သူကမှ တကယ့်နတ်ဆိုးပဲ
Vol. 3 Ch. 41
ဖျောက်ခနဲ အသံ ထွက်ပေါ်လာပြီးနောက် ဝံပုလွေရိုင်းသည် မျက်လုံးကို မှိတ်ကာ သေမည့်အချိန်ကို စောင့်နေလိုက်သည်။
ထိုအသံကြောင့် ဝံပုလွေရိုင်း အကြီးအကျယ် တုန်လှုပ်သွားသည်။
*ငါ သေသွားပြီလား*
ကျန်းရှီမြို့၌ သုံးနှစ်တိတိ ပြိုင်ဘက်ကင်းခဲ့သည့် ဝံပုလွေရိုင်းအဖို့ အခုလိုမျိုး တစ်ချက်တည်းနှင့် အသတ်ခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါ။
ထို့ကြောင့် ဝံပုလွေရိုင်း ခါးသီးစွာ ပြုံးလိုက်မိသည်။ သို့သော် မည်သည့်နာကျင်မှုမှ မခံစားရသည့်အတွက် သူ အံ့အားသင့်သွားရသည်။
*ဘာ…ဘာဖြစ်သွားတာလဲ*
ဝံပုလွေရိုင်း မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်ပြီး နောက် မြင်လိုက်ရသည့်အရာကြောင့် အကြောအခြင်တွေ တောင့်တင်းသွားရသည်။
လက်ခြောက်ချောင်းမြွေ၏ ချွန်ထက်နေသော လက်သည်းက သူ့လည်ပင်းနှင့် ၃စင်တီမီတာအကွာ၌ ရှိနေပြီး ထိုလက်ကို လက်တစ်ဘက်က ဖမ်းဆုပ်ထားသည်။
ထို့ပြင် လက်ခြောက်ချောင်းမြွေ၏ လက် ခြောက်ချောင်းလုံးသည် ကျိုးနေကာ ပုံပျက်ပန်းပျက် ဖြစ်နေသေး၏။ ရုတ်တရက် ဝံပုလွေရိုင်းသည် စူးစူးဝါးဝါးအော်လိုက်သံကို ကြားလိုက်ရသည်။
"အား…အား ... အား …ငါ့လက်!"
လက်ခြောက်ချောင်းမြွေ၏ မျက်နှာသည် ဖြူရော်နေကာ နောက်သို့ အလျင်အမြန် ပြန်ဆုတ်သွားသည်။ သူ၏ လက်ခြောက်ချောင်းလုံး ကျိုးနေသည်ကို သူ မယုံနိုင်သလို ဖြစ်နေ၏။
*မယုံနိုင်စရာပဲ…ငါ့…ငါ့လက်ချောင်းတွေ အကုန်ကျိုးသွားတာလား*
လက်ခြောက်ချောင်းမြွေ ဤအဖြစ်အပျက်ကို လက်မခံနိုင်သေး၊ သူသည် သူ၏ အစွမ်းထက်လှသော လက်သည်းများကြောင့် နာမည်ကြီးလှသည်။ သူ့လက်သည်းသည် သံမဏိကိုတောင် ဖြတ်နိုင်သည်။
သို့သော်လည်း ယဲ့ဖန်၏လက်ထဲတွင် သူ့လက်သည်းများက ဆွေးနေသော သစ်သားကဲ့သို့ ဖြစ်သွားလေသည်။
*ဒါ…ဒါ လုံးဝမဖြစ်နိုင်ဘူး*
လက်ခြောက်ချောင်းမြွေသာမက ဝံပုလွေရိုင်းပါ မှင်တက်သွားရသည်။ လက်ခြောက်ချောင်းမြွေကြောင့် ဒဏ်ရာရသွားပြီးကတည်းက ဝံပုလွေရိုင်းသည် လက်ခြောက်ချောင်းမြွေ၏ ချွန်ထက်နေသော လက်သည်း၏ အစွမ်းကို ရိပ်စားမိသွားသည်။ ထိုလက်သည်းများသည် သံမဏိဓားကဲ့သို့ အစွမ်းထက်လှပေသည်။
သို့သော်…
ယဲ့ဖန်၏ ပိန်ပိန်ပါးပါး ကိုယ်ခန္ဓာကိုယ် ကြည့်နေရင်း ဝံပုလွေရိုင်း အံ့ဩလွန်း၍ သူ့ကို လူဟုတ်ရဲ့လားဟုတောင် ထင်လာမိသည်။
"မဟုတ်ဘူး ... ဒါ လုံးဝမဖြစ်နိုင်ဘူး! သုံးစားမရတဲ့ကောင်က ဘယ်လိုလုပ် လက်ခြောက်ချောင်းမြွေရဲ့လက်ကို ချိုးပစ်နိုင်ရတာလဲ?"
