မြန်ဆန်တယ်! တိကျတယ်! ပြင်းထန်တယ်!
Vol. 4 Ch. 47
ကန်တင်းမှ ထွက်လာပြီးနောက် ယဲ့ဖန်နှင့် ပိုင်ယီတို့ စကားပြောရင်း အားကစားကွင်းသို့ ပြန်လာနေကြသည်။
သို့သော် သူတို့ အားကစားကွင်းသို့ ပြန်ရောက်လာသည်နှင့် အားကစားကွင်းတစ်ခုလုံး တိတ်ဆိတ်နေသည်ကြောင့် ယဲ့ဖန် မှင်တက်သွားရသည်။
Class 2 Grade 3 အတန်းသားများအားလုံး ပျာယာခတ်နေသော ယုန်လေးများလို ထိတ်လန့်တကြား ဖြစ်ကာ တန်းစီရပ်နေကြသည်။
တစ်ချို့အတန်းသားများဆိုလျင် သရဲကို တွေ့လိုက်ရသကဲ့သို့ ဖြူစုတ်နေကာ ချွေးများနှင့် ရွှဲနစ်နေကြသည်။
ထို့အပြင် P.E ဆရာဖြစ်သူ မစ္စတာယောင် ပါ ကျောင်းသားများကဲ့သို့ ဘေးမှာ ရပ်နေသည်။
ကျောင်းသားများအားလုံး၏ ရှေ့တွင် ထိပ်ပြောင်ပြောင်နှင့် ခပ်ကြမ်းကြမ်းလူ တစ်ယောက် ရှိနေသည်။
ထိုသူသည် အရပ် ၂မီတာနီးပါး ရှည်ကာ အားလုံး၏ ရှေ့တွင် ရပ်နေသည်မှာ မျှော်စင်ကြီးကဲ့သို့ပင် ဖြစ်သည်။
ထို့ပြင် သူ၏ ပြောင်လတ်နေသော ခေါင်းပေါ်တွင် "နတ်ဆိုး၏ဦးခေါင်း"ကဲ့သို့ တက်တူးတစ်ခု ရှိသည်။
သူ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ငလျင်လှုပ်သွားသလိုပင်။
ထိုသူကို မြင်ပြီး ပိုင်ယီမျက်နှာလေး ဖြူဖတ်ဖြူရော် ဖြစ်သွားကာ ယဲ့ဖန်အား ခပ်တိုးတိုးလေး ပြောလိုက်သည်။
"ယဲ့ဖန်…. နင့်အတန်းဖော်တွေကတော့ ကံဆိုးပြီပဲ"
*အမ်*
ယဲ့ဖန် ကြောင်သွားပြီး အူကြောင်ကြောင်နှင့် ပြန်ကြည့်လိုက်မိသည်။
"အဲ့သည့်ထိပ်ပြောင်နဲ့လူကြီးက နတ်ဆိုးနည်းပြပဲ။ သူက ရက်စက်လွန်းတယ်လို့ နာမည်ကြီးတယ်။ သူက ပြောစကားနားမထောင်တဲ့ ကျောင်းသားတွေကို ဆော်ပလော်တီးရတာကို အကြိုက်ဆုံးပဲ။ ကျောင်းက ကျောင်းသားဆိုးတွေ အားလုံးနီးပါး သူ ရိုက်တာ ခံရဖူးတယ်။ ဆရာတစ်ချို့တောင် သူရိုက်တာ ခံရဖူးတယ်"
"ပြီးတော့ သူက MMA ပြိင်ပွဲမှာ နှစ်တိုင်း ချန်ပီယံ ဖြစ်နေတာ။ သူ့ပြိုင်ဘက်ကို သူ ထိုးလိုက်၊ ကန်လိုက်တိုင်း အဲ့လူတွေ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားကြတာချည်းပဲ။ အဲ့ဒါကြောင့် လူတိုင်းက သူ့ကို နတ်ဆိုးနည်းပြလို့ ခေါ်ကြတာ"
ပိုင်ယီ ခါးသက်သက် ပြုံးလိုက်မိသည်။ ပိုင်ယီ ပြောတာကို နားထောင်နေရင်း နတ်ဆိုးနည်းပြက သူရောက်လာကတည်းက သူ့ကို ကြည့်နေသည်ကို သတိထားမိသဖြင့် ယဲ့ဖန် မျက်လုံးကို စင်း၍ ကြည့်နေလိုက်မိသည်။
ယဲ့ဖန် ထင်နေသည့်အတိုင်းပင် နတ်ဆိုးနည်းပြသည် ပြုံးလိုက်ပြီး ယဲ့ဖန်ကို ကြည့်ကာ လှမ်းအော်လိုက်သည်။
"ဟေ့... ဟိုကျောင်းသား… ဒီကိုလာဦး"
"ကျုပ်လား?"
