မင်းက မျိုးမပွားနိုင်သူ ဖြစ်ရမယ်!
Vol. 4 Ch. 58
*ကျေးဇူးပြုပြီး ကျုပ်ကို ခင်ဗျားတပည့်အဖြစ် လက်ခံပေးပါ*
ရှုကွမ်း၏အသံက အခန်းတွင်း ပဲ့တင်ထပ်သွားပြီးနောက် တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။
ယဲ့ဖန်ကို ကန့်လန့်တိုက်လိုက်ပြောနေသည့် ရှုကွမ်းက ယဲ့ဖန်၏ တပည့်ဖြစ်ချင်လာလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ပါ။
သူတို့၏ တအံ့တဩအကြည့်များအရ သူတို့သည် နတ်ဘုရား၏ ရှေ့မှောက်သို့ ရောက်နေသည်ဟု မြင်ယောင်နေကြသည်။
ယဲ့ဖန်က သူ့အား ချက်ချင်း ငြင်းလိုက်သည်။ ထိုစဉ် အဘိုးအိုက ယဲ့ဖန်အား ဖျောင်းဖျရန် ကြံလိုက်သည်။
"မိတ်ဆွေလေး..ဒေါက်တာရှုကို ဒီလောက် မြန်မြန် မငြင်းလိုက်ပါနဲ့။ သူက သာမန်ဆရာဝန်တစ်ယောက် မဟုတ်ဘူး၊ ဒါကြောင့် အနာဂတ်မှာလည်း မင်းအတွက် အကူအညီပေးနိုင်လိမ့်မယ်"
*အမ်?*
အဘိုးအို၏ ဝင်ရောက်အကြံပေးမှုကြောင့် ယဲ့ဖန် ခဏမျှ တွေဝေသွားသည်။ အဘိုးအိုက တစ်ခုခုကို ပြောချင်နေမှန်း သူ ရိပ်မိလိုက်သည်။
*ဒီဆရာဝန်မှာ တစ်ခြား အရေးပါတဲ့ အနေအထားများ ရှိနေတာလား?*
ယဲ့ဖန် ချီတုံချတုံ ဖြစ်နေပြီးမှ "ကျုပ် ဘယ်သူ့ကိုမှ တပည့်အဖြစ် လက်မခံတတ်ဘူး။ ကျုပ် လူတွေကို ကျုပ်အစေခံအဖြစ်ပဲ လက်ခံတယ်။ အဲ့ဒါကြောင့် ကျုပ် ခင်ဗျား ပြောတာကို သဘောမတူတာ"
ထိုသို့ပြောပြီး ယဲ့ဖန်က စားပွဲဆီသို့ သွားကာ ဘောပင်ကို ကောက်ယူ၍ စာရွက်တစ်ရွက်ပေါ်၌ တစ်ခုခုကို ချရေးလိုက်သည်။ ထို့နောက် ထိုစာရွက်ကို ဒေါက်တာရှုအား ပေးပြီး ပြောလိုက်သည်။
"စာရွက်ထဲမှာ ဆေးအမယ် အခု ၅၀ ရှိတယ်။ အဲ့ထဲက ၁၀ခုကိုသာ ကျုပ်အတွက် ခင်ဗျား ရှာလာပေးနိုင်ရင် ကျုပ် ခင်ဗျားကို ကျုပ်တပည့်အဖြစ် လက်ခံပြီး ခင်ဗျားရဲ့ အလုပ်မှာ တိုးတက်လာအောင် လုပ်ပေးမယ်"
ယဲ့ဖန်စကားကို ကြားသောအခါ ဒေါက်တာရှုသည် တက်ကြွလာကာ စာရွက်အား ချက်ချင်း လက်ခံလိုက်သည်။ ထို့နောက် ယဲ့ဖန်အား အရိုအသေပေး၍ "စိတ်ချပါ မာစတာ။ ဒါတွေကို ကျုပ် ရှာနိုင်ဖို့ အစွမ်းကုန် ကြိုးစားပါ့မယ်"
ယဲ့ဖန် ခေါင်းညိတ်ပြလိုက်သည်။
