သူက မင်းကို အရူးတဲ့!
Vol. 3 Ch. 45
ကျောင်းကန်တင်း၏ ဒုတိယထပ်သည် လူချမ်းသာသားသမီးများဖြစ်သော ကျောင်းသား၊ ကျောင်းသူများအတွက် ပြင်ထားခြင်း ဖြစ်သည်။
ထောင့်နားရှိ စားပွဲ၌ ထိုင်ရင်း ဟင်းပွဲများကို ကြည့်ကာ တံတွေးမျိုချနေသော ယဲ့ဖန်အား ပိုင်ယီတစ်ယောက် ကူရာမဲ့စွာ ကြည့်နေမိသည်။
စားပွဲပေါ်၌ ဟင်းပွဲ ၂၀ကျော် ရှိသော်လည်း သကောင့်သားက တံတွေးမျိုချနေရင်း ခေါင်းကို ခါကာ ညည်းတွားနေသည်။
"ဟူး…နှမြောလိုက်တာ…နှမြောလိုက်တာ…အစတုန်းက ပင်လယ်စာတို့၊ နဂါးခေါင်းတို့၊ ဖီးနစ်ငှက်အမြှီးတို့ စားရမယ်မှတ်နေတာ။ မင်းက ဒါလေးပဲ ဝယ်ကျွေးတာပါလား။ မင်း အရမ်း ကပ်စီးနည်းတာပဲ။ ကပ်စီးနည်းလိုက်တာ"
သူ့စကားကြောင့် ပိုင်ယီ ဆွံ့အသွားရသည်။
"ဟေး…အလှလေးပိုင်…. ဘာလို့ မြည်းမကြည့်တာလဲ? ဒီဟင်းက အရသာရှိတယ်။ စားကြည့်.."
ပါးစပ်ထဲ ပလုပ်ပလောင်းနှင့် ယဲ့ဖန်က ဟင်းပွဲတစ်ပွဲကို ညွှန်ပြကာ ပိုင်ယီကို စားရန် ပြောလိုက်သည်။
သူ့ပြောလိုက်သောကြောင့် ပိုင်ယီက တူကိုကောက်ကိုင်ကာ ထိုဟင်းပွဲကို မြည်းရန် ပြင်လိုက်သော်လည်း သူမတူက ပန်းကန်နားပင် မရောက်သေး၊ ယဲ့ဖန်က ထိုပန်းကန်ထဲ ရှိသမျှကို အပြတ်ရှင်းပစ်လိုက်သည်။
မြန်လိုက်တာများ…
*ချီးပဲ*
ပိုင်ယီ ဒေါသထွက်သွားရသည်။ ထို့နောက် ယဲ့ဖန်က နောက်ထပ်ဟင်းပွဲကို ညွှန်ပြကာ ပိုင်ယီကို မြည်းကြည့်ရန် ပြောလာသည်။
ပိုင်ယီ တူ မလိုက်ရုံပဲ ရှိသေးသည်၊ ထိုဟင်းပွဲက ကုန်သွားပြန်၏။ ပိုင်ယီ ဒေါသတကြီး တူကို ချလိုက်သည်။
"ယဲ့ဖန် ...တကယ်တော့ ကျွန်မက ကျွန်မအဖိုးအတွက် ရှင့်ကို ဖိတ်လိုက်တာ"
ပိုင်ယီ မျက်မှောင်ကြုတ်လျက် အမှန်အတိုင်း ပြောလိုက်သည်။ ထိုစဉ် လူငယ် သုံးယောက် ကန်တင်းထဲ ဝင်လာသည်ကို သူမ တွေ့လိုက်သည်။
"အစ်ကိုဝမ် … သူတို့ ဟိုမှာ"
လူငယ်သုံးယောက်သည် သီးသန့်ကန်တင်းသို့ ရောက်သည်နှင့် ဘေးပတ်လည်ကို ကျီးကန်တောင်းမှောက် လိုက်ကြည့်ပြီးနောက် ယဲ့ဖန်နှင့် ပိုင်ယီကို မြင်သည်နှင့် မျက်လုံးက တောက်ပလာကာ သူတို့နှစ်ယောက်ဆီ လျှောက်လာသည်။
သူတို့သုံးယောက် လာနေသည်ကို ကြည့်ရင်း ပိုင်ယီ မျက်နှာက သုန်မှုန်လာသည်။
"ဟားဟား…. ပိုင်ယီ … မင်း တကယ်ပဲ ဒီကို ရောက်နေတာပဲ"
လူငယ်သုံးယောက်ထဲမှ ခေါင်းဆောင်ဖြစ်သူက အသားဖြူဖြူ၊ ပိန်ပိန်ပါးပါးနှင့် ရုပ်ချောသည်။ ထိုသူက ပိုင်ယီကို ပြုံး၍ နှုတ်ဆက်သည်။
သူ့စကားကြောင့် ပိုင်ယီမျက်နှာက သိမ်မွေ့သွားကာ "ကုန်းဝမ်…နင် ဘာအတွက်နဲ့ ငါ့ဆီလာတာလဲ?"
