← Chapters

 ကြီးမြတ်သော သူရဲကောင်း

Vol. 8 Ch. 107

 ကြီးမြတ်သော သူရဲကောင်း

Vol. 8 Ch. 107

ဟွမ်လောင်လျှိုသည် သူ၏အိတ်ကပ်ထဲမှ ကျောက်စိမ်းပုလင်းငယ်အား ဂရုတစိုက် ထုတ်ယူကာ ဟန်မူယဲ့အား ကမ်းပေးသည်။

“ဒီ‌ဆေးလုံးဟာ ကုစားနိုင်စွမ်းမြင့်တယ်။ ဒါကို စမ်းကြည့်”

…

ဟန်မူယဲ့သည် ဟွမ်လောင်လျှို၏အားဖြည့်ဆေးလုံးကို မစားသုံးခဲ့ပါ။

ထိုအစား သူသည် ဘီးတပ်ထိုင်ခုံတွင် ထိုင်ကာ ဟွမ်လောင်လျှိုအား ဓားစံအိမ်ရှေ့သို့ နေပူစာလှုံရန် တွန်းလာစေသည်။

နေမှာ အတော်လေး မြင့်နေပြီ ဖြစ်သော်လည်း တစ်လခန့် အိပ်ရာထဲ လဲလျောင်းနေခဲ့သော ဟန်မူယဲ့သည် သက်တောင့်သက်သာ ခံစားရသည်။

“ညီလေးဟန်… စိတ်မပူနဲ့… အခု မင်း နိုးလာပြီဆိုတော့ နောက်ပိုင်း ကောင်းကောင်း စားသောက်နိုင်တော့မယ်။ မင်းရဲ့ခွန်အားတွေ ပြန်ရဖို့ သိပ်မကြာတော့ဘူး”

ကျောက်တုံးလှေကားထစ်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ဟွမ်လောင်လျှိုက ပြောသည်။

“နောက်ပိုင်း မင်း တစ်ခုခုလိုရင် ငါ့နာမည်ကိုသာ ပြောလိုက်…”

“အဲဒါက သေချာပေါက် အသုံးဝင်လိမ့်မယ်”

ဟွမ်လောင်လျှိုက တံခါးဝတွင် မြေခွေးဖြူလေးအား ပွေ့ဖက်ထားသော ကောင်းရှောင်ရွှမ်အား မေးသည်။

“ရွှမ်လေး… ငါ ပြောတာ မှန်တယ်မလား”

ကောင်းရှောင်ရွှမ်က ခေါင်းညိတ်ကာ ပြောသည်။

“စားသောက်ဆောင်က လူတိုင်းဟာ အစ်ကို အသားနူးနူးအိအိတွေ ကြိုက်တာသိကြတယ်။ ကျွန်တော် အစားအသောက်သွားယူတိုင်း သူတို့က အနူးညံ့ဆုံးအသားတွေ ရွေးပေးကြတယ်”

“အစ်ကိုက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ကယ်တင်ရှင်လို့ သူတို့ ပြောတယ်”

“အစ်ကိုက ကြီးမြတ်တဲ့သူရဲကောင်းတဲ့”

ကောင်းရှောင်ရွှမ်၏မျက်လုံးတွင် လေးစားသော အငွေ့အသက်များ အပြည့်ဖြင့် ပြောသည်။

“စီနီယာအစ်ကိုဟန်… ကြီးမြတ်တဲ့သူရဲကောင်းဆိုတာ ဘာကို ပြောတာလဲ”

သူ့မေးခွန်းကို ကြားလျှင် ဟန်မူယဲ့က ဟွမ်လောင်လျှိုအား တစ်ချက် လှမ်းကြည့်ကာ တံခါးဝတွင် ထိုင်နေသော လုကောအား ကြည့်သည်။

“ကြီးမြတ်တဲ့သူရဲကောင်းဆိုတာ ဂိုဏ်းဒုက္ခရောက်နေတဲ့အချိန် သူ့ရဲ့ကျင့်ကြံဆင့်ကို တွန့်ဆုတ်မှုမရှိဘဲ စွန့်လွှတ်ရဲတဲ့သူ…”

