အဲ့ဒါ…သူပဲ!
Vol. 4 Ch. 50
ကျယ်လောင်သော ခြေသံများနှင့်အတူ အနက်ရောင်ဝတ်စုံနှင့် လူ အယောက် ၂၀-၃၀ခန့်က အားကစားကွင်းထဲ ဝင်လာကြသည်။
အားလုံးက အနက်ရောင် တီရှပ်နှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားကြသည်။
ကျယ်ပြန့်သောကျောပြင်၊ ကြွက်သားအပြည့်နှင့် သွေးကြောများ ထင်းခနဲ ဖြစ်နေပြီး တစ်ယောက် ချင်းစီက ကျားတစ်ကောင်ကဲ့သို့ ရက်စက်ပုံရသည်။
ထိုလူစု အားကစားကွင်းထဲ ဝင်လာသည်ကို ကြည့်ပြီး Class 2 Grade 3 အတန်းသားများအားလုံး ကြောင်အသွားကြ၏။
ထိတ်လန့်ဖွယ်ကောင်းသော ချီဓာတ်ကြောင့် ကျောင်းသားတိုင်း၏ မျက်နှာများ ဖြူရော်လာကြသည်။
*ဟမ်? သံတောင်ကြီးလည်း ဒီမှာ မရှိပါလား?*
Class 2 Grade 3 အတန်းသားများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထိုလူစု၏ ခေါင်းဆောင် မျက်မှောင်ကြုတ်သွားသည်။
ထို့နောက် သူက နာရီကို ဒေါသတကြီးကြည့်ကာ ပြောလိုက်သည်။ "ဒီကောင် ကျောင်းသားတွေကို တကယ် နှိပ်စက်နေတာပဲ။ ဟွန်း… သုံးစားလို့တောင် မရဘူး။ အတန်းပြီးရင် ဆရာကြီး ပေါ်လာတော့မှာကို ဒီကောင် ဒီအခွင့်အရေးကို ဆုံးရှုံးသွားတာနဲ့ သေချာပေါက် နောင်တရတော့မှာပဲ"
အစီအစဉ်အရ ထိုသူသည် နတ်ဆိုးနည်းပြအား ဆရာကြီးနှင့် မိတ်ဆက်ပေးချင်၍ ကျန်းရှီ မြူနီစီပယ် စီနီယာ အထက်တန်းကျောင်းအား လာခြင်းဖြစ်သည်။
သို့သော် နတ်ဆိုးနည်းပြအား သူ ကျောင်းထဲ၌ ရှာမရ ဖြစ်နေသည်။
ထိုစဉ် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က မြေကြီးပေါ် လဲနေသော နတ်ဆိုးနည်းပြကို မြင်သွားသည်။ ထိုလူ၏ မျက်နှာက ချက်ချင်း တည်လာကာ "အစ်ကိုကြီး…အစ်ကိုသံတောင်ကြီးက ဟိုမှာ လဲနေတယ်"
*ဟမ်?*
ခေါင်းဆောင် ချက်ချင်း ကြောင်သွားကာ ထိုသူ ညွှန်ပြသောနေရာသို့ လှမ်းကြည့်လိုက်သည်။
ထို့နောက် သူ့မျက်လုံးက မီးဝင်းဝင်းတောက်သွားသည်။
ခေါင်းဆောင်က ထိတ်လန့်တကြားနှင့် နတ်ဆိုးနည်းပြ၏ ရှေ့သို့ ချက်ချင်းရောက်လာသည်။
သူ၏ ညီလေး မြေကြီးပေါ်မှာ သွေးသံတရဲရဲနှင့် ခေါင်းမှလွဲ၍ ကျန်အရိုးများအားလုံး ကျိုးနေသည်ကိုကြည့်ပြီး ခေါင်းဆောင် မျက်လုံးပြူးသွားသည်။
"အကုန် ကျိုးနေပြီ။ မင်းရဲ့အရိုးတွေ အကုန်ကျိုးနေပြီ။ ဘယ်…ဘယ်လောင်တောင် ရက်စက်တဲ့လူလဲ!"
