ကျေးဇူးပြုပြီး ငါ့ကို မင်းတပည့်အဖြစ် လက်ခံပေးပါ!
Vol. 4 Ch. 57
ဖြောင်း!
ပါးရိုက်သံက ရှင်းလင်း၍ ကျယ်လောင်လှသည်။
ယဲ့ဖန်က သေခါနီး အဘိုးအိုကို ပါးရိုက်၍ လှောင်ပြောင်လိုက်မည်ဟု သူတို့ မထင်ထားခဲ့။
"ခွေးကောင်"
ပိုင်ကန်းတစ်ယောက် ဒေါသတကြီးနှင့် ယဲ့ဖန်ကို ထိုးရန် ပြေးထွက်လာသည်။
သို့သော် ယဲ့ဖန် ကန်တာကိုသာ သူ ခံလိုက်ရသည်။
ဘန်း!
ပိုင်ကန်း နံရံဆီသို့ လွင့်ထွက်သွားပြီးနောက် ကြမ်းပြင်ပေါ် ပြန်ကျလာကာ သွေးအန်သွားသည်။
"မင်းအဘိုးကို သေစေချင်ရင်တော့ ဆက်လုပ်လို့ရတယ်" ယဲ့ဖန်က ပိုင်ကန်း၏မျက်လုံးကို ဒဲ့ကြည့်ကာ ကြိမ်းမောင်းလိုက်သည်။
*ဘာ!*
ပိုင်ကန်း ကြောင်သွားသည်။
*ဒီကောင် ဘာပြောချင်တာလဲ?*
*သူက ငါ့အဖိုးမျက်နှာကို ရိုက်ပြီး ကုနေတာလား?*
*မဖြစ်နိုင်ဘူး!*
ပိုင်ကန်းသာမက အခြားသူများပါ ယဲ့ဖန်အပြောကြောင့် အံ့အားသင့်သွားသည်။
အထူးသဖြင့် ယဲ့ဖန်ကို ဆူပူလိုက်သည့် ဆရာဝန်ကြီးက တစ်ကိုယ်လုံး ကတုန်ကယင် ဖြစ်နေသည်။ "အဓိပ္ပာယ်မရှိလိုက်တာ! မဖြစ်နိုင်ဘူး! ဟိုးအရင်ခေတ်တွေကတည်းက လူနာကို ပါးရိုက်ပြီး ဆေးကုတယ်လို့ မကြားဖူးပါဘူး။ မင်း သက်သက်မဲ့ ကမြင်းပြီး လူအိုကြီးရဲ့ ခန္ဓာကိုယ်ကို နှိပ်စက်နေတာပဲ"
ဆရာဝန်ကြီးက ပိုင်ကျန်းခို့အား "မစ္စတာပိုင်..ခင်ဗျား ဘာလို့ ဒီကောင်လေးကို မဆင်မခြင် ပြုမူဖို့ ခွင့်ပြုပေးထားရတာလဲ?"
ဆရာဝန်ကြီးရဲ့ အမေးကြောင့် ပိုင်ကျန်းခို့ မျက်နှာ ပြာနှမ်းသွားသည်။ သူသည်လည်း ယဲ့ဖန်က အဘိုးအိုကို ဒီလိုလုပ်လိမ့်မယ်လို့ မထင်ထားခဲ့ပါ။
ပိုင်ကျန်းခို့၏ ချီတုံချတုံဖြစ်နေသော မျက်နှာကို ကြည့်ပြီး ယဲ့ဖန်က အသာ လှောင်ရယ်လိုက်ပြီး ပြောလိုက်သည်။ "မစ္စတာပိုင်…ခင်ဗျား သဘောပါပဲ။ ကျုပ် ကုပေးတာကို မလိုဘူးဆိုရင် ကျုပ် အခုပဲ ထွက်သွားပေးလိုက်မယ်၊ ပြီးတော့ ဒီအဘိုးကြီးက မကြာခင် သေမှာပဲ။ ကျုပ် အကူအညီလိုရင်တော့ တစ်ခါရိုက်ရင် ယွမ် ၁၀ မီလီယံ ပေးရမယ်"
*ဘာရယ်!*
ယဲ့ဖန်၏ တောင်းဆိုချက်ကြောင့် ပိုင်မိသားစုဝင်တိုင်း အံ့ဩသွားကြသည်။
