← Chapters

မိစ္ဆာသခင်လေး __ကုန်းယွင်ဖေး!

Vol. 4 Ch. 60

မိစ္ဆာသခင်လေး __ကုန်းယွင်ဖေး!

Vol. 4 Ch. 60

မယုံနိုင်စရာပဲ!

အဘိုးအို၏ တအံ့တဩလေသံကြောင့် ပိုင်မိသားစုဝင်များ ကြောင်သွားသည်။

အဘိုးအိုက အမွေအနှစ်စာအုပ်အား မယုံနိုင်ဟန်ဖြင့် စိတ်လှုပ်ရှားစွာ ကြည့်နေသည်ကို သူတို့ တွေ့လိုက်ရသည်။

ပိုင်ကျန်းခို့သည် သူ့ဖခင်က ဤကဲ့သို့ အခြေအနေမျိုးနှင့် မသင့်လျော်သော စကားမျိုး ပြောလာလိမ့်မည်ဟု မထင်ထားသဖြင့် ခဏမျှ ငေးငိုင်သွားသည်။ ထို့နောက် အဘိုးအိုအား သိချင်စိတ်ဖြင့် မေးလိုက်မိသည်။ "အဖေ…ဘာဖြစ်လို့လဲ?"

"ဘုရားရေ…သူက တကယ့်ကို နတ်ဘုရားပဲ ဖြစ်ရမယ်"

အဘိုးအိုသည် အမွေအနှစ်စာအုပ်ကို ကြည့်နေရာမှ ယဲ့ဖန်အား ကြည်ညိုလေးစားဟန်ဖြင့် ကြည့်လိုက်နေသည်။ "ဒီကောင်းကင်နှင့် မြေကြီးဆုဒြာ ကျင့်စဉ် အသစ်ကို ငါ စမ်းလေ့ကျင့်ကြည့်လိုက်တာ ငါ့ရဲ့ ချီဓာတ်တွေက သိမ်မွေ့လာပြီး သက်တောင့်သက်သာ ဖြစ်လာတယ်။ ငါ့ကိုယ်ငါ အသစ်ပြန်လည်မွေးဖွားလာသလို ခံစားရတယ်။ ငါ့ရဲ့ အမာရွတ်အဟောင်းတွေတောင် မရှိတော့ဘူး။ ဒါ…ဒါက မထင်မှတ်ထားလောက်အောင်ပဲ…"

*ဘာရယ်!*

အဘိုးအို၏ စကားကြောင့် အားလုံး ထိတ်လန့်သွားသည်။ အထူးသဖြင့် ကောင်းကင်နှင့်မြေကြီး ဆုဒြာ ကျင့်စဉ်ကို အချိန်အတော်ကြာ ကျင့်ကြံခဲ့သည့် ပိုင်ကျန်းခို့သည် အမွေအနှစ်စာအုပ်အား မယုံသင်္ကာဟန်ဖြင့် ယူကြည့်လိုက်သည်။

ထို့နောက် သူက သူ၏ချီဓာတ်ကို ကျင့်စဉ်အသစ်အတိုင်း လည်ပတ်လိုက်သည်။

"ဝိုး…သက်တောင့်သက်သာ ရှိလိုက်တာ"

ပိုင်ကျန်းခို့ စိတ်ဝင်တစားနှင့် မျက်လုံးမှိတ်ထားလိုက်သည်။ ထို့နောက် သူ့အင်္ကျီလက်ကို ပင့်တင်လိုက်သောအခါ လက်မောင်းမှ အမာရွတ်က လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

….

