← Chapters

ထျန်းချီအဆင့်၆

Vol. 2 Ch. 15

ထျန်းချီအဆင့်၆

Vol. 2 Ch. 15

တရားထိုင်နေရင်း ယဲ့ချန်၏ ခန္ဓာကိုယ်အတွင်းရှိ ထျန်းချီလှိုင်းများသည် တန့်ထျန်ဆီသို့ တစ်စထက်တစ်စ စီးဆင်း သိပ်သည်းလာကြသည်။ တန့်ထျန်အတွင်းရှိ ထျန်းချီပမာဏ များပြားလာသည်နှင့်အမျှ အဆင့်သစ်သို့ ကာရံထားသော အတားအဆီးလွှာက ယိုင်နဲ့လာသလို ခံစားရသည်။

ယေဘုယျအားဖြင့် ကျင့်ကြံရာတွင် လိုက်မမီအောင် မြန်လှပါသည် ဟူသော ပါရမီရှင် တစ်ယောက်သည်ပင် ထျန်းချီအဆင့်၅ ထိပ်ဆုံးမှ ထျန်းချီအဆင့်၆သို့ ရောက်ရှိရန် နှစ်လထက်မနည်း အချိန်ပေးရသည်။ ယဲ့ချန်သည် ထျန်းချီအဆင့်၅သို့ လွန်ခဲ့သော ရက်အနည်းငယ်ကမှ ရောက်ရှိခဲ့ခြင်းဖြစ်ရာ ထျန်းချီအဆင့် ၆သို့ ချိုးဖျက်ဝင်ရောက်ရန် စိတ်မရှည် ဖြစ်နေတာမျိုး မရှိပေ။

အကြိမ်ကြိမ် ကြိုးစားခြင်းထက် တစ်ကြိမ်တည်းနှင့် ချိုးဖျက်ရန် တွေးထားသောကြောင့် တန့်ထျန်အတွင်းရှိ ထျန်းချီများကို ပိုမို သိပ်သည်းလာစေရန်သာ အာရုံစိုက်ထားသည်။

ထျန်းချီများ သိပ်သည်းလာသည် နှင့်အမျှ အတားအဆီးလွှာအား ကျော်ဖြတ်နိုင်ရန် နီးကပ်လာသည်ကို ခံစားရသည်။ တန့်ထျန်ထဲရှိ အတားအဆီးလွှာက အက်ကွဲလာပြီး အညင်သာဆုံး ထိလိုက်ရုံနှင့်တင် ပြိုပျက်သွားတော့မယောင်။

ယဲ့ချန်၏ နှလုံးခုန်သံတို့ မြန်လာသည်။

အတားအဆီးလွှာက ရေကာတာတခု ဆိုပါက ထျန်းချီများသည် ရေကာတာထဲတွင် ပြည့်လျှံနေသည့် ရေများနှင့် တူသည်။ ရေပမာဏ များလာသည်နှင့်အမျှ ရေကာတာ၏ အကာအရံက ယိုင်နဲ့လာပြီး ချက်ချင်း ကျိုးပျက်သွားတော့မည့်အလား လှုပ်ရှားလာသည်။

နောက်ဆုံးတွင် ကျယ်လောင်သော ကျိုးပျက်သံနှင့်အတူ အတားအဆီးလွှာ ကြေမွသွားတော့သည်။

ယဲ့ချန်သည် ခန္ဓာကိုယ်အတွင်းရှိ ထျန်းချီများက ပင်လယ်ပြင်ထဲရှိ လှိုင်းလုံးများ အရှိန်အဟုန်နှင့် စီးဆင်းလာသကဲ့သို့ မငြိမ်မသက် ဖြစ်နေသည်ကို ခံစားရသည်။ ထျန်းချီအဆင့် ၆သို့ ချိုးဖျက် ဝင်ရောက်သွားခဲ့ခြင်း ဖြစ်သည်။

ထျန်းချီအဆင့်၆

ယဲ့ချန်သည် မျက်လုံးများ ဖွင့်လိုက်ပြီး မာန်တစ်ချက် သွင်းလိုက်သည်တွင် အလွန် အားကောင်းသော ထျန်းချီအရှိန်အဝါက ခန္ဓာကိုယ်မှ ဖြာထွက်လာသည်။