"မင်းအတွက်?"
ကုန်းဝမ် ကြောင်သွားပြီးမှ ပြုံးလိုက်ကာ ယဲ့ဖန်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
"ငါ မင်းဆီ လာတာမဟုတ်ပါဘူး။ ငါသူ့ဆီလာတာ"
*အမ်*
ပိုင်ယီ ငေးငိုင်သွားသည်။ ထို့နောက် ကုန်းဝမ်သည် ယဲ့ဖန်အား လှောင်သလိုပြောင်သလို အကြည့်ဖြင့် ကြည့်ကာ
"မင်းက ယဲ့ဖန်လား? ဟင်း…မင်းက ကြားရတဲ့ သတင်းတွေအတိုင်း တော်တော်ဆင်းရဲပါလားကွ"
ထို့အပြင် ကုန်းဝမ်သည် စားပွဲပေါ်ရှိ ဟင်းပွဲများအား တစ်ချက်ကြည့်ပြီး ယဲ့ဖန်အား အထင်သေးသည့်အကြည့်ဖြင့် စိုက်ကြည့်ကာ
"အလှလေးက ပိုင်မိသားစုရဲ့ မမလေးကွ။ မင်း သူ့ကို လိုက်ချင်ရင် ဘယ်လိုလုပ် ဒီလိုနေရာကို ညစာစားဖို့ ခေါ်လာရဲတာလဲကွ? မင်း တော်တော်ကပ်စေးနည်းတာပဲကွ..မင်းကွာ ကပ်စေးနည်းလိုက်တာ"
ဟင်းပွဲများအား လက်ညှိုးထိုးကာ ရှုံ့မဲ့နေသော မျက်နှာထားဖြင့် ဆက်ပြောလိုက်သည်။
"ဒီဟင်းတွေကို ကြည့်ပါဦး။ စားလို့ကောင်းတဲ့ဟာတွေကော ဟုတ်ရဲ့လား? ဘာပဲဖြစ်ဖြစ် မင်းက ယဲ့မိသားစုဝင်ပဲလေ။ မင်းက မင်းမိသားစု အရှက်ရအောင် လုပ်နေတာလား?"
ကုန်းဝမ်က ဆက်တိုက် ယဲ့ဖန်ကို သိက္ခာချသလို ပြောနေသဖြင့် ပိုင်ယီ၏ မျက်နှာက ပို၍ပို၍ အုံ့မှိုင်းလာသည်။ စားလို့သောက်လို့ ပြီးသွားသဖြင့် ယဲ့ဖန်က လေတက်လိုက်သည်။ ထို့နောက် သူက ကုန်းဝမ်အား လက်ညှိုးထိုးကာ ပိုင်ယီကို မေးလိုက်သည်။
"ဒီအရူးက ဘယ်သူလဲ?"