“ကြီးမြတ်တဲ့သူရဲကောင်းဆိုတာ အစ်ကိုလုလိုပဲ… ဓားစံအိမ်ကို စောင့်ကြပ်တဲ့အခါ သူ့မျက်လုံးတွေ ဆုံးရှုံးသွားတာတောင်မှ နောက်ကို ခြေတစ်လှမ်းမဆုတ်တဲ့သူ…”

တံခါးဘေးတွင် လုကောသည် မျက်နှာရှုံးမဲ့သွားသော်လည်း သူက လက်ထဲမှ တုတ်ကောက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။

ဟွမ်လောင်လျှိုက ရှက်ရွံ့စွာ မျက်နှာကို တစ်ဘက်သို့ လွှဲသွားသော်လည်း သူ ပြုံးနေသည်။

ကောင်းရှောင်ရွှမ်က သူတို့နှစ်ယောက်အား လှမ်းကြည့်ကာ ခေါင်းညိတ်သည်။

“ကျွန်တော် နားလည်ပြီ။ နောက်ပိုင်း ကျွန်တော် အစ်ကိုလုအတွက် လမ်းပြပေးပြီးတော့ အစ်ကိုဟွမ်အတွက် အစားအသောက်တွေ အမြဲယူပေးမယ်”

လုကော ပြုံးသည်။

“ဘာသူရဲကောင်းလဲ… ဒါက သွေးဆူလွယ်လို့ ဖြစ်တဲ့ကိစ္စတစ်ခုပဲ”

ဟွမ်လောင်လျှိုက ဟန်မူယဲ့အား ကြည့်ကာ ပြောသည်။

“မင်း စုစည်းထားတဲ့ ဓားချီတွေလည်း ကုန်ဆုံးသွားတာပဲမလား”

ဟန်မူယဲ့ ပြုံးကာ မည်သို့မှ မဆိုပေ။

သူသည် သူရဲကောင်း မဖြစ်လိုပါ။

သူသည် ဓားစံအိမ်တွင် နေပူစာလှုံနိုင်သော သာမန်ဓားထိန်းတစ်ဦးသာ ဖြစ်လိုသည်။

ဓားစံအိမ်အဝင်ဝတွင် ဟန်မူယဲ့သည် ဘီးတပ်ခုံပေါ်တွင် ထိုင်နေပြီး ဟွမ်လောင်လျှိုသည် သူ့ဘေးနားတွင် ဆောင့်ကြောင့် ထိုင်နေ၏။ သူ့နောက်တွင် လုကောနှင့် လင်းရှန်တို့သည် မြေခွေးဖြူလေးတစ်ကောင် ကိုင်ထားသော ကောင်းရှောင်ရွှမ်နှင့် စကားပြောနေသည်။

ဟန်မူယဲ့ သတိလစ်နေစဉ်ကာလအတွင်း၌ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တပည့်များမှာ အပါးခိုခြင်း မရှိခဲ့ကြပါ။

မျိုးဆက်ငါးခုမှ ပညာရှင်များသည် သူတို့၏တပည့်များကို ဦးဆောင်လျက် ဖုန်းလင်ဓားဂိုဏ်းမှ အရင်းအမြစ်များကို လုယက်ခဲ့ကြသည်။ တချို့သည် ကျင်းရှန်းဓားဂိုဏ်းဆုတ်ယုတ်သွားခြင်းကို အသာစီးယူလျက် ထိုနယ်မြေများကို အပိုင်စီးယူကြသည်။

သို့သော်၊ ဖုန်းလင်ဓားဂိုဏ်းနှင့် ကျင်းရှန်းဓားဂိုဏ်းတို့မှာ အင်အားကြီးဂိုဏ်းများဖြစ်ရာ သူတို့သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ဖိနှိပ်မှုကို ခံရသော်လည်း အပြတ်အသတ် အသာရရန်ကား မဖြစ်နိုင်ပါ။

ထို့အပြင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည်လည်း သူ၏ကိုယ်ပိုင်အုပ်ချုပ်သော နယ်မြေများတွင် ငြိမ်းချမ်းနေသည် မဟုတ်ပါချေ။

သည်မတိုင်ခင် ကျောက်တုံးသုံးတုံးစံအိမ်သည် ဂိုဏ်းအများအပြားကို ဦးဆောင်လျက် မိစ္ဆာများကို သွားရောက်နှိမ်နှင်းခဲ့သည်။ ဖုန်းလင်ဓားဂိုဏ်းနှင့် တိုက်ပွဲကို အသာစီးယူကာ မိစ္ဆာအများအပြားသည် အရပ်မျက်နှာမျိုးစုံသို့ ထွက်ပြေးသွားခဲ့ကြ၏။