ဆေးအမယ် ၅၀ထဲက ၁၀လောက်ရတာနှင့် ယဲ့ဖန်က စွမ်းအင်အရင်းအမြစ် ဆေးလုံးဖော်စပ်ရန် အသုံးပြုနိုင်မည်ဖြစ်သည်။ ပုံမှန်အားဖြင့် ယဲ့ဖန်က စွမ်းအင်အရင်းအမြစ် ဆေးလုံးအား အချိန်တိုအတွင်း မဖော်စပ်နိုင်ပါ။
ယဲ့ဖန်သည် နယ်မြေတစ်ခုကို လွှမ်းမိုးနိုင်သည်အထိ စွမ်းအားကြီးသော်လည်း ကမ္ဘာဂြိုဟ်သည် သူထင်သလောက် မရိုးရှင်းဟု ခံစားမိသည်။ အဘယ်ကြောင့်ဆိုသော် ကြောက်မက်ဖွယ် ချီဓာတ်များကို ဟိုတစ်စုဒီတစ်စု ရှိနေသည်ကို ခံစားမိသောကြောင့်ပင်။
ထို့ကြောင့် ထိုအရေးပေါ်အခြေအနေများကို အတွက် ကြိုတင်ကာကွယ်မှုများ လုပ်ထားရန် လိုအပ်လေသည်။
"အဘိုးကြီး…. ခင်ဗျားရဲ့ ဒဏ်ရာဟောင်းတွေက ခင်ဗျား ကျင့်ကြံနေတဲ့ လျှို့ဝှက်ကျင့်စဉ်ကြောင့် တစ်နေ့တစ်ခြား တိုးလာတာပဲ။ ခင်ဗျား ကျုပ်ကို အဲ့ကျင့်စဉ် ပြလို့ရမလား?"
ယဲ့ဖန်၏ တောင်းဆိုမှုကြောင့် အဘိုးအိုနှင့် ပိုင်မိသားစုဝင်တိုင်း တစ်ပြိုင်နက်တည်း ဖြေလိုက်မိသည်။
*အမှန်ပဲ!*
အဘိုးအိုသည် ငယ်စဉ်အခါက နိုင်ငံ၏ လက်ရွေးစင်အဖွဲ့ထဲမှ အဆင့်အမြင့်ဆုံး စစ်သားတစ်ယောက် ဖြစ်သည်။
သူ အနားယူလိုက်သော်လည်း ပိုင်ကျန်းခို့၌ အာဏာတစ်ချို့ ရှိသေးသည်။
ထို့ကြောင့် ပိုင်မိသားစု၏ အုတ်မြစ်သည် တောင်တစ်လုံးအလား ခိုင်မာမြဲမြံနေခြင်း ဖြစ်သည်။
သို့သော် အပြင်လူများ ဘယ်တော့မှ မသိသင့်သော ပိုင်မိသားစု၏ လျှို့ဝှက်ချက်များ ရှိသော်လည်း ယဲ့ဖန်ကတော့ သိခွင့် ရှိပေသည်။
ယဲ့ဖန်အား သေချာကြည့်နေပြီးနောက် အဘိုးအိုက အသာပြုံးကာ "မင်းရဲ့ ထက်မြက်တဲ့ ဉာဏ်ရည်ကို ကျုပ် တကယ်လေးစားပါတယ်၊ မိတ်ဆွေလေး"
ထိုသို့ ပြောပြီး အဘိုးအိုက ပိုင်ကျန်းခို့အား လက်လှမ်းပြ၍ "ကျန်းခို့…ငါတို့ရဲ့အမွေအနှစ်စာအုပ်ကို သွားယူလာခဲ့"
သူ၏ အမိန့်ကြောင့် ပိုင်ကျန်းခို့နှင့် ပိုင်ကန်းတို့၏ မျက်နှာတွင် မယုံနိုင်ဟန်များ ဖြစ်ပေါ်လာသည်။
ကျန်းရှီမြို့၌ ပိုင်မိသားစုအဖို့ ထိပ်တန်းမိသားစု ဖြစ်နေရခြင်းမှာ ဤအမွေအနှစ်စာအုပ်ကြောင့်လည်း ပါဝင်သည်။
သို့ပင်မယ့် အခုအခါ၌ အဘိုးအိုက ထိုစာအုပ်ကို ယဲ့ဖန်အား ပြချင်နေသည်။
….
