← Chapters

နတ်ဆိုး!

Vol. 3 Ch. 42

နတ်ဆိုး!

Vol. 3 Ch. 42

*သေကုန်ပြီ*

*သူတို့အားလုံး သေကုန်ပြီ*

မြေကြီးပေါ်သို့ ဖြည်းဖြည်းချင်းကျလာသော ပြာတွေကို ကြည့်ရင်း ကုန်းဝူ၏မျက်နှာက တဖြည်းဖြည်း ဖြူစုတ်လာသည်။

ယဲ့ဖန် ဒီလောက် စွမ်းအားကြီးမည်ဟု သူ မထင်ထားခဲ့ချေ။ အနက်ရောင်မြူခိုး ထုတ်လိုက်ရုံနှင့် ယဲ့ဖန်က ကုန်းဝူ၏ လူအားလုံးကို သတ်နိုင်ပြီး ပြာအဖြစ်သို့ ပြောင်းနိုင်သည်။ သူက အမှန်ကို နတ်ဆိုးတစ်ကောင်ပင်။

*ပြေး*

သူ ချက်ချင်း ကုန်းထကာ စက်ရုံ၏ အနောက်ဘက်တံခါးဆီသို့ ပြေးသွားလိုက်သည်။ ရုတ်တရက် လူနှစ်ယောက်က သူ့ရှေ့ ပိတ်ရပ်လာသည်။ ထိုသူနှစ်ယောက်ကတော့ ဝံပုလွေရိုင်းနှင့် ဖေးချမ်တို့ပင်။

အကယ်ခံလိုက်ရပြီးတာတောင် ဖေးချမ်က သွေးသံတရဲရဲနှင့် ဖြစ်နေဆဲပင်။ သူက ကုန်းဝူအား မီးဝင်းဝင်းတောက်နေသောမျက်လုံးများဖြင့် ခက်ထန်စွာ ကြည့်ပြီး

"ပြေးမလို့လား? မင်း ပြေးလို့လွတ်မယ်လို့ ထင်နေတာလား?"

ဖေးချမ်က ကုန်းဝူကို ဒေါသတကြီး ဆောင့်ကန်လိုက်သည်။ အကန်ခံလိုက်ရတာကိုလည်း ကုန်းဝူက ဂရုစိုက်ပုံမရပေ။  အကန်ခံလိုက်ရသည်နှင့် ကုန်းဝူက ချက်ချင်း ကုန်းထကာ ယဲ့ဖန်ရှေ့ ပြေး၍ ဒူးထောက်လိုက်သည်။

ထို့နောက် သူသည် နဖူးနှင့် မြေကြီး ကပ်နေအောင် ထိထားပြီး ယဲ့ဖန်အား ကျယ်လောင်စွာ တောင်းပန်လိုက်သည်။

"ယဲ့ဖန်..ငါ.. ငါ မှားသွားပါတယ်။ ငါ သေသင့်ပါတယ်။ ငါ မင်းကို မစော်ကားခဲ့သင့်ဘူး။ ငါ့ကို ကြိုက်သလို အပြစ်ပေးပါ။ ငါ့မှာ ပိုက်ဆံရှိတယ်။ ကုန်းမိသားစုမှာ ပိုက်ဆံ အများကြီး ရှိပါတယ်။ ငါ မင်းကို မင်းလိုချင်သလောက် ပေးပါ့မယ်"

ကုန်းဝူ တစ်ကိုယ်လုံး တုန်ယင်နေကာ ချွေးများဖြင့် ရွှဲနစ်နေသည်။ ကုန်းဝူ အတော်လေး ကြောက်နေသည်။

လက်ခြောက်ချောင်းမြွေနှင့် သူ့လူတွေလိုမျိုး ပြာဖြစ်သွားမှာကို သူ ကြောက်ရွံ့နေသည်။ သူ့စိတ်ထဲတွင် ယဲ့ဖန်က နတ်ဆိုးထက်တောင် ပို၍ ကြောက်ဖို့ကောင်းနေသေးသည်။

ကုန်းဝူ၏ အော်ငိုသံနှင့် ကြောက်လန့်နေသော မျက်နှာကို ကြည့်ပြီး ယဲ့ဖန် ရက်စက်သည့်မျက်နှာထားမျိုး ဖြစ်လာသည်။

"မင်း ငါ့ညီအစ်ကိုကို အကြိမ် ၁၀၁ကြိမ် ရိုက်ထားလို့ မင်းကို ငါ အပိုင်း ၁၀၁ စထိ ဖြစ်အောင် ဆွဲဖြဲပစ်မယ်လို့ ငါ ပြောပြီးသားပဲ"

ထိုသို့ပြောပြီး ယဲ့ဖန် နောက်လှည့်ထွက်သွားသည်။ သို့သော် ဖေးချမ်နှင့် ဝံပုလွေရိုင်းတို့က ဓားကိုယ်စီကိုင်၍ ရက်စက်သောဟန်ဖြင့် ကုန်းဝူထံသို့ လျှောက်သွားသည်။

….