ကုန်းဝူ မျက်လုံးအပြူးသားနှင့် အော်လိုက်မိသည်။ သူ့စိတ်ထဲတွင် လက်ခြောက်ချောင်းမြွေက ရဲစွမ်းသတ္တိရှိသော လူ့ဘီလူးတစ်ယောက်ဖြစ်ပြီး ယဲ့ဖန်ကတော့ အားနည်းသော ပုရွတ်ဆိတ်လေးသာ ဖြစ်သည်။
သို့သော် ထိုပုရွတ်ဆိတ်လေးကပဲ လူ့ဘီလူးကြီး၏ လက်ချောင်းများကို တစ်ချက်တည်းဖြင့် ချိုးပစ်လိုက်သည်လေ။
"သေစမ်း…သေစမ်း…သေစမ်း"
လက်ခြောက်ချောင်းမြွေသည် အလွန်ဒေါသထွက်ကာ ယဲ့ဖန်အား မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ကြည့်ကာ အော်ပြောလိုက်သည်။
"ခွေးမသားလေး…ရဲတင်းလှချည်လား…မင်းက ငါ့လက်ကို ချိုးရဲတယ်ပေါ့လေ။ ငါ ဘယ်သူလဲ မင်း သိလား? ငါက ဒီမြို့ရဲ့ အရက်စက်ဆုံး နတ်ဆိုးကွ။ မင်းက ငါ့ကို အာခံရဲမှတော့ မင်းကို ငါ သတ်ရလိမ့်မယ်။ ငါ မင်းအသားကို စားပြီး မင်းရဲ့သွေးကို သောက်ပစ်မယ်။ မင်းကို အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် လုပ်ပစ်မယ်"
လက်ခြောက်ချောင်းမြွေက ယဲ့ဖန်အား မတရား မုန်းတီးနေသော်လည်း ယဲ့ဖန်ကတော့ ဂရုစိုက်ဟန်တောင် မရှိချေ။
မှင်သေသေမျက်နှာထားနှင့် ယဲ့ဖန်က လက်ခြောက်ချောင်းမြွေအား ခက်ထန်စွာ ကြည့်၍ သူ့ဆီ လှမ်းလာနေသည်။
"နတ်ဆိုး?"
ယဲ့ဖန် မျက်လုံး အရောင်တစ်ချက် လက်သွားပြီး ရက်စက်သည့်အသွင် ပြောင်းလာသည်။
"နတ်ဆိုးဆိုတာ ဘာမှန်းရော မင်းသိလို့လား? နတ်ဆိုးဆိုတာ အင်မော်တယ်တွေကို ကျွန်ပြုပြီးတော့ နတ်သမီးတွေကို အစေခံအဖြစ် ထားတာကွ။ နတ်ဆိုးဆိုတာ သေသင့်တဲ့လူတိုင်းကို သတ်တယ်၊ နတ်ဆိုးဆိုတာ ကမ္ဘာပေါ်က မတရားတဲ့ကိစ္စတွေအတွက် ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး အင်မော်တယ်တွေနဲ့ နတ်သမီးတွေကို သတ်သင့်ရင်သတ်ရမယ်ကွ"
စကားတစ်ခွန်း ပြောလိုက်တိုင်း ယဲ့ဖန်၏ ချီဓာတ်က ပို၍ သန်မာလာသည်။ သူ ခြေလှမ်းလှမ်းလိုက်ပြီးသည်နှင့် သံမဏိစက်ရုံတစ်ခုလုံး လှုပ်ယမ်းလာသည်။
"ကဲ…အခု တကယ့်နတ်ဆိုးက ဘာလဲ မင်းသိအောင် ပြောပြရတာပေါ့"
ပြောပြီးသည်နှင့် ယဲ့ဖန်က အနက်ရောင်ချီဓာတ်ကို ထုတ်လွှတ်လိုက်သည်။ ရုတ်တရက် စက်ရုံတစ်ခုလုံး လေပြင်းတိုက်လာပြီးနောက် ယဲ့ဖန် တစ္ဆေတစ်ကောင်လို ဖျတ်ခနဲ ပျောက်သွားသည်။