မီးတောက်မိစ္ဆာတောင်ကြားမှ မဟာအကြီးအကဲ ဟူထိုက်ရှန့်သည်လည်း ထွက်ပြေးလွတ်မြောက်သွားခဲ့၏။

“အကြီးအကဲထို့ပါ့ဟာ အံ့ဖွယ်ကိုးပါးတောင်ကုန်းကို ပြန်ရောက်ပြီးနောက်ပိုင်း တံခါးပိတ်ကျင့်ကြံနေတယ်။ သူဟာ ကောင်းကင်တစ်ဝက်အဆင့်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ပြီး ဒဏ်ရာရထားတယ်လို့ ကြားတယ်”

ဟွမ်လောင်လျှိုက ပြောသည်။

ဖုန်းလင်ဓားဂိုဏ်းနှင့် တိုက်ပွဲ၌ ထို့ပါ့ချန်သည် ကောင်းကင်တစ်ဝက်အဆင့်ကို နောက်ဆုတ်ခြင်းမရှိဘဲ ယှဉ်တိုက်ခဲ့သည်။

သို့သော်လည်း သူ၏ကျင့်ကြံဆင့်သည် အမြုတေဖွဲ့စည်းခြင်းသို့ မတက်ရောက်သေးရာ သူ၏ကနဦးအဆင့် ဓားမာန်ဟုန်ကိုသာ အားပြုခဲ့ရသည်။

ထို့ပါ့ချန်သည် ဉာဏ်များသော မြေခွေးအို ဖြစ်သည်။ ယခင်က သူသည် ဒဏ်ရာရဟန်ဆောင်ကာ သူ၏ဓားမာန်ဟုန်ကို စုစည်းနေခဲ့သည်။ သည်တစ်ကြိမ်တွင်လည်း သူက လှည့်ကွက်မသုံးဟု မည်သူက ပြောနိုင်မည်နည်း။

ထိုဆရာဦးလေးထို့ပါ့ချန်သည် ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းစနစ်အား လေ့ကျင့်ခြင်းပင် မရှိဟု ဟန်မူယဲ့ ယူဆမိသည်။

ပရမ်းပတာ အခြေအနေကြောင့် မျိုးဆက်ငါးခုမှ တပည့်များမှာ မရေမတွက်နိုင်သော တာဝန်များ ရှိနေသည်။

အတွင်းစည်းတပည့်ကျောက်ဖူ၊ ထန်မင်းတို့ ဖြစ်စေ အပြင်စည်းတပည့် ကျန်းဟန်၊ စွန်းတုံယုံနှင့် တခြားလူများဖြစ်စေ၊ သူတို့သည် တာဝန်အသီးသီးထမ်းဆောင်ရန် တောင်အောက်ကို ဆင်းသွားကြရသည်။

“သူတို့ အံ့ဖွယ်ကိုးပါးတောင်ကုန်းသို့ ပြန်ရောက်တုန်းက မင်းကို လာကြည့်ကြသေးတယ်။ မင်း သတိလစ်နေတော့ သူတို့ကို ပြန်လွှတ်လိုက်ရတယ်”

ဟွမ်လောင်လျှိုက လက်ဝှေ့ယမ်းကာ ပြောသည်။

“ဂိုဏ်းတွေကို တိုက်ခိုက်သိမ်းပိုက်တာဟာ အကျိုးအမြတ်အရဆုံးကိစ္စတွေပဲ။ ငါတို့က ဒီလို အခွင့်အရေးကိုတောင် မယူနိုင်ရင် အနာဂတ်မှာ ဘယ်လို ကျင့်ကြံမှာလဲ”

ကျောက်တုံးလှေကားထစ်တွင် ဆောင့်ကြောင့်ထိုင်နေသော ဟွမ်လောင်လျှိုသည် ရှေ့ရေးအတွက် ကြိုတွက်နေသည်။

“ဒီတိုက်ပွဲအပြီးမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဟာ နှစ်တစ်ရာကာလ လွှမ်းမိုးမှုတွေကို ခိုင်မြဲစေခဲ့တယ်။ အနာဂတ်မှာ ငါတို့ကို ဖုန်းလင်ဓားဂိုဏ်းကတောင်မှ မျက်နှာသာပေးရတော့မယ်”