နာကျင်စွာ အော်ဟစ်နေသံက စက်ရုံတစ်ခုလုံး ပဲ့တင်ထပ်နေသည်။ စက်ရုံအပြင်ဘက်၌ ရပ်နေရင်း ယဲ့ဖန်က အေးအေးလူလူနှင့် ဆေးလိပ်သောက်နေသည်။

ဆေးလိပ်မှ မီးပွားများကြောင့် ယဲ့ဖန်က ပို၍ ရက်စက်သည့်ပုံ ရနေသည်။ နာရီဝက်မျှကြာသောအခါ ကြောက်လန့်တကြား အော်ဟစ်နေသံများ တိခနဲ တိတ်ကျသွားကာ သွေးများပေကျံနေသော လူနှစ်ယောက် စက်ရုံထဲမှ ထွက်လာသည်။

အပေါက်ဝ၌ ရပ်နေရင်း ဖေးချမ်နှင့် ဝံပုလွေရိုင်းတို့ ယဲ့ဖန်ကို ကြည့်လိုက်မိကြသည်။ သူတို့အမြင်တွင် ယဲ့ဖန်က မှောင်ရိပ်ထဲမှ ထူးဆန်းသည့် သရဲသဘက်လိုပင် ဖြစ်သည်။

ဒီလောက် ပိန်ပိန်ပါးပါးကိုယ်လေးထဲမှာ ကြောက်စရာကောင်းသော နတ်ဆိုးတစ်ကောင် ရှိနေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပါ။

"မင်းတို့ ရိပ်မိသွားပြီလား?"

ထိုစဉ် ယဲ့ဖန်၏အသံက အမှောင်ထုထဲ ပျံ့လွင့်လာသည်။ "တကယ်တော့ ငါက နတ်ဆိုးပဲ။ တကယ့်နတ်ဆိုးတစ်ကောင်ပဲ"

ယဲ့ဖန်စကားကို ကြားပြီး ဖေးချမ်နှင့် ဝံပုလွေရိုင်းတို့ တုန်လှုပ်သွားသည်။ အထူးသဖြင့် အရင်တစ်ခါက *ငါက နတ်ဆိုးတစ်ကောင်ပဲ* လို့ ပြောခဲ့ဖူးသည်ကို ပြန်အမှတ်ရသွားသည့် ဖေးချမ်ပင် ဖြစ်သည်။

ဖေးချမ် ခါးသီးစွာ ပြုံးလိုက်မိရင်း ယဲ့ဖန်က ပို၍ ထူးခြားဆန်းကျယ်လာသည်ဟု ယုံကြည်လိုက်မိသည်။

ယဲ့ဖန်က နတ်ဘုရားတစ်ပါး ဖြစ်ချင်ဖြစ်မည်၊ သို့ပင်မယ့် လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှ၏။

"တကယ်တော့ ဒီလောကကြီးက မင်းတို့ ထင်ထားတာထက် ပိုရှုပ်ထွေးတယ်။ ကမ္ဘာဆိုတာက ကျယ်ပြောတဲ့ပင်လယ်ကြီးထဲက အစက်လေးတစ်စက်လိုပဲ။ ကမ္ဘာဂြိုလ်အပြင် အခြားကြယ်တာရာနဲ့ ဂြိုလ်တွေက ဘီလီယံနဲ့ ချီပြီး ရှိသေးတယ်။"

ယဲ့ဖန်စကားကြောင့် ဖေးချမ်နှင့် ဝံပုလွေရိုင်းတို့ အကြီးအကျယ် အံ့ဩသွားကြသည်။ အစောပိုင်းတုန်းက ယဲ့ဖန်၏ အစွမ်းကို သူတို့ မမြင်ခဲ့မိလျင်တော့ ယဲ့ဖန်စကားကို ယုံချင်မှယုံလိမ့်မည်။ အခုတော့ သူတို့ ယုံမိသွားသည်။

