ဆုံးမစကားတစ်ခွန်း
Vol. 2 Ch. 16
ပြန်လည် ပြုပြင်ထားသော မိုးကြိုးအင်ပါယာ ကျင့်စဉ်အား ရရှိပြီးနောက် ယဲ့မိသားစု လူငယ်လေးများသည် အပြင်းအထန် လေ့ကျင့်ခြင်းတွင်သာ အာရုံစိုက်ထားကြ၏။ ပြုပြင်ထားသော ထိုကျင့်စဉ် ပထမအဆင့်သည် ထျန်းချီအဆင့် ၆အထိ အကျုံးဝင်သည်။ ထျန်းချီအဆင့်၆ အထက်ဆင့်များ အတွက်မူ ပြုပြင်ထားသော ဒုတိယအဆင့် ကျင့်စဉ် လိုအပ်သည်။
ထျန်းချီအဆင့် ၅ ထိပ်ဆုံးသို့ ရောက်ရှိနေကြသော လူငယ်များဆိုလျှင် ထျန်းချီအဆင့်၆သို့ ချိုးဖျက် ဝင်ရောက်တော့မည် ဖြစ်သည်။ ယဲ့မူနှင့် ယဲ့ဖုန်းတို့၏ ကျင့်ကြံခြင်းတွင်လည်း အတော်လေး တိုးတက်မှု ရှိလာကြသည်။
တစ်ခုသော နံနက်ခင်း၌ ယဲ့ချန်သည် လေ့ကျင့်ရေးကွင်းပြင် အနီးသို့ လမ်းလျှောက်ထွက်ခဲ့သည်။ လေ့ကျင့်ရေး ကွင်းပြင်အတွင်း ယခင်ကထက် တက်တက်ကြွကြွနှင့် အားမာန်အပြည့် လေ့ကျင့်နေကြသော မိသားစုဝင်များကို တွေ့ရသည်။
“ခေါင်းဆောင်ဟောင်း ပို့ချပေးတဲ့ ကျင့်စဉ်အသစ်က အကျိုးရှိလွန်းတယ် နတ်ဘုရားကျင့်စဉ်လိုပဲ အရင်က ငါတို့လေ့ကျင့်တဲ့ ကျင့်စဉ်ထက် အများကြီး သာတယ်”
“မင်း ဘယ်လောက် တိုးတက်လာလဲ”
“မင်းလည်းသိတဲ့အတိုင်းပဲ ငါထျန်းချီအဆင့်၄မှာ တန့်နေတာ ၂နှစ်ရှိပြီ အဲဒါနဲ့ပတ်သက်ပြီး ငါဘယ်လောက်ထိ စိုးရိမ်နေရလဲဆိုတာ ကောင်းကင်က အသိဆုံးပဲ အခု ပြုပြင်ထားတဲ့ မိုးကြိုးလက်ဝါး အတွင်းအား ကျင့်စဉ်ကိုလည်း ကျင့်လိုက်ရော မနေ့ကပဲ ထျန်းချီအဆင့် ၅ကို ရောက်သွားတယ်လေ”
“ဝမ်းသာစရာပဲ ဂုဏ်ပြုပါတယ်ကွာ”
လူငယ်လေးများက အချင်းချင်း စကားဖလှယ်နေကြရင်း လမ်းလျှောက်လာသော ယဲ့ချန်အားမြင်သော် အလျင်အမြန် နှုတ်ဆက်လာကြသည်။ ဆက်ခံသူ ဂုဏ်ပုဒ်ကြောင့်ပဲ ဖြစ်ဖြစ်၊ ပါရမီကြောင့်ပဲဖြစ်ဖြစ် ယဲ့ချန်ကား မိသားစုဝင်များ အားလုံး၏ ရင်ထဲ၌ လေးစားဖွယ် စံပြတစ်ယောက် ဖြစ်နှင့်နေခဲ့လေပြီ။
“အစ်ကိုချန်”
“အစ်ကိုချန်”
ယဲ့မုန့်၊ ယဲ့မင်တို့ကလည်း ယဲ့ချန်ထံ လာရောက် နှုတ်ဆက်ကြပြီး မကြာခင်ပဲ ယဲ့ချန်အနီး၌ လူငယ်လေးများ ဝိုင်းအုံသွားသည်။
ယဲ့ချန်ကလည်း နွေးထွေးသော အပြုံးတစ်ခုနှင့် ပြန်လည်နှုတ်ဆက်သည်။ ကြည့်ရသည်မှာ သူ၏ ညီအစ်ကိုများအားလုံး တိုးတက်လာကြပုံ ရသည်။