ပိုင်ကျန်းခို့ ချီတုံချတုံ ဖြစ်နေပြီး ပိုင်ကန်း၏ မျက်နှာက ဒေါသကြောင့် နီရဲနေသည်။ "ဘိုးဘိုး… ဘိုးဘိုး အတည်ပြောနေတာလား? ဒီစာအုပ်က ကျွန်တော်တို့ရဲ့ အမွေအနှစ်စာအုပ်နော်၊ ဘယ်လိုလုပ် အပြင်လူကို ပြလို့ဖြစ်မှာလဲ?"
ပိုင်ကန်း၏ သဘောထားက ကျန်ပိုင်မိသားစုဝင်များ၏ ဆန္ဒနှင့် အတူတူပင် ဖြစ်သည်။
သို့သော် ပိုင်ကန်းကြောင့် အဘိုးအိုက ဒေါသထွက်လာကာ "ရိုင်းစိုင်းလိုက်တာ! ယဲ့ဖန်က ငါ့ရဲ့အသက်သခင် ကျေးဇူးရှင်ကွ! သူက အပြင်လူ မဟုတ်ဘူး"
ထိုသို့ပြောပြီး အဘိုးအိုက မိသားစုဝင်တိုင်းကို အေးစက်စက်ကြည့်ပြီး ဒေါသတကြီး ပြောလိုက်သည်။
"မြဲမြဲမှတ်ထား…ယဲ့ဖန်က ပိုင်မိသားစုရဲ့ ထာဝရ မိတ်ဆွေပဲ။ လူတိုင်း သူ့ကို ပိုင်မိသားစုခေါင်းဆောင်ကို ဆက်ဆံသလိုမျိုး ဆက်ဆံရမယ်။ တစ်ယောက်ယောက်က သူ့ကို မလေးမစား လုပ်တာနဲ့ အဲ့လူကို ငါတို့မိသားစုကနေ ထုတ်ပယ်ပစ်မယ်"
အဘိုးအို၏ စကားကြောင့် ပိုင်မိသားစုဝင်တိုင်း၏ မျက်နှာများ ဖြူဖတ်ဖြူရော် ဖြစ်လာသည်။
အဘိုးအို ပေါက်ကွဲနေမှန်း သူတို့ ရိပ်စားမိသည်ကြောင့် သူ့သဘောထားအား သူတို့ မငြင်းဆန်ရဲကြချေ။
အဘိုးအိုက ယဲ့ဖန်အား ဤမျှ တန်ဖိုးထားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားမိကြချေ။
ထိုစဉ် ပိုင်ကျန်းခို့ အခန်းထဲမှ ချက်ချင်းထွက်သွားသည်။ ထို့နောက် သူက အဝါရောင်သန်းနေသော စာအုပ်အဟောင်းနှင့်အတူ ပြန်ရောက်လာပြီး ထိုစာအုပ်ကို ယဲ့ဖန်အား ပေးလိုက်လေသည်။
ကောင်းကင်နှင့် မြေကြီး ဆုဒြာ!
