ခင်ဗျား တကယ် ကြားချင်တာလား?
Vol. 4 Ch. 52
နေ့ခင်းပိုင်းတွင် ယဲ့ဖန်က နတ်ဆိုးနည်းပြအား အနိုင်ယူလိုက်သည့်သတင်းက အတောင်ပါသည့်အလား တစ်ကျောင်းလုံး ပျံ့နှံ့သွားလေ၏။
ထို့ကြောင့် ယဲ့ဖန်၏ နာမည်က နေ့တွင်းချင်း ကျော်ကြားသွားလေသည်။
ကျန်းရှီမြူနီစီပယ် စီနီယာအလယ်တန်းကျောင်း၏ ဆရာအများစုနှင့် ကျောင်းသားများသည် ယဲ့ဖန်က သုံးစားမရသော တရားမဝင်သားဟု သိထားခဲ့ကြသည်။
သို့သော် ယဲ့ဖန်က ကျောင်းပေါက်ဝ၌ ကျုံးချမ်းအား ပညာပေးလိုက်သည့် သတင်းနှင့် Class 2 Grade 3 အတန်း၏ ကျောင်းသားဆိုး ကုန်းဝူအား သူ့ရှေ့ ဒူးထောက်လာအောင် လုပ်ခဲ့သည့် သတင်းက အလျင်အမြန် ပျံ့နှံ့သွားသလို ကုန်းမိသားစု၏ သခင်လေးတစ်ယောက် ဖြစ်သော ကုန်းဝမ်တစ်ယောက် ယဲ့ဖန်ကြောင့် လျှာဖြတ်ခံလိုက်ရသည့် သတင်းပါ ထပ်ပျံ့သွားသည့်အခါတွင် တစ်ခစလေးအတွင်းမှာပင် ကျန်းရှီမြူနီစီပယ် စီနီယာအလယ်တန်းကျောင်းတစ်ခုလုံး၌ ရေပန်းအစားဆုံး သတင်းများ ဖြစ်လာတော့သည်။
ကျောင်းသားအများစုက ယဲ့ဖန်အား သူတို့၏ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်လာပြီး ယဲ့ဖန်၏ လက်မှတ်နှင့် ဓာတ်ပုံများရဖို့ Class 2 Grade 3 အတန်းသို့ မကြာခဏ လာလေတော့သည်။
ထို့ကြောင့် ယဲ့ဖန်သည် တစ်နေ့တည်းနှင့် ကျန်းရှီမြူနီစီပယ် စီနီယာအလယ်တန်းကျောင်း၏ လူကြိုက်အများဆုံး သူ ဖြစ်လာပေတော့သည်။
….
ကျန်းရှီမြူနီစီပယ် စီနီယာအလယ်တန်းကျောင်းတစ်ကျောင်းလုံးအား အံ့အားသင့်စေပြီးနောက် ယဲ့ဖန်သည် အနောက်တိုင်း စားသောက်ဆိုင်သို့ ထွက်လာခဲ့သည်။
*ဘာလို့ မမလေးဖန့်က ငါ့ကို ညစာဖိတ်ကျွေးချင်ရတာလဲ?*
နေ့ခင်းပိုင်းက ဖန့်ယင်းက သူ့ထံ ဖုန်းဆက်ကာ ညစာ လိုက်ကျွေးချင်သည့်အကြောင်း ပြောလာသည်။ ထို့ကြောင့် သူ ကျောင်းမှ ခပ်သုတ်သုတ် ထွက်လာခဲ့ခြင်း ဖြစ်သည်။
စားသောက်ဆိုင်ထဲသို့ သူ ဝင်လိုက်သည်နှင့် စားသောက်ဆိုင်၏ အလယ်တွင် စန္ဒရားတစ်လုံး ရှိနေသည်ကို သူ မြင်လိုက်သည်။
ဧည့်သည်များအားလုံးက သူတို့၏ အစားအသောက်များကို ကြော့ကြော့မော့မော့ စားနေကြသည်။
"ယဲ့ဖန်…ဒီမှာ!"