ခေါင်းဆောင် ဒေါသထွက်သွားသည်။ သူ့ညီကို ဒီလောက် ရက်ရက်စက်စက် လုပ်ရဲသည့်သူ ရှိလိမ့်မည်ဟု သူ မထင်ထားမိ။
ခေါင်းဆောင်က နတ်ဆိုးနည်းပြ၏ ရင်ဘက်ကို အသာပုတ်လိုက်သည်။ အသံတစ်ချက်ထွက်လာပြီးနောက် နတ်ဆိုးနည်းပြ၏ ကျိုးနေသော ရင်ညွန့်ရိုးက အရင်အတိုင်း ဖြစ်သွားသည်။
ချောင်းတစ်ချက်ဆိုးပြီးနောက် နတ်ဆိုးနည်းပြက ညည်းတွားလိုက်သည်။ "အ..အစ်ကိုကြီး.. ကျုပ် ခင်ဗျားကို စောင့်နေတာ ကြာလှပြီ"
နတ်ဆိုးနည်းပြ ငိုမိမလို ဖြစ်နေသည်။ သူ့ကျောင်းသားတိုင်း၏ အမြင်တွင် နတ်ဆိုးဖြစ်နေသောသူက သူ့ထက်ကြမ်းသော နတ်ဆိုးကြောင့် ခံလိုက်ရချေပြီ။
"သံတောင်ကြီး…မင်းကို ဒီလိုဖြစ်အောင် ဘယ်သူလုပ်တာလဲ?" ခေါင်းဆောင်က မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် မေးလိုက်သည်။
"သူက ကျောင်းသားတစ်ယောက်ပါ။ အဲ့ကျောင်းသားက…အရမ်း သန်တာပဲ"
နတ်ဆိုးနည်းပြ၏ အသံ ချက်ချင်း ပျော့သွားသည်။ သူ့အကြောက်တရားကို သူ မဖုံးကွယ်ရဲပေ။
နတ်ဆိုးနည်းပြ၏ စကားကြောင့် ခေါင်းဆောင် အံ့ဩသွားပြီးနောက် ချက်ချင်း မျက်နှာကြီး မဲမှောင်လာကာ "ကျောင်းသား? ဘာလဲ..ကျောင်းသားတစ်ယောက်က ငါ့ညီကို အနိုင်ကျင့်ရဲတယ်ပေါ့။ အဲ့ကောင်တော့ သေချင်နေတာပဲ"
ထိုသို့ပြောပြီး သူက Class 2 Grade 3 အတန်းသားများကို ကြည့်ကာ အော်လိုက်သည်။ "ဘယ်ကောင်လုပ်တာလဲ? အဲ့ကောင်တော့ သေပြီသာမှတ်"
Class 2 Grade 3 အတန်းသားများအားလုံး ကြောက်လန့်ကာ တုန်ယင်လာသည်။
ထိုလူသည် သူ့ကို ဆန့်ကျင်သည့်မည်သူကိုမဆို သတ်ပစ်ရဲသည့် သွေးဆာနေသော ဝံပုလွေဟု သူတို့ ထင်မှတ်မိကြသည်။
ထို့ကြောင့် အတန်းသားများအားလုံး နောက်ဆုတ်မိကြပြီး မျက်နှာများ ဖြူရော်လာကြသည်။
"အဲ့…အဲ့လူက သစ်ပင်ပေါ်မှာ အိပ်နေပါတယ်"
ထိုစဉ် ယောင်နာက အားကစားကွင်းထဲမှ မိုးမခပင်ကို လက်ညှိုးထိုးကာ ကြောက်ကြောက်လန့်လန့်နှင့် ပြောလိုက်သည်။
သူမစကားကြောင့် အားလုံး မိုးမခပင်ကို လှမ်းကြည့်လိုက်သောအခါ လူတစ်ယောက် သစ်ပင်ပေါ်၌ အိပ်နေသည်ကို တွေ့လိုက်ရသည်။
"ကောင်းတယ်…မင်းက အလာကြီးပါလား"
