တူညီနေတဲ့လက်ဝါးသိုင်း
Vol. 52 Ch. 730
အခန်း (၇၃၀) တူညီနေတဲ့လက်ဝါးသိုင်း
အမှန်တော့ ယိုးမင်ဂူဗိမာန်ကို ရှာဖွေသည့်ကိစ္စတွင် ယိုးမင်ဂိုဏ်းစွန့်စားခဲ့သလို ရန်ကျောက်ကဲသည်လည်း စွန့်စားခဲ့ရသည်ပင်။ ယိုးမင်ဂိုဏ်းက ရှုံးနိမ့်ခဲ့ပြီး ရန်ကျောက်ကဲက အောင်မြင်ခဲ့ခြင်းသာ ရှိသည်။
အောင်မြင်မှုရရှိရန်ကတော့ လူတိုင်းအနေဖြင့် အခွင့်အရေးကို ဂရုတစိုက် ချိန်ဆရန် လိုအပ်သည်။
မည်သို့ပင်ဖြစ်စေ အရှေ့တောင်ထိပ်တန်းအရှင်သခင်၏ အကြီးဆုံးတပည့် ‘ယင်စန်းတောင်ဓားဘုရင်’ လင်ဟန့်ဟွာနှင့် တွေ့ဆုံရာတွင် ရန်ကျောက်ကဲအနေဖြင့် ယိုးမင်ဂိုဏ်းမှ သိုင်းကျင့်ကြံသူများနှင့် တွေ့ဆုံရနိုင်ခြေရှိသည်။
ယိုးမင်ဂိုဏ်းက အကြီးအကျယ် ဆုံးရှုံးခဲ့ပြီး သူကတော့ ကြီးကြီးမားမား အမြတ်ထွက်ခဲ့သည်ဖြစ်ရာ သူတို့တွေ့ဆုံရခြင်းက အဆင်မပြေမှုများ မလွဲမသွေ ရှိလာနိုင်သည်။
ရန်ကျောက်ကဲက အရည်ထူသူဖြစ်သော်လည်း ထိုကိစ္စကိုတော့ ထည့်သွင်းစဉ်းစားသင့်သည်ဟု ခံစားရသည်။
သို့တိုင် လင်ဟန့်ဟွာနှင့်ကလည်း မတွေ့ဆုံ၍မဖြစ်ပေ။ ထိုပုဂ္ဂိုလ်က သေချာပေါက် တွေ့ဆုံရမည့်လူတစ်ယောက်ဖြစ်၏။
လင်ဟန့်ဟွာ၏ အပြင်ပန်းအသွင်အပြင်က ချောမောခန့်ညားသော လူငယ်တစ်ယောက်အသွင် ဖြစ်သည်။ သို့သော် တကယ်တမ်းတွင် သူက ကျန့်မင်နှင့် ချန်ကျိလျန်တို့ထက်ပင် ပိုပြီးအသက်ကြီးသေး၏။ သူ့ပုံစံက ထက်မြက်သည့်ဓားရှည်တစ်လက်နှင့်ဆင်တူပြီး တွေ့မြင်သူတိုင်း၏မျက်လုံးများကို မှင်တက်သွားစေကာ လူတစ်ယောက်ကို အလိုလိုနေရင်း နောက်ဆုတ်သွားချင်စိတ် ဖြစ်ပေါ်စေသည်။
ရန်ကျောက်ကဲကတော့ ထိုသူက စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားမိ၏။ လက်ရှိတွင် လင်ဟန့်ဟွာက သိုင်းသူတော်စင် အဋ္ဌမအဆင့် ၊ အမတကူးပြောင်းခြင်း အလယ်ဆင့် ဖြစ်သည်။
ကျင့်ကြံခြင်းအားနည်းသူများအတွက်တော့ သူ၏ ထက်ရှသည့်စွမ်းအားရောင်ဝါက ထိခိုက်စေမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ချီစွမ်းအားနှင့် သွေးစွမ်းအားများက ထုတ်လွှတ်နိုင်စွမ်း မြင့်မားခြင်းမရှိသောကြောင့် ဖြစ်၏။