ယဲ့ဖန် ဝင်လာသည်နှင့် ခန်းမထောင့်၌ ထိုင်နေသော ဖန့်ယင်းက ထ၍ လှမ်းခေါ်လိုက်သည်။
အမျိုးသမီးဝတ် ရုံးတက်ဝတ်စုံကို ဝတ်ဆင်ထားပြီး အနက်ရောင်မျက်မှန်တစ်လက်၊ ဆံနွယ်ရှည်များနှင့် ဆွဲဆောင်မှု ရှိသော ကိုယ်လေးကြောင့် ဖန့်ယင်းသည် ဆိုင်တွင်းရှိ ယောကျ်ားသားများအားလုံး၏ အာရုံစိုက်ခြင်း ခံရလေသည်။
ဖန့်ယင်းဘေးတွင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသော မျက်မှန်တပ်ထားသော လူငယ်တစ်ယောက်နှင့် အခြားအမျိုးသမီးတစ်ယောက်ကိုပါ ရှိနေသည်ကို ယဲ့ဖန် တွေ့လိုက်ရသည်။
"မမလေးဖန့်" ဟု နှုတ်ဆက်ရင်း ယဲ့ဖန်က ဖန့်ယင်းရှေ့သို့ လျှောက်လာသည်။
ယဲ့ဖန်ကို ကြည့်နေရင်း ထိုနေ့က ယဲ့ဖန် သူမ ရိုက်ခဲ့သည်ကို သတိရမိပြီး ဖန့်ယင်း မျက်နှာလေး အနည်းငယ် နီမြန်းသွားသည်။ ထို့နောက် သူမက ယဲ့ဖန်ကို "ထိုင်လေ..ယဲ့ဖန်" ဟု ပြုံး၍ ပြောလိုက်သည်။
ယဲ့ဖန်က ပခုံးတွန့်၍ ထိုင်ခုံအလွတ်၌ ထိုင်လိုက်သည်။
ထို့နောက် ဖန့်ယင်းက ယဲ့ဖန်အား မျက်မှန်နှင့်လူငယ်လေးနှင့် မိတ်ဆက်ပေးလေသည်။ "ယဲ့ဖန်… သူက လီကျစ်ချမ်းလေ၊ ဟုန်ဟိုင် ကုန်သွယ်ရေး ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာပေါ့"
ဖန့်ယင်း စကားဆုံးသောအခါ လီကျစ်ချမ်းက ယဲ့ဖန်ရှေ့ လက်ဆန့်ထုတ်ကာ ပြုံး၍ ယဲ့ဖန်အား နှုတ်ဆက်လိုက်သည်။ "တွေ့ရတာ ဝမ်းသာပါတယ်။ ကျုပ်က ဟုန်ဟိုင်ကုန်သွယ်ရေးကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ လီကျစ်ချမ်းပါ။ ဖန့်ယင်းရဲ့ချစ်သူပေါ့"
*အမ်?*
*ချစ်သူ?*
လီကျစ်ချမ်း၏ နှုတ်ဆက်စကားကြောင့် ယဲ့ဖန် ကြောင်သွားကာ ဘာလို့ ဒီလူက ဒီလို အတွင်းရေးကို ထုတ်ပြောသလဲဆိုတာကို သူ နားမလည်လိုက်။
သို့သော် သူ ထွေထွေထူးထူး တွေးမနေတော့ပဲ လီကျစ်ချမ်းနှင့် လက်ဆွဲနှုတ်ဆက်ကာ "ယဲ့ဖန်ပါ" ဟု နှုတ်ဆက်လိုက်သည်။
ယဲ့ဖန်၏ တိုတိုတုတ်တုတ် နှုတ်ဆက်စကားကြောင့် လီကျစ်ချမ်း မျက်နှာ အနည်းငယ် တည်သွားကာ ယဲ့ဖန်က သူ့အား ရိုးသားဖော်ရွေမှု မရှိဟု ထင်ကာ ဒေါသထွက်လာသည်။
သို့သော် ယဲ့ဖန်က လီကျစ်ချမ်း ဘာတွေတွေးနေသလဲဟု တွေးတောင်တွေးမနေဘဲ ဖန့်ယင်းကိုသာ "မမလေး ဖန့်၊ ဘာကိစ္စရှိလို့လဲ?" ဟု မေးလိုက်သည်။
ဖန့်ယင်းက ပြုံးကာ "ငါ့ရဲ့သူငယ်ချင်းတစ်ယောက်က မင်းကို တွေ့ချင်လို့တဲ့"
*သူငယ်ချင်း?*
ယဲ့ဖန်က တွေဝေသွားပြီးမှ သူ့ဘေးမှ အမျိုးသမီးအား တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
ဖျောက်!