*တစ်ခါရိုက်ရင် ယွမ် ၁၀ မီလီယံ ပေးရမယ်?*
*ဒါ…လုံးဝ မဖြစ်နိုင်ဘူး!*
*အဘိုးကို ပါးရိုက်လိုက်တာကို ပိုက်ဆံပေးရမယ်?*
ယဲ့ဖန်လောက် အရှက်မရှိသည့်သူမျိုး သူတို့ တစ်ခါမှ မမြင်ဖူးခဲ့။
ပိုင်ကျန်းခို့သည်လည်း အလွန်တွေဝေသွားကာ လက်သီးကို တင်းနေအောင် ဆုပ်ထားမိသည်။
သူ ယဲ့ဖန်အား လုံးဝဥဿုန် မယုံကြည်ပါ။ သို့သော်လည်း သူ့အဖေက သတိမလစ်က ယဲ့ဖန်သာလျင် သူ့အား ကယ်တင်နိုင်ကြောင်း ပြောခဲ့သောကြောင့်သာ။
သို့ပင်မယ့် အခုက…
ပိုင်ကျန်းခို့ အရမ်း တွေဝေနေသည်။
ယဲ့ဖန်သာ အဘိုးအို၏ ရောဂါကို ပျောက်အောင်ကုပေးနိုင်လျင် သူ ထိုပိုက်ဆံကို ပေးနိုင်ပါသည်။
သို့သော် ယဲ့ဖန်သာ မကုနိုင်လျင်တော့ ပိုင်မိသားစုသည် သူတို့၏ ဂုဏ်သိက္ခာနှင့် ပိုက်ဆံကိုပါ ဆုံးရှုံးရပေလိမ့်မည်။ ဂုဏ်သိက္ခာသာ ကျဆင်းခြင်းသည် ပိုင်မိသားစုအတွက် အကြီးအကျယ် ထိခိုက်နိုင်သည်။ သူတို့သာ ဂုဏ်သိက္ခာကျဆင်းခဲ့ပါက ပိုင်မိသားစုသည် ကျန်းရှီမြို့၌ လူရယ်စရာ ဖြစ်လာပေလိမ့်မည်။
ပိုက်ကျန်းခို့၏ အမူအရာကို ကြည့်ပြီး ပိုင်ယီမျက်နှာ ဖြူရော်လာသည်။ ထို့နောက် သူမက ယဲ့ဖန်ထံ လျှောက်သွားကာ ပြောလိုက်သည်။ "ကျွန်မ ရှင့်ကို ယုံတယ်၊ ယဲ့ဖန်"
*ဟင်?*
ပိုင်ယီ၏ စကားကြောင့် အားလုံး မှင်တက်သွားကြသည်။ ဘာကြောင့် ပိုင်ယီက ယဲ့ဖန်အား တအားယုံကြည်နေမှန်း သူတို့ နားမလည်ကြ။
အခြားသူများ၏ တုံ့ပြန်မှုကို လျစ်လျူရှုကာ ပိုင်ယီက ယဲ့ဖန်မျက်လုံးအား စိုက်ကြည့်ကာ ပြောလိုက်သည်။ "ယဲ့ဖန်… ငါ့အဖိုးက နင့်ကို နားလည်နိုင်တဲ့အတွက် ငါလည်း နင့်ကို ယုံတယ်"
ပိုင်ယီစကားကြောင့် ပိုင်ကျန်းခို့သည်လည်း ဆုံးဖြတ်ချက်ချလိုက်သည်။
"ကောင်းပြီ! တစ်ခါရိုက်ရင် ၁၀ မီလီယံ ပေးမယ်လို့ ငါ ကတိပေးတယ်"
…..
ပိုင်ကျန်းခို့၏ အပြောကြောင့် ကျန်ပိုင်မိသားစုဝင်များအကြား၌ ဆူညံသွားသည်။
နာမည်ကြီး ဆရာဝန်ကြီးက ခေါင်းတခါခါနှင့် ခါးသက်သက်ပြုံးလိုက်သည်။ "လူလိမ်! သူက တရားမဝင်တဲ့ ဆရာဝန်၊ လူလိမ်ပဲ! ဟူး…မင်းတို့အားလုံး ရိုက်စားလုပ်ခံနေပြီ!"
