ရောက်လာမှတော့ မပြန်ပါနဲ့ဦးလား!
Vol. 4 Ch. 48
နတ်ဆိုးနည်းပြ ယဲ့ဖန်အား တိုက်ခိုက်ပုံကို ကြည့်ပြီး အားလုံး ဆူညံပွက်လောရိုက်သွားသည်။
*ခန္ဓာကိုယ်အောက်ပိုင်း*
*လည်မျို*
*ရင်ဘက်*
*တိုက်ကွက်တစ်ခုချင်းစီတိုင်းက သေစေနိုင်တယ်*
တကယ်ကို နတ်ဆိုးနည်းပြ၏ တိုက်ကွက်တိုင်းက ယဲ့ဖန်အား သေစေနိုင်ပေသည်။
ကျောင်းသားတိုင်း မျက်နှာအမူအယာ ပျက်နေကြသည်။
ပိုင်ယီ၏ မျက်နှာသည်လည်း ဖြူဖတ်ဖြူရော် ဖြစ်နေဆဲပင်။ အရင်တစ်ခါတုန်းက ယဲ့ဖန် အန်ကယ်လ်ကျုံး၏ လက်ကို တစ်ချက်တည်းနှင့် ကျိုးသွားအောင် ထိုးခဲ့သည်ကို သူမ မြင်ဖူးသော်လည်း ဤသည်က အန်ကယ်လ်ကျုံး အားနည်းလို့ဖြစ်မည်ဟု သူမ ထင်နေသည်။
ဆက်တိုက် အထိုးခံရပြီးနောက် သူ ဘယ်လောက်လည်း သန်မာပါစေ သေချာပေါက် သူ ဒုက္ခိတ ဖြစ်သွားလိမ့်မည်။
"ရပ်လိုက်!"
ပိုင်ယီ ဒေါသတကြီး နတ်ဆိုးနည်းပြကို တားရန်ပြင်လိုက်သော်လည်း အရမ်း နောက်ကျသွားချေပြီ။
ယုဖေးနှင့် ယောင်နာတို့က ယဲ့ဖန်တော့ သွားချေပြီဟု တွေးကာ ခေါင်းတခါခါနှင့် ဖြစ်နေကြသည်။
ကုန်းဝမ်နှင့် သူ့လူနှစ်ယောက်ကတော့ ဝမ်းသာအားရ ထခုန်နေကြသည်မှာ ကောင်းကင်ကိုတောင် ခေါင်းနှင့် တိုက်မိမတတ်ပင်။
"သေလိုက်တော့…သေလိုက်တော့…ဟီးဟီး..ခွေးမသား.. မင်းတော့ ဒီတစ်ခါ အသေပဲ"ကုန်းဝမ် မုန်းတီးနေသော မျက်လုံးများဖြင့် ရေရွတ်လိုက်သည်။
ယဲ့ဖန်က သူ့ပိုက်ဆံကို ယူသွားရုံသာမက ပိုင်ယီရှေ့မှာပါ သူ့ကို အရှက်ခွဲခဲ့သည်လေ။ ယဲ့ဖန်တော့ ကြွပြီဟု တွေးရင်း ကုန်းဝမ် မတရား ပျော်နေရှာသည်။
နတ်ဆိုးနည်းပြက ယဲ့ဖန်ကို စက္ကန့်ပိုင်းအတွင်း ဆက်တိုက် ထိုးခဲ့သည်မဟုတ်ပါလား။
ဖြောင်း! ဖြောင်း! ဖြောင်း!