ထိုစဉ် ဖန့်ယင်းက လက်ဖျောက်တစ်ချက်တီးလိုက်သည့်အခါ စားပွဲထိုးတစ်ယောက်က အမဲသားပန်းကန်အား ကိုင်၍ လျှောက်လာပြီး ဖန့်ယင်းရှေ့၌ တရိုတသေနှင့် ချလိုက်သည်။
"ယဲ့ဖန်…ဒါက Tပုံအရိုးပါတဲ့ အမဲသားတုံးလေ၊ ငါ နင့်အတွက် သီးသန့်မှာထားတာ။ ဒီအမဲသားက ကျန်းရှီမြို့မှာ အကောင်းဆုံးပဲ။ မြန်မြန်..စားကြည့်ပါဦး"
ဖန့်ယင်းသည် ယဲ့ဖန်က သူမအသက်ကို တစ်ခါကယ်ခဲ့ဖူးသည်မို့ အားတက်သရောနှင့် ဖိတ်ကျွေးခြင်း ဖြစ်သည်။
သူမစကားကြောင့် ယဲ့ဖန်က ခေါင်းညိတ်ကာ ခက်ရင်းဖြင့် အမဲသားကို ထိုးကာ တစ်ကိုက်ကိုက်ရန် ပြင်လိုက်သည်။
ထိုစဉ် လီကျစ်ချမ်း၏ လှောင်သံက ထွက်ပေါ်လာသည်။
"ညီအစ်ကို၊ ခက်ရင်းနဲ့ ဓားက အဲ့လိုသုံးရတာ မဟုတ်ဘူး။ ခင်ဗျား အမဲသားကို အဲ့လိုစားလို့ မဖြစ်ဘူးလေ"
လီကျစ်ချမ်းက ယဲ့ဖန်အား ခက်ရင်းနှင့် ဓားကိုတောင် ဘယ်လိုသုံးရမှန်းမသိသည့် တောသားဟု မြင်ကာ မထီလေးစားနှင့် ပြောလိုက်သည်။
လီကျစ်ချမ်းက ယဉ်ကျေးဖော်ရွေသော အမူအရာနှင့် ဆက်ပြောလာသည်။ "ဓားကို ညာဘက်လက်နဲ့ ကိုင်ပြီး ခက်ရင်းကို ဘယ်ဘက်လက်နှင့် ကိုင်သင့်တယ်။ အမဲသားကို ခက်ရင်းနဲ့ ဖိထားပြီးမှ အမဲသားတစ်ဖက်ကို လှီးပြီး စားရမှာ။ ဒါကမှ အနောက်တိုင်းစတိုင် အစားအသောက်ကို သိမ်သိမ်မွေ့မွေ့နဲ့ စားတဲ့နည်းပဲ"
ထို့နောက် လီကျစ်ချမ်းက နှုတ်ခမ်းတွန့်တယ်ဆိုရုံလေး ပြုံး၍ စက်ဆုပ်ဖွယ်ကောင်းသော လေသံနှင့် ပြောလိုက်သည်။ "ဖန့်ယင်း… မင်းရဲ့မိတ်ဆွေက အခုမှ မြို့ကို ရောက်ဖူးတာလား? သူက အစားအသောက်ကို အနောက်တိုင်းပုံစံနဲ့ ဘယ်လိုစားရမလဲတောင် မသိပါလား!"