ဖွီ!
သူ့စကားကြောင့် ပိုင်ယီ ရယ်ချင်လာသည်။ ယဲ့ဖန် ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း ပြောတတ်လိမ့်မည်ဟု သူမ ထင်မထားခဲ့ပါ။ သို့သော်လည်း သူစကားပြောသည့်ပုံစံကို သူမ သဘောကျပါသည်။
ရယ်ချင်စိတ်ကို ထိန်းကာ ပိုင်ယီက ပခုံးတွန့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"ကုန်းဝမ်တဲ့… ငါ့ကို လိုက်နေတဲ့သူတွေထဲက တစ်ယောက်ပေါ့"
*လိုက်နေတဲ့သူ*
ယဲ့ဖန်မျက်နှာက ချက်ချင်း အေးစက်လာကာ ကုန်းဝမ် ဘာကြောင့် ဒီကို လာသလဲဆိုတာကို သူ သဘောပေါက်လာသည်။ ယဲ့ဖန်နှင့် ပိုင်ယီတို့ ဒီကိုလာပြီး ထမင်းစားသည်ကို သိသွားသဖြင့် ကုန်းဝူက ပိုင်ယီထံသို့ လိုက်လာခြင်း ဖြစ်သည်။ ယဲ့ဖန်က အသာပြုံးကာ ပြောလာသည်။
"ကုန်းဝမ်? ငါမင်းပြောတဲ့စကား တစ်ချို့က မှန်တယ်လို့ ငါ ခံစားရတယ်"
*ဘာရယ်*
ကုန်းဝမ်က ယဲ့ဖန်အား အချစ်ပြိုင်ဘက်ဟု သတ်မှတ်ကာ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုသော်လည်း ယဲ့ဖန်က သူ့ကို လာထောက်ခံနေသည်။
ထို့ကြောင့် ကုန်းဝမ် ခေတ္တမျှ မှင်တက်သွားရသည်။ ထိုသည်သာမကသေး ယဲ့ဖန်က ပြုံး၍ ဆက်ပြောသည်။
"မင်း ပြောတာမှန်တယ်။ ဘယ်လိုလုပ် လူတစ်ယောက်က အခြားတစ်ယောက်ကို ဒီနေရာမှာ ညစာလာဖိတ်ကျွေးရဲရတာလဲ? ဒါ အရမ်း ကပ်စေးနည်းတာပဲ။ ဟင်းတွေကို ကြည့်ပါဦး… စားလို့တောင် ရရဲ့လားမသိဘူး?"
ယဲ့ဖန် ရူးများရူးနေသလား ဟုတောင် ကုန်းဝမ် တွေးကာ စိုးရိမ်မိသွားသည်။
သူ့ကို လာပြီး ပြောဆိုနေမှန်း ယဲ့ဖန် မသိတာများလား? ကုန်းဝမ်က ပြုံး၍ ထပ်ပြောလိုက်သည်။
"ဟူး…ဟင်းတွေက တော်တော်ဆိုးတာပဲ။ ဒီလိုနေရာမျိုးကို တစ်ယောက်ယောက်ကို ညစာဖိတ်ကျွေးတာ တော်တော် ရှက်ဖို့ကောင်းတာပဲ။ ဖိတ်တဲ့သူက အရူးနဲ့ တူပါရဲ့"
အာ…
ယဲ့ဖန်က အူကြောင်ကြောင်ပုံစံနှင့် ပိုင်ယီအား ပြုံး၍ ပြောလိုက်သည်။
"သူက မင်းကို အရူးတဲ့"
ဖြန်း!