ယဲ့ချန်ကိုယ်တိုင်လည်း သူ၏ အဆင့်သစ်တက်မှုက ထိုမျှလွယ်ကူလိမ့်မည်ဟု မျှော်လင့်မထားခဲ့။ ရှည်လျားလှသည့် ကျင့်ကြံခြင်းလမ်းစဉ်တွင် ပထမဆုံး အချိုးအကွေ့ဖြစ်သော ထျန်းချီအဆင့် ၆သည် လူတိုင်းအတွက် ခက်ခဲလေ့ရှိသည်မို့။ လွန်ခဲ့သော သုံးနှစ်ကျော်က သူ ထျန်းချီအဆင့် ၆သို့ အဆင့်တက်စဉ်ကပင် ယခုလောက် မလွယ်ကူခဲ့။ အသိစိတ်ထဲရှိ ဓားအတွင်းမှ အနှိုင်းမဲ့ သန့်စင်သော ထျန်းချီများ၏ ပြုပြင်မှုဖြင့် သူ့ခန္ဓာကိုယ်က သန့်စင်ယန်ခန္ဓာကိုယ် အဖြစ် တိုးတက်ခဲ့သည်။ တန့်ထျန်ထဲတွင် ရှိနေသော ထျန်းချီများသည်လည်း အခြားသော ကျင့်ကြံသူတိုင်းထက် သန့်စင်သည်။ ထိုအားသာချက်များကြောင့် အဆင့်တက်ရာတွင် အလွန်လွယ်ကူ မြန်ဆန်နေသလားဟု ယဲ့ချန် တွေးမိသည်။

မည်သို့ပင်ဆိုစေ လက်တလောတွင် အကြောင်းထက် အကျိုးက ပိုအရေးပါသည်မို့ ယဲ့ချန် ဆက်လက် အဖြေမရှာတော့။

'ကြယ်တာရာဘုံကိုးလွှာ' ကျင့်စဉ်အပေါ်  ပြန်လည် အာရုံစိုက်လိုက်သည်။ မိုးကြိုးအင်ပါယာ ကျင့်စဉ်၏ ပထမအဆင့်အား အောင်အောင်မြင်မြင် လေ့ကျင့်ပြီးနောက် ယဲ့ချန်တွင် ရွေးချယ်စရာ လမ်းနှစ်လမ်း ရှိလာသည်။ ပထမတစ်လမ်းမှာ မိုးကြိုးအင်ပါယာကျင့်စဉ် ဒုတိယအဆင့်ကို ဆက်လက် လေ့ကျင့်ရန် ဖြစ်ပြီး ဒုတိယလမ်းမှာ 'ကြယ်တာရာဘုံကိုးလွှာ'တွင် ပါဝင်သော ကဏ္ဍကိုးခုလုံး၏ ပထမအဆင့်အား အောင်မြင်အောင် လေ့ကျင့်ရန် ဖြစ်သည်။ ပထမလမ်းအား ရွေးချယ်လျှင် ယဲ့ချန်၏ ကျင့်ကြံဆင့်တက်နှုန်း ယခင်ကထက် ပိုမြန်လာမည် ဖြစ်ပြီး ဒုတိယလမ်းကို ရွေးချယ်လျှင်တော့ ကျင့်ကြံဆင့်တက်နှုန်းက ယခင်ကထက် နှေးသွားနိုင်သည်။ သို့သော် သတိပြုရမည့် တစ်ချက်မှာ 'ကြယ်တာရာဘုံကိုးလွှာ'၏ ကဏ္ဍကိုးခုအား တစ်ပြိုင်နက် လေ့ကျင့်လျှင် တိုးတက်နှုန်း နှေးသည့်တိုင် ရရှိလာမည့် အကျိုးကျေးဇူးကား မမှန်းဆနိုင်လောက်အောင် ကြီးမားသည်။

ယဲ့ချန်သည် အသေအချာ ခေါင်းအေးအေးထားကာ စဉ်းစားပြီးသည့်နောက် ဒုတိယလမ်းအား ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။ ယခုတခေါက်တွင် သူက ကဏ္ဍကိုးခုထဲမှ တစ်ခု အပါအဝင်ဖြစ်သော လေသဘာဝ ကျင့်စဉ်ကို ရွေးချယ်ထားသည်။ ကျင့်စဉ်ကား 'ငြိမ့်ညောင်းလေပြေ' ဟူ၍ အမည်တွင်သည်။

