြန်သေးဘဲ အဲဒီမှာပဲ ဆက်နေနေတယ်”

ရန်ကျောက်ကဲက...

“ကျိုးဟောက်ရှန်း ‘ကျိုး’ ဂိုဏ်းချုပ်ရော အဲဒီမှာရှိသလား”

ကျန့်မင်က ခေါင်းညိတ်ရင်း...

“’ကျိုး’ ဂိုဏ်းချုပ်က ဒဏ်ရာအပြင်းအထန်ရထားတယ် ၊ ဂိုဏ်းတူအစ်ကိုကြီးသာရောက်မသွားရင် အကြီးအကဲ’ကွမ်း’ လက်ချက်နဲ့ သူ သေသွားနိုင်တယ်”

ရန်ကျောက်ကဲက သက်ပြင်းချလိုက်သည်။

ကြည့်ရသည်မှာ ကျိုးဟောက်ရှန်းတို့အုပ်စု ယိုးမင်ဂူဗိမာန်မှ ပြန်ရောက်ရောက်ချင်းမှာပင် ကွမ်းလီတဲ့ ရောက်လာခြင်း ဖြစ်နိုင်၏။

ကွမ်းလီတဲ့က အထက်ဘုံကမ္ဘာတွင်စောင့်နေပြီး သူတို့ထံမှ ရတနာပစ္စည်းများကို လုယူရန် စောင့်ဆိုင်းနေခြင် ဖြစ်နိုင်သည်။ ကြားဖြတ်တိုက်ခိုက်ခြင်း မအောင်မြင်ခဲ့သဖြင့် ကျူတောပင်လယ်ဒေသအထိ လိုက်လာဟန်တူ၏။

ယိုးမင်ဂူဗိမာန်သို့ သွားရာလမ်းတွင် ကွမ်းလီတဲ့၏သိက္ခာကိုအရေးမစိုက်ဘဲ ကျိုးဟောက်ရှန်းက တိုက်ခိုက်လိုက်သဖြင့်ဘေးထွက်ဆိုးကျိုးအား ယခုခံစားရပြီ ဖြစ်သည်။

လင်ဟန့်ဟွာသာ ရောက်မလာခဲ့လျှင် ယိုးမင်ဂိုဏ်းတစ်ခုလုံး ကျူတောပင်လယ်ဒေသမှ သုတ်သင်ခံရနိုင်ဖွယ် ရှိသည်။

ယိုးမင်ဂိုဏ်းမှာ ယိုးမင်ဂူဗိမာန်မှ အဖိုးတန်ပစ္စည်းတစ်ခုတလေပင် ရရှိခဲ့ခြင်း မရှိပေ။ သူတို့နောက်မှရောက်လာသော ကွမ်းမင်ဂိုဏ်းက သူတို့ကိုအနိုင်ယူခဲ့သဖြင့် စောစီးစွာပင် ဂူဗိမာန်မှ ဆုတ်ခွာခဲ့ကြရသည်။ မဆုတ်ခွာလျှင်လည်း ယိုးမင်တစ္ဆေမီးအိမ်နှင့် နေလစကြာကိုင်ဆောင်ထားသည့် ကွမ်းမင်ဂိုဏ်းချုပ် လော့ကျီးထောင်လက်ချက်ဖြင့် သူတို့အားလုံး ထိုနေရာတွင် အသက်ပျောက်ကြရပေမည်။

လောကတွင် မည်သည့်အရာမှ တည်မြဲခြင်း မရှိပေ။

ကျိုဟောက်ရှန်းတို့အုပ်စုသာ ယိုးမင်ဂမ္ဘီရစက်ဝန်းအကြောင်း သိရှိခဲ့ပါက သူတို့မျက်နှာအမူအရာများ မည်သို့ရှိလေမည်နည်း။

မြောက်ပင်လယ်ဓားခန်းမမှ အကြီးအကဲက အံ့အားသင့်စွာဖြင့်...