ဖန့်ယင်းက ယဲ့ဖန်အား ဖော်ဖော်ရွေရွေနှင့် ဆက်ဆံသောကြောင့် သူ မနာလိုဖြစ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် အခွင့်အရေးရသည်နှင့် သူ ယဲ့ဖန်ကို နှုတ်အားဖြင့် တိုက်ခိုက်၍ ဖန့်ယင်းရှေ့ သူ့ကိုယ်သူ ဂုဏ်ဖော်လိုက်ခြင်းပင်။
လီကျစ်ချမ်း၏ အထင်သေးသော စကားများကြောင့် ဖန့်ယင်း မျက်မှောင်ကြုတ်ကာ ပြန်ပြောရန် ပြင်လိုက်စဉ် ယဲ့ဖန်က ခပ်တည်တည်နှင့် ပြောလိုက်သည်။ "ကျုပ် စိတ်မကောင်းပါဘူး။ ကျုပ်က ဒီကို စားဖို့လာတာ။ ဟန်ပြဖို့ လာတာမဟုတ်ဘူး"
*ဘာရယ်!*
လီကျစ်ချမ်း ကြောင်သွားသည်။ ဒီတောသားက သူ့ကို ပြန်ပြောရဲလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"ဟေ့ကောင်… မင်း ဘာပြောလိုက်တာလဲ!"
လီကျစ်ချမ်း မျက်နှာ ပြာနှမ်းလာသည်။ ယဲ့ဖန်က ပခုံးတွန့်ပြီး ပြုံးကာ ပြောလိုက်သည်။ "ကျုပ်က အမဲသားစားနေတာ၊ အမဲသားလေ။ ဒါပေမယ့် ခင်ဗျားက ဟန်ပြစားနေတာ၊ ဟန်ပြနေတာ"
"မင်း…"
လီကျစ်ချမ်း ယဲ့ဖန်ကို ထထိုးလိုက်ချင်သည်။ ထိုစဉ် သွက်လက်၊ကျွမ်းကျင်၍ မြူးကြွသော စန္ဒယားသံက ပျံ့လွင်လာသည်။
လီကျစ်ချမ်း ပြန်ထိုင်ချလိုက်ပြီး ယဲ့ဖန်အား ဆိုးဆိုးရွားရွား စိုက်ကြည့်နေသည်။ ဖန့်ယင်းက လီကျစ်ချမ်းအား ရွံသလို ကြည့်နေ၏။
သူမ လီကျစ်ချမ်းကို သူမချစ်သူအဖြစ် လက်မခံချင်ပါ၊ သို့သော် သူက ယင်ကောင်လို သူမနား ရစ်သီရစ်သီနှင့် အနှောင့်အယှက် လာပေးနေသောကြောင့် မတတ်သာပဲ လက်ခံလိုက်ရခြင်း ဖြစ်သည်။
မမျှော်လင့်ဘဲ သူက ယဲ့ဖန်အား တွေ့သည်နှင့် အထင်ကြီးအောင် ဟိတ်ဟန်ထုတ်နေသည်။
ဖန့်ယင်းက လီကျစ်ချမ်းအား လျစ်လျူရှုလိုက်ပြီး ယဲ့ဖန်ကို စကားဆက်ပြောလိုက်သည်။ "ယဲ့ဖန်…စန္ဒရားတီးနေတဲ့တစ်ယောက်က ငါ့သူငယ်ချင်းလေ"
*ဟင်?*
အဖြူရောင်ဝတ်စုံနှင့် နှင်းကဲ့သို့ ဖြူစင်၍ အပြစ်ကင်းသော မိန်းမလှလေးတစ်ယောက်က စန္ဒရားတီးနေသည်ကို မြင်ပြီး ယဲ့ဖန် မှင်တက်သွားသည်။
သူမက စန္ဒရားအား တည်ငြိမ်စွာ တီးနေပြီး မြူးကြွသော သံစဉ်များက နားထောင်နေသောသူများ၏ နားသို့ ဆင့်ကာဆင့်ကာ ပျံ့လွင်လာသည်။
ကြည်လင်သော စမ်းချောင်လေးကဲ့သို့ အားလုံးအား ညှို့ယူထားသလိုပင်။ ကောင်းမွန်သော ဂီတနှင့် မိန်းမလှလေးတစ်ယောက် ဖျော်ဖြေနေသည့်ပုံက အားလုံးအား ဖမ်းစားထားသကဲ့သို့ပင်။
ဂီတသံ ဆုံးသွားသည်နှင့် ဆိုင်တွင်း လက်ခုပ်သံများနှင့် ပြည့်နှက်သွားသည်။ ဂီတသံကို နားထောင်ပြီးနောက် လီကျစ်ချမ်းက ယဲ့ဖန်အား အထင်သေးစွာ ပြောလိုက်သည်။
"ယဲ့ဖန်… ခင်ဗျား ပုံစံက ဒီလောက် နားထောင်ကောင်းတဲ့ စန္ဒရားသံမျိုး အရင်က မကြားဖူးဘူးထင်တယ်။ ဘယ်လို ခံစားရလဲ?"