အားလုံး မှင်တက်သွားကြသည်။

*မဖြစ်နိုင်လိုက်တာ*

"မဖြစ်နိုင်လိုက်တာ! ဒီစနစ်အသစ်အတိုင်း ငါ့ရဲ့ချီဓာတ်တွေကို လည်ပတ်လိုက်တာ ခွန်အားတွေတိုးလာသလို ခံစားရတယ်။ ဒါ အရင်တုန်းကထက် ပိုမြန်လာသလိုပဲ"

ပိုင်ကျန်းခို့က သရဲကို မြင်လိုက်ရသလို ဖြစ်နေပြီး "ပြီးတော့ ငါ့ရဲ့ ဒဏ်ရာအဟောင်းတွေက လုံးဝမနာတော့ဘူး"

အဘိုးအိုနှင့် ပိုင်ကျန်းခို့တို့၏ စကားကို ကြားလိုက်ရသောအခါ အခြားပိုင်မိသားစုဝင်များအားလုံး မှင်တက်သွားကြသည်။ ထို့ပြင် သူတို့အားလုံးက ယဲ့ဖန်အား နတ်ဘုရားတစ်ပါးအလား ကြည့်လိုက်မိကြသည်။

သူတို့က အရင်စာအုပ်ကို တန်ဖိုးထားခဲ့ကြသော်လည်း ယဲ့ဖန်က အမှိုက်ဟုသာ သတ်မှတ်ခဲ့ကြသည်။ စာအုပ်ကို ပြန်လည်ပြင်ဆင်ပြီးနောက် ယဲ့ဖန်က အရင်ကထက် ပိုကောင်းအောင် လုပ်ပေးနိုင်ခဲ့သည်။

ထိုစဉ် ပိုင်ကျန်းခို့က သူ့လူတစ်ယောက်အား လက်ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် အနောက်တိုင်းဝတ်စုံနှင့် ရှေ့နေတစ်ယောက်က ပိုင်ကျန်းခို့အား ဘဏ်ကဒ်တစ်ကဒ်နှင့် စာရွက်စာတမ်းတစ်ခုကို ပေးလိုက်သည်။

ထိုပစ္စည်းများကို ယူလိုက်ပြီးနောက် ပိုင်ကျန်းခို့က ယဲ့ဖန်အား အလွန်လေးစားသည့် ဟန်ဖြင့် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "မစ္စတာယဲ့…ကျုပ်အဖေနဲ့ ကျုပ်တို့မိသားစုတစ်ခုလုံးကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"

ထို့နောက် ပိုင်ကျန်းခို့က ထိုဘဏ်ကဒ်နှင့် စာရွက်စာတမ်းအား ယဲ့ဖန်ကို ပေး၍ ရှင်းပြလိုက်သည်။

"ဒီဘဏ်ကဒ်ထဲမှာ ၂၀၀ မီလီယံ RMB ပါပါတယ်။ ဒါခင်ဗျားအတွက် ပေးတာပါ။ ပြီးတော့ ဒီစာရွက်က သရဖူအုပ်စုကို ပိုင်မိသားစုရဲ့ လက်အောက်ခံအဖြစ် လက်လွှဲယူလိုက်တဲ့ သဘောတူစာချုပ်ပါ။ ဒီစာရွက်မှာ လက်မှတ်ထိုးလိုက်ရုံနဲ့ ဒါက ခင်ဗျားအပိုင် ဖြစ်သွားပါပြီ"၏

*ဘာ*

ရှုကွမ်း အံ့အားသင့်သွားသည်။

*၂၀၀ မီလီယံ RMB*

*ပြီးတော့ သရဖူအုပ်စု တစ်ခုလုံး!*

သရဖူအုပ်စု၏ တန်ဖိုးကို ရှုကွမ်း ကောင်းကောင်းသိသည်။ အရင်တုန်းက တရုတ်ပြည်တောင်ပိုင်းမှာ ချမ်းသာသော စီးပွားရေးသမားတစ်ယောက်က သရဖူအုပ်စုကို RMB ဘီလီယံနှင့် ချီ၍ ဝယ်ယူခွင့်ရရန် ကမ်းလှမ်းခဲ့သော်လည်း ပိုင်မိသားစုက ငြင်းပယ်ခဲ့သည်။

သို့သော် အခု ပိုင်မိသားစုက ဤကဲ့သို့ ဘဏ္ဍာတိုက်အား ယဲ့ဖန်ကို ပေးနေလေသည်။

….