အဖိုးတန်ရတနာဓားများကဲ့သို့ပင် ဖြစ်သည်။ ဓားအိမ်အတွင်းမှ ထွက်မလာသရွေ့ ဓား၏ထက်ရှမှုကို ခံစားနိုင်မည် မဟုတ်ပေ။ ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်လျှင်တော့ ဓားစွမ်းအားကို ပြင်ပကမ္ဘာက ခံစားနိုင်မည် ဖြစ်သည်။
ကျင့်ကြံသူများသည်လည်း ထိုသို့ပင်ဖြစ်သည်။ ချီစွမ်းအားနှင့် သွေးလည်ပတ်မှုစွမ်းအားများ ထွက်မလာဘဲ ပိတ်ဆို့ထားသည့်အခါ ထက်ရှခြင်းကို မသိမြင်နိုင်ပေ။ ချီစွမ်းအားနှင့် သွေးစွမ်းအားများ မြင့်မားပြင်းထန်သည့်အခါ ထက်ရှမှုကို အလိုလိုနေရင်း ခံစားရမည်သာ။
လင်ဟန့်ဟွာ၏ ခန္ဓာကိုယ်တစ်ခုလုံးက ဓားသွားအသွင်ထက်ရှနေပြီး သူ့ကို ကြည့်မြင်လိုလျှင်ပင် ခက်ခက်ခဲခဲ ကြည့်မြင်ရမည် ဖြစ်သည်။
ရန်ကျောက်ကဲက လင်ဟန့်ဟွာ၏ ခြေထောက်အောက်သို့ကြည့်လိုက်သည်။ သူခြေထောက်နင်းထားသည့် မြေပြင်က မည်သည့်ထိခိုက်မှုမှမရှိသော်လည်း ယင်းက လှည့်စားမှုတစ်ခုသာ ဖြစ်သည်။
လင်ဟန့်ဟွာသာ သူမတ်တတ်ရပ်နေသည့်နေရာမှ အရှိန်အဟုန်ဖြင့် ထွက်ခွာသွားမည်ဆိုလျှင် ထိုနေရာမှမြေကြီးက တွင်းပေါက်ကြီးပမာ အတွင်းထဲသို့ လျှိုဝင်သွားပြီး တွင်းနက်ကြီးအဖြစ် ကျန်ရစ်ခဲ့မည် ဖြစ်သည်။
ရန်ကျောက်ကဲ ၊ ပိုင်ကျစ်မင်နှင့် အခြားသူများမှာ လင်ဟန့်ဟွာရှေ့သို့ရောက်သည့်အခါ ရှေ့ဆက်မတိုးနိုင်တော့ကြောင်း အာရုံခံမိကြသည်။
အကယ်၍ အနားသို့ထပ်မံတိုးကပ်ပါက ဓားချီများဖြင့် ထိခိုက်မိပြီး လင်ဟန့်ဟွာ၏ ခြေဖဝါးအောက်မှ မြေပြင်ကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကြေမွသွားမည် ဖြစ်သည်။
လင်ဟန့်ဟွာက သူ၏ဓားချီများကို ပြန်လည်မရုတ်သိမ်းနိုင်ခြင်းဖြစ်မည်ဟု ရန်ကျောက်ကဲ မထင်ခဲ့ပေ။ ထို့ပြင် သူတို့အုပ်စုအား ရည်ရွယ်ချက်ရှိရှိ တန်ခိုးစွမ်းအား ထုတ်ဖော်ပြသရန်လည်း မလိုအပ်ပေ။
ဖြစ်နိုင်ခြေ တစ်ခုသာ ရှိသည်။ ဤသည်က လင်ဟန့်ဟွာ ကျင့်ကြံသည့်နည်းလမ်း ဖြစ်ပေမည်။