ထိုစဉ် ကျယ်လောင်သော ပါးရိုက်သံက အခန်းတွင်း ပျံ့လွင့်လာသည်။ ကုန်းဝမ် လုံးဝ ကြောင်သွားရသည်။ သူ့မျက်နှာပေါ်က လတ်လတ်ဆတ်ဆတ် လက်ဝါးရာကြီးနှင့်အတူ သူ ပိုင်ယီကို ဇဝေဇဝါဖြင့် ကြည့်လိုက်မိသည်။
သူ့ရဲ့နတ်ဘုရားမလေး ပိုင်ယီက သူ့အား ပါးရိုက်လိုက်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။ သူမ၏ ဒေါသထွက်နေသော ပုံစံအရ သူမက သူ့ကို နုတ်နုတ်ဆင်းပစ်ချင်စိတ် ပေါက်နေပုံရသည်။
*ဘာ…ဘာဖြစ်သွားတာလဲ*
*ငါက ယဲ့ဖန်ကို အရှက်ခွဲနေတာလေ ...ဘာလို့ မင်းက ဒေါသထွက်ရတာလဲ*
ကုန်းဝမ် စိတ်တိုချင်နေသည်။ ပိုင်ယီ ဆက်ပြောလိုက်သည့်စကားကြောင့် သူ အတော်လေး ထိတ်လန့်သွားသည်။
"အဲ့အရူးက ငါပဲ"
*ဘာရယ်*
ကုန်းဝမ် ငိုချင်စိတ်ပေါက်လာသည်။ ယဲ့ဖန်က ဆင်းရဲလွန်းလို့ ပိုင်ယီကို ဒီလိုစုတ်ပြတ်နေတဲ့ နေရာမျိုးမှာ ဖိတ်ကျွေးတယ်လို့ သူ ထင်နေခဲ့တာ။ မထင်မှတ်ဘဲ ဖိတ်ကျွေးတဲ့သူက ပိုင်ယီဖြစ်နေသည်။သူ လူမှားပြီး မျက်နှာချိုသွေးမိသွားတာပဲ!
"ခွေးကောင် ယဲ့ဖန်"
ကုန်းဝမ် ယဲ့ဖန်ပေါ်ကို ဒေါသတွေ ပုံချလိုက်သည်။ ယဲ့ဖန် တမင်လုပ်သည်ဟု သူ ထင်လိုက်မိသည်။
ထို့ကြောင့် ကုန်းဝမ် ဒေါသတကြီး အော်လိုက်သည်။
"ဟေ့ကောင်.. မင်းမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။ ထွက်သွားမလား ဒါမှမဟုတ် ငါ မင်းကို သေအောင်ဆော်ပြီးမှ ထွက်သွားမလား"
*ဟမ်*
ကုန်းဝမ်စကားကြောင့် ယဲ့ဖန် မျက်လုံးကို အသာမှေးကာ နှုတ်ခမ်းတွန့်ရုံလေး ပြုံးကာ ခပ်အေးအေးပြောလိုက်သည်။
"ငါသွားမှာပါ။ ဒါပေမယ့် မင်း ငါ့ကို ပိုက်ဆံပေးမှ ရမယ်"
*ဘာ*
*သူ ဒီက ထွက်သွားဖို့ သဘောတူလိုက်တယ်*
ယဲ့ဖန် စိတ်လိုလက်ရ ထွက်သွားလိမ့်မည်ဟု ကုန်းဝမ် မထင်ထားခဲ့။ ကုန်းဝမ် ပိုက်ဆံအကြောင်း လုံးဝ အလေးမထားပေ။
သူ များများပေးလေ ယဲ့ဖန်က မျက်နှာကြီးရာ ဟင်းဖတ်ပါသလို လူစားမျိုးဟု ပိုင်ယီ ထင်သွားကာ ယဲ့ဖန်အား စိတ်ပျက်လေ ဖြစ်သွားလိမ့်မည်။ ဒါ သူ့အတွက် အခွင့်အရေးပင်။
ကုန်းဝမ်က မသတီစွာ ပြုံးကာ ပြန်ပြောလိုက်သည်။
"ဟ… ဆင်းရဲလိုက်တာကွာ.. မင်းက ပိုက်ဆံကိုပဲ အာရုံစိုက်တာပါလား! နားထောင်.. ငါ မင်းကို ယွမ် ၁၀,၀၀၀ ပေးမယ်၊ မင်း ဒီနေရာက လစ်လိုက်တော့"
"မရဘူး။ မရဘူး။ မရဘူး"
လက်တခါခါနှင့် ယဲ့ဖန်က ပြုံးကာ ပြောလိုက်သည်။
"ယွမ် ၁၀,၀၀၀ နဲ့ ဘယ်ရမလဲ"
*မလောက်ဘူး*
ကုန်းဝမ်က မျက်လုံးကို စင်းပြီး အေးတိအေးစက် လေသံနှင့် ပြောလိုက်သည်။
"မင်း ဘယ်လောက် လိုချင်လဲ?"