ယဲ့ဖန်ကို ကြည့်နေရင်း ဖေးချမ် တုံ့ဆိုင်းနေပြီးမှ ယတိပြတ် ဆုံးဖြတ်ချက်ချထားသော အကြည့်တို့ဖြင့် ပြောလာသည်။

"ယဲ့ဖန်…ငါသန်မာချင်တယ်"

*ဟမ်*

ယဲ့ဖန် ကြောင်သွားပြီးမှ ဖေးချမ်ကို ကြည့်ကာ အသာပြုံးလိုက်သည်။

"ဖက်တီး… မင်း သေချာရဲ့လား? တကယ်တမ်း သန်မာလာဖို့ ဆိုတာက မလွယ်ဘူး ကောင်းတဲ့အရာလည်း မဟုတ်ဘူး။ ခွန်အားဆိုတာက ဓားထိပ်ဖျားမှာ ကနေရသလိုမျိုး သေခြင်း၊ရှင်ခြင်းကြားမှာ ရုန်းကန်နေရတာ"

ဖေးချမ်က အကောင်းမြင်စိတ် ရှိပြီး ရိုးသားပွင့်လင်းမှန်း ယဲ့ဖန် သိသည်။ ထို့ကြောင့် ဖေးချမ်အနေနဲ့ တစ်သက်လုံး သာမန်လူလို နေသွားတာက ပိုကောင်းလိမ့်မည်ဟု သူ ထင်မိသည်။

သို့သော် ဖေးချမ်က ခေါင်းခါလိုက်ပြီး ယဲ့ဖန်အား တည့်တည့်ကြည့်ကာ ပြောလိုက်သည်။

"ဖန် … သာမန်လူလို နေတာက ပိုကောင်းတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် ငါက မင်းရဲ့ညီအစ်ကိုလေ။ ငါက သာမန်လူလို မဖြစ်သင့်ဘူး။ ငါ့အတွက် မင်းအသက် စွန့်ရတာမျိုး ငါ နောက်ထပ် မဖြစ်စေချင်တော့ဘူး။ ဒီတစ်ခါ ကုန်းဝူ။ နောက်တစ်ခါဆို သူ့ထပ် အင်အားကြီးတဲ့သူ ဖြစ်လာနိုင်တယ်။ ငါ့ကြောင့် မင်း ဒဏ်ရာရခဲ့ရင် ငါ တစ်သက်လုံး နောင်တရနေတော့မှာ"

ဖေးချမ်က ပြတ်သားသောလေသံနှင့် ထပ်ပြောလာသည်။

"ငါ ပြိုင်ဘက်ကင်း ဖြစ်လာဖို့ မရည်ရွယ်ပါဘူး။ မင်းအတွက် ငါက ဝန်ထုပ်ဝန်ပိုး ဖြစ်မှာကိုပဲ မလိုလားတာပါ။ မင်း ငါ့ကို လိုအပ်ရင် ငါ မင်းအတွက် တိုက်ခိုက်ပေးချင်မယ်။ မင်း အရာအားလုံးကို အုပ်စိုးနိုင်တဲ့အချိန်ဆို ငါ မင်းဘေးနားမှာ ရှိနေချင်တယ်။ မင်းရဲ့ ညီအစ်ကိုတစ်ယောက် အနေနဲ့ ငါ့အသက် သေမယ်ဆိုရင်တောင် ငါ မင်းနောက်ကို လိုက်ချင်တယ်"

ဖေးချမ်စကားများကြောင့် ဝံပုလွေရိုင်း စိတ်လှုပ်ရှားသွားသည်။ ယဲ့ဖန်နှင့် ဖေးချမ်ကို ကြည့်ရင်း "ညီအစ်ကို" ဆိုသော စကားလုံး၏ အဓိပ္ပာယ်ကို ဝံပုလွေရိုင်း သဘောပေါက်သွားသည်။

"ကောင်းပြီလေ"

ဖေးချမ်ကို သေသေချာချာ ကြည့်နေပြီးမှ ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။ သူ ချက်ချင်း လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်ပြီး ဖေးချမ် နဖူးကို ထိလိုက်သည်။