လီကျစ်ချမ်းက ယဲ့ဖန်ကို အခွင့်အရေးရတိုင်း ဆော်ချင်နေပုံ ရသည်။
ယဲ့ဖန်က လီကျစ်ချမ်းက ခပ်တည်တည်နှင့် အရူးတစ်ယောက်ကို ကြည့်နေသလိုမျိုး ကြည့်နေသည်။ သူ လီကျစ်ချမ်းကို မျက်လုံးထဲတောင် ထည့်ပုံမရ။
လီကျစ်ချမ်း မျက်နှာကြီး မဲမှောင်လာသည်။
ထိုစဉ် ခြေသံတစ်ချို့ကို ကြားလိုက်ရပြီး အဖြူရောင်ဝတ်စုံနှင့် မိန်းမလှလေးက သူတို့ထံ လှမ်းလာနေသည်ကို မြင်လိုက်ရသည်။ ထို့နောက် သူမ ယဲ့ဖန်နောက်၌ ရပ်လိုက်ကာ ပြုံး၍ "ရှင်က ယဲ့ဖန်လား? ကျွန်မရဲ့ စန္ဒရားသံကို ရှင် ဘယ်လိုခံစားရလဲ?"
အဖြူရောင်ဝတ်စုံနှင့် မိန်းမလှလေးက အထက်စီးဆန်စွာ ပြုံးနေသည်။ ဖန့်ယင်း၏ ကျောင်းသားဆိုးလေးထံမှ သူမကို ချီူးကျူးထောမနာ ပြုသည်ကို သူမ ကြားချင်နေသည်။
သူ့ကို တွေ့ချင်နေသည့်သူက အဖြူရောင်ဝတ်စုံနှင့် မိန်းမလှလေးမှန်း ယဲ့ဖန် ချက်ချင်း သဘောပေါက်လိုက်သည်။
"ခင်ဗျား တကယ်ကြားချင်တာလား?" ဟု ယဲ့ဖန် တုံ့နှေးတုံ့နှေးနှင့် မေးလိုက်သည်။
သူ၏ တုံ့ဆိုင်းနေသော အမူအရာကို ကြည့်ပြီး လီကျစ်ချမ်းနှင့် အဖြူရောင်ဝတ်စုံနှင့် မိန်းမလှလေးသာမက ဖန့်ယင်းပါ သူ့အဖြေကို စိတ်ဝင်စားလာသည်။
"ပြောပါ"
ဖန့်ယင်းက ပြုံးနေသည်၊ ဒီထူးဆန်းသည့်သူ၏ အမြင်ကို သူမ တအားကြားချင်နေလှပြီ။
သို့သော် ယဲ့ဖန်၏ တိုတိုတုတ်တုတ် အဖြေကြောင့် အားလုံး မှင်တက်သွားလေတော့သည်။
"ချာတူးလံနေတာပဲ!"