"မိတ်ဆွေလေး… ဒီအမွေအနှစ်စာအုပ်ကို ငါ့အဘေးက ရှေးဟောင်းဂူသင်္ချိုင်းတစ်ခုကနေ ရလာခဲ့တာ။ ဒီစာအုပ်ကို မင်ခေတ်က နာမည်ကြီးကွန်ဖူးဆရာဖြစ်တဲ့ မစ္စတာ ရှုဇီမော့က ရေးထားခဲ့တာ။ ဒီစာအုပ်ကြောင့်ပဲ ပိုင်မိသားစုက နှစ်တစ်ရာကျော်တဲ့အထိ အင်အားတောင့်နေခဲ့တာ"
အဘိုးအိုက ဂုဏ်ယူနေသည့်ဟန်ဖြင့် ယဲ့ဖန်အား မေးလိုက်သည်။ "မိတ်ဆွေလေး… မင်း ဘယ်လိုသဘောရလဲ?"
အခန်းထဲရှိလူတိုင်းက ယဲ့ဖန်၏ ဝေဖန်ချက်ကို စောင့်မျှော်နေသည့်ဟန်ဖြင့် ယဲ့ဖန်အား ဝိုင်းကြည့်နေကြသည်။
သို့သော် ယဲ့ဖန်၏ ခပ်ပြတ်ပြတ်အဖြေကြောင့် အားလုံး ထိတ်လန့်တကြား ဖြစ်သွားကြသည်။
"အဓိပ္ပာယ်မရှိလိုက်တာ! ဒါ အမှိုက်ပဲ! ဒီစာအုပ်ကိုရေးတဲ့သူက ဒီစာအုပ်ကြောင့်ပဲ သူ့တပည့်တွေကို သတ်ပြီး သူ့ကိုယ်သူ သတ်သေလိုက်တာ! အရူးပဲ!"
*ဘာရယ်!*
ယဲ့ဖန်၏ ခပ်ပြတ်ပြတ်စကားကြောင့် တစ်ခန်းလုံး မိုးကြိုးပစ်ချလိုက်သလို ဆူညံသွားသည်။
အထူးသဖြင့် ပိုင်ကန်းတစ်ယောက် ကိုယ့်တံတွေး ကိုယ်သီးကာ အဆက်မပြတ် ချောင်းဆိုးလေတော့သည်။
*သေစမ်း! ဒီသခင်လေးက တကယ့်ကို အကြောက်အလန့်ကင်းတာပဲ"
*သူက ငါတို့ အမွေအနှစ်စာအုပ်ကို အမှိုက်လို့ ပြောရဲတယ်ပေါ့လေ! ဒါ… ဒါ အရမ်း ရဲတင်းလွန်းတယ်*
ပိုင်ကန်း ယဲ့ဖန်ကို အလွန်လေးစားသွားသည်။
ပိုင်ယီသည်လည်း ဒီကောင် အကောင်းမပြောတတ်သည်ကို သိနေသောကြောင့် မျက်နှာက အနည်းငယ် ပြာနှမ်းလာသည်။
"အဟမ်း…အဟမ်း…မိတ်ဆွေလေး.. ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာလေး ရှင်းပြပေးပါလား"
အဘိုးအိုက ယဲ့ဖန် သူတို့၏ စာအုပ်ကို အလွန်တရာ ချီးကျူးလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ယဲ့ဖန်က အကောင်းဟူ၍ တစ်ခွန်းမှပင် မဟပေ။
ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံ ပြုံး၍ ရှင်းပြသည်။ "ကျုပ် ခန့်မှန်းချက်အရဆိုရင် ခင်ဗျားရဲ့အဘေး သေတုန်းက အသက် ၅၀တောင် မပြည့်လောက်သေးဘူး၊ ပြီးတော့ သူ့နား၊မျက်လုံး၊ပါးစပ်နဲ့ နှာခေါင်းကနေ သွေးတွေ ထွက်လိမ့်မယ်။ ခင်ဗျားအဘိုး သေတုန်းကလည်း သူ အသက် ၅၀ပြည့်ဖို့ ၃ရက်လိုဦးမယ်။ ခင်ဗျားအဖေလည်း သေတုန်းက အသက် ၅၀ ပြည့်ဖို့ ၃ရက် လိုဦးမှာပဲ။ ခင်ဗျားသာ ဒီစာအုပ်ကို မှန်ကုန်အောင် ကျင့်ကြံနိုင်ရင် ဒီ့ထက်အသက်ရှည်မှာပဲ"
….