'ငြိမ့်ညောင်းလေပြေ' ၏ ပထမအဆင့်ကို အောင်မြင်ရန် အချိန်မည်မျှ ပေးရမည်မှန်း ယဲ့ချန်လည်း မသေချာပါ။ မိုးကြိုးအင်ပါယာကျင့်စဉ် ပထမအဆင့်အား မြန်မြန်ဆန်ဆန် လေ့ကျင့်နိုင်ခဲ့ခြင်းမှာ အကြောင်းရှိသည်။ ယဲ့မိသားစုသည် ယခင်တည်းက မိုးကြိုးသဘာဝ ကျင့်စဉ်များနှင့် မစိမ်းသက်ခဲ့သည့်အပြင် ယဲ့ချန် မူလက လေ့ကျင့်ခဲ့သော မိုးကြိုးလက်ဝါး အတွင်းအား ကျင့်စဉ်သည်လည်း မိုးကြိုးအင်ပါယာ ကျင့်စဉ်နှင့် များစွာ ဆက်စပ်နေသည်။ ဤတစ်ကြိမ်တွင်တော့ မတူညီတော့။ လေသဘာဝ ကျင့်စဉ်များအား ယဲ့ချန် တစ်ခါမှ မလေ့ကျင့်ခဲ့ဖူးပေ။

ထိုအချိန်တွင် ယဲ့ချန်၏ ခြံဝန်းအတွင်းသို့ လူတချို့ ဝင်ရောက်လာကြသည်။ ယဲ့ချိန်ရွှမ်း၊ ယဲ့ကျန့်ထျန်းနှင့် ကျန်အကြီးအကဲများ ဖြစ်ကြ၏။

ယဲ့ချန် အတွေးများကို ရပ်တန့်ကာ အလျင်အမြန် မတ်တတ်ရပ်လျက် ကြိုဆိုလိုက်သည်။

ယဲ့ကျန့်ထျန်း အပါအဝင် အခြားလူများ၏ မျက်လုံးတို့က အလွန် အံ့အားသင့် မယုံနိုင်သော အမူအရာတို့ ပြည့်နှက်နေကာ ၎င်းတို့အရှေ့ရှိ လူငယ်လေးအား မမှိတ်မသုန် ကြည့်လို့နေကြသည်။

“အဖေ ဘိုးဘိုး ဦးလေးတို့ တစ်ခုခု မှားယွင်းနေတာများ ရှိလို့လား”

ယဲ့ချန် ဇဝေဇဝါနှင့် မေးလိုက်သည်။ လူအားလုံးက ထိတ်လန့်ဟန်နှင့် သူ့ကိုသာ ကြည့်နေကြရာ နေရင်းထိုင်ရင်း ကိုယ့်ဘာသာကိုယ် မလုံမလဲ ဖြစ်လာသလိုတောင် ခံစားရ၏။

“ချန်အာ ... မင်း ... မင်း ... အဆင့်တက်သွားတာလား”

ယဲ့ကျန့်ထျန်းက အထစ်ထစ် အငေါ့ငေါ့နှင့် မေးသည်။ ယဲ့ချန်သည် လွန်ခဲ့သော သုံး၊ လေးရက်လောက်ကမှ ထျန်းချီအဆင့် ၅သို့ ရောက်ရှိထားသည်က သူ့အမြင် ဖြစ်သည်။ ယဲ့ကျန့်ထျန်း၏ အတွေးထဲတွင် ယဲ့ချန်အနေနှင့် ထျန်းချီအဆင့် ၆သို့ ရောက်ရှိရန် ၂လ၊ ၃လလောက်တော့ ကြာဦးမည်ဟု ထင်ခဲ့တာ ဖြစ်သည်။

မကြာသေးခင်က ယဲ့ကျန့်ထျန်းတို့သည် မိသားစုခေါင်းဆောင် ခြံဝန်း၌ မိုးကြိုးအင်ပါယာ ကျင့်စဉ်အား ဆင်ခြင် သုံးသပ်နေခဲ့ကြသည်။ ရုတ်တရက် အလွန် အားကောင်းသော ထျန်းချီအရှိန်အဝါ တစ်ခုက ဆက်ခံသူခြံဝန်းထဲမှ ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၍ အပြေးအလွှား ရောက်လာကြခြင်း ဖြစ်သည်။ သူတို့က ယဲ့ချန် အဆင့်တက်ခြင်း မဖြစ်နိုင်ကြောင်း လမ်းတွင် ငြင်းခုံလာခဲ့ကြသော်လည်း အားကောင်းသော ထျန်းချီအရှိန်အဝါများ ဖြာထွက်နေဆဲဖြစ်သည့် ယဲ့ချန်အား မြင်လိုက်ရချိန်တွင် အားလုံး ကြက်သေ သေကုန်ကြတာ ဖြစ်သည်။