ဆရာဝန်ကြီးက ယဲ့ဖန်သည် သက်သက်မဲ့ ပြဿနာရှာနေသည်ဟု ထင်နေသည်။
*သူ့အသက်ကိုလည်း ကြည့်ဦး..ငယ်ငယ်လေး ရှိသေးတယ်။ ဘယ်လိုလုပ် ဒီကောင်လေးက သူ့ရောဂါကို ကုပေးနိုင်ပါ့မလဲ? လုံးဝပဲ*
ဆရာဝန်ကြီးက ယဲ့ဖန်အား ကြည့်ကာ ပြောလိုက်သည်။ "ကောင်လေး…မင်းသာ ဒီလူအိုကြီးရဲ့ ရောဂါကို ကုပေးနိုင်ရိုးမှန်ရင် ငါ၊ရှုကွမ်းက မင်းကို ငါ့ဆရာအဖြစ် ခံယူလိုက်မယ်။ မင်း မကုနိုင်ရင်တော့ မင်းကို ထောင်ချပစ်မယ်"
ရှုကွမ်းသည် တရုတ်နိုင်ငံတစ်နိုင်ငံလုံး၌ နာမည်ကြီးသူဖြစ်ပြီး အမျိုးသားတိုင်းရင်းဆေးသိပ္ပံအဖွဲ့အစည်း၏ ဒုဥက္ကဋ္ဌလည်း ဖြစ်ပေသည်။ ထို့ပြင် မြို့တော်၏ ထိပ်သီးပုဂ္ဂိုလ်များ၏ မိသားစုဆရာဝန်လည်း ဖြစ်သည်။
ရှုကွမ်း၏ စကားကြောင့် အားလုံး ထိတ်လန့်သွားသည်။
သို့သော် ယဲ့ဖန်က လှောင်ရယ်လိုက်ပြီး "အဘိုးကြီး..ခင်ဗျားက ကျုပ်တပည့်ဖြစ်ဖို့ အဆင့်မမှီဘူး"
*ဘာရယ်!*
ယဲ့ဖန်၏ စကားက ကိုယ့်ကိုယ်ကိုယ် စိတ်ကြီးဝင်လွန်းနေသည့်ပုံ ပေါက်သဖြင့် အခန်းတွင်းရှိ လူများအားလုံး မှင်တက်သွားသည်။
အထူးသဖြင့် ရှုကွမ်း၏ မျက်နှာသည် ရှက်တာရော ဒေါသထွက်တာပါ ပေါင်းကာ ဝက်အသည်းကဲ့သို့ နီရဲနေလေသည်။
သို့သော် ယဲ့ဖန်က သူတို့အတွေးတွေကို ဂရုမစိုက်ပေ။ သူက အဘိုးအို၏ မျက်နှာကိုသာ တစ်ချက်ပြီးတစ်ချက် ဆက်တိုက် အားနှင့် ရိုက်လေသည်။
ဖြောင်း! ဖြောင်း! ဖြောင်း!
ပါးရိုက်သံက ပြင်းထန်လှသည်။
ပိုင်မိသားစုဝင်တိုင်းသည် မျက်တောင် ပုတ်ခတ်ပုတ်ခတ်နှင့် ဖြစ်နေကြ၏။
*သူက အဘိုးရဲ့မျက်နှာကို အဲ့လောက်အားနဲ့ ရိုက်ရဲတယ်ပေါ့လေ! ဒီကိစ္စသာ အပြင်ကို ပြန့်သွားရင် ကျန်းရှီတစ်မြို့လုံးရဲ့ ကြားဖြတ်သတင်း သေချာပေါက် ဖြစ်လာတော့မှာပဲ*
ထို့ပြင် အဘိုးအို၏ ပါးနှစ်ဘက်က ပြာနှမ်း၍ ယောင်ကိုင်းလာသည်ကို သူတို့ တွေ့လာရသည်။ ထို့ကြောင့်ပင် ပိုင်မိသားစုဝင်တိုင်းက ပို၍ ဒေါပွလာကြသည်။
တစ်ချက်ရိုက်လိုက်တိုင်း အနက်ရောင်မြူခိုးအမျှင်ပါးလေးက လူအိုကြီး၏ ပါးမှတစ်ဆင့် ကိုယ်တွင်းသို့ ဝင်ရောက်သွားသည်။ ထို့နောက် သူ၏ ပြာမွဲမွဲမျက်နှာက ဖြည်းဖြည်းချင်း သွေးရောင်လွှမ်းလာသည်။
ဖြောင်း!
