← Chapters

ဓားစစ်သည်စနစ်ကို သင်မလား

Vol. 8 Ch. 108

ဓားစစ်သည်စနစ်ကို သင်မလား

Vol. 8 Ch. 108

အတွင်းစည်းတပည့်ဆိုသည့်အတိုင်း သူကား ရက်ရောလှသည်။ သူတို့တစ်ယောက်စီက အလယ်အလတ်အဆင့် အရည်အသွေး ဝိညာဉ်ကျောက်တုံးအား ပေးကြ၏။

၎င်းကား ဝိညာဉ်ကျောက်တုံး စုစုပေါင်း ၃၀၀ ဖြစ်သည်။

ဟွမ်လောင်လျှိုက အသာအယာ ခြောင်းဆိုးကာ လက်ဝှေ့ယမ်းသည်။

“ငါတို့က တစ်ဂိုဏ်းတည်းသားတွေပဲ။ သေချာပေါက် ဓားကောင်းတစ်လက်ရွေးပေးရမှာပေါ့”

လုပ်ငန်းစဉ်နှင့် အလွန်ရင်းနှီးနေသည့်အလား ကောင်းရှောင်ရွှမ်သည် သူ့လက်မှ မြေခွေးဖြူလေးကို ချကာ တာဝန်စာအုပ်နှင့် ဝိညာဉ်ကျောက်တုံးများအား သွားယူသည်။

ဟွမ်လောင်လျှိုက ကျောက်တုံးလှေကားထစ်အောက်မှ လူသုံးယောက်ကို ကြည့်ကာ ကောင်းရှောင်ရွှမ်နှင့်အတူ ဓားစံအိမ်ထဲကို ဝင်သွားသည်။ အတန်ကြာလျှင် သူတို့သည် ဓားသုံးလက်နှင့်တူ ထွက်လာကြ၏။

“တုရှန့်… ဒီဓားကို ကျောက်စိမ်းသစ်ဘုရင်လို့ ခေါ်တယ်။ မင်းလို သစ်သားဓာတ်လေ့ကျင့်သူတွေအတွက် သင့်တော်တယ်”

“ဟောင်ကျင်းလင်း… ဒီလမင်းဖြူဓားဟာ အေးစက်ပြီးတော့ ဓားကိုယ်ထဲမှာလည်း အအေးဓာတ်စုစည်းနေတယ်။ ဒီဓားက မင်းနဲ့သင့်တော်တယ်”

“ကျန်းလူ… ဒီဓားဟာ လေးလံတဲ့သတ္တုနဲ့ ရောစပ်ထားတယ်။ ဒီဓားက မင်းလိုအပ်တဲ့အရာပဲ”

ဓားသုံးလက်ကို အတွင်းစည်းတပည့်သုံးယောက်အား ကမ်းပေးသည်။

သူတို့သုံးယောက်သည် ဓားများကို ယူကာ သိုင်းကွက်အနည်းငယ် လေ့ကျင့်ကြည့်ကြ၏။ ဓားများသည် သူတို့နှင့် အလွန်လိုက်လျောညီထွေရှိနေသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိရ၏။

“ကျေးဇူးပါ အစ်ကိုဟွမ်”

“အစ်ကိုရဲ့ ဓားရွေးချယ်မှုက ပြိုင်စံရှားပဲ”

“အစ်ကို… ကောင်းကောင်း အနားယူပါ။ ကျွန်တော်တို့ သွားလိုက်ဦးမယ်။ နောက်ပိုင်းမှ သီသန့်လာလည်ပါ့မယ်”

သူတို့သုံးယောက်က အသစ်ရသော ဓားများဖြင့် ဝမ်းသာအားရ ထွက်သွားကြသည်။

သူတို့ သုံးယောက် ထွက်သွားပြီးနောက်တွင် ဟန်မူယဲ့က ဟွမ်လောင်လျှိုအား စိတ်ဝင်စားစွာ ကြည့်သည်။

“အစ်ကို ဘယ်တုန်းက ဓားရွေးတတ်သွားတာလဲ”