*သူတော့ သေပြီ*
အားကစားကွင်းထဲရှိ ကျောင်းသားများအားလုံး ယဲ့ဖန်ကို သနားနေကြသည်။ သို့သော် သူတို့ သေချာကြည့်လိုက်မိသည့်အခိုက်မှာတော့ အားလုံး ထိတ်လန့်သွားကြသည်။
သူတို့ ထင်မှတ်မထားသည့် မြင်ကွင်းကို မြင်လိုက်ကြရသည်။ ယဲ့ဖန်က နဂိုအတိုင်း ရပ်နေကာ မှင်သေသေနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသည့်ဟန်ဖြင့် သူ့ရှေ့မှလူအား ပုရွတ်ဆိတ်တစ်ကောင်ကို ကြည့်သလိုမျိုး အထင်သေးဟန်ဖြင့် ကြည့်နေသည်။
တအံ့တဩနှင့် တစ်ခုခုတော့ မှားနေပြီဟု နတ်ဆိုးနည်းပြ တွေးလိုက်မိသည်။
"မဖြစ်နိုင်ဘူး… လုံးဝ မဖြစ်နိုင်ဘူး"
သူ နောက်သို့ ဆုတ်လိုက်ကာ သူ၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာတွင် မယုံကြည်သည့်အကြည့်များ ထင်ဟပ်နေသည်။
"မင်း… မင်း ဘယ်လိုမှ မနေပါဘူး။ ငါ မင်းရဲ့ ချက်ကောင်းနေရာတွေချည်း ထိုးလိုက်တာတောင် ဘယ်လိုလုပ် ဘာမှ မဖြစ်ရတာလဲ?"
သူ သံသယဝင်လာသည်။ သူ့ခွန်အားကို သူ သေချာနားလည်သည်။ သူ့ရန်သူက မည်မျှ ခွန်အားကြီးပါစေ၊ အားနည်းသည့် နေရာ ၃နေရာကို သူ ထိုးလိုက်သည့်နှင့် သူတို့ ကျိန်းသေပေါက် ကျိုးကန်းသွားကြတာချည်းပင်။
*ဒီကောင်က ဘာလို့ ဘာမှမဖြစ်ရတာလဲ?*
အားလုံး ကိုယ့်မျက်လုံးကိုယ် မယုံသလို ကြောင်တောင်တောင်နှင့် ဖြစ်နေကြသည်။
"ချက်ကောင်းတွေချည်း?"
ယဲ့ဖန် နတ်ဆိုးသဖွယ် ပြုံးလိုက်ပြီး "ကျုပ်မှာ ချက်ကောင်းနေရာဆိုတာမျိုး မရှိဘူး။ ဒါပေမယ့် ကျုပ်ကို ရန်ပြုတဲ့ ဘယ်သူမဆို အကြီးအကျယ် ထိခိုက်သွားတာပဲ"
*ဘာရယ်!*
ယဲ့ဖန်စကားကြောင့် နတ်ဆိုးနည်းပြ မျက်နှာ ဖြူရော်လာသည်။ သူကိုယ်တိုင်တောင် သတိမထားမိဘဲ ငရဲဘုရင်ကို ရန်ပြုမိသလိုမျိုး ခံစားမိပြီး ကြယ်သီးမွှေးညှင်း ထလာသည်။
နတ်ဆိုးနည်းပြ ကပ်ဆိုက်တော့မည်ဟု ခံစားမိလိုက်သည်။
*မဟုတ်ဘူး!*
နတ်ဆိုးနည်းပြ ရင်တုန်လာကာ နောက်လှည့်၍ ထွက်ပြေးရန် ကြံလိုက်သည်။ ထိုစဉ် ရေခဲတမျှ အေးစက်သောအသံကြောင့် သူ နေရာမှာတင် တောင့်တောင့်ကြီး ဖြစ်သွားရသည်။
"ခင်ဗျား ပြေးလို့လွတ်မယ် ထင်နေတာလား?"
ချက်ချင်းဆိုသလိုပင် ယဲ့ဖန်က နတ်ဆိုးနည်းပြရှေ့သို့ ဖျတ်ခနဲ ပေါ်လာကာ လက်သီးနှင့် ပိတ်ထိုးလိုက်သည်။
ဖြောင်း!