နောက်ဆုံးတော့ သူ့ဖခင်နှင့် ဦးလေးများ ရောက်ရှိလာရသည့် အကြောင်းအရင်းကို ယဲ့ချန် နားလည်သွားသည်။ ဘယ်သူမဆို ထျန်းချီအဆင့်၆သို့ ချိုးဖျက်ဝင်ရောက်လျှင် ခန္ဓာကိုယ်မှ ထျန်းချီအရှိန်အဝါ ထုတ်လွှင့်သည်။ သူ အဆင့်တက်စဉ်က အလိုအလျောက် ထုတ်လွှင့်မိသော ထျန်းချီအရှိန်အဝါက ပုံမှန်ထက် အားကောင်းနေသောကြောင့် အနီးနားတွင် ရှိနေသူများ သတိထားမိသွားခြင်း ဖြစ်နိုင်သည်။

“ဟုတ်တယ် အဖေ ကျွန်တော် ထျန်းချီအဆင့်၆ကို ရောက်သွားတာပါ”

ယဲ့ချန်က ခေါင်းညိတ်လျက် ဖြေလိုက်သည်။

ထိုအခါ ယဲ့ချိန်ရွှမ်း၊ ယဲ့ကျန့်ထျန်းနှင့် အခြားဦးလေးများသည် မယုံကြည်နိုင်စွာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသည်။ လွန်ခဲ့သော ရက်အနည်းငယ်ကမှ အဓိကသွေးကြောများ ပြန်ကောင်းလာသည့် ယဲ့ချန်က ရက်ပိုင်းအတွင်း ကျင့်ကြံဆင့်များ တစ်ဆင့်ပြီးတစ်ဆင့် တက်ပြနေခြင်းက လူအိုကြီးတစ်သိုက်ကို ရှက်ရွံ့သွားစေသည်။ ယဲ့ချန်နှင့်ယှဉ်လျှင် ၎င်းတို့၏ တိုးတက်နှုန်းက လိပ်တစ်ကောင်သဖွယ် ဖြစ်နေ၏။ ယဲ့ချန်၏ အဆင့်တက်နှုန်းသည် ပါရမီရှင်ဟူသော စကားရပ်၏ အထက်သို့ပင် ကျော်လွန်နေသည်။

“မိသားစုထဲမှာ ချန်အာရှိနေတာက ... တကယ်ကို ကောင်းကင်ဘုံရဲ့ ချီးမြှောက်မှုကြီးပဲ”

ယဲ့ချိန်ရွှမ်းက လေးနက်စွာ မှတ်ချက်ချသည်။

ယဲ့ကျန့်ထျန်း၊ ယဲ့ကျန့်လုံနှင့် အခြားဦးလေးများလည်း သဘောတူဟန်နှင့် တညီတညွှတ်တည်း ခေါင်းညိတ်ကြသည်။ ယခုရက်ပိုင်းအတွင်း ယဲ့ချန် ယူဆောင်လာပေးသော အံ့အားသင့်ဖွယ် ဖြစ်ရပ်များကြောင့် မိသားစုဝင်များ အားလုံး ကြည်နူးကြရသည်။

ယဲ့ချိန်ရွှမ်း စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။ ယဲ့ချန်၏ ပါရမီနှင့်ဆိုပါက အနာဂတ်တွင် ယဲ့မိသားစု တဖန် ပြန်လည် ထွန်းတောက်လာဖို့ သေချာသလောက် ရှိပေသည်။

“ချန်အာ ... အခု ထျန်းချီအဆင့် ၆ကို ရောက်နေပြီ ဆိုပေမဲ့ ကျင့်ကြံတဲ့နေရာမှာ တစ်ခုခု အခက်အခဲ ဖြစ်နေတာမျိုးရှိရင် မင်းဘိုးဘိုးနဲ့ ဦးလေးတွေ ဒါမှမဟုတ် အဖေ့ကို မေးဖို့ မတုံ့ဆိုင်းနဲ့နော်”

ယဲ့ကျန့်ထျန်းက ပြုံးရွှင်နေသော မျက်နှာနှင့် ပြောသည်။

“ဒီအဘိုးကြီးက ချန်အာကို လမ်းညွှန်ပေးစရာ မရှိမှာတောင် စိုးမိပါရဲ့”