ရှုကွမ်း အကြီးအကျယ် ထိတ်လန့်သွားသည်။ သို့သော် ပိုင်မိသားစုအား ယဲ့ဖန် ကူညီပေးခဲ့သည်များကို ပြန်အမှတ်ရမိပြီးမှ သူ ပြန်၍ စိတ်တည်ငြိမ်လာသည်။

*ငါ့သခင်လေးက ငါထင်ထားထက်ပိုပြီး ထူးခြားဆန်းကြယ်တာပဲ*

ပို၍ တောက်ပသော အနာဂတ်မျိုး ရရှိရန် ယဲ့ဖန်နှင့်  ပို၍ ခိုင်မာသည့်ဆက်ဆံရေးမျိုး ထူထောင်ရမည်ဟု ရှုကွမ်း ဆုံးဖြတ်ချက်ချလိုက်သည်။

ထူးခြားသည်က ယဲ့ဖန်က ယခင်အတိုင်း တည်ငြိမ်ဆဲ တည်ငြိမ်နေမြဲပင်။

ကောင်းကင်နှင့် မြေကြီး ဆုဒြာ ကျင့်စဉ်ကို ပြန်လည်ပြုပြင်ပေးလိုက်သည်က သရဖူအုပ်စုထက် ပို၍ တန်ဖိုးကြီးသည်။

ယဲ့ဖန်က ချက်ချင်း ဘဏ်ကဒ်ကို ယူလိုက်ပြီး စာရွက်ပေါ်တွင်လည်း လက်မှတ်ထိုးလိုက်သည်။

….

ထိုညနေခင်းတွင်

ကျန်းရှီမြို့တောင်ပိုင်းရှိ ကြီးမားသော အိမ်တော်တစ်ခုတွင် လူငယ်လေးတစ်ယောက်က ဆိုဖာတစ်လုံး၌ ထိုင်နေကာ လက်ဘက်ရည်ကို ငြိမ်သက်စွာ သောက်နေသည်။

သူ့တွင် ချောမောသောရုပ်ရည်နှင့် ပိန်ပါးသော ကိုယ်ခန္ဓာ ရှိရုံသာမက သူ၏ လက်ချောင်းများကပါ မိန်းကလေးကဲ့သို့ သေးသွယ်လှသည်။

သို့သော် တစ်ယောက်ယောက်ကများ သူ့ကို မျက်မှန်းတမ်းမိလာပါက ချက်ချင်း ကြောက်လန့်လာကာ ချွေးသီးချွေးပေါက် ကျလာပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် ကျန်းရှီမြို့၏ ထိပ်တန်းသခင်လေး လေးယောက်ထဲမှ တစ်ယောက်ဖြစ်သည့် မိစ္ဆာသခင်လေး ကုန်းယွင်ဖေး ဖြစ်သောကြောင့်ပင်။

ထိုစဉ် ကျယ်လောင်သော ခြေသံများ ပဲ့တင်ထပ်လာပြီးနောက် ကုန်းယွင်ဖေးက မော့တောင်မကြည့်ဘဲ တည်ငြိမ်စွာ မေးလိုက်သည်။ "ဘာကိစ္စရှိလို့လဲ..ခြင်္သေ့ရိုင်း?"

သူ့စကားကြောင့် ထိုသူသည် ကုန်းယွင်ဖေးရှေ့၌ ရပ်ကာ အရိုအသေပေး၍ ပြန်ပြောလိုက်သည်။ "သခင်လေး…မနေ့မနက်က သခင်လေးကုန်းဝမ် လျှာအဖြတ်ခံလိုက်ရတယ်ဆိုတဲ့ သတင်းကို ကုန်းမိသားစုဆီကနေ အခုပဲ သတင်းရလာခဲ့ပါတယ်"

*ဟမ်?*

ခြင်္သေ့ရိုင်း၏ စကားကြောင့် ကုန်းယွင်ဖေးက မျက်ခုံးအသာပင့်ကာ မျက်လုံးတစ်ချက် လက်သွားပြီး "သူ့ကြောင့်ပဲ ထင်တယ်"