အရိုးကျိုးသံ ထွက်ပေါ်လာကာ နတ်ဆိုးနည်းပြ၏ ရင်ဘတ်က ပုံပျက်ပန်းပျက် ဖြစ်သွားကာ သွေးအန်သွားသည်။
သူ့ရင်ညွန့်ရိုး ကျိုးသွားချေပြီ။ ထို့ပြင် တစ်ပတ်လှည့်ကန်လိုက်သည့်အသံလည်း ထွက်ပေါ်လာပြန်သည်။ နောက်ထပ် ကျိုးပဲ့သံနှင့်အတူ နတ်ဆိုးနည်းပြ၏ ခြေထောက်တစ်ဘက် ကျိုးပဲ့သွားလေသည်။
သို့သော် ဤသည်ကား အစပင် ရှိသေး၏။ ထို့နောက် ယဲ့ဖန်က နတ်ဆိုးနည်းပြအား ဆွဲမကာ ဆက်တိုက်ဆိုသလို ရက်ရက်စက်စက် ထိုးလိုက်သည်။
ဖြောင်း!
သူ့ညှပ်ရိုး ကျိုးသွားပြန်သည်။
ဖြောင်း!
သူ၏ တင်ပဆုံရိုး ကျိုးသွားပြန်သည်။
ဖြောင်း!
သူ့ကျောရိုး ကျိုးသွားပြန်သည်။
…
အားကစားကွင်းရှိ သူများအားလုံး တုန်လှုပ် ချောက်ချားနေကြသည်။ ယဲ့ဖန်က နတ်ဆိုးနည်းပြအား သားရဲတစ်ကောင်လို ဆက်တိုက်ထိုးနေသည်။
သူ တစ်ခါထိုးလိုက်တိုင်း နတ်ဆိုးနည်းပြထံမှ အရိုးကျိုးသံများ ထွက်ပေါ်လာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဆိုးနည်းပြသည် သွေးသံတရဲရဲနှင့် ဖြစ်သွားချေသည်။
သို့သော် ယဲ့ဖန်က ဆက်ထိုးနေဆဲပင်။ နတ်ဆိုးနည်းပြ၏ လက်ကို ချိုးလိုက်ပြီးမှ သူ ရပ်လိုက်၏။
လူ့ဘီလူးကြီးကား မြေပြင်ပေါ်၌ ဗွက်အိုင်ထဲ လဲနေသကဲ့သို့ မလှုပ်မယှက် ငြိမ်သက်နေသည်။
သူ့ဦးခေါင်းခွံမှတစ်ပါး အခြားအရိုးများအားလုံး ကျိုးသွားချေပြီ။ သို့သော် ထူးဆန်းသည်က မည်သည့်ထိုးချက်ကမှ အသေသတ်သည့် ထိုးချက်များ ဖြစ်မနေပေ။
ဤသည်ကို ရှင်းရှင်းလင်းလင်း သတိထားမိပြီး နတ်ဆိုးနည်းပြ မြေကြီးပေါ်မှ ထထိုင်ရန် ကြိုးပမ်းလိုက်သည်။ သူ၏ ကျိုးနေသော အရိုးများမှ သေမတတ် နာကျင်မှုကြောင့် သူ အသက်ရှင်နေရမယ့်အစား သေသာသေလိုက်ချင်တော့သည်။
ဖွီ!
နတ်ဆိုးနည်းပြ၏ ပါးစပ်မှ သွေးတစ်လုပ် အန်ထွက်လာသည်။ သူ အော်ဟစ်လိုက်ချင်သော်လည်း သူ့ပါးစပ်က နည်းနည်းလေးမျှ လှုပ်မရပေ။ ထို့အပြင် နတ်ဆိုးနည်းပြ၏ နဖူးမှ ချွေးများ စီးကျလာသည်။ ထို့ကြောင့် နတ်ဆိုးနည်းပြသည် ကြောက်လန့်နေသော မျက်လုံးများနှင့်အတူ တစ်ကိုယ်လုံး သွေေး၊ချွေးများနှင့် ရွှဲနစ်နေသည်။
*နတ်ဆိုး!*
သူ့စိတ်ထဲတွင် ယဲ့ဖန်သည် ရန်သူအား အသက်ရှင်ခွင့်ပေးပြီး သူ၏ အရိုးများအားလုံးကို ချိုးပစ်လိုက်ရအောင် ရက်စက်သည့် အင်မတန် ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဆိုးပင် ဖြစ်သည်။
နတ်ဆိုးများသာ ဤသို့ ပြုလုပ်ရဲပေလိမ့်မည်။
ဂလု!