လက်ခြောက်ချောင်းမြွေ မျက်လုံး ပြန်ဖွင့်လိုက်သည်နှင့် ယဲ့ဖန်က သူ့ရှေ့ရောက်နေသည်ကို တွေ့လိုက်ရသည်။
"မဟုတ်ဘူး"
စက္ကန့်ပိုင်းအတွင်းမှာပင် လက်ခြောက်ချောင်းမြွေက အသိစိတ်လွတ်သွားသကဲ့သို့ အကြီးအကျယ် တုန်လှုပ်လာသည်။
သူ အတတ်နိုင်ဆုံး ခပ်မြန်မြန်ထွက်ပြေးရန် ကြံလိုက်သော်လည်း နောက်ကျသွားချေပြီ။ ယဲ့ဖန်က သူ့လည်ပင်းကို လက်ဖြင့်ညှစ်ကာ မြှောက်လိုက်ပြီးသား ဖြစ်နေသည်။
"မင်း…"
လက်ခြောက်ချောင်းမြွေ ဤမျှ ကြောက်ဖို့ကောင်းသည့်လူကို မမြင်ဖူးသကဲ့သို့ ကြောက်လန့်ကာ ကြယ်သီးမွှေးညှင်း ထလာသည်။ ဤလူသည် လူလုံးဝ မဟုတ်ပေ။
"မဟုတ်ဘူး ... မဖြစ်နိုင်ဘူး… မင်း ဘယ်လိုလုပ် အဲ့လောက် မြန်မြန် လှုပ်ရှားနိုင်ရတာလဲ?"
လက်ခြောက်ချောင်းမြွေသည် သူ၏ ချွန်ထက်သော လက်သည်းနှင့် လျင်မြန်မှုကြောင့် နာမည်ကြီးလေ၏။ သို့သော် ယဲ့ဖန်က သူ့ထက် ပိုလျင်မြန်သည်ကို တွေ့လိုက်ရသည်။
"နတ်ဆိုး! သူ ….သူကမှ တကယ့်နတ်ဆိုးပဲ!"
ထိုအချိန်မှာပဲ လက်ခြောက်ချောင်းမြွေသည် ခွန်အားတစ်စက်မှ မရှိတော့သလို အလွန်ကြောက်လန့်လာသည်။
ယဲ့ဖန်၏ လက်ဝါးသည် သံမဏိကဲ့သို့ အလွန်သန်မာလှကာ လက်ခြောက်ချောင်းမြွေ မည်သို့မျှ ရုန်းလို့မရပေ။ ထိုအဖြစ်အပျက်ကြောင့် စက်ရုံထဲရှိ လူအားလုံး သွေးပျက်သွားသည်။
ယဲ့ဖန်က လက်ခြောက်ချောင်းမြွေ၏လည်ပင်းကို အသာလေး ညှစ်ထားသည်ကို ကြည့်ပြီး သူတို့အားလုံး မယုံနိုင်သလို ဖြစ်နေကြသည်။
*အဲ့ဒါ ကျားခေါင်းတစ်ဖွဲ့လုံးကို သတ်ခဲ့တဲ့ လက်ခြောက်ချောင်းမြွေလေ*
*သူက ကျားခေါင်းတစ်ဖွဲ့လုံးကို တစ်ညတည်းနဲ့ သတ်နိုင်ရုံတင်မကသေးဘူး။ ဝံပုလွေရိုင်းကိုပါ တစ်ချက်တည်းနဲ့ သတ်နိုင်စွမ်းရှိတယ်လေ*
*ဒါပေမယ့် ယဲ့ဖန်က နတ်ဆိုးလို ရက်စက်တဲ့သူရဲ့လည်ပင်းကို ညှစ်ပြီး သူ့ကို ဆွဲမြှောက်ထားတယ်! မယုံနိုင်စရာပဲ!*
နောက်ဖြစ်လာသည့် အခြင်းအရာကြောင့် အားလုံး ထိတ်လန့်သွားသည်။ အနက်ရောင်မြူခိုးတစ်စုက လက်ခြောက်ချောင်းမြွေ၏ ခန္ဓာကိုယ်ထဲမှ ငါးရှဉ့်တစ်ကောင်လို ထွက်လာသည်။
"အား…အား ... အား ..."