"ဘယ်လောက်လဲ ဟုတ်လား? ငါတွက်ကြည့်လိုက်ဦးမယ်" ထို့နောက် ယဲ့ဖန်က လက်ချိုးကာ တွက်ချက်လိုက်သည်။
"ဒီစားပွဲက မိနစ်လေးဆယ်လောက် ကြာတာဆိုတော့ စက္ကန့်ပေါင်း ၂,၄၀၀ စက္ကန့် ကြာမယ်။ ၁စက္ကန့်ကို ၁၀ ယွမ် ဆိုတော့ စုစုပေါင်း ယွမ် ၂၄,၀၀၀! မင်းကို ငါ ၁၁% လျော့ပေးလိုက်ပါ့မယ်၊ အဲ့တော့ ယွမ် ၂၁,၃၆၀ ပဲပေးတော့"
ယဲ့ဖန်က လက်ဆန့်ထုတ်ပြီး ပြုံး၍ ပြောလိုက်သည်။
"ငါ့ကို ပိုက်ဆံပေးတော့"
ပိုင်ယီသာမက ကုန်းဝမ်ပါ ဆွံ့အသွားရသည်။ သူမ ဖျံတစ်ကောင်က အလစ်သုတ်တာကို ကြည့်နေသလိုမျိုး ပိုင်ယီ ခံစားလိုက်ရသည်။
*ယဲ့ဖန်တော့ တစ်ခုခု ကြံနေပြီနဲ့ တူတယ်*
"ကောင်းပြီလေ၊ ငါ ပေးမယ်"
ယဲ့ဖန်ကို ပိုင်ယီရှေ့မှာတင် အရှက်ခွဲချင်သည့်အတွက် ကုန်းဝမ် အံကိုကြိတ်ကာ ပိုက်ဆံပေးမည်ဟု ကတိပေးလိုက်သည်။ သူ၏ နတ်ဘုရားမလေးနှင့် အတူစားခွင့်ရရန်အတွက် ယဲ့ဖန်ကို ယွမ် ၂၀,၀၀၀ ပေးပြီး ပထုတ်လိုက်တာက တန်သည်ဟု သူ ထင်မိသည်။
ကုန်းဝမ် ချက်ချင်း သူ့ပိုက်ဆံကို ထုတ်လိုက်သည်။ သူ့မှာ ပိုက်ဆံမလောက်သည်ကို သတိထားလိုက်မိသည့်အတွက် သူ့လူနှစ်ယောက်ကိုပါ ပိုက်ဆံထုတ်ရန် ပြောလိုက်ရသည်။
သို့သော် သူတို့သုံးယောက်လုံး၏ ပိုက်ဆံကို စုလိုက်သောအခါ အားလုံးပေါင်းမှ ယွမ် ၂၁,၃၆၀ အတိသာ ရှိသည်ကို သိလိုက်ရသည်။
*အာ…*
ကုန်းဝမ်နှင့် သူ့လူနှစ်ယောက်အပြင် ပိုင်ယီပါ ချက်ချင်း ငြိမ်ကျသွားသည်။
တိုက်ဆိုင်လိုက်တာ! မဖြစ်နိုင်လောက်ပါဘူး!