ဟွမ်လောင်လျှိုက အတွင်းစည်းတပည့်သုံးယောက်အတွက် ရွေးပေးလိုက်သော ဓားများမှာ သူတို့နှင့် အမှန်တကယ် လိုက်ဖက်နေသည်။ သူတို့က ထိုဓားများနှင့် ရင်းနှီးသွားပြီးနောက်တွင် သူတို့၏တိုက်ရည်ခိုက်ရည်မှာ သေချာပေါက် ပိုကောင်းလာပေလိမ့်မည်။

“ညီလေးဟန်… မင်းတစ်ယောက်ပဲ ဓားတွေကို ဆန်းစစ်နိုင်စွမ်းရှိတာ မဟုတ်ဘူး”

ဟွမ်လောင်လျှိုက ဂုဏ်ယူစွာ ပြုံးလိုက်ကာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၃တုံးအား ထုတ်ယူလိုက်သည်။

သူက ၁တုံးကို သူ၏အိတ်ကပ်ထဲသို့ ထည့်သည်။ နောက် ၁တုံးအား ဟန်မူယဲ့ကို ပေးကာ နောက်ဆုံး ၁တုံးကို ကောင်းရှောင်ရွှမ်လက်ထဲသို့ ထည့်၏။

“ဒီကလေးရဲ့ ဓားဆန်းစစ်တဲ့စွမ်းရည်က မင်းထက် မလျော့ဘူး”

ကောင်းရှောင်ရွှမ်။

သူက ဝိညာဉ်ကျောက်တုံးအား ဆုပ်ကာ ပြုံးနေသော ကောင်လေးအား ကြည့်ကာ ပါးစပ်ဟလျက် မည်သည့်စကားမှ မဆိုနိုင်တော့ပေ။

ကောင်လေးကား အံ့ဖွယ်ကိုးပါးဓား၏ဝိညာဉ် ဖြစ်သည်။ သူက ဓားများကို ရွေးချယ်ခြင်းမှာ သဘာဝစွမ်းရည် မဟုတ်ပေဘူးလား။

“လေ့ကျင့်ရေးမှူးလင်း… အစ်ကိုလု… ဒီဝိညာဉ်ကျောက်တုံးတွေ ယူလိုက်ပါ။ မြင်တဲ့သူ ဝေစုရမယ်”

“ရွှမ်လေး… သွားရအောင်။ ဒီနေ့ ငါတို့ အတော်လေး ဝင်ငွေကောင်းတယ်။ စားသောက်ဆောင်မှာ စားကောင်းသောက်ဖွယ်တွေ သွားယူမယ်”

ဟွမ်လောင်လျှိုက လင်းရှန်နှင့် လုကောတို့၏လက်ထဲကို ဝိညာဉ်ကျောက်တုံး တချို့ ထည့်လိုက်ကာ ခေါင်းမော့၍ အော်လိုက်သည်။

“အကြီးအကဲတို့… အသားစားမလား… ငါး စားမလား…”

“အသား…”

ဓားစံအိမ်အကြီးအကဲ၏အသံ ထွက်ပေါ်လာသည်။

“ငါး…”

ခေါင်းဆောင်တောက်ရင်က ကျယ်လောင်စွာ ပြန်ပြောသည်။

ဟွမ်လောင်လျှို ရယ်မောကာ ကောင်းရှောင်ရွှမ်နှင့်အတူ စားသောက်ဆောင်သို့ ထွက်သွား၏။

ဟန်မူယဲ့က သူတို့၏နောက်ကျောကို ကြည့်ကာ ပြုံးသည်။

ဤသည်ကား ဓားစံအိမ်မှ ဓားထိန်းတစ်ဦး၏စစ်မှန်သော ဘဝ ဖြစ်သည်။

…

ဟွမ်လောင်လျှိုနှင့် ကောင်းရှောင်ရွှမ်တို့ လျင်မြန်စွာ ပြန်ရောက်လာခဲ့ကြသည်။

သူတို့နှစ်ယောက်၏အနောက်တွင် အစေခံတပည့်နှစ်ဦးသည် အစားအသောက်ဘူးကြီးနှင့် သေရည်အိုးတစ်လုံးအား သယ်လာကြ၏။