ဤသည်က စက်ဝန်းသံသရာကောင်းကင်ကျမ်းစာကို တစ်ချိန်လုံး ကျင့်ကြံနေခြင်းနှင့် ဆင်တူသည်။ လင်ဟန့်ဟွာအတွက်တော့ ဤသို့ကျင့်ကြံခြင်းက အသက်ရှူခြင်းကဲ့သို့ပင် ပေါ့ပါးကာ သဘာဝကျသည်။
ထို့ပြင် သူ၏ ကျင့်ကြံခြင်းနည်းလမ်းက အလွန်မြင့်မားသော အဖျက်စွမ်းအားကို ပိုင်ဆိုင်းထားဟန်ပင်။
ရန်ကျောက်ကဲ ခန့်မှန်းချက်အရ လင်ဟန့်ဟွာကသူ့ကိုယ်သူဓားတစ်လက်အဖြစ် သဘောထားပြီး ပြင်ပလောက မိုးမြေတစ်ခွင်အား ကြိတ်ဆုံတစ်ခုပမာ အသုံးပြုပြီး အချိန်တိုင်း မရပ်မနား ကျင့်ကြံနေခြင်း ဖြစ်သည်။
သူ၏ စွမ်းအားရောင်ဝါက အလွန်တရာမြင့်မားပြီး ကြောက်မက်ဖွယ်ရာကောင်းလွန်းသည်။ မည်သူမှ သူ့အနားသို့ အလွယ်တကူ ချဉ်းကပ်နိုင်မည် မဟုတ်ပေ။
လင်ဟန့်ဟွာက ပြုံးရင်း...
“ဒီ ‘လင်’ က ဒီအတိုင်း ကျင့်ကြံနေတာပါ ၊ စော်ကားတယ်လို့ မထင်စေချင်ဘူး”
ထို့နောက် သူ့ခန္ဓာကိုယ်မှ ဓားချီစွမ်းအားများ တဖြည်းဖြည်း ပြန်လည်ဆုတ်ခွာသွားပြီး နောက်ဆုံးမှာတော့ အာရုံခံမိရန်ပင် ခက်ခဲသွားလောက်အောင် ပျောက်ကွယ်သွားသည်။
ထိုအခါမှ ရန်ကျောက်ကဲတို့အုပ်စုမှာ ပခုံးထက်တင်ထားသည့် အလေးတုံကြီးကို ဖယ်ရှားလိုက်သည့်ပမာ ဖိအားများ လျော့ပါးသွားရသည်။
အပြန်အလှန်နှုတ်ဆက်စကားဆိုကြပြီးနောက် လင်ဟန့်ဟွာက အသာအယာခေါင်းညိတ်ရင်း ဖမ်းဆီးလာသော ဝမ်ဟွေ့ကို ကြည့်လိုက်သည်။
“ဂိုဏ်းတူညီလေး’ကျန့်မင်’ ... မင်း ကူညီတာ ငါတို့အတွက် အများကြီး အကျိုးရှိခဲ့တယ် ၊ သူ့ကို ဆရာနဲ့တွေ့ဖို့ အမြန်ဆုံး ကျင်းထင်တောင်ကို ခေါ်သွားလိုက်ပါ”
ကျန့်မင်က ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်ပြီး အခိုင်အမာ ပြောဆိုလိုက်သည်။
“သူတို့ကို ဖမ်းဆီးရင်းနဲ့ ဒီအမျိုးသမီးရဲ့ ဂိုဏ်းတူမောင်လေး ၊ တောင်ပိုင်းထိပ်တန်းအရှင်သခင်ရဲ့ တပည့် ‘ဇာမဏီနေမင်း’ လီကျင်းကို မိတ်ဆွေလေး’ရန်’ က မတော်တဆ သတ်မိလိုက်တယ်”
ထိုစကားကြားတော့ လင်ဟန့်ဟွာ အံ့အားသင့်သွားသည်။
ဝမ်ဟွေ့က ရန်ကျောက်ကဲကိုအေးစက်စွာကြည့်ရင်း...