လက်ခြောက်ချောင်းမြွေ အလွန်နာကျင်သောကြောင့် ငယ်သံပါအောင် အော်မိသည်။ သူ့မျက်နှာတစ်ခုလုံးက ရှုံ့မဲ့နေကာ သရဲကို တွေ့လိုက်ရသလိုမျိုး ကြောက်လန့်နေသည်။
ခဏမျှကြာသောအခါ ထိုငယ်သံပါသောအသံ ပျောက်သွားသည်။ ထို့နောက် လက်ခြောက်ချောင်းမြွေ၏ ခန္ဓာကိုယ်သည် ပြာပုံအဖြစ် ပြောင်းသွားသည်။
….
စက်ရုံတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ကုန်းဝူ မှင်တက်သွားပြီး မယုံနိုင်သော မျက်နှာထားနှင့် ဖင်ထိုင်ရက်လဲကျသွားသည်။
ဖက်တီးသည်လည်း အူလည်လည်နှင့် ငေးငိုင်နေသည်။ ဝံပုလွေရိုင်းသည်လည်း လက်ခြောက်ချောင်းမြွေ ပြာပုံဘဝပြောင်းသွားသည်ကို မယုံနိုင်သောကြောင့် ကိုယ့်ပါးကိုယ် ဆွဲဆိတ်မိသည်။
လက်ခြောက်ချောင်းမြွေ သေသွားပြီးနောက် စက်ရုံတစ်ခုလုံး သုဿန်အလား တိတ်ဆိတ်သွားသည်။ ဒီလောက် ရက်စက်ကြမ်းကြုတ်သည့်သူက ပြာဖြစ်သွားသည်ကို အားလုံး မယုံနိုင်သေးပေ။
ဂလု!
မြေကြီးပေါ်က ပြာပုံကို ကြည့်ပြီး ကုန်းဝူ တံတွေးမြိုချလိုက်မိသည်။
*နတ်ဆိုး*
*ဒီကောင်က နတ်ဆိုးပဲ*
ယဲ့ဖန်သည် လူမဟုတ်ဘဲ သူတို့ ကုန်းမိသားစုတစ်ခုလုံး အပြစ်မပြုသင့်သည့် နတ်ဆိုးသာ ဖြစ်သည်ကို ကုန်းဝူ သဘောပေါက်လိုက်မိသည်။
"သေစမ်း…ဒီကောင်က လူမဟုတ်ဘူးပဲ။ငါ ... ငါ ငါ့မိသားစုကို အသိပေးမှ ဖြစ်မယ်။ ငါတို့ သူ့ကို ဘယ်တော့မှ အပြစ်မပြုသင့်ဘူး။ ငါတို့ ဒီလူကို ဘယ်သောအခါမှ အပြစ်မပြုသင့်ဘူး"
ကုန်းဝူ အလွန်နောင်တရနေသည်။ ယဲ့ဖန်က နတ်ဆိုးမှန်း သူ သိလျင် သူ ဘယ်တော့မှ ယဲ့ဖန်ကို စော်ကားမိမည် မဟုတ်။
ထို့နောက် ထပ်မံ၍ ဖြစ်လာသည့်အကြောင်းကိစ္စကြောင့် ကုန်းဝူ ကြောက်ချေးပါသလို ဖြစ်လာသည်။
ယဲ့ဖန်က အနက်ရောင်မြူခိုးထုအား ကုန်းမိသားစု၏ လူမိုက်များထံသို့ ပို့လွှတ်လိုက်သည်။ တိုက်ခိုက်လာသောလေနှင့်အတူ လူမိုက်အားလုံး မြူခိုး၏ ပိတ်နှောင်ခြင်းခံရကာ ငယ်သံပါအောင် အော်ဟစ်နေကြသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ကုန်းဝူ၏ လူမိုက်များအားလုံး ပြာအဖြစ်သို့ ဘဝပြောင်းသွားကြသည်။