ယဲ့ချိန်ရွှမ်းကလည်း စိတ်ကျေနပ်စွာ ရယ်ရင်း ပြောသည်။

အတွေ့အကြုံ ရှိသော ကျင့်ကြံသူတစ်ယောက် အနေနှင့် ယဲ့ချိန်ရွှမ်းသည် ယဲ့ချန်၏ ခန္ဓာကိုယ်ထဲရှိ ထျန်းချီများက ပုံမှန်ထက် အဆပေါင်းများစွာ သန့်စင်ကြောင်း ခံစားရသည်။ ယဲ့ချိန်ရွှမ်းက မသေချာသော်လည်း ထိုအရာများမှာ ယဲ့ချန်၏ အိပ်မက်အတွင်း လာရောက်သွားသော ဘိုးဘေးကြီးနှင့် သက်ဆိုင်လောက်မည်ဟု ခန့်မှန်းမိသည်။

ယဲ့ချိန်ရွှမ်း၏ အတွေးများကိုသာ ယဲ့ချန် ကြားနိုင်ပါက ရှက်ရှက်နှင့် သူ့လည်ပင်း သူပွတ်နေလောက်သည်။ အိပ်မက်ပေးသော ဘိုးဘေးကြီး၏ အကြောင်းအရာ မှန်သမျှက ယဲ့ချန် စိတ်ထဲရှိရာ လျှောက်ပြောထားခြင်းပေမို့။

“ချန်အာ ... ထျန်းချီအဆင့် ၆ကို မရောက်ခင်ကတည်းက ယဲ့ခုံးယန်ကို အနိုင်ယူနိုင်ခဲ့တယ် ဆိုတော့ အခု မင်းရဲ့ အစွမ်းက ဘယ်လောက်လောက် ရှိမယ်ထင်လဲ”

“ကျွန်တော် မသိဘူး”

ယဲ့ချန် ခေါင်းခါသည်။ လက်တွေ့တိုက်ပွဲ မရှိဘဲ သူလည်း မခန့်မှန်းတတ်။

“ငါတို့ထဲက တစ်ယောက်ယောက် ချန်အာနဲ့ လက်ရည် စမ်းကြည့်ရင်ရော”

“အကြံကောင်း ဆိုပေမဲ့ နောက်မှ စမ်းကြည့်ကြတာပေါ့ လောလောဆယ် ငါတို့အနေနဲ့ မိုးကြိုးအင်ပါယာ ကျင့်စဉ်ကို ဆင်ခြင် သုံးသပ်နေတာ နှောင့်နှေးလို့မရဘူး အားတဲ့အချိန်ကျမှ ချန်အာနဲ့ လက်ရည်စမ်းလို့ ရနေတာပဲ မဟုတ်လား”

ထို့နောက်တွင် ၎င်းတို့အချင်းချင်း သဘောတူညီမှု ရသွားကြပြီး ယဲ့ချန်၏ ခြံဝန်းအတွင်းမှ ပြန်လည် ထွက်ခွာသွားကြသည်။ အကြောင်းကြောင်းကြောင့် ယဲ့ကျန့်ထျန်း တစ်ယောက်သာ ကျန်ရစ်ခဲ့သည်။

“ချန်အာ အဖေနဲ့ တစ်နေရာကို ခဏလိုက်ခဲ့”

“ဟုတ်ကဲ့”

ယဲ့ချန်လည်း ခေါင်းညိတ်ပြီး သူ့ဖခင်နောက်မှ လိုက်လာခဲ့သည်။

ယဲ့ကျန့်ထျန်း ဦးတည်နေသည်က မိသားစုခေါင်းဆောင် ခြံဝန်းသို့ ဖြစ်သည်။ ရှည်လျားသော စင်္ကြန်လမ်းအား ဖြတ်သန်းပြီးနောက် ယဲ့ကျန့်ထျန်း၏ ကိုယ်ပိုင်အိပ်ခန်းသို့ ရောက်လာသည်။

ယဲ့ကျန့်ထျန်းသည် အိပ်ခန်းအတွင်းရှိ အံဝှက်တခုကို ဖွင့်ကာ တစ်စုံတစ်ရာအား ရှာဖွေနေသည်။ ခဏအကြာ သူ ရှာဖွေနေသော အရာအား တွေ့သွားပုံရသည်။ ယဲ့ချန်ထံ ကမ်းပေးလာသည်။