“ဆရာက သူ့ကိုလွယ်လွယ်နဲ့ အလွတ်ပေးမှာမဟုတ်ဘူး”
ရန်ကျောက်ကဲက ပြုံးလိုက်ပြီး မည်သည့်စကားမှ မဆိုပေ။
လင်ဟန့်ဟွာက အံ့အားသင့်နေဟန် ရှိသော်လည်း ဤသည်က မတော်တဆမှုသာ ဖြစ်သည်။
သူက ဝမ်ဟွေ့ကိုကြည့်ရင်း တည်ငြိမ်စွာဖြင့်...
“မင်းတို့လည်း ငါ့တူမလေးကို သတ်ဖို့ကြံစည်တာပဲလေ ၊ သူ ဘာမှမဖြစ်ပေမယ့် ဒီကိစ္စ လွယ်လွယ်နဲ့ပြီးသွားမယ် မထင်နဲ့”
“မိတ်ဆွေလေး’ရန်’ က ငါတို့ကျင်းထင်တောင်ကို ကူညီပြီး လူသတ်သမားတွေကို ဖမ်းဆီးပေးခဲ့တယ် ၊ ဒါကြောင့် ငါတို့ ကျင်းထင်တောင်က ကိစ္စအားလုံးကို တာဝန်ယူတယ်”
ဝမ်ဟွေ့က ဒေါသတကြီးဖြင့်...
“ယင်စန်းတောင်က ‘လင်’ ... ရှင်က စွမ်းအားကြီးမားတဲ့လူတစ်ယောက်ဖြစ်လို့ ရှင့်ရှေ့မှာ ကျွန်မ ဘာမှမပြောနိုင်ဘူး ၊ ဒါပေမဲ့ ကျွန်မဆရာရဲ့ ဒေါသကိုတော့ ရှင်လည်း ခံနိုင်မယ်မထင်နဲ့”
လင်ဟန့်ဟွာက လက်ဝှေ့ယမ်းရင်း...
“ဒီစကားတွေက တောင်ပိုင်းထိပ်တန်းအရှင်သခင်နဲ့ ငါတို့ဆရာပြောရမယ့်စကားတွေပါ ၊ မင်းလုပ်ရမှာက... ငါတို့ဆရာနဲ့တွေ့တဲ့အခါ မင်းတို့ဘာလို့ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ကို ရောက်လာရသလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြဖို့ပဲ ၊ ဒီမှာစကားပြောနေတာအပိုပဲ”
ဝမ်ဟွေ့ကိုခေါ်ဆောင်ပြီး ကျင်းထင်တောင်သို့ပြန်ရန် ကျန့်မင်အား ညွှန်ကြားပြီးနောက် လင်ဟန့်ဟွာက ရန်ကျောက်ကဲကိုကြည့်ရင်း ခေါင်းညိတ်ပြသည်။
“မိတ်ဆွေလေး’ရန်’ လည်း ကျင်းထင်တောင်ကို လာရောက်လည်ပတ်ချင်တယ်ဆိုရင် အချိန်မရွေးပါပဲ”
ရန်ကျောက်ကဲက ပြုံးရင်း...
“ဖိတ်ကြားမှုအတွက် ဒီ ‘ရန်’ က ဂုဏ်ယူမိပါတယ်”
ခဏနားပြီးမှ ရန်ကျောက်ကဲက မေးလိုက်သည်။
“ဓားဘုရင်ကို မမေးဝံ့ပေမယ့်... ဆရာ’ချန်ကျိလျန်’ နဲ့အတူ ကျင်းထင်တောင်ကိုလိုက်သွားတဲ့ တာ့ရွှမ်တိုင်းပြည်က ခန်းဖင်းရဲ့ အခြေအနေ ဘယ်လိုရှိလဲ မသိဘူး”
လင်ဟန့်ဟွာက မျက်နှာအမူအရာပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်သည့် လေသံဖြင့်...