ယဲ့ဖန်၏ စကားကြောင့် အဘိုးအို ငေးငိုင်သွားသည်။
ပိုင်ကျန်းခို့၊ ပိုင်ယီနှင့် ပိုင်ကန်းတို့လည်း မှင်တက်သွားကြသည်။
*မှန်လိုက်တာ!*
ယဲ့ဖန်ပြောပြသည့် သေဆုံးပုံ သေဆုံးနည်းနှင့် အသက်အရွယ်က လုံးဝမှန်ကန်နေသည်။ မသိလျင် သူ့မျက်စိနှင့် ကိုယ်တိုင် မြင်ထားသကဲ့သို့ပင်။
*မ…မဖြစ်နိုင်ဘူး!*
"မင်း…မင်း ဘယ်လိုသိတာလဲ?"
အဘိုးအိုက ယဲ့ဖန်အား မယုံနိုင်စွာ မေးမြန်းလိုက်သည်။
ပိုင်မိသားစုသည် မျိုးရိုးစဉ်ဆက် အင်အားတောင့်တင်းခဲ့သည့် မိသားစု ဖြစ်သည်။ ပိုင်မိသားစုခေါင်းဆောင်များ၏ သေဆုံးမှုသည် မိသားစု၏ ထိပ်တန်း လျှို့ဝှက်ချက်ဖြစ်သည်။ ကျန်းရှီမြို့တစ်မြို့လုံး၌ ပိုင်မိသားစုဝင်များမှ လွဲ၍ မည်သူမျှ မသိနိုင်ပေ။
သို့သော် ယဲ့ဖန်က အရင်ပိုင်မိသားစုခေါင်းဆောင်များ၏ သေဆုံးပုံနှင့် သေဆုံးချိန်တုန်းက အသက်ကိုပါ အတိအကျသိနေသည်။
"ဒါတွေက…ဒီ အမွေအနှစ်စာ..စာအုပ်ကြောင့်လား?" အဘိုးအိုက စာအုပ်ကို မယုံနိုင်သလို ကြည့်နေသည်။
ယဲ့ဖန်က ခေါင်းညိတ်ပြကာ သုန်မှုန်နေသောမျက်နှာနှင့် ဆက်ပြောလိုက်သည်။ "ဒီစာအုပ်က သေစေနိုင်တယ်။ ဒါကို လေ့ကျင့်ရင် ကျင့်ကြံသူရဲ့ ချီဓာတ်နဲ့ သွေးတွေ ဆုတ်ယုတ်လာပြီး သူတို့ရဲ့အရိုးတွေက သဲအဖြစ် ပြောင်းသွားလိမ့်မယ်။ ဒါကို ပိုလေ့ကျင့်လေလေ ပိုပြီးမသန်မစွမ်း ဖြစ်လေပဲ။ ဒါကို ကျင့်ကြံဖို့ ရွေးချယ်ထားတဲ့ မိသားစုက မျိုးဆက် ၆ဆက်မြောက်မှာ သေချာပေါက် မျိုးဆက်ပြန့်ပွားနိုင်မှာ မဟုတ်တော့ဘူး"
ထို့နောက် ယဲ့ဖန်က ပိုင်ကန်းအား ကြည့်ကာ လှောင်ရယ်လိုက်ပြီး "မင်းက မျိုးမပွားနိုင်တဲ့သူ ဖြစ်ရမယ်"