ချက်ချင်းဆိုသလို ရွှေအိုရောင်အလင်းတန်းတစ်ခုက ဖေးချမ် ခေါင်းထဲသို့ ဝင်ရောက်သွားသည်။

ဖေးချမ် တုန်ယင်သွားပြီးနောက် မျက်လုံးဖွင့်ကြည့်လိုက်ပြီးနောက် သူ့စိတ်ထဲ "လောဘအိုး ဝံပုလွေ ဆုဒြာ" ဟူသည့် စကားလုံးသုံးလုံးကို တွေ့လိုက်ရသည်။

"လွန်ခဲ့တဲ့နှစ်တွေတုန်းက ဂြိုလ်တစ်ခုမှာ လောဘကြီးသော ဝံပုလွေလို့ခေါ်တဲ့ ဘုရင်တစ်ပါး ရှိခဲ့ဖူးတယ်။ သူက ရက်စက် ကြမ်းကြုတ်ပြီး အညှာအတာကင်းမဲ့တယ်။ ဒါပေမယ့် သူ သတ်ခဲ့တဲ့လူတိုင်းက သေသင့်တဲ့သူတွေချည်းပဲ။ သူ လုပ်ခဲ့တဲ့အရာအားလုံးက ဖြောင့်မတ်တယ်။ သူ့ဂြိုလ်ပေါ်က အသက်ပေါင်းများစွာကို ကယ်တင်ဖို့အတွက် နတ်ဘုရားအကြီးအကဲတစ်ယောက်ရဲ့ သားကိုတောင် သူ သတ်ခဲ့တယ်။ အဲ့ဒါကြောင့် သူ ကြယ်တာရာပေါင်း၊ ဂြိုလ်ပေါင်းများစွာကို ဖြတ်ပြီး ထိပ်တန်းနတ်ဘုရား အကြီးအကဲဆယ်ယောက်ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတယ်"

အတိတ်ကို တသသ လွမ်းဆွတ်သည့်ဟန်ဖြင့် ယဲ့ဖန် ဖြည်းဖြည်းချင်း ဆက်ပြောလာသည်။

"သူ့ဝိညာဉ် သေဆုံးခါနီးအချိန်မှာ ငါ သူ့ကို ကယ်တင်ခဲ့တယ်။ အဲ့အချိန်ကစပြီး သူက ငါ့ကို အသက်သခင် ကျေးဇူးရှင်အဖြစ် သတ်မှတ်ခဲ့တယ်။ နတ်ဘုရားအကြီးအကဲတွေရဲ့ တားမြစ်ဒေသတွေကို ငါတို့ ချေမှုန်းတဲ့အချိန်မှာပဲ နတ်ဘုရားအကြီးအကဲတွေရဲ့ လက်ထဲက ငါ့ကို ကယ်ရင်း သူ သေသွားခဲ့တယ်။ သူက နတ်ဆိုးဂြိုလ်ရဲ့ ထိပ်တန်း နတ်ဆိုးဘုရင် ၈ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ လောဘကြီးသော ဝံပုလွေဘုရင်ပဲ"

ထို့နောက် ယဲ့ဖန်က ဖေးချမ်ကို လှည့်ကြည့်ကာ မေးလိုက်သည်။

"ဖက်တီး… လောဘကြီးသောဝံပုလွေရဲ့ ဆန္ဒအတိုင်း မင်း သေသင့်တဲ့သူတိုင်းကို သတ်ပြီးတော့ လောကကြီးထဲက တရားမျှတမှုမရှိတဲ့အရာတွေကို ဖယ်ရှားနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်"

ယဲ့ဖန်စကားကြောင့် ဖေးချမ် အားတက်လာသလို ခံစားရပြီး လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက ဒူးထောက်ချလိုက်ကာ ပြောလိုက်သည်။

"ဖန်…လောဘကြီးသော ဝံပုလွေဘုရင်ရဲ့ ခိုင်မာတဲ့ ဆန္ဒအတိုင်း သူ့ကိုယ်စား ငါက မင်းကို ငါ့ရဲ့ အရှင်သခင် သတ်မှတ်ပါ့မယ်။ အခုချိန်ကစပြီး လောဘကြီးသော ဝံပုလွေက နတ်ဆိုးဧကရာဇ်အနားမှာ ထာဝရ ရှိနေမှာပါ"