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို တိုးချဲ့ဖို့အတွက် အခုက အကောင်းဆုံးအချိန်အခါပဲ”

“နှစ်တစ်ထောင်လောက် စီစဉ်အကွက်ချလာတာတွေဟာ အခုလို အရေးကြီးတဲ့အချိန်အခါအတွက်ပဲ”

ဟန်မူယဲ့က စိတ်လှုပ်ရှားစွာ ပြောနေသော ဟွမ်လောင်လျှို၊ အထင်ကြီးလေးစားစွာ ကြည့်နေသော ကောင်းရှောင်ရွှမ်၊ စိတ်ဝင်တစား နားထောင်နေသော လင်းရှန်နှင့် လုကောတို့အား ကြည့်သည်။

“အစ်ကို… ခင်ဗျား ဉာဏ်အလင်းရသွားတာလား”

ဟန်မူယဲ့ စိတ်ဝင်စားနေသည်။ တစ်လခန့်တွင် ဟွမ်လောင်လျှို မည်သို့ အတွေးအခေါ်များ မြင့်မားလာသနည်း။

“အဓိပ္ပာယ်မရှိတာ”

ဟွမ်လောင်လျှိုက တံတွေးတစ်ချက်ထွေးကာ တတိယထပ်သို့ ခိုးကြည့်လျက် တီးတိုးပြောသည်။

“အဲဒီအဖိုးကြီးတောက်က ငါ့အနားကို အမြဲတမ်းလာပြီး ပေါက်ပေါက်လာဖောက်နေတာ”

“သူ ဘာမှားနေလဲ ငါ မသိဘူး။ ငါ့အရိုးတွေက ထူးခြားပြီးတော့ ငါ့မှာ ကြီးမားတဲ့ အခွင့်အလမ်းရှိတယ်လို့ သူခံစားနေရတယ်တဲ့”

ဟွမ်လောင်လျှိုက သူ့ဖင်ကို ဖုတ်ဖက်ခါကာ ထရပ်သည်။ ထို့နောက် လမ်းကလေးအတိုင်း လျှောက်လာသော လူရိပ်ထံသို့ လှမ်းကြည့်ကာ ပြောသည်။

“ငါ မင်းရဲ့မရီးနဲ့ ကျင်းယန်ကို ပြန်မှ ဖြစ်မယ်”

လုချန်းဖျင်အကြောင်းကို ပြောလျှင် ဟန်မူယဲ့သည် သန့်စင်ရေကျောင်းတော်မှာ ကျင်းရှန်းဓားဂိုဏ်းနှင့် လျှို့ဝှက်အဆက်အသွယ်ရှိသည်ကို သတိရမိ၏။

ကံကောင်းသည်ကား ကျင်းရှင်းဓားဂိုဏ်းသည် ဆုတ်ယုတ်နေပြီ ဖြစ်သည်။ သူတို့၏ခေါင်းသာ မထိခိုက်ထားပါက မည်သည့်ဘက်နှင့် ပူးပေါင်းရမည်ကို သူတို့ နားလည်ပေလိမ့်မည်။

သို့သော် အနည်းနှင့်အများတော့ သတိထားရန် လိုသေးသည်။ အကယ်၍ သန့်စင်ရေကျောင်းတော်သည်သာ သစ္စာဖောက်လိုသော အရိပ်အယောင်ပြပါက မရီးအား သေချာပေါက် အမြန်ကယ်ထုတ်ရပေမည်။

ဟန်မူယဲ့က ဓားစံအိမ် တတိယထပ်အား လှမ်းကြည့်သည်။

ခေါင်းဆောင်တောက်ရင်သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ ပြန်ရောက်ကတည်းက မီးဓာတ်မျိုးဆက်သို့ ပြန်သွားခြင်း မရှိပါ။

သူသည် ဓားစံအိမ်အကြီးအကဲနှင့်အတူ ဓားစံအိမ်တတိယထပ်တွင် နေကာ ကျင့်ကြံခြင်းအတွေးအမြင်များနှင့် ပညာရပ်များကို အတူ လေ့လာနေခဲ့၏။