“ယိုးမင်ဂိုဏ်း ဌာနခွဲပလ္လင်မှာ အဓိကပလ္လင်တည်ဆောက်နေတယ်လို့သတင်းကြားတာ ၊ ပြီးတော့ အဓိကပလ္လင်မတည်ဆောက်နိုင်ခင် ဖြိုချခံလိုက်ရတယ်လို့လည်း ကြားတယ် ၊ ဒါပေမဲ့ ဘယ်သူ့လက်ချက်မှန်းမသိခဲ့ဘူး ၊ ကြယ်ခြွေလက်ဝါးသခင်ရဲ့လက်ချက်လို့ ဘယ်သူထင်မှာလဲ ၊ ယင်စန်းတောင်ဓားဘုရင် ဝင်ပြီးတားဆီးပေးတာလည်း မသိခဲ့ဘူးလေ”

ရန်ကျောက်ကဲက ခဏမျှစဉ်းစားရင်း...

“အခု ကွမ်းမင်ဂိုဏ်းရော ဘာဖြစ်နေသလဲ”

သူ့မေးခွန်းကြားတော့ မြောက်ပင်လယ်ဓားခန်းမမှ အကြီးအကဲက သတိဝင်လာဟန်ဖြင့် မျက်နှာအမူအရာ ထူးဆန်းသွားသည်။

“အဲဒါကို သိချင်နေတာ ၊ ကွမ်းမင်ဂိုဏ်းကလည်း ဘာလှုပ်ရှားမှုမှ မရှိဘူး ၊ ပုံမှန်ဆိုရင် သူတို့ အခွင့်အရေးကို အသုံးချပြီး သေချာပေါက် ယိုးမင်ဂိုဏ်းကိုသုတ်သင်ပစ်မှာ”

အရှေ့တောင်ထိပ်တန်းအရှင်သခင်က ကျူတောပင်လယ်ဒသေကိစ္စကို အပြင်လူများ အခွင့်အရေးဝင်ယူသည်ကို သဘောကျဟန် မတူပေ။ ယိုးမင်ဂူဗိမာန်တွင် ကွမ်းလီတဲ့က ကျိုးဟောက်ရှန်းနောက်သို့ နောက်ယောင်ခံလိုက်ခဲ့သော်လည်း ယခုတော့ လက်စားချေချင်သည်ဟု အကြောင်းပြချက်ဖြင့် ယိုးမင်ဂိုဏ်းကို တိုက်ခိုက်ခဲ့သည်။ လင်ဟန့်ဟွာကလည်း ထိုကိစ္စကို ဝင်ရောက်စွက်ဖက်ခဲ့၏။

သို့သော် ယိုးမင်ဂိုဏ်းနှင့် ကွမ်းမင်ဂိုဏ်းကြားမှ ပဋိပက္ခကိုတော့ အရှေ့တောင်ထိပ်တန်းအရှင်သခင်နှင့် လင်ဟန့်ဟွာတို့က ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပေ။

မြောက်ပင်လယ်ဓားခန်းမမှ အကြီးအကဲသိချင်နေသည့်အကြောင်းရင်းကို ရန်ကျောက်ကဲကတော့ သိရှိထား၏။ ကွမ်းမင်ဂိုဏ်းချုပ် လော့ကျီးထောင်တို့အုပ်စုမှာ ပရမ်းပတာ ဗလာနယ်စီးကြောင်းများကြားတွင် ပိတ်မိနေပြီး ပြန်လာနိုင်ခြင်း မရှိသေးပေ။

မဟုတ်လျှင်တော့ ကွမ်းမင်ဂိုဏ်းက ယိုးမင်ဂိုဏ်းကို အမှုန့်ချေပေလိမ့်မည်။

သို့ပေသိ စိတ်မကောင်းစရာမှာ သူတို့၏သဘာဝရန်သူဖြစ်သော ယိုးမင်ဂိုဏ်းမှာ ကြီးမားသောကပ်ဘေးကြီးခံစားလိုက်ရပြီး ပိုဆိုးသည့်အခြေအနေဖြင့် အဆုံးသတ်သွားခဲ့သည်။

ရန်ကျောက်ကဲက သူ၏ခန္ဓာကိုယ်ကိုပွတ်သပ်ရင်း စဉ်းစားလိုက်သည်။

“ဘယ်လိုလုပ်ရမလဲ... ငါ စွန့်စားသင့်သလား”

All Chapters