ထိုအချိန်တွင် လူငယ်ရှစ်ယောက် ပါဝင်သော အုပ်စုတစုသည် ယဲ့ချန်အရှေ့၌ ရုတ်တရက် ပေါ်လာကာ ဒူးထောက်ချလိုက်ကြသည်။
“အစ်ကိုချန် ... အတိတ်တုန်းက ကျွန်တော်တို့ လုပ်ခဲ့တဲ့ အပြစ်တွေအတွက် တောင်းပန်ချင်လို့ပါ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးဖို့ အတင့်ရဲပြီး တောင်းဆိုပါရစေ”
တစ်ချက် အကဲခတ်လိုက်သည်တွင် ယဲ့ချန် ၎င်းတို့ ၈ယောက်အား မှတ်မိသွားသည်။ အနှီလူငယ် တစ်သိုက်သည် လွန်ခဲ့သော သုံးနှစ်အတွင်း ယဲ့ချန်အား နည်းမျိုးစုံနှင့် လှောင်ပြောင် သရော်ခဲ့သူများ ဖြစ်ကြသည်။
ယဲ့ချန် ပြောလိုက်သည်။
“ကောင်းပြီလေ အရင်ဆုံး မင်းတို့ အခုလို လာတောင်းပန်ရတဲ့ တကယ့် ရည်ရွယ်ချက်ကို ပြောပါ”
လူငယ် ၈ယောက်သည် ဘာပြောရမှန်း မသိစွာ တစ်ယောက် မျက်နှာတစ်ယောက် ကြည့်နေကြသည်။
“အစ်ကိုချန် ... သူတို့ကို အစ်ကိုချန့်အစား ဆုံးမပေးပါရစေ”
ယဲ့မုန့်နှင့် ယဲ့မင်က တညီတညွတ်တည်း ပြောသည်။ သူတို့နှစ်ယောက်သည် ထို၈ယောက်အုပ်စုအား ဟိုးကတည်းက ကြည့်မရခဲ့တာ ဖြစ်သည်။
ယဲ့ချန် နိမ့်ပါးနေခဲ့သည့် သုံးနှစ်အတွင်း ထို၈ယောက်သည် ယဲ့ခုံးယန်၏ နောက်လိုက်ခွေးများသဖွယ် ပြုမူပြီး ယဲ့ချန်အား အမြဲလိုလို နှောင့်ယှက် ဒုက္ခပေးခဲ့ကြသည်။
“ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ အစ်ကိုချန် ကျွန်တော်တို့အားလုံး ယဲ့ခုံးယန် လှည့်စားတာကို ခံခဲ့ရတာပါ”
ထို၈ယောက်က ယခုပင် ငိုချတော့မယောင် အော်ဟစ်ကြသည်။
ယဲ့ချန်က ပြုံးသည်။ အကြောင်းကြောင်းကြောင့် ထိုအပြုံးက အလွန် အေးစက်သော အရိပ်အငွေ့များ ထုတ်လွှတ်နေသယောင် ခံစားရသည်။
“တကယ်ကိုပဲ ... မင်းတို့က အရှက်မဲ့လွန်းတယ် အခု လာတောင်းပန်ရတာလည်း ယဲ့ခုံးယန်ရဲ့ အဆုံးသတ်ကို မြင်ပြီး သူ့လို ဖြစ်မှာကြောက်လို့ မဟုတ်လား”
ထိုအုပ်စုက ဆိတ်ငြိမ်ခြင်းဖြင့် ဝန်ခံသည်။
“ဒီအခြေအနေထိ ရောက်တာတောင် မင်းတို့အားလုံးက ကိုယ်ဘာအမှား လုပ်ခဲ့မှန်း သေချာသိပုံမရဘူး တသက်လုံးလည်း သိမဲ့ပုံမပေါ်ဘူး”
ယဲ့ချန်သည် အပြုံးမပျက် ဆိုသည်။ သူ့လေသံကလည်း ယဉ်ကျေး ရည်မွန်နေဆဲ။ သို့သော် ထိုအရာများနှင့် ဆန့်ကျင်စွာ သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အရှိန်အဝါကမူ နက်မှောင်အေးစက်သည်။
