ကျေးဇူးပြုပြီး ကျုပ်အဖေကို ကယ်ပေးပါ, ယဲ့ဖန်!
Vol. 4 Ch. 55
မာစတာလင် ထွက်သွားသည်နှင့် အားလုံး စိတ်တည်ငြိမ်လာကြသည်။
လူတော်တော်များများက ယဲ့ဖန်၏ လက်မှတ်ရဖို့နှင့် ဓာတ်ပုံတွဲရိုက်ခွင့်ရရန် ကြိုးစားနေကြသေးသည်။
ယဲ့ဖန်သည် စားသောက်ဆိုင်၌ စူပါစတားတစ်ယောက် ဖြစ်လာလေသည်။
သူ့လက်မှတ် လိုချင်သည့် နောက်ဆုံးဧည်သည့်အဖွဲ့ ထွက်သွားတော့မှသာ ယဲ့ဖန် သက်ပြင်းချမိသည်။
"ဟက်…ဒါ စန္ဒရားလေး တီးရုံပဲကို…ဘာမှလည်း မဟုတ်ဘဲနဲ့" လီကျစ်ချမ်းက အထင်သေးစွာ ပြောလိုက်သည်။
သူ့မသိစိတ်ကနေ ယဲ့ဖန်ကို ကျိတ်၍ အားကျနေသော်လည်း ယဲ့ဖန်သည် အမဲသားတောင် ကောင်းကောင်းမွန်မွန် မစားတတ်သည့်၊ လူတွေ၏ လေးစားမှုကို မခံယူထိုက်သည့် တောသားပင် ဖြစ်သည်။
သို့သော် သူ့စကားကို ဖန့်ယင်းနှင့် ချင်ရွှယ်တို့က မကြားချင်ယောင်ဆောင်ကာ ယဲ့ဖန်ကိုသာ ကြည့်နေကြသည်။
"ယဲ့ဖန်… ရှင်က နတ်ဆိုးခြင်ရဲ့ အဆိပ်ကို ဖြေနိုင်တယ်လို့ ဖန့်ယင်းက ပြောတယ်၊ အဲ့ဒါ အမှန်ပဲလား?" ချင်ရွှယ်က ယဲ့ဖန်အား တောက်ပနေသော မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်သည်။
အရင်တစ်ခါ ဖန့်ယင်း သူမဆီ ဖုန်းဆက်ကာ နတ်ဆိုးခြင်အကြောင်း မေးရာမှ ယဲ့ဖန်က ဖန့်ယင်း၏ တင်ပါးကို ရိုက်ကာ အဆိပ်ဖြေပေးခဲ့သည့်အကြောင်း ချင်ရွှယ် သိလိုက်ရသည်။ ထို့ကြောင့် ချင်ရွှယ်က အဆိပ်ဖြေသည့်နည်းလမ်းကို သိချင်နေသည်။
ကျန်းရှီမြူနီစီပယ်လူထု ဆေးရုံ၏ ဥက္ကဋ္ဌဖြစ်သည့်အားလျော်စွာ ချင်ရွှယ်သည် နတ်ဆိုးခြင်၏ အဆိပ် ကူးစက်ထားသော လူနာများကြောင့် ဖိအားများနေခဲ့သည်။ အဆိပ်ဖြေဆေးရှိသည်ဟု သိလိုက်ရသည်နှင့် သူမ တက်ကြွလာသည်။
*နတ်ဆိုးခြင်?*
ယဲ့ဖန် ချင်ရွှယ်ကို စိုက်ကြည့်ရင်း တွေဝေနေသည်။ ယဲ့ဖန်၏ တွေဝေနေပုံကြောင့် ဖန့်ယင်းက ခပ်ဖွဖွ ပြုံး၍ ပြောလိုက်သည်။ "ယဲ့ဖန်…ချင်ရွှယ်က ကျန်းရှီမြူနီစီပယ်လူထု ဆေးရုံရဲ့ ဆေးရုံအုပ်လေ၊ ပြီးတော့ ဟားဗတ်တက္ကသိုလ်နေ ဆရာဝန်ဘွဲ့ ရထားတာ။ အခုတလော နတ်ဆိုးခြင်ရဲ့ အဆိပ်ကြောင့် လူတော်တော်များများ သေနေကြတာ၊ နင့်မှာ ဖြေဆေးရှိတယ်ဆိုရင် ချင်ရွှယ်ကို ကူညီပေးဖို့ မျှော်လင့်ပါတယ်"