စားပွဲခုံနှင့် ထိုင်ခုံများ နေရာချပြီးနောက်တွင် ဟွမ်လောင်လျှိုက လက်ဝှေ့ယမ်းလိုက်သည်။ ကောင်းရှောင်ရွှမ်က ဝိညာဉ်ကျောက်တုံး ၂ တုံး ပစ်ပေးလိုက်၏။

အစေခံတပည့် ၂ဦးသည် အလျင်အမြန် လက်လှမ်းယူလိုက်ကာ ဝမ်းသာအားရ ပြောသည်။

“အစ်ကို… ဒါ… ကျုပ်တို့ ဘယ်လို လက်ခံ…”

သူတို့နှစ်ဦးက ဝိညာဉ်ကျောက်တုံးများကို လက်ဖြင့် ပွတ်သပ်ကြသည်။

“ငါ မင်းတို့ကို ပေးရင် ယူသာယူလိုက်။ ငါက ဝိညာဉ်ကျောက်တုံး ရှားပါးနေတဲ့သူလို့ မင်းတို့ ထင်လား”

ဟွမ်လောင်လျှိုက လက်ဝှေ့ယမ်းကာ အစားအသောက်များကို ပြင်ဆင်သည်။

အစေခံတပည့်နှစ်ဦးသည် အလျင်အမြန် ဦးညွှတ်ကာ လုကောအား နှုတ်ဆက်ကြသေးသည်။

“အစ်ကိုလု.. ကျုပ်တို့ အရင်ပြန်လိုက်ဦးမယ်”

လုကောက ပြုံးလျက် ပြောသည်။

“ငါ မင်းတို့ကို မလိုက်ပို့တော့ဘူး”

လုကောသည်လည်း ယခင်က အစေခံတပည့်တစ်ဦး ဖြစ်သည်။ သူသည် ဓားစံအိမ်အား ကာကွယ်ရာ၌ မျက်စိကွယ်ခဲ့ရာ အစေခံတပည့်များအားလုံးက သူ့ကို လေးစားကြသည်။

မည်သို့ဆိုစေ၊ ဂိုဏ်းမှ တစ်သက်တာလုံး တာဝန်ယူပေးသော အစေခံတပည့် သိပ်မရှိပေ။

အစားအသောက်များ ခင်းကျင်းပြီးလျှင် အော်ခေါ်စရာပင် မလိုဘဲ ဓားစံအိမ်အကြီးအကဲနှင့် ခေါင်းဆောင်တောက်ရင်တို့ လာထိုင်ကြသည်။

အားလုံးက စားပွဲရှည်ကို ဝန်းရံလျက် ထိုင်ကြ၏။

ဟန်မူယဲ့သည်လည်း အချိန်ကြာမြင့်စွာ သတိလစ်နေခဲ့ရာ လွန်စွာ ဆာလောင်နေပြီ ဖြစ်သည်။

ကောင်းရှောင်ရွှမ်ကား လုကော၏ပန်းကန်တွင် အစားအသောက်များ ထည့်ပေးကာ မြေခွေးဖြူလေးအား ကျွေးမွေးသည်။ သူကား အတော်လေး အလုပ်များကာ သူကိုယ်တိုင် သိပ်စားသောက်ခြင်း မရှိပေ။

“ရပြီ ရပြီ… ကောင်လေး… မင်းလည်း အရွယ်ရောက်လာပြီ။ ခန္ဓာကိုယ်ကြီးထွားဖို့ စားဖို့ လိုသေးတယ်”

လုကောမှာ မမြင်ရသော်လည်း ကောင်းရှောင်ရွှမ်၏စိတ်ပူပန်မှုကို ခံစားရသည်။

အတန်ကြာ စားသောက်ကြပြီးနောက်တွင် လုကောသည် သူ့ရှေ့မှ သေရည်ခွက်ကို မြှောက်ကာ ထရပ်သည်။

“အကြီးအကဲ… ခေါင်းဆောင်… အစ်ကိုဟွမ်… စီနီယာအစ်ကိုဟန်… လေ့ကျင့်ရေးမှူးလင်း…”

လုကောက ခွက်ကို မြှောက်ကာ အသက်ပြင်းပြင်းရှိုက်လျက် ပြောသည်။

“ကျုပ် ခင်ဗျားတို့အားလုံးအတွက် တစ်ခွက်သောက်ပါ့မယ်”