တလက်လက် တောက်ပနေသော လက်မအရွယ် အရှည်ရှိသည့် အစိမ်းရောင် တံဆိပ်ပြားတစ်ခု ဖြစ်သည်။

ရုတ်တရက် ယဲ့ချန်၏ အသိစိတ်အတွင်းရှိ ဓားက မရပ်မနား တဆတ်ဆတ် တုန်ခါလာသည်။ ယဲ့ချန် တွေးမိသည်။

'ဒီတံဆိပ်ပြားက ဘာမှန်းတော့ သေချာမသိပေမဲ့ အဖိုးတန်တဲ့ ရှေးဟောင်းပစ္စည်းတစ်ခု ဖြစ်ရမယ်'

“ဒါက ယဲ့မိသားစု ဘိုးဘေးတွေရဲ့ တံဆိပ်ပြားပဲ တံဆိပ်ပြားက အစုံလိုက်ရှိတယ် လက်ရှိမိသားစု ခေါင်းဆောင်က တံဆိပ်ပြားအကြီးကို သိမ်းထားရပြီး ဆက်ခံသူကတော့ ဒီတံဆိပ်ပြား အသေးကို သိမ်းထားရတယ်”

ယဲ့ကျန့်ထျန်းသည် ယဲ့ချန်လက်ထဲသို့ ထိုတံဆိပ်ပြားအား အသေအချာ ထည့်ပေးရင်း ပြောသည်။

“အခုကစပြီး ဒီတံဆိပ်ပြားကို စောင့်ရှောက်ဖို့က မင်းရဲ့တာဝန် ဖြစ်သွားပြီ ချန်အာ တံဆိပ်ပြားတွေမှာ ထူးထူးခြားခြား အဓိပ္ပာယ်ရယ်လို့ မရှိပေမဲ့ ယဲ့မိသားစု ဘိုးဘေးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ အမွေဖြစ်လို့ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိတယ်”

“နားလည်ပါပြီ အဖေ ဒီနေ့ကစပြီး ဘာအကြောင်းပဲရှိရှိ ဒီတံဆိပ်ပြားကို တန်ဖိုးထားပြီး စောင့်ရှောက်ပါ့မယ်”

အစိမ်းရောင် တံဆိပ်ပြားအား တရိုတသေ ကိုင်ဆောင်ရင်း ယဲ့ချန် ကတိပေးလိုက်သည်။ အစိမ်းရောင် တံဆိပ်ပြားသည် မည်သည့် သတ္တုအမျိုးအစားနှင့် ပြုလုပ်ထားသည် မသိသော်လည်း လက်ထဲတွင် ကိုင်ထားသည့် တစ်လျှောက်လုံး သန့်စင်နွေးထွေးသော ခံစားချက်ကို ရသည်။

ယဲ့ချန်သည် အစိမ်းရောင် တံဆိပ်ပြားအား သေချာ အနီးကပ်ကြည့်ကာ စူးစမ်းမိသည်။ အသွင်အပြင်အားဖြင့် ထူးခြားမှုမရှိသယောင် ထင်ရသော်လည်း တံဆိပ်ပြားအောက်ခြေတွင် ရေးထိုးထားသော 'ယဲ့' ဟူသည့် သင်္ကေတကို ကြည့်မိရုံနှင့် အသွေးအသားများ ဆူပွက်လာစေသည်။ ထိုသင်္ကေတ၏ ဘေးဘက်တွင် ခပ်သေးသေး စကားလုံး သုံးလုံး ရေးထွင်းထားသေးသည်။ 'ကောင်းကင်' 'ကြယ်တာရာ' 'တံဆိပ်တော်' [ထျန်းရှင်းရင်] ဟူသော စကားလုံးသုံးလုံး ဖြစ်မည်ဟု ခန့်မှန်းရသည်။

'ကောင်းကင်ကြယ်တာရာ တံဆိပ်တော်’

ဤအစိမ်းရောင် တံဆိပ်ပြားကား အမှန်ပင် ထူးခြားလှသည်။

“အရင်တုန်းက ချန်အာက စိတ်ဆတ်တဲ့ ကလေးလေးပဲ ရှိသေးတယ် ဒါ့ကြောင့် အဖေက ဒီတံဆိပ်ပြားကို ထိန်းသိမ်းပေးထားခဲ့တာ … အခုတော့ အဖေ စိတ်ချပါပြီ အဖေ မရှိတော့ရင်တောင် ချန်အာက မိသားစုကို ကောင်းကောင်း အုပ်ချုပ်နိုင်လိမ့်မယ်”