ယဲ့ဖန် ဖေးချမ်ကို အကြာကြီး စိုက်ကြည့်နေပြီးမှ ဝံပုလွေရိုင်းကို ကြည့်လိုက်သည်။ ဝံပုလွေရိုင်း၏ နဖူးကို လက်ညှိုးထိုးလိုက်ပြီး သူ့စိတ်ထဲသို့ ရွှေအိုရောင်အလင်းတန်းတစ်ခု ပို့လွှတ်လိုက်သည်။

"သံမဏိလက် နတ်ဆိုး စွမ်းရည်" ဟူသည့် စကားလုံးလေးလုံးက သူ့စိတ်ထဲ ပေါ်လာသည်။

"လွန်ခဲ့တဲ့အချိန်တွေတုန်းက ဒီစကြဝဠာကြီးထဲမှာ ထူးဆန်းတဲ့ အိမ်ခြေရာမဲ့တစ်ယောက် ရှိခဲ့ဖူးတယ်။ သူက ခြေထောက်မပါဘဲ မွေးဖွားလာခဲ့တယ်။ သူ့ဇနီးနဲ့ သားတွေက အသတ်ခံလိုက်ရပြီးတော့ သူ့မိခင်ဂြိုလ်ကလည်း ဖျက်ဆီးခံလိုက်ရတယ်။ သူ့လက်တွေကလည်း တဖြည်းဖြည်း သုံးစားမရ ဖြစ်လာခဲ့တယ်"

"တစ်နေ့ ငါသူ့ကို တားမြစ်ဒေသတစ်ခုမှာ တွေ့ခဲ့တဲ့အချိန်မှာ သူက သေခါနီး ဖြစ်နေပြီ။ ငါသူ့ကို နတ်ဆိုးဂြိုလ်ကို ခေါ်လာခဲ့ပြီးတော့ သူ့ကို သံမဏိလက်ဆိုတဲ့ နာမည်ကို ပေးခဲ့တယ်။ နောက်တော့ သူ့ရဲ့ ခိုင်မာတဲ့ စိတ်ဆန္ဒကြောင့် သူ့ရဲ့ ကျိုးပဲ့နေတဲ့လက်ကို သုံးပြီးတော့ သံမဏိလက်နတ်ဆိုးစွမ်းရည်ကို ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်လာခဲ့တယ်။ အဲ့နောက်ပိုင်း သူ့ရဲ့ရန်သူတွေကို သတ်ပြီးတော့ စကြဝဠာထဲက မကောင်းတဲ့အရာတွေကို သုတ်သင်ပစ်ခဲ့တယ်။ သူကလည်း  နတ်ဆိုးဂြိုလ်ရဲ့ ထိပ်တန်း နတ်ဆိုးဘုရင် ၈ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ သံမဏိလက် နတ်ဆိုးဘုရင်ပဲ"

ထို့သို့ပြောပြီး ယဲ့ဖန်က ဝံပုလွေရိုင်းကို တောက်ပနေသော မျက်လုံးများနှင့် ကြည့်ကာ ပြောလိုက်သည်။ "ဝံပုလွေရိုင်း… ဒီနေ့ကစပြီး မင်းက သံမဏိလက်ပဲ။ မင်း သူ့လိုမျိုး ရှင်သန်နေထိုင်ပြီး သေဆုံးရမယ်။ သံမဏိလက် ထာဝရ ရှင်သန်နိုင်ပါစေလို့ မျှော်လင့်ပါတယ်"

ယဲ့ဖန်စကားကို ကြားပြီး ဝံပုလွေရိုင်း ခန္ဓာကိုယ်ထဲရှိ ဆဲလ်တစ်ခုချင်းစီက နိုးကြားလာသလို ခံစားလိုက်ရပြီး ချက်ချင်း ဒူးထောက်ကာ ယဲ့ဖန်အား လေးနက်စွာ ကြည့်၍ ပြောလိုက်သည်။ "သခင်ကြီးကို ဂါရဝပြုပါတယ်။ ကျုပ်က သံမဏိလက် ဝံပုလွေရိုင်းပါ"

လောဘကြီးသော ဝံပုလွေနှင့် သံမဏိလက်တို့ ကြယ်တာရာနှင့် ဂြိုလ်များကို ဖြတ်သန်းကာ ယနေ့ည ပြန်လည်ရှင်သန်လာလိမ့်မည်ဟု စကြဝဠာအတွင်းရှိ မည်သည့်လူသား အင်အားစုကမှ ထင်မှတ်မထားလောက်ပေ။

All Chapters