“ဒီတစ်ခွက်ပြီးရင် ကျုပ် တောင်အောက်ကို ဆင်းတော့မယ်”

‘တောင်အောက်ကို ဆင်းမည်လား’

သူ့စကားကို ကြားလျှင် ဟွမ်လောင်လျှို၏အမူအရာ ပြောင်းလဲသွားသည်။ သူက ပြောသည်။

“အစ်ကိုလု… ခင်ဗျား ဘာတွေ ပြောနေတာလဲ။ ဓားစံအိမ်က ခင်ဗျားအတွက် အနာဂတ်အိမ်လို့ မပြောခဲ့ဘူးလား”

“ခင်ဗျား ဘယ်မှ မသွားရဘူး”

ဟန်မူယဲ့ကလည်း မျက်မှောင်ကြုတ်ကာ ပြောသည်။

“အစ်ကိုလု… တောင်ပေါ်မှာပဲ နေစမ်းပါ”

လုကော ခေါင်းယမ်းသည်။

“ကျုပ် လုကော၊ ဓားစံအိမ်ရဲ့တံခါးစောင့်က ခင်ဗျားတို့အားလုံးနဲ့ အတူတူထိုင်ပြီး စားသောက်ခွင့်ရခဲ့တာ ကောင်းချီးပေးခံရတာပါပဲ”

“ကျုပ်က အရင်တစ်လလောက်ကတည်းက တောင်အောက်ကို ဆင်းသွားမလို့ပါပဲ။ အစ်ကိုဟန် မနိုးလာသေးတော့ စောင့်ရင်းနဲ့ ကြာသွားတာ”

“အစ်ကိုဟန်… ခင်ဗျားဟာ ကောင်းချီးပေးခံရတဲ့သူပဲ။ ခင်ဗျား အခု နေကောင်းသွားတော့မှာ”

လုကောက ပြုံးလျက် သေရည်ခွက်ကို မြှောက်ကာ ပါးစပ်၌ တေ့လိုက်သည်။

“ကျုပ် တောင်အောက်ကို ဆင်းရင်လည်း ဝိညာဉ်ကျောက်တုံးတွေ မရှိမှာ ပူစရာမလိုဘူး။ ကျုပ်က လူချမ်းသာတစ်ဦး ဖြစ်နိုင်သေးတာပဲ”

ထို့နောက် သူက ခေါင်းမော့ကာ သေရည်ခွက်ကို သောက်လိုက်သည်။

“ရွှမ်လေး… မင်းက ငယ်သေးတယ်။ မင်း သောက်လို့ မရဘူး”

“မင်းက အလုပ်ကြိုးစားပြီးတော့ ခေါင်းဆောင်ရဲ့စကားကို နားထောင်ရမယ်”

လုကောသည် တုတ်ကောက်ကို လှမ်းဆွဲကာ ထရပ်သည်။

သူသည် လှေကားထစ်အတိုင်း တစ်လှမ်းချင်း ဆင်းသွားကာ နောက်ပြန်လှည့်လျက် အသာအယာ ဦးညွှတ်သည်။

မည်သူက အံ့ဖွယ်ကိုးပါးတောင်ကုန်းပေါ်တွင် ငြိမ်းချမ်းစွာ မကျင့်ကြံလိုဘဲ နေမည်နည်း။

သို့သော်၊ သူ၏အမြင်အာရုံကို ဆုံးရှုံးပြီးနောက်ပိုင်းတွင် ဓားစံအိမ်၌ တစ်ဦးတည်းသော မှီခိုသူသာ ဖြစ်လာခဲ့သည်။

မည်သူမှ သူ့အား အထင်အမြင်သေးမည် မဟုတ်ကြောင်း လုကော နားလည်သည်။

သို့သော်၊ သူ မလိုလားပေ။

ဓားစံအိမ်တွင် လူတိုင်းမှာ အနာဂတ်ရှိသည်။

အကြီးအကဲနှင့် ခေါင်းဆောင်တို့အား ထည့်မတွက်လျှင်ပင် ဟွမ်လောင်လျှိုသည် မရီးနှင့်အတူ ကျင်းယန်သို့ ပြန်ကာ ဘဝသစ်ထူထောင်တော့မည်။ အစ်ကိုဟန်၏အနာဂတ်မှာ အကန့်အသတ်မဲ့၏။