နောက်တစ်ချက် ရိုက်ပြီးသောအချိန်၌ လူအိုကြီးသည် ရုတ်တရက် ထထိုင်ကာ မည်းနက်နေသောသွေးများကို အန်ချလိုက်လေသည်။
*သူ သတိရလာပြီလား?*
ကြည့်နေသည့်သူများအားလုံး ကြောင်တောင်တောင် ဖြစ်သွားကြသည်။
ထို့ပြင် မည်းနက်နေသောသွေးများကို ထပ်အန်လိုက်ပြီးသည့်နောက် လူအိုကြီး၏ မျက်နှာက ပုံမှန်ပြန်ဖြစ်လာသည်။
ဇဝေဇဝါနှင့် သူက သူ၏ ယောင်ကိုင်းနေသောပါးကို ထိကြည့်ကာ "တစ်ယောက်ယောက် ငါ့ကို အိပ်မက်ထဲမှာ ရိုက်လိုက်တာလား?" ဟု မေးလိုက်သည်။
ပိုင်မိသားစုဝင်တိုင်း စကားမပြောနိုင်ဘဲ ယဲ့ဖန်ကိုသာ အထူးတဆန်းနှင့် ကြည့်နေကြသည်။
ယဲ့ဖန်က ပုံမှန်လို ဘာမှမဖြစ်သည့်အတိုင်းပင်။
ရှုကွမ်း မျက်လုံးပြူးမျက်ဆံပြူးနှင့် အဘိုးအိုကို မေးလိုက်သည်။ "သခင်ကြီး..ခင်..ခင်ဗျား ဘယ်လိုနေသေးလဲ?"
"ဘယ်လိုနေသေးလဲဆိုတော့…." အဘိုးအို ခဏမျှ ကြောင်သွားပြီးနောက် မျက်လုံးပြူးသွားကာ "ငါ..ငါမှာ့ အတိုင်းမသိတဲ့ ခွန်အားတွေ ရှိနေသလိုပဲ။ ငါ့ဒဏ်ရာဟောင်းတွေ အကုန် ပျောက်သွားပြီ"
*ဘာ!*
သူ့စကားကြောင့် ရှုကွမ်း ကြောင်နေပြီးမှ အခန်းထောင့်မှ ဆေးပစ္စည်းများကို ကပျာကယာ သွားယူကာ အဘိုးအို၏ ကျန်းမာရေး အခြေအနေကို စမ်းသပ်လိုက်သည်။
စမ်းသပ်ပြီးနောက် ရှုကွမ်း အလွန် ထိတ်လန့်သွားသည်။ "မ..မယုံနိုင်စရာပဲ..သွေးခုန်နှုန်းလည်း ပုံမှန်ပဲ။ နှလုံးခုန်နှုန်းလည်း ပုံမှန်၊ သွေးပေါင်လည်း ပုံမှန်ပါပဲလား"
ရှုကွမ်း အကြီးအကျယ် ထိတ်လန့်လာကာ "မဖြစ်နိုင်ဘူး! ဒဏ်ရာဟောင်းတွေ အကုန် မရှိတော့ဘူး။ ခင်ဗျားရဲ့ ကျန်းမာရေးအခြေအနေက သတ်လတ်ပိုင်းအရွယ်က လူကိုတောင် ယှဉ်လို့ရနေပြီ..အံ့ဩစရာပဲ"
….
ရှုကွမ်း၏ စကားကြောင့် ပိုင်မိသားစုဝင်တိုင်း ကြောင်သွားသည်။
သေခါနီးလူတစ်ယောက်က ရုတ်တရက် နိုးလာပြီး သူ့ရဲ့ ကျန်းမာရေး အခြေအနေက သတ်လတ်ပိုင်း လူတစ်ယောက်နှင့် ယှဉ်လို့ရသည်တဲ့လား?
*မယုံနိုင်စရာပဲ*
သူတို့ကိုယ်တိုင်သာ ကိုယ်တိုင်ကိုယ်ကျ မမြင်ခဲ့ရလျင် ယုံနိုင်မည်မဟုတ်ပေ။
တစ်ခဏလေးအတွင်းမှာပဲ ပိုင်မိသားစုဝင်တိုင်း၏ အမူအရာပြောင်းသွားကာ ယဲ့ဖန်အား အထူးတဆန်းနှင့် ပျော်ရွှင်စွာ ကြည့်လိုက်သည်။
ယဲ့ဖန်ကို နတ်ဘုရားတစ်ပါးဟုတောင် ထင်မှတ်သွားကြ၏။
ထိုစဉ် ရှုကွမ်းက ယဲ့ဖန်ရှေ့ ရုတ်တရက် ဒူးထောက်ကာ "သခင်လေး…ကျုပ်.. ကျုပ်မှားသွားပါတယ်.. ကျုပ် အမှားကြီးတစ်ခု လုပ်ခဲ့မိပါတယ်။ ကျုပ် မျက်စိမှုန်နေခဲ့ပါတယ်။ ကျေးဇူးပြုပြီး ကျုပ်ကို ခင်ဗျားတပည့်အဖြစ် လက်ခံပေးပါ"