ထိုလူက ဒေါသတကြီးနှင့် ပြောလိုက်သည်။ "ငါ့ညီကို ကျိုးကန်းအောင် လုပ်ပြီး မင်းက အိပ်နေရဲသေးတယ်လား? မင်းတော့ သေပြီသာမှတ်"
ထိုသို့ပြောပြီး သူက သူ့နောက်လိုက်များကို လက်ဝှေ့ယမ်းပြကာ "အဲ့ကောင်ကို သွားဖမ်းလာခဲ့.။ ငါသူသေတာ လိုချင်တယ်"
"ဟုတ်ကဲ့"
ထိုသူများက ပုဆိန်ကိုထုတ်ကာ မိုးမခပင်ဆီသို့ ပြေးသွားကြသည်။
ဤသည်ကို ကြည့်ပြီး ယဲ့ဖန်သေပြီဟု မှတ်ကာ ကျောင်းသားများ လန့်သွားကြသည်။
ထိုလူ၏ ပုံစံအရ သူသည် ကျန်းရှီမြို့မှ ဂန်းစတားခေါင်းဆောင် ဖြစ်ဟန်တူသည်။ ယဲ့ဖန်တော့ သေချာပေါက် သေပြီထင်သည်။
ကျောင်းသားများက ယဲ့ဖန်အား သနားသလို လှမ်းကြည့်နေကြသည်။
"ငါ..ငါသိပြီ"
ထိုစဉ် တက်ကြွနေသော အသံတစ်သံကို သူတို့ ကြားလိုက်ရသည်။ သူတို့ လှည့်ကြည့်လိုက်သောအခါ ထိုအသံပိုင်ရှင်က ကုန်းဝမ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
နံရံမှာ ညပ်နေရင်း ကုန်းဝမ်က ထိုလူအား ဝမ်းသာအားရ စိုက်ကြည့်နေသည်။ "ငါ နားလည်ပြီ။ အဲ့ဒါကြောင့် နတ်ဆိုးနည်းပြက ကျောင်းမှာ ဘယ်သူ့ကိုမှ မကြောက်တာကိုး။ သူ့ကို အဲ့လူက ကာကွယ်ပေးနေလို့ကိုး"
"အစ်ကိုဝမ်…သူ ဘယ်သူလဲ ခင်ဗျား သိလား?"
လူတစ်ယောက်က သူ့ကို မေးလိုက်သည်။
"သေချာပေါက် ငါ သူ့ကို သိတာပေါ့"
ကုန်းဝမ်က ယဲ့ဖန်တော့ ဒုက္ခရောက်ပြီဟု မှတ်ကာ စိတ်လှုပ်ရှားနေသော အသံဖြင့် ပြောလိုက်သည်။ "အဲ့လူက ကျန်းရှီမြို့က တရားမဝင်ဂိုဏ်းတွေထဲမှာ နာမည်ကြီးပဲ။ သူ တစ်ခါတုန်းက နယ်မြေတစ်ခုလုံးကို တစ်ယောက်တည်း သိမ်းဖူးတယ်။ ပုဆိန်ဂိုဏ်း၊ ဓားခုနစ်လက်ဂိုဏ်း၊ ဆာလောင်နေသော ဝံပုလွေဂိုဏ်းလိုမျိုး အခြားဂိုဏ်းလေးခုကိုပါ သူ တစ်ယောက်တည်း အမြစ်ဖြတ်ပစ်လိုက်တာ။ သူက ကျန်းရှီမြို့မြောက်ဘက်ခြမ်းမှာ နာမည်ကြီးပဲ။ ငါ့အစ်ကို ကုန်းဖေးယွင် ဘေးမှာ ရှိတဲ့ လက်ချောက်ချောင်းမြွေနဲ့ ဒေါသအိုးခြင်္သေ့ပဲ သူ့ကို အနိုင်ယူနိုင်တာ"
ကုန်းဝမ်က ရှင်းပြရင်း ပျော်နေသည်။ "ဟားဟားဟား… နတ်ဆိုးနည်းပြက အဲ့လူရဲ့ညီ ဖြစ်နေမယ်လို့ ငါ မထင်ထားဘူး။ အဲ့ကောင်တော့ သေပြီပဲ…သေပြီ"
သူ့စကားကြောင့် သူ့လူနှစ်ယောက်ပါ ပျော်ရွှင်လာသည်။
*ကျန်းရှီမြို့မြောက်ဘက်ခြမ်းကို တစ်ယောက်တည်း အပိုင်သိမ်းလာခဲ့တဲ့ လူကြမ်းတစ်ယောက်*