ဓားစံအိမ်အကြီးအကဲ၏ဝိညာဉ်လိပ်ပြာဓားမှာ ကုန်ဆုံးသွားပြီးဖြစ်သော်လည်း သူ၏ချိပ်ပိတ်ထားသော ကျင့်ကြံဆင့်မှာ အလွန်အားကောင်းသည်။

ဟွမ်လောင်လျှို၏အဆိုအရ ဓားစံအိမ်အကြီးအကဲနှင့် ဂိုဏ်းချုပ်တို့သည် ယခင်က တူညီစွာ နာမည်ကျော်ကြားကြ၏။

သို့သော် ဂိုဏ်းချုပ်ကျင်းကျီသည် စီမံခန့်ခွဲအုပ်ချုပ်သော အပိုင်း၌ အားသာသည်။  ဓားစံအိမ်၏နောက်ဆုံးသော အကြီးအကဲကျူးရှန့် သေဆုံးသွားသောအခါ အကြီးအကဲကောင်းသည် သူ၏ကျင့်ကြံဆင့်ကို ချိပ်ပိတ်ကာ ဓားစံအိမ်အား တာဝန်ယူစောင့်ကြပ်ခဲ့၏။

ဖုန်းလင်ဓားဂိုဏ်းချုပ် ပြောသကဲ့သို့ သူတို့အားလုံးမှာ သွေးအေးရက်စက်ကြသည်။

တတိယထပ်မှ အဖိုးအိုနှစ်ဦးသာ အတူတူရှိပါက တစ်စုံတစ်ခု ဖြစ်တော့မည်ဟု ဟန်မူယဲ့ ခံစားမိနေသည်။

“အဟမ်း… ဓားစံအိမ်စည်းမျဉ်း…”

ဟွမ်လောင်လျှို၏အသံကို ကြားရသည်။

အတွင်းစည်းဝတ်စုံဖြင့် လူငယ်သုံးဦးသည် ကျောက်လှေကားထစ်အောက်ခြေတွင် လေးစားသော အမူအရာဖြင့် ရပ်နေကြသည်။

“အစ်ကို…”

“အစ်ကို… ကျုပ်တို့ ဓားလက်ခံဖို့ လာတာပါ”

သူတို့သုံးယောက်က အဝါရောင်တာဝန်စာအုပ်များကို ကမ်းပေးကြသည်။

လတ်တလောတွင် တာဝန်အများအပြား ထုတ်ပြန်ထားကာ တပည့်များစွာကတည်း တာဝန်ပြီးမြောက်သောအခါ ဆုကြေးများဖြင့် လဲလှယ်ကြသည်။

ဆေးလုံး၊ အဆောင်လက်ဖွဲ့၊ ဓား၊ ပညာရပ်နှင့် ရတနာအမျိုးမျိုးတို့ကို ဂိုဏ်းမှ ထောက်ပံ့သည်။

ချင်သုံးပါးဓားဂိုဏ်းကို ဖျက်ဆီးခဲ့တုန်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အတော်လေး ကြွယ်ဝလာခဲ့သည်။

လတ်တလောတွင် သူတို့သည် ကျင်းရှန်းဓားဂိုဏ်းနယ်မြေများကို တိုက်ခိုက်လုယက်သောကြောင့် များစွာသော အရင်းအမြစ်များကို ရရှိထားသည်။

ဆုကြေးအတွက် နာမည်အကျော်ကြားဆုံးနေရာမှာ ဓားစံအိမ် ဖြစ်သည်။

သူတို့က ဆုကြေးလက်ခံရန် မဟုတ်လျှင်ပင် စီနီယာအစ်ကိုဟွမ်အား လာတွေ့ကြလေ့ရှိသည်။

“ဓားလက်ခံဖို့…”

ဟွမ်လောင်လျှိုက လက်နှစ်ဖက်ကို ပွတ်ကာ ကောင်းကင်ကို ကြည့်သည်။

နေ့လည်စာအတွက် အချိန်မကျရောက်သေးပါ။

ညနေခင်းထက်လည်း စောသေးသည်။

မိုးလည်း မရွာပါ။

“အစ်ကို… ကျုပ်တို့ကို ဓားကောင်းတစ်လက်စီ ရွေးပေးပါ”

အတွင်းစည်းတပည့်များက ဝိညာဉ်ကျောက်တုံး ၁တုံးစီ ထုတ်ကာ တာဝန်စာအုပ်၏အောက်ခြေ၌ ကပ်လျက် ပေးကြသည်။

All Chapters