ယဲ့ဖန် မှင်တက်သွားသည်။
"ဟုတ်တယ် ...မင်းကို ပြောတာ" ဟု နတ်ဆိုးနည်းပြက ပြောရင်း ယဲ့ဖန်ကို လှမ်းခေါ်နေသည်။
ယဲ့ဖန်က သူ့ဆီသို့ ပြောင်စပ်စပ် မျက်နှာပေးနှင့် လျှောက်သွားလိုက်သည်။
ယဲ့ဖန် နတ်ဆိုးနည်းပြထံသို့ သွားနေသည်ကို ကြည့်ပြီး အတန်းသားအားလုံး နောက်ဘာဆက်ဖြစ်မည်ကို ရိပ်မိပြီး ယဲ့ဖန်အား သနားနေကြသည်။
"ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဦး ယဲ့ဖန်" ပိုင်ယီက ဖြူဖတ်ဖြူရော် မျက်နှာထားနှင့် ယဲ့ဖန်ကို လှမ်းသတိပေးလာသည်။
ယဲ့ဖန် ခေါင်းပြန်ညိတ်ပြလိုက်သည်။
ယဲ့ဖန် လာနေသည်ကို ကြည့်ပြီး နတ်ဆိုးနည်းပြက အားရဝမ်းသာစွာ ပြုံးနေသည်။
"ကျောင်းသား… ငါ MMA ကို လက်တွေ့ပြဖို့ လုပ်နေတာ။ မင်း ငါနဲ့အတူ ကူပြီး သရုပ်ပြပေးရမယ်"
*MMA*
သူ့စကားကြောင့် ယဲ့ဖန် ပါးနပ်စွာ ပြုံးလိုက်ပြီး ခေါင်းညိတ်၍ သဘောတူလိုက်သည်။ "ကောင်းပြီလေ"
ယဲ့ဖန် သဘောတူလိုက်သဖြင့် ပိုင်ယီ ချက်ချင်း ငေးငိုင်သွားရသည်။ ကျောင်းသားများထဲမှ ယောင်နာနှင့် ယုဖေးတို့သည် အလွန် စိတ်လှုပ်ရှား၊ ပျော်ရွှင်နေသော အကြည့်ဖြင့် တစ်ယောက်ကို တစ်ယောက် လှမ်းကြည့်ကြသည်။
"ဟားဟား… ဒီကောင်က နတ်ဆိုးနည်းပြက ဘယ်လောက်သန်မာလဲဆိုတာကို မသိဘူးပဲ။ ပွဲကတော့ လှပြီ"
"ဟဟ… နတ်ဆိုးနည်းပြက ယဲ့ဖန်ကို တမင် လုပ်ကြံချင်နေတာ အသိသာကြီးပဲ။ သူတော့ သေပြီပဲ"
ယုဖေးရော၊ ယောင်နာပါ ယဲ့ဖန်ကြောင့် အရှက်ကွဲထားသဖြင့် ယဲ့ဖန် ကံဆိုးတာကို မြင်ချင်နေလှသည်။
ယဲ့ဖန်ကို လျစ်လျူရှူကာ နတ်ဆိုးနည်းပြက Class 2 Grade 3 အတန်းသားများကို ဝေ့ကြည့်ကာ သူ၏ သရုပ်ပြမှုကို စတင်လိုက်သည်။ "MMA က နိုင်ငံတကာမှာ နာမည်အကြီးဆုံး တိုက်ပွဲဝင် ပုံစံပဲ။ အဓိက အချက်ကတော့ မင်းတို့ရဲ့ လှုပ်ရှားမှုကို မြန်မြန်ဆန်ဆန် လှုပ်ရှားဖို့ပဲ။ အတိုချုပ်ပြောရရင်ကွာ လျင်မြန်ရမယ်၊ တိကျရယ်၊ ပြင်းထန်ရမယ်"
နတ်ဆိုးနည်းပြက တောက်ပနေသော မျက်လုံးများဖြင့် ကျယ်လောင်စွာ "မြန်ရမယ်ဆိုတာက မင်း လျင်မြန်ဖျတ်လတ်နေမှ ရန်သူရဲ့ ခုခံမှုကို ချိုးဖောက်နိုင်မှာ"
ထိုသို့ပြောလိုက်ပြီးနောက် နတ်ဆိုးနည်းပြ၏ မျက်လုံး၌ ရက်စက်မှုအရိပ်အယောင်တို့ ဖျတ်ခနဲ ထင်ဟပ်လာသည်။
ထို့နောက် သူက ယဲ့ဖန်၏ ရင်ဘတ်ကို အားနှင့် ထိုးလိုက်သည်။
….