ဖန့်ယင်းစကားကြောင့် ယဲ့ဖန် ချင်ရွှယ်အား တအံ့တဩ ကြည့်လိုက်မိသည်။ စန္ဒရားပညာ၌ အဆင့် ၁၀သို့ ရောက်ရှိနေသော ဤပါရမီရှင် မိန်းမလှလေးက ကျန်းရှီမြူနီစီပယ်လူထု ဆေးရုံရဲ့ ဆေးရုံအုပ် ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပါ။
ခဏမျှ ငြိမ်သက်နေပြီးနောက် ယဲ့ဖန်သည် သူ့ဘေးရှိ ရေခွက်ကို ယူကာ သူ့လက်ချောင်း နှစ်ချောင်းကို နှစ်၍ ဖြည်းဖြည်းချင်း မွှေလိုက်သည်။
*ဟင်?*
ယဲ့ဖန်၏ အပြုအမူကြောင့် သူ ဘာလုပ်နေမှန်း ဖန့်ယင်း၊ ချင်ရွှယ်နှင့် လီကျစ်ချမ်းတို့ ငေးကြည့်နေကြသည်။
"ဟေ့ကောင်..မင်းမှာ ဖြေဆေး ရှိတာလား၊ မရှိတာလား? တစ်ခုခုလုပ်ချင်ယောင်ဆောင်မနေနဲ့။ မင်းမှာ ဖြေဆေးမရှိလည်း ငါတို့ တကယ့်ဆေးဝါးကျွမ်းကျင် ပညာရှင်တွေကို ဖိတ်လိုက်လို့ ရတယ်" ဟု လီကျစ်ချမ်းက ရိုင်းစိုင်းစွာ ပြောလိုက်သည်။
သို့ပင်မယ့် ယဲ့ဖန်က သူ့ကို ဂရုကိုမစိုက်သလို လှည့်လည်းမကြည့်ပေ။
ရေခွက်ကို မွှေနေပြီးနောက် ယဲ့ဖန်က ထိုခွက်အား ချင်ရွှယ်ရှေ့သို့ တိုးပေးလိုက်သည်။
ချင်ရွှယ်သည်လည်း နဝေတိမ်တောင်နှင့် နားမလည်သလို ကြည့်လိုက်သည်။
"နတ်ဆိုးခြင်ရဲ့ အဆိပ်ကို ဖြေတဲ့အရာက အဲ့ခွက်ထဲမှာ ရှိတယ်"
သူတို့သုံးယောက်လုံး အံ့အားသင့်သွားသည်။
*သူ ဘာပြောချင်တာလဲ?*
*နင့်လက်ကို ဆေးလိုက်တဲ့ ရေခွက်က နတ်ဆိုးခြင်ရဲ့အဆိပ်ကို ဖြေစေနိုင်တယ်*
*ဒါ…မဖြစ်နိုင်ဘူး*
*လုံးဝ မဖြစ်နိုင်ဘူး*
"ဟားဟားဟား…" လီကျစ်ချမ်း အူတက်အောင် ရယ်လိုက်သည်။ သူက ယဲ့ဖန်အား အရူးတစ်ကောင်ဟု မြင်နေသည်။
"ချင်ရွှယ်… ဒီကောင် မင်းကို အရူးလုပ်နေတာ အသိသာကြီးပဲ။ လက်ချောင်းလေးနှစ်ပြီး ဆေးထားတဲ့ ရေခွက်က နတ်ဆိုးခြင်ရဲ့ အဆိပ်ကို ဖြေပေးနိုင်တယ်တဲ့လား? ဟဟ…ငါ ကြားဖူးသမျှ ဟာသတွေထဲမျှ ဒါက အရယ်ရဆုံးဟာသပဲ"
လီကျစ်ချမ်း ရယ်ရလွန်းလို့ မျက်ရည်ပါ ထွက်လာသည်။
ဖန့်ယင်းနှင့် ချင်ရွှယ်တောင်မှ အနည်းငယ် စိတ်ဆိုးနေ၏။ သူတို့လည်း ဒါကို မယုံကြည်ပါ။
ယဲ့ဖန်သည် ခပ်တည်တည်နှင့် ပခုံးတွန့်ပြလိုက်သည်။ သူ ထပ်၍ မရှင်းပြချင်တော့။ "မင်းတို့သဘောပဲ။ ဖြေဆေးက မင်းတို့ရှေ့မှာပဲ။ ယုံချင်ယုံ မယုံချင်နေ… ပြောစရာမရှိတော့ဘူးဆိုရင် ကျုပ် ပြန်တော့မယ်"
ယဲ့ဖန် ဒီနေရာမှာ ထပ်၍ အချိန်ဖြုန်းမနေချင်တော့ပါ၊ ထို့ကြောင့် သူ ထိုင်ရာမှ ထကာ ပြန်ရန် ပြင်လိုက်သည်။
ထိုစဉ် လီကျစ်ချမ်းက ယဲ့ဖန်အား အသည်းအသန်း အော်၍ တားလိုက်သည်။