ယဲ့ကျန့်ထျန်းက ပြောသည်။

ယဲ့ချန်သည် တံဆိပ်ပြားအား ဝတ်ရုံအတွင်းဖက် အိတ်ထဲတွင် အသေအချာ သိမ်းထားလိုက်သည်။

“အဖေ ... ကျွန်တော် ဘိုးဘေးကန်တော့ပွဲ နေ့တုန်းက ကမ္ဘာဦးမိုးကြိုးခန္ဓာကို ပထမဆုံး သုံးဖူးတာမလို့ အင်အား မချိန်ဆနိုင်ခဲ့ဘူး ယဲ့ခုံးယန်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေမိသွားတယ် ထင်တယ်”

“ဘယ်လိုပဲဖြစ်ဖြစ် အဲဒီကောင်လေးက မိသားစုရဲ့ တားမြစ်ပညာရပ်ကို ပြိုင်ပွဲမှာ သုံးခဲ့တယ် ဖြစ်လာတဲ့ အကျိုးဆက်က သူနဲ့တန်တယ်”

ယဲ့ကျန့်ထျန်းက အေးစက်စွာ ပြောသည်။ ပြိုင်ပွဲနေ့က ယဲ့ချန်သာ ကမ္ဘာဦးမိုးကြိုးခန္ဓာကို အသုံးမပြုနိုင်ခဲ့ပါက ကျိန်းသေ သေဆုံးရပေမည်။ ယဲ့မော့ယန်တို့ သားအဖသည် ကြင်နာမှုနှင့် လုံးဝ မထိုက်တန်ပေ။

“မဟုတ်ဘူး အဖေ နားလည်မှုလွဲနေပြီ ကျွန်တော်က ယဲ့ခုံးယန်ကို စိုးရိမ်နေတာ မဟုတ်ဘူး အဲဒီနေ့က ကျွန်တော်ရဲ့ လက်ဝါးချက်က သူ့ရင်ဘတ်က သွေးကြောဆုံမှတ်ကို မိမိရရ ထိသွားတယ် ကျွန်တော်မှန်းတာ မမှားရင် ယဲ့ခုံးယန်ရဲ့ အဓိကသွေးကြောမတွေ ပျက်စီးသွားလောက်ပြီ ယဲ့မော့ယန်ရဲ့ အငြိုးထားတတ်တဲ့ စိတ်ဓာတ်အရသာဆိုရင် ဒီကိစ္စက မပြီးလောက်သေးဘူး နောက်ဆက်တွဲတွေ ရှိလာမှာစိုးတယ်”

ယဲ့ချန်က အလေးအနက်ထား၍ ရှင်းပြသည်။

“ဒါတော့မှန်တယ် ယဲ့မော့ယန်ရဲ့ စိတ်ဓာတ်အရဆို အနှေးနဲ့အမြန် လက်တုံ့ပြန်လာလိမ့်မယ် ဒါပေမဲ့ မစိုးရိမ်ပါနဲ့ အဖေ လူလွှတ်ပြီး ယဲ့မော့ယန်ကို စောင့်ကြည့်ထားလိုက်မယ် သူ့ဘက်က တစ်ခုခု မသင်္ကာစရာ လှုပ်ရှားမှု တွေ့တာနဲ့ အဖေ ဖြေရှင်းလိုက်မယ်”

ယဲ့ကျန့်ထျန်းသည် ယဲ့ချန်၏ ခေါင်းအား လက်ဖြင့် ခပ်ဖွဖွ ပုတ်ရင်း ဆိုသည်။

“ချန်အာ ... အခုဆိုရင် မင်းက မိသားစုရဲ့ တရားဝင် ဆက်ခံသူ ဖြစ်နေပြီ ဆောင်ရွက်ရမဲ့ တာဝန်တွေ ဝတ္တရားတွေ အများကြီးပဲ ရှိတယ် အဲဒါတွေကိုပဲ အာရုံစိုက်ပြီး ကျန်တာတွေ အဖေနဲ့ လွှဲထားလို့ ရတယ်”

ယဲ့ချန် သက်ပြင်းချသည်။ သူ့ဖခင် ပြောသည်က မှန်သော်လည်း ယဲ့မော့ယန် အသက်ရှင်နေသေးသည် ဟူသော အချက်ကိုပင် သူ့အနေနှင့် စိတ်မသက်မသာ ဖြစ်နေရတာ ဖြစ်၏။