*ယဲ့ဖန်က အဲ့လိုလူမျိုးကို အာခံမိတာပါလား*
*ဒါဆို သူ….*
ကျောင်းသားအားလုံး မိုးမခပင်ကို ကြည့်ပြီး ခေါင်းတခါခါနှင့် သက်ပြင်းချလိုက်ကြသည်။ တစ်ချို့ဆို မကြည့်ရဲ၍ မျက်စိပိတ်ထားလိုက်ကြသည်။
ခြေသံများနှင့်အတူ ထိုသူက နတ်ဆိုးနည်းပြအား ထူမ၍ မိုးမခင်သို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။
သူ့ညီ၏ ကျိုးနေသော အရိုးများကို ကြည့်ရင်း ထိုသူ ပို၍ ဒေါသထွက်လာရသည်။
မိုးမခပင်ရှေ့ရောက်သောအခါသူ၏မျက်နှာက ပို၍ခက်ထန်လာသည်။
သွေးသံတရဲရဲနှင့် သုန်မှုန်နေသောမျက်နှာပေးနှင့်အတူ နတ်ဆိုးနည်းပြက ယဲ့ဖန်အား မော့ကြည့်ကာ အံကိုကြိတ်၍ ပြောလိုက်သည်။
"ကောင်စုတ်လေး..မင်း ကြောက်နေတာလား? ဆင်းလာခဲ့စမ်း! မင်းကို ဇီဝန်ချုပ်ပစ်ဖို့ ငါ့အစ်ကို ရောက်လာပြီ"
နတ်ဆိုးနည်းပြက ယဲ့ဖန်အား အင်မတန် မုန်းနေသည်။ သူသည် ယဲ့ဖန်အား အရေခွံစုတ်၍ တစ်စစီဖြစ်အောင် ခုတ်ထစ်ချင်နေ၏။
ကုန်းဝမ်နှင့် သူ့လူနှစ်ယောက်က ယဲ့ဖန်အား လှမ်းအော်ကြသည်။ "ဟားဟားဟား… ခွေးကောင်.. မင်းတော့ သေမှာပဲ။ မြန်မြန် ဆင်းလာလိုက်။ ငါတို့ ခံစားခဲ့ရသမျှအတွက် တစ်စုံတစ်ယောက်က လက်စားချေပေးတော့မှာကွ"
"ဆင်းလာခဲ့စမ်း..ခွေးမသား… ဆက်ပြီး စိတ်ကြီးဝင်နေပါဦးလား"
နတ်ဆိုးနည်းပြ၊ ကုန်းဝမ်နှင့် သူ့လူနှစ်ယောက်အပြင် ယောင်နာကပါ ယဲ့ဖန်အား အထင်သေး၍ စိတ်ကျေနပ်နေသော အကြည့်ဖြင့် ကြည့်နေကြသည်။
ယဲ့ဖန် သေတော့မည်ဟု သူတို့ သိနေသည်လေ။
သူတို့ တမင်တကာ ဆွ၍ စကားများကြောင့် ယဲ့ဖန်က နားကို ကလော်ပြီး စိတ်မရှည်စွာဖြင့် သူတို့ဘက် လှည့်လာကာ "တိတ်တိတ်နေ" ဟု စောဒကတက်လိုက်သည်။
အစောပိုင်းတုန်းက သူတို့ ယဲ့ဖန်မျက်နှာကို မမြင်ရခဲ့သောကြောင့် ယခု သူ့မျက်နှာကို မြင်လိုက်သည်နှင့် ထိုသူနှင့် သူ့လူများ အားလုံး ကြောက်ဒူးတုန်ကာ မျက်နှာများ ဖြူဖပ်ဖြူရော်ဖြစ်လာကြသည်။
*အဲ့ဒါ…သူပဲ!"
မဆိုင်းမတွပင် ထိုသူက နတ်ဆိုးနည်းပြအား မြေကြီးပေါ် ပစ်ချလိုက်သည်။ ထို့နောက် သူနှင့် သူ့လူများအားလုံး ဒူးတစ်ဘက်ထောက်ကာ အော်ပြောလိုက်ကြသည်။ "အရိုအသေပေးပါတယ် သခင်ကြီး"