"ဟ…နေပါဦး…ညီငယ်လေးရ"
ယဲ့ဖန် ကြောင်သွားပြီး လီကျစ်ချမ်းကို လှည့်ကြည့်လိုက်သည်။
ပြောင်စပ်စပ် အမူအရာနှင့် လီကျစ်ချမ်းက ပြုံး၍ ပြောသည်။ "ယဲ့ဖန်…ဟုန်ဟိုင် ကုန်သွယ်ရေး ကုမ္ပဏီက ကျန်းရှီမြို့မှာ ကုမ္ပဏီကြီးတစ်ခုပဲ။ ငါ့ဝန်ထမ်းတွေလည်း နေ့တိုင်း အချိန်ပိုလုပ်ရလွန်းလို့ ပင်ပန်းနေကြပြီ၊ မင်းက ပြက်လုံးပြက်တဲ့ နေရာမှာ ပါရမီပါတော့ ငါ့ကုမ္ပဏီကို ဝင်ပါလား? မင်းသာ ငါတို့ဝန်ထမ်းတွေကို ဖျောဖြေပေးမယ်ဆိုင် သူတို့ရဲ့ အလုပ်အားတွေ သေချာပေါက် တိုးတက်လာမှာပဲ"
လီကျစ်ချမ်း၏ စကားတွင် အထင်သေးလှောင်ပြောင်ဟန်များဖြင့် ပြည့်နှက်လို့နေသည်။
သူက ယဲ့ဖန်အား ရယ်စရာကောင်းသောသူဟု ပြောနေသော်လည်း သူ ယဲ့ဖန်ကို နှိမ်၍ ပြောနေမှန်း သိသာလှသည်။
"ပြီးတော့ ငါမင်းကို တစ်လ ၁၀,၀၀၀ RMB ပေးမယ်လေ။ မင်းသာ ထပ်လိုချင်ရင် ငါ ထပ်ပေးပါ့မယ်" လီကျစ်ချမ်းက ပြောင်စပ်စပ်အမူအရာနှင့် ခြေချိတ်ထိုင်ကာ ထပ်ပြောလိုက်သည်။ "မင်း သေချာ စဉ်းစားသင့်တယ်နော်။ လူတိုင်း ဟုန်ဟိုင် ကုမ္ပဏီကို ဝင်ချင်သလို ဝင်လို့မရဘူး။ ပြီးတော့ ငါတို့ကုမ္ပဏီက ပိုင်မိသားစုနဲ့ တိုက်ရိုက် ပူးပေါင်းပြီး လုပ်နေတာ။ မင်း အနာဂတ်မှာ အခြေလှမှာနော်"
*ပိုင်မိသားစုနဲ့ တိုက်ရိုက်ပူးပေါင်းပြီး အလုပ်လုပ်နေတာ?*
*လီကျစ်ချမ်းက သူ့နေရာကို ဗန်းပြပြီး လူအထင်ကြီးအောင် လုပ်နေတာပဲ*
သူ့စကားကို ကြားပြီးနောက် ယဲ့ဖန်က သူ့အား အရူးတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေသည်။
ထိုစဉ် ကားဘရိတ်အုပ်လိုက်သည့်အသံများ အပြင်မှ အခန်းထဲသို့ ပျံ့လွင့်လာသည်။ ကြည့်ရသည်မှာ စားသောက်ဆိုင်အပြင်ဘက်၌ ရပ်လိုက်ဟန်တူသည်။
ထို့နောက် Rolls-Royce Phantoms ကားအမျိုးအစား တစ်စီး ဆိုင်ပေါက်ဝ၌ ရပ်လိုက်သည်ကို သူတို့ မြင်လိုက်ရသည်။
ရုတ်တရက် ဇိမ်ခံမှန်လုံးကား ၃စီး ရောက်လာသည့်အတွက် လူတိုင်း ထိုအရာကို အာရုံစိုက်မိသွားသည်။
ဒီလိုမျိုး ဇိမ်ခံမှန်လုံးကားနှင့် ကျန်းရှီမြို့ထဲ သွားနိုင်သည့်သူသည် မြို့၏ ထိပ်သီးပုဂ္ဂိုလ်မှန်း သူတို့ တပ်အပ်သိလိုက်သည်။
အားလုံး၏ အကြည့်အောက်တွင် ကားသုံးစီးလုံး၏ တံခါးများ ပွင့်လာပြီး အနက်ရောင် အနောက်တိုင်း ဝတ်စုံ ဝတ်ထားသည့်လူ ၆ယောက် ဆင်းလာသည်။