“ပြောရရင်တော့... အရင်တုန်းက ဒီ ‘လင်’ သတိမမူဖြစ်သွားခဲ့မိတာ ၊ ကျူတောပင်လယ်ဒေသက ထူးခြားချက်ကို သတိပြုမိတဲ့ မိတ်ဆွေလေး’ရန်’ ကိုပဲ ကျေးဇူးတင်ရမယ် ၊ ကောင်းကင်စွမ်းအားအစီအရင် သူတို့တည်ဆောက်နေတာကို မိတ်ဆွေလေး ရှာတွေ့ခဲ့လို့ တော်သေးတာပေါ့”
သူက ဆက်ပြောသည်။
“ခန်းဖင်းက ဂိုဏ်းတူညီလေး’ချန်ကျိလျန်’ နဲ့အတူ ကျင်းထင်တောင်ကို လိုက်လာတယ် ၊ ဆရာက သူတို့နဲ့တွေ့ပြီးပါပြီ ၊ နောက်ဆုံးရလဒ်ဘာဖြစ်သွားလဲဆိုတာတော့ ဒီ ‘လင်’ လည်း မသိပါဘူး ၊ ဒါပေမဲ့ ဆရာက ဒီ ‘လင်’ ကို ကျူတောပင်လယ်ဒေသကို စေလွှတ်လိုက်တယ်လေ”
လင်ဟန့်ဟွာက အသေးစိတ်ရှင်းပြတော့ ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။
“ဓားဘုရင်က ယဉ်ကျေးလွန်းနေပါပြီ ၊ ဒီ ‘ရန်’ က တိုက်ဆိုင်လို့ မေးမြန်းကြည့်တာပါ”
လင်ဟန့်ဟွာနှင့် လူချင်းခွဲပြီးနောက် ရန်ကျောက်ကဲက အခြားသူများကို လှည့်ကြည့်လိုက်သည်။
ယင်စန်းတောင်ဓားဘုရင်ထွက်ခွာသွားသည်နှင့် ဓားချီစွမ်းအားက ကောင်းကင်ထက်ပျံတက်သွားပြီး ပုံသဏ္ဌန်မရှိသည့်တိုင် ဓားနှင့်ထိုးစိုက်ခံရသည့်ပမာ စူးရှနာကျင်မှုကို ခံစားကြရသည်။
ရန်ကျောက်ကဲ နောက်လှည့်ကြည့်လိုက်တော့ သူ့ကို စိတ်ရှုတ်ထွေးသောအမူအရာဖြင့်ကြည့်နေသည့် ပိုင်ကျစ်မင်ကို တွေ့ရ၏။
သိချင်စိတ် ၊ စူးစမ်းလေ့လာစိတ်ဖြင့် ကြည့်ရှုသောအကြည့်များစွာကို ရန်ကျောက်ကဲက ယခင်က တွေ့မြင်ဖူးသည်။ သို့သော် ယခု ပိုင်ကျစ်မင်၏မျက်ဝန်းများထဲတွင် မေးခွန်းအချို့ အရိပ်အမြွက်ပါဝင်နေသည့်အလား အနည်းငယ်ထူးဆန်းနေကြောင်း ခံစားရသည်။
တိကျရှင်းလင်းသော ပန်းတိုင်တစ်ခုနှင့် ပစ်မှတ်ရှိနေသော မေးခွန်းမျိုးပင်။
ပိုင်ကျစ်မင်က ပညာရှိသူဖြစ်ပြီး သူ့ကိုယ်သူကာကွယ်ရန်အတွက် မဆိုင်သည့်ကိစ္စများတွင် ဝင်ပါလေ့ မရှိပေ။
သို့ဖြစ်ရာ သူ့ကို ယခုလို တွေ့မြင်ရသည်က ရှားပါးလွန်းသဖြင့် ရန်ကျောက်ကဲက ပြံးလိုက်ရင်း...