တံတွေး မြိုချမိသည့်အသံမှတစ်ပါး အားကစားကွင်းတစ်ခုလုံး တိတ်ဆိတ်နေ၏။
ဖြစ်ပျက်သွားသည့်အရာတိုင်းက အိပ်မက်လိုပင်။ နတ်ဆိုးနည်းပြ၏ အရိုးများအားလုံး ယဲ့ဖန်ကြောင့် ကျိုးသွားပြီး နည်းပြကိုယ်တိုင်က မြေကြီးပေါ်မှာ ခွေးသေတစ်ကောင်လို လဲနေသည်။
"မ…မဖြစ်နိုင်ဘူ…ဒီကောင်…"
ယုဖေးနှင့် ယောင်နာတို့ သရဲသဘက်ကို တွေ့လိုက်ရသည့်အလား ထိတ်လန့်နေကြသည်။
သူတို့ကို လိုက်ပိုးပန်းဖူးသည့် သုံးစားမရတဲ့ တရားမဝင်သားက သရဲသဘက်ထက် ပို၍ ကြောက်ဖို့ကောင်းလိမ့်မည်ဟု သူတို့ မထင်ထားမိပါ။
ပိုင်ယီ တံတွေးကို မနည်းကို မြိုချမိသည်။
သူမ အမြဲ ယဲ့ဖန်စိတ်ကို ခန့်မှန်းရန် ကြိုးစားနေသော်လည်း သူ၏ ရက်စက်မှုနှင့် ခွန်အားကိုတော့ အထင်သေးထားမိသည်။
ယခုမှသာ မြစ်ကမ်းဘေးမှာ ဆုံခဲ့စဉ်က ယဲ့ဖန် အန်ကယ်လ်ကျုံးကို ညှာတာခဲ့မှန်း သူမ သတိပြုမိလိုက်သည်။
သို့မဟုတ်ပါက အန်ကယ်လ်ကျုံးသည်လည်း နတ်ဆိုးနည်းပြကဲ့သို့ ဖြစ်သွားနိုင်သည်။
ပိုင်ယီ ခါးသီးစွာ ပြံးလိုက်ရင်း "ဒီလူက အမြဲ အံ့ဩရအောင် လုပ်နေတာပဲ"
ထိုစဉ် ကုန်းဝမ်နှင့် သူ့လူနှစ်ယောက်တို့ သေမှာ ကြောက်၍ အားကစားကွင်း ထောင့်တစ်နေရာ၌ ပုန်းနေကြသည်။
"ဘု…ဘုရားရေ! ကျောင်းသားနဲ့ ဆရာတွေ ကြောက်ရတဲ့ နတ်ဆိုးနည်းပြက ရှုံးသွားတယ်..ဘုရား..ဘုရား"
ကုန်းဝမ်တစ်ယောက် ယဲ့ဖန်၏ ခွန်အားကြောင့် တစ်ကိုယ်လုံး ပျော့ခွေလာသလို ခံစားရကာ ထိတ်လန့်ကြောက်ရွံလာသည်။ ထို့ကြောင့် မြန်နိုင်သမျှ မြန်မြန် ထွက်ပြေးချင်လာသည်။
"သွား…မြန်မြန်…မြန်မြန်..ဒီက ထွက်သွားရအောင်! အဲ့ကောင်က လူမဟုတ်ဘူး"
ကုန်းဝမ် သွေးခဲမတတ် ခံစားမိကာ သူ့လူနှစ်ယောက်ကို ထွက်ပြေးကြရန် ပြောလိုက်သည်။
ထိုစဉ် ငရဲမှထွက်လာသော အသံကဲ့သို့ ထွက်ပေါ်လာသည့် အသံကြောင့် သူတို့ တုန်ယင်သွားကြသည်။
"ရောက်လာမှတော့ မပြန်ပါနဲ့ဦးလား"