သူ၏ လက်သီးသည် လျှပ်စီးကဲ့သို့ လျင်မြန်လှ၏။
ကျောင်းသားများသည် သူ၏ လှုပ်ရှားမှုကြောင့် ငိုင်တွေနေပြီးမှ ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။
နတ်ဆိုးနည်းပြက ယဲ့ဖန်အား လူသားသဲအိတ်လို သဘောထားကာ လျပ်တပြတ် ထိုးလိုက်မိဟု သူတို့ ထင်မှတ်မထားခဲ့ကြပါ။
*သူတော့ သေမှာပဲ*
ကျောင်းသားတိုင်းက ယဲ့ဖန် ဒီထိုးချက်ကို မခံနိုင်လောက်ဟု ထင်နေကြသည်။
ဒီနတ်ဆိုးနည်းပြက ကျောင်းသားဆိုးတစ်ယောက်ကို ၂-၃မီတာလောက် လွင့်ထွက်သွားအောင် ထိုးလိုက်သောကြောင့် သူ၏ နံရိုး ၅ချောင်း၊ ၆ချောင်းလောက် ကျိုးသွားသည်ကို သူတို့ မြင်ခဲ့ဖူးသည်။
အခုလည်း…
ယဲ့ဖန်၏ အတန်းဖော်များအားလုံး သူ့ကို သနားသလို ကြည့်နေကြသည်။
ပိုင်ယီ၏ မျက်နှာသည်လည်း လူသေကောင်ပမာ ဖြူရော်လာကာ သူ့အား တားလိုက်ချင်သော်လည်း နောက်ကျသွားချေပြီ။
"ထိုးသာထိုး… ဟီးဟီး… အသေသတ်လိုက်ရင် ပိုတောင်ကောင်းသေးတယ်"
လူသုံးယောက်သည် အားကစားကွင်း၏ ထောင့်တစ်ခု၌ ပုန်း၍ ကြည့်နေသည်။ ထိုသူတို့သည် ကုန်းဝမ်နှင့် သူ့လူနှစ်ယောက်ပင် ဖြစ်လေသည်။
အားကစားကွင်းမှ အဖြစ်အပျက်များကို စောင့်ကြည့်ရင်း သူတို့ ဝမ်းသာပီတိ ဂွမ်းဆီထိသလို ဖြစ်နေကြ၏။
ယဲ့ဖန် သေချာပေါက် သေမည်ဟု သူတို့ ထင်နေကြသည်။ နတ်ဆိုးနည်းပြ၏ လက်သီးကြောင့် သူ သေချာပေါက် အရိုးကျိုးလောက်သည်။
ဘန်း!
ထိုအသံနှင့်အတူ နတ်ဆိုးနည်းပြ၏ လက်သီးက သံမဏိလက်သီးအလား ယဲ့ဖန်အား ထိုးမိသွားသည်။
ထို့နောက် အားကစားကွင်းရှိ လူများအားလုံး မှင်တက်သွားကြသည်။
သူ့လက်သီးကြောင့် ယဲ့ဖန် နာပုံ မရပေ။ ယဲ့ဖန် နေရာမှ တစ်လက်မတောင် ရွေ့မသွားပေ။
*မ…မဖြစ်နိုင်ဘူး*
ကုန်းဝမ်နှင့် သူ့လူနှစ်ယောက် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားကြသည်။
နတ်ဆိုးနည်းပြက လူခန္ဓာကိုယ် မပြောနှင့် သံမဏိပြားကိုပင် ပေါက်ထွက်သွားအောင် ထိုးနိုင်စွမ်း ရှိသူဖြစ်သည်။ ဘယ်လိုလုပ် ဒီကောင်က ကြံကြံခံနိုင်ပြီး လွင့်မသွားရတာလဲ?