"ဟုတ်ပါတယ်၊ သခင်လေး…သခင်လေးကုန်းဝမ်က အဲ့ဒီအသုံးမကျတဲ့ တရားမဝင်သားကြောင့် အခုလို ဒဏ်ရာ အပြင်းအထန် ရသွားပါသေးတယ်" ခြင်္သေ့ရိုင်းက လေးစားမှုအပြည့်ဖြင့် လေးနက်စွာ ပြောလိုက်သည်။

ကုန်းယွင်ဖေးက ဒီကိစ္စက ယဲ့ဖန်ကြောင့် ဖြစ်သွားမှန်း အစောကြီးကတည်းက ခန့်မှန်းမိပုံ ရသည်။

အရိုအသေပေးရာမှ ဖြည်းဖြည်းချင်း ကိုယ်ပြန်မတ်လိုက်ပြီး ခြင်္သေ့ရိုင်းက လင်းလက်နေသော လပြည့်ဝန်းကို ကြည့်ကာ ဆက်ပြောလိုက်သည်။ "လက်ခြောက်ချောင်းမြွေနဲ့ ကုန်းဝူပြီးရင် ကုန်းဝမ်က တတိယမြောက်လူပဲ"

"စိတ်ဝင်စားစရာပဲ…နောက်ဆုံးတော့ ကျန်းရှီမြို့မှာ ငါနဲ့ လက်ရည်တူတဲ့ ပြိုင်ဘက်တစ်ယောက် ရလာပြီပဲ"

ကုန်းယွင်ဖေးသည် စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးက တဖျတ်ဖျတ်လက်နေပုံက မုဆိုးတစ်ယောက်က သူအနှစ်သက်ဆုံးသားကောင်ကို တွေ့လိုက်ရသကဲ့သို့ပင်။

"ကုန်းဝူနဲ့ လက်ခြောက်ချောင်းမြွေ ဘယ်လိုသေသွားတာလဲဆိုတာ စုံစမ်းပြီးပြီလား?"

အရင်ရက်က ကုန်းဝူနှင့် လက်ခြောက်ချောင်းမြွေတို့ကို ယဲ့ဖန်အား သတ်ရန် တာဝန်ပေးလိုက်သော်လည်း နှစ်ယောက်လုံး ပြန်ရောက်မလာကြပေ။ သူတို့ အသတ်ခံလိုက်ရသည်ဆိုတာ ပြောနေစရာပင်မလိုတော့ချေ။

သူ၏ အဓိကအစောင့်အရှောက်နှစ်ယောက်ထဲက တစ်ယောက်ဖြစ်သည့် လက်ခြောက်ချောင်းမြွေကို ယဲ့ဖန် ဘယ်လိုသတ်လိုက်တာလဲဆိုတာကို ကုန်းယွင်ဖေး သိချင်မိသည်။

ကုန်းယွင်ဖေး၏ အမေးစကားကြောင့် ခြင်္သေ့ရိုင်း၏ မျက်နှာသည် ဝမ်းနည်းဟန်ပေါက်လာကာ "သခင်လေး…ကျွန်တော်တို့ အဲ့စက်ရုံပျက်ကို စစ်ဆေးပြီးသွားပါပြီ။ အဲ့မှာ သွေးကွက်တွေကလွဲပြီး ဘာမှမရှိပါဘူး။ ကျွန်တော်တို့ အလောင်းကိုလည်း ရှာလို့မတွေ့ပါဘူး၊ ကုန်းဝူနဲ့ လက်ခြောက်ချောင်းမြွေတို့ လုံးဝပျောက်ကွယ်သွားသလိုမျိုး ဖြစ်နေတာပါ"

"ပျောက်ကွယ်သွားတယ်? စိတ်ဝင်စားစရာပဲ! အရမ်းစိတ်ဝင်စားဖို့ ကောင်းတာပဲ!"