“ဆရာကြီး ‘ပိုင်’ ... ဘာကိစ္စများ ရှိနေလို့လဲ”
ခဏမျှစဉ်းစားပြီးနောက် အဘိုးအိုက တည်ငြိမ်စွာဖြင့်...
“ပွင့်ပွင့်လင်းလင်းပြောရရင် မိတ်ဆွေလေး’ရန်’ လီကျင်းကို ရိုက်သတ်လိုက်တဲ့ လက်ဝါးရိုက်ချက်က ငါ့ကိုတုန်လှုပ်စေပြီး မေးခွန်းထုတ်စရာလေးတွေလည်း ရှိလာတယ် ၊ မိတ်ဆွေလေး’ရန်’ ရဲ့ တန်ခိုးစွမ်းအားက တကယ့်ကို အံ့သြရပါတယ် ၊ ဒီအဘိုးကြီး အရမ်း လေးစားမိတယ် ၊ ဒါပေမဲ့ မိတ်ဆွေလေး’ရန်’ အသုံးပြုတဲ့လက်ဝါးသိုင်းကို မြင်ဖူးနေသလိုပဲ”
ရန်ကျောက်ကဲ မျက်နှာအမူအရာက တည်ငြိမ်နေသော်လည်း စိတ်ထဲမှာတော့ တစ်ချက်လှုပ်ရှားသွားသည်။
“သူက စက်ဝန်းသံသရာကောင်းကင်ကျမ်းစာနဲ့ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို သိနေတာလား”
ပိုင်ကျစ်မင်က ဆက်ပြောသည်။
“မိတ်ဆွေလေး’ရန်’ ရဲ့ လက်ဝါးသိုင်းက ကြီးကျယ်ခမ်းနားပြီး လွှမ်းမိုးနိုင်စွမ်း မြင့်မားတယ် ၊ တုနှိုင်းမရတဲ့စွမ်းအားကို ခံစားရစေတယ်”
“ဒါပေမဲ့ ဒီအဘိုးကြီး ဟိုးအရင်တုန်းက အဲဒီလိုလက်ဝါးသိုင်းမျိုးကို တွေ့မြင်ဖူးတယ် ၊ အဲဒီလူကလည်း အရမ်းထူးချွန်ပေမယ့် မိတ်ဆွေလေး’ရန်’ လောက်တော့ ကြီးကျယ်ခမ်းနားပြီး တော်ပုံမရဘူး”
ထိုအခါမှ ပိုင်ကျစ်မင်သိရှိသည်မှာ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်မဟုတ်ကြောင်း နားလည်သွားပြီး ရန်ကျောက်ကဲ စိတ်သက်သာရာ ရသွားသည်။
သို့သော် တစ်ခုခုမှားယွင်းနေပေသည်။
ပိုင်ကျစ်မင်က စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို သိရှိသည်မဟုတ်ပေ။ သူသိရှိသည်က ‘ကောင်းကင်ဝါဒလက်ဝါးသိုင်း’ ဖြစ်၏။
ရန်ကျောက်ကဲအပြင် မည်သူက ကောင်းကင်ဝါဒလက်ဝါးသိုင်းကို အသုံးပြုပါသနည်း။
သူ့စိတ်ထဲ တစ်ချက်လှုပ်ရှားသွားသည်။
ထို့နောက် ရန်ကျောက်ကဲ၏မျက်ဝန်းများ ရုတ်တရက် အေးခဲသွားပြီး အသက်ရှူသံပင် ရပ်တန့်လုမတတ် ဖြစ်သွားလေ၏။