စကားစမြည် အနည်းငယ် ပြောဆိုပြီးနောက် ယဲ့ချန် ကိုယ်ပိုင်ခြံဝန်းသို့ ပြန်လာခဲ့သည်။ သူက ထျန်းချီအဆင့် ၆သို့ ရောက်ရှိပြီးသော်လည်း အခြေခိုင်ဖို့ လိုနေသေးသည်။ အားရစရာ တစ်ချက်မှာ ယခုဆိုလျှင် ယဲ့ချန်သည် ကမ္ဘာဦးမိုးကြိုး ခန္ဓာအား စက္ကန့်၂၀ ကြာသည်အထိ ထုတ်ဖော်နိုင်ပြီ ဖြစ်သည်။ ကမ္ဘာဦးမိုးကြိုးခန္ဓာအား အချိန်ကြာကြာ ထုတ်ဖော်နိုင်လေလေ လက်တွေ့ တိုက်ပွဲများ၌ အသက်ရှင်နိုင်ရန် အခွင့်အလမ်း မြင့်လေလေ ဖြစ်သည်။

တံဆိပ်ပြား လွှဲပြောင်းပေးပြီးသည့် နေ့မှစ၍ ယဲ့ကျန့်ထျန်းသည် မိသားစုတွင်း အရေးကိစ္စများ ဆုံးဖြတ်ရာတွင် ယဲ့ချန်၏ အမြင်အား သိသိသာသာ မေးမြန်းတတ်လာသည်။

ယဲ့မိသားစု၏ ဝင်ငွေများ မြစ်ဖျားခံရာ အဓိက အရင်းအမြစ် နှစ်ခုရှိသည်။ ဝင်ငွေ သုံးပုံနှစ်ပုံက ယဲ့မိသားစုပိုင် တောင်တန်းများထဲရှိ သတ္တုတွင်းမှ လာသည်။ ကျန်သုံးပုံတစ်ပုံကမူ ယဲ့မိသားစုပိုင် သံနက်သတ္တုတွင်းမှ လာသည်။ ယဲ့မိသားစု လက်အောက်တွင် အလုပ်လုပ်နေသော သတ္တုတွင်း လုပ်သားပေါင်း ရာချီ ရှိသည်။ ယဲ့မိသားစုသည် တုန်းလင်ပြည်နယ်အတွင်း ဆိုင်ခွဲများ ဖွင့်လှစ်လျက် သတ္တုတွင်းထွက်များ ရောင်းချပြီး တစ်နှစ်လျှင် ချီစုဆောင်းဆေးလုံး ရာဂဏန်း စုဆောင်းမိသည်။ ယဲ့မိသားစုတွင် မှီတင်းနေထိုင်သူများ၏ နေ့စဉ် အသုံးစရိတ်များအတွက် မိသားစု၏ လက်ရှိဝင်ငွေဖြင့် အခက်အခဲမရှိ တတ်နိုင်နေသေးသည်။

အတိုချုပ်ရသော် ယဲ့မိသားစုသည် နှစ်စဉ် ချီစုဆောင်းဆေးလုံး သုံးရာခန့် ဝယ်ယူနိုင်သော ဝင်ငွေရှိသည်။ သို့သော် ယဲ့ချန်က သွေးကြောများ ပျက်စီးနေသော သုံးနှစ်အတွင်း ချီစုဆောင်းဆေးလုံး တထောင်ကျော် ဖြုန်းတီးခဲ့သည်။ ယဲ့မိသားစုအတွက် ထိုပမာဏကား အလွန်များသည်။ တစ်ချိန်တုန်းက ယဲ့မိသားစုသည် တုန်းလင်ပြည်နယ် တဝိုက်၌ စီးပွားရေး လုပ်ငန်းပေါင်းစုံ ပိုင်ဆိုင်ခဲ့သော်လည်း ယခုမူ ဆိုင်အများစုက ပိတ်လိုက်ရပြီ ဖြစ်ကာ မိသားစု အသုံးစရိတ်ကိုလည်း လျှော့ချနေရသည်။

ယဲ့ချန်၏ ပခုံးပေါ်တွင် ထမ်းထားသော တာဝန်ဝတ္တရားများ ပိုမို များပြားလာသလို ခံစားလိုက်ရသည်။ မိသားစုက သူ့အတွက် ပေးဆပ် အနစ်နာခံခဲ့သည့် အရာများအတွက် သူ့ဘက်မှ အတတ်နိုင်ဆုံး ပြန်လည် ဖြည့်ဆည်း ပေးရပေမည်။

***

All Chapters