*အံ့ဩစရာပဲ*
*သူ့ကိုယ်က သံမဏိပြားထက် ပိုမာနေတာလား*
*မဖြစ်နိုင်ပါဘူး*
ကုန်းဝမ်နှင့် သူ့လူများသာမက ယုဖေးနှင့် ယောင်နာတို့ပါ မျက်နှာ ပြာနှမ်းလာကြသည်။
*သေစမ်း*
နတ်ဆိုးနည်းပြ တအံ့တဩနှင့် ခပ်တိုးတိုး ညည်းတွားလိုက်မိသည်။
သူ တကယ်ကို သူ့ရဲ့သံမဏိလက်သီးနှင့် ယဲ့ဖန်ကို ထိုးခဲ့ခြင်း ဖြစ်သည်။ သို့သော် ယဲ့ဖန်၏ ကိုယ်က သံမဏိကဲ့သို့ မာကြောကာ သူ့လက်တောင် အတော်လေး နာသွားရသည်။
နတ်ဆိုးနည်းပြ၏ လက်ချောင်းတွေတောင် ကျိုးသွားရသလို သူ့နဖူးတွင်လည်း ချွေးများ စို့နေသည်။ သူ၏ သံမဏိလက်သီးသည်လည်း စူးရှသော နာကျင်မှုကြောင့် မသိမသာ တုန်ယင်နေသည်။
"မင်းကိုယ်က သံမဏိနဲ့ လုပ်ထားတယ်လို့ ငါ မယုံဘူး"
နတ်ဆိုးနည်းပြက ချွေးသုတ်လိုက်ကာ ကျောင်းသားတွေကို ဆက်ပြောလိုက်သည်။ "မင်းတို့ မြင်လိုက်တယ်မလား? ငါ့လက်သီး မြန်တယ်ဆိုတာကို!"
"အခု ငါ မင်းတို့ကို ဒုတိယအချက်ဖြစ်တဲ့ တိကျရမယ်ဆိုတဲ့ အကြောင်း ပြမယ်။ မင်း ရန်သူကို ထိုးလိုက်ပြီးတာနဲ့ သူ့ကို တစ်ချက်ကန်လိုက်ရမယ်"
ပြောပြီးပြီးချင်း နတ်ဆိုးနည်းပြက ခုန်လိုက်ပြီး ယဲ့ဖန်၏ ခန္ဓာကိုယ်အောက်ပိုင်းကို အားနှင့် ကန်လိုက်သည်။
ဘုန်း!
သို့သော် အားလုံး ထိတ်လန့်သွားရသည့် အကြောင်းကတော့ စောနကအတိုင်း ယဲ့ဖန်က မလှုပ်မယှက် ရှိနေကာ နတ်ဆိုးနည်းပြကသာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရခြင်းပင်။
….
*မဖြစ်နိုင်ဘူး*
နတ်ဆိုးနည်းပြက သူ သရဲသဘက်ကို မြင်လိုက်ရသည်ဟု ထင်နေမိသည်။
ကျန်းရှီမြို့၌ MMA ပွဲကို အပွဲပွဲ ဝင်နွှဲလာပြီးသည့်နောက်ပိုင်း မည်သူမျှ သူ၏ ထိုးချက်၊ ကန်ချက်တွေကို တောင့်ခံနိုင်စွမ်း မရှိပါ။
*အံ့ဩစရာပဲ*
ထိုအချိန်တွင် ကုန်းဝမ်နှင့် သူ့လူများသာမက ယုဖေးနှင့် ယောင်နာပါ ကြောက်ကြောက်လန့်လန့်နှင့် ထုံထိုင်းသလို ဖြစ်နေကြသည်။
*ယဲ့ဖန် လက်သီးနဲ့ထိုးတာကို တောင့်ခံနိုင်တာက မတော်တဆလို့ မှတ်လို့ရပင်မယ့် အကန်ခံရပြီးတာတောင် နဂိုအတိုင်း နေနိုင်နေတာကတော့ မတော်တဆ မဖြစ်နိုင်ဘူး*
*ယဲ့ဖန်ရဲ့ကိုယ်က သံမဏိနဲ့တောင် ယှဉ်လို့ရနေပြီပဲ*
"တတိယအချက်က ပြင်းထန်ရမယ်"
ထိုသို့ ပြောပြီးပြီးချင်း နတ်ဆိးနည်းပြက အလွန်ရက်စက်သည့် မျက်လုံးများဖြင့် ယဲ့ဖန်၏ ခန္ဓာကိုယ်အောက်ပိုင်းသို့ ရုတ်တရက် လျင်မြန်စွာ ခြေထောက်ဖြင့် ကန်လိုက်ပြန်သည်။
ထို့နောက် ယဲ့ဖန်၏ လည်မျိုအား လက်ဝါးဖြင့် ဖြတ်ရိုက်လိုက်ပြီး ယဲ့ဖန်၏ ရင်ဘက်ကိုပါ အားနှင့် ထိုးချလိုက်သည်။
တိုက်ကွက်သုံးကွက်စလုံးက သေကွင်းသေကွက်တွေချည်းပင်။
နတ်ဆိုးနည်းပြ၏ တိုက်ခိုက်ပုံကို ကြည့်ရင်း ကျောင်းသားများအားလုံး နေရာမှာတင် အေးခဲသွားကြသည်။