သူတို့က သက်တော်စောင့်များမှန်း သိသာလှသည်။
ထို့နောက် သူတို့အားလုံး ကားရှေ့တံခါးနားသို့ ရွှေ့သွားကာ အရေးကြီးပုဂ္ဂိုလ်တစ်ယောက် ဆင်းလာမည်ကို အရိုအသေပေးရင်း စောင့်နေကြသည်။
ကားရှေ့တံခါးပွင့်လာပြီးနောက် ကိုယ်ခံပညာ လေ့ကျင့်ပုံရသည့် အဖြူရောင် ဝတ်စုံနှင့် လူတစ်ယောက် ဆင်းလာသည်။
လေးထောင့်ဆန်ဆန် မျက်နှာနှင့် ဓားကဲ့သို့ ချွန်မြသည့် မျက်ခုံးနှင့် စူးရှသည့် မျက်လုံးများနှင့် ထိုသူသည် ခံ့ညားနေသည်။
ထိုသူကို သတိထားမိသွားသောအခါ လီကျစ်ချမ်း ပျော်ရွှင်လာကာ ဝမ်းသာအားရ ပြောလာသည်။
"ဟဟဟ… အဲ့ဒါ ပိုင်မိသားစုခေါင်းဆောင် မစ္စတာ ပိုင်ကျန်းခို့ပဲ။ ဒီလို သုံးနိုင်တာ အံ့ဩစရာ မရှိပါဘူး"
လီကျစ်ချမ်းက သူနှင့် ပိုင်မိသားစု၏ ရင်းနှီးမှုကို ကြွားဝါချင်နေသည်။ သူ့စကားကြောင့် ဆိုင်ထဲရှိ လူတော်တော်များများက အားကျသလို ကြည့်လာကြသည်။
ပိုင်မိသားစုသည် ကျန်းရှီမြို့၌ အလွန်အင်အားကြီးသည်။ သူက ပိုင်မိသားစုနှင့် သိကျွမ်းသည်ဆိုတော့ သူက တစ်ခုခု အရေးပါပုံ ရသည်။
လီကျစ်ချမ်းက ယဲ့ဖန်အား တစ်ချက်ကြည့်ကာ လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။ "ဟေ့ကောင်…မင်း စန္ဒရားတီးတတ်လို့ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ မထင်နဲ့။ မင်းက အရှုံးသမားပဲ"
ယဲ့ဖန်အား နှိမ်လိုက်ပြီးနောက် လီကျစ်ချမ်းက ရှေ့ထွက်ကာ ပိုင်ကျန်းခို့အား ကျိုးကျိုးနွံနွံနှင့် နှုတ်ဆက်လိုက်သည်။
"မစ္စတာပိုင်.. မတွေ့ရတာ ကြာပြီနော်။ ကျွန်တော်က ဟုန်ဟိုင်ကုမ္ပဏီက လီကျစ်ချမ်းပါ။ ကျွန်တော်တို့ အမြဲ ပူးတွဲပြီး လုပ်ငန်းလုပ်တယ်လေ"
လီကျစ်ချမ်းက ပိုင်ကျန်းခို့အား ပါးစပ်အဖြဲသားနှင့် မျက်နှာလိုမျက်နှာရ နှုတ်ဆက်သည်။
သို့သော် ပိုင်ကျန်းခို့က လီကျစ်ချမ်းအား ဂရုမစိုက်ဘဲ ကျော်သွားသည်။
*အမ်?*
လီကျစ်ချမ်း ပြုံးနေရာမှ အနည်းငယ် အိုးတိုးအန်းတန်း ဖြစ်သွားသည်။
ထိုသည်သာမကသေး နောက်ထပ် ဖြစ်လာသည့်အရာကြောင့် သူ လိပ်ပြာလွင့်မတတ် လန့်သွားရသည်။
ပိုင်ကျန်းခို့သည် ယဲ့ဖန်ထံသို့ တန်း၍ လျှောက်သွားကာ ယဲ့ဖန်အား တရိုတသေနှင့် အရိုအသေပေးကာ ပြောလာသည်။
"လေးစားပါတယ်၊ မစ္စတာယဲ့…ကျုပ်က ပိုင်ကျန်းခို့ပါ။ ကျေးဇူးပြုပြီး ကျုပ်အဖေရဲ့ အသက်ကို ကယ်ပေးပါ!"