ကုန်းယွင်ဖေး အားပါးတရ ပြုံးလိုက်ကာ ငါတို့ အဲ့ဒီ့သုံးစားမရတဲ့ တရားမဝင်သားကို အထင်သေးမိပြီထင်တယ်"

ထို့နောက် ကုန်းယွင်ဖေးက အိမ်ထဲမှ ထွက်လာကာ အော်ပြောလိုက်သည်။ "ခြင်္သေ့ရိုင်း ကားပြင်ထားလိုက်။ ငါတို့ သုံးစားမရတဲ့ကောင်ကို စမ်းသပ်ဖို့အတွက် ငါးစာရှာဖို့ လိုလာပြီ"

ခြင်္သေ့ရိုင်းသည်လည်း တက်ကြွစွာ ပြုံးလိုက်သည်။

သူ့သူဌေးက အလေးအနက် ဖြစ်လာပြီမှန်း သူ သိသည်။ ကုန်းယွင်ဖေးသည် တစ်ယောက်ယောက်ကို သတ်ချင်သည့်အခါမှသာ ဤကဲ့သို့ အလေးအနက်ပုံစံ ဖြစ်လာခြင်း ဖြစ်သည်။

ခြင်္သေ့ရိုင်း သူ့နောက်သို့ ခပ်သွက်သွက် လိုက်သွားသည်။

နာရီဝက်မျှ ကြာသောအခါ ကျန်းရှီ မြူနီစီပယ် လူထု ဆေးရုံ၏ အထူးကြပ်မတ်ဌာန၌ ခြေထောက်ကျိုးနေသော လူနာတစ်ယောက် လှဲနေသည်။

ထိုသူသည် ယဲ့ဟူပင် ဖြစ်သည်။

လွန်ခဲ့သည့်ရက်တွေတုန်းက ယဲ့ဟူသည် ယဲ့ဖန်နှင့် လင်းလန်တို့အား ဟိုတယ်အခန်းတစ်ခုထဲ၌ အတူထည့်ထားကာ မီဒီယာများကို သတင်းပေးခဲ့သည်။ သို့သော် ထိုအကြံမအောင်မြင်ခဲ့ဘဲ ယဲ့ဖန်၏ ထူးဆန်းသော စာလုံးများကြောင့် သူသာ ခြေထောက်ကျိုးသွားခဲ့သည်။

ထိုမတော်တဆမှုအပြီးတွင် သူသည် လူမိုက်တစ်ဖွဲ့ကို ငှားကာ လင်းလင်ကို ပြန်ပေးဆွဲ၍ မုဒိန်းကျင့်စေခဲ့ပြီး ယဲ့ဖန်အား အပြစ်လွှဲချလို့ရစေရန် ယဲ့ဖန်၏ အိပ်ခန်းထဲ၌ သတ်ပစ်လိုက်ရန် အမိန့်ပေးခဲ့သည်။ သို့သော်လည်း ထိုအကြံအစည်က ထပ်မံ၍ ကျဆုံးခဲ့ပြန်သည်။

"ယဲ့ဖန်…မင်းက ငါ့ကို ကျိုးကန်းအောင် လုပ်ခဲ့မှတော့ မင်း သေရမယ်… မင်း သေကိုသေရမယ်"

ယဲ့ဟူသည် မုန်းတီးနေသော မျက်လုံးများဖြင့် မုန်ယိုနေသော သားရဲတစ်ကောင်လို ကြုံးဝါးလိုက်သည်။

ထိုစည် အေးစက်စက် လေတစ်ချက် တိုက်ခတ်လာသောကြောင့် သူ ချက်ချင်း တုန်ယင်လာသည်။

"ဘယ်သူလဲ?'

ယဲ့ဟူသည် အဆိပ်ပြင်းသော မြွေတစ်ကောင် ပုန်းခိုနေသလို ခံစားနေရသောကြောင့် ပြတင်းပေါက်ကို စိုက်ကြည့်နေသည်။

ထိုစဉ် လေတိုက်လာသောကြောင့် လိုက်ကာ တစ်ချက်လွင့်သွားပြီး ထိုလိုက်ကာအောက်မှ လူရိပ်တစ်ခု ထွက်ပေါ်လာသည်။

ထိုလူကို မြင်လိုက်ရသည်နှင့် ယဲ့ဟူတစ်ယောက် အကြီးအကျယ် ထိတ်လန့်ကြောက်ရွံ့သွားသည်။

"ကုန်း…ကုန်းယွင်ဖေး!"

All Chapters