လေ့ကျင့်ရေးမှူးလင်းသည်လည်း တစ်နေ့တွင် အောင်မြင်ပေမည်။

ဓားစံအိမ်တွင် သူ့လို မျက်ကန်းတစ်ယောက်ကို မလိုအပ်ပေ။

လုကော နောက်လှည့်ကာ တုတ်ကောက်နှင့် လှမ်းသွားလိုက်သည်။

“အစ်ကိုလု… ခင်ဗျား တကယ်ပဲ မကျင့်ကြံချင်တော့ဘူးလား”

ဟန်မူယဲ့က ရုတ်တရက် ပြောသည်။

ကျင့်ကြံခြင်း။

မည်သူက မကျင့်ကြံလိုဘဲ နေမည်နည်း။

လုကော ရပ်လိုက်ကာ ခေါင်းယမ်းသည်။

သူ၏မျက်လုံးများဖြင့် မည်သို့ ဆက်ကျင့်ကြံမည်နည်း။

“အစ်ကိုလု… ကျုပ်တို့ ဓားစံအိမ်မှာ မူပိုင်ကျင့်စဉ်သုံးမျိုးရှိတယ်။ ဓားပျိုးထောင်စနစ်၊ ဓားစုစည်းစနစ်နဲ့ ဓားစစ်သည်စနစ်…”

“ဓားပျိုးထောင်စနစ်ဟာ ဓားချီကို သုံးပြီးတော့ ဓားအရိုးကို စုစည်းတယ်။ နှစ် ၆၀ ကြာပြီးတဲ့နောက်မှာ အဲဒါဟာ ကောင်းကင်ဘုံအဆင့်စွမ်းအား ဖြစ်ပေါ်လာတယ်”

“ဓားစုစည်းစနစ်ဟာ ဝိညာဉ်ကို သုံးပြီးတော့ ဓားစုစည်းတယ်။ နှစ် ၆၀ ကြာတဲ့အခါ ဝိညာဉ်လိပ်ပြာဓားဖြစ်လာပြီးတော့ ကောင်းကင်ဘုံအဆင့်စွမ်းအားကို ပိုင်ဆိုင်နိုင်တယ်”

“ဓားစစ်သည်စနစ်ဟာ နတ်လက်နက်နဲ့ ခန္ဓာကိုယ်ကို ပေါင်းစပ်တာပဲ။ ဓားဟာလူ၊ လူဟာ ဓားပဲ။ ဓားရှိနေရင် လူရှိမယ်။ ဓားကျိုးရင် လူသေမယ်”

“ဖုန်းလင်ဓားဂိုဏ်းချုပ်ဟာ အဲဒီနည်းစနစ်နဲ့ ကောင်းကင်ဘုံအဆင့်ကို တက်လှမ်းခဲ့တယ်”

ဟန်မူယဲ့၏စကားက လုကောအား ခြေလှမ်းထပ်လှမ်းရန် တွန့်ဆုတ်စေသည်။

“အကြီးအကဲ… ခေါင်းဆောင်… ကောင်းကင်ဘုံအဆင့်ကို တက်လှမ်းနိုင်ရင် ခန္ဓာကိုယ်ကို ပြန်ပြီး တည်ဆောက်နိုင်တယ်မလား”

“အစ်ကိုလု… ခင်ဗျား ဓားစံအိမ်မှာ ဆက်နေပါ။ ကျုပ် ခင်ဗျားကို ဓားစစ်သည်စနစ် သင်ပေးမယ်”

ဓားစစ်သည်စနစ်။

ကောင်းကင်ဘုံအဆင့်သို့ တက်လှမ်းကာ ခန္ဓာကိုယ်ကို တည်ဆောက်ခြင်း။

လုကော တုန်ယင်စွာ နောက်လှည့်သည်။ သူက အားပျော့သော လေသံဖြင့် မေးသည်။

“အဲဒါ တကယ် အလုပ်ဖြစ်မှာလား”

All Chapters