လူငယ် ၈ယောက်သည် ထိုအရှိန်အဝါကြောင့် အသည်းထဲထိ အေးစိမ့်သွားသလို ခံစားလိုက်ကြရသည်။ ကြောက်ရွံ့စွာဖြင့် တုံ့ပြန်စကား မဆိုရဲကြဘဲ နေရာ၌ ခေါင်းငုံ့လျက် ဆက်လက် ဒူးထောက်နေကြ၏။
တဖြည်းဖြည်းနှင့် ထိုအုပ်စု ဒူးထောက်နေသော နေရာတွင် လူများ စုရုံးလာကြပြီး တစ်ဆင့်စကား တစ်ဆင့်နားမှ ကြားသူများကလည်း အထူးအဆန်းသဖွယ် လာကြည့်သွားကြသည်။ ၎င်းတို့အပေါ် အမျိုးမျိုးသော ရှုံ့ချသံများကလည်း ဘေးပတ်လည်မှ ထွက်ပေါ်နေ၏။
ယဲ့ချန်က စကားဆက်သည်။
“မင်းတို့ အခုချိန်မှာ ဘာတွေတွေးနေမလဲ ဆိုတာ ငါခန့်မှန်းမိပါတယ် ငါက ဆက်ခံသူတစ်ယောက်ရဲ့ အာဏာကို အလွဲသုံးစား လုပ်တယ်လို့ တွေးကောင်း တွေးနေလိမ့်မယ် ငါ့အစား ယဲ့ခုံးယန်သာ ဆက်ခံသူ ဖြစ်သင့်တယ်လို့ရောပေါ့ ဟုတ်တယ်မလား မင်းတို့ အခု ခံစားနေရတဲ့ အရှက်ကွဲမှုက ငါသုံးနှစ်လုံးလုံး ခံစားခဲ့ရတာတွေနဲ့ ယှဉ်ရင် ဘာမှမဟုတ်ပါဘူး ဒါပေမဲ့ မင်းတို့ အခုလောက်လေး ခံစားရတာကိုတောင် မခံမရပ်နိုင် ဖြစ်ရတယ်မလား ဒီနေရာကနေ အငွေ့ပျံပြီး ပျောက်သွားချင်မိတယ်မလား”
ထိုအုပ်စု၏ မျက်နှာများမှာ ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားကြသည်။
“မဟုတ် ... မဟုတ်ပါဘူး ကျွန်တော်တို့ အဲဒီလို မတွေးရဲပါဘူး အစ်ကိုချန့်ကို စိတ်ရင်းနဲ့ တောင်းပန်ချင်ရုံပါ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
“ယဲ့မိသားစုက လူဦးရေများတဲ့ မိသားစုကြီးဖြစ်လို့ တစ်ယောက်နဲ့ တစ်ယောက် သွေးဝေးကြတယ် ဆိုရင်တောင် ငါတို့အားလုံးက တူညီတဲ့ ဘိုးဘေးတွေကနေ ဆင်းသက်လာကြတဲ့ ညီအစ်ကိုမောင်နှတွေပဲ။ ငါတို့အားလုံး ဒီမိသားစုထဲမှာ အတူတူ ဆော့ကစားရင်း ကြီးပြင်းလာခဲ့ကြတယ်။ ငါတို့ထဲက တစ်ယောက်ယောက်ရဲ့ အခက်အခဲက အားလုံးရဲ့ အခက်အခဲပဲ။ တစ်ယောက်ယောက် ဒုက္ခရောက်နေတဲ့အချိန် အားလုံးက ကူညီဖေးမပေးပြီး အားလုံး ဒုက္ခရောက်နေတဲ့ အချိန်မှာတော့ တစ်ယောက်ချင်းစီတိုင်းက တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးနေရမယ်။ ငါတို့မိသားစုထဲက လူတယောက် ဒုက္ခရောက်နေတဲ့ အချိန်မှာ ငါတို့က ဘေးကနေ လှောင်ပြောင်ရယ်မော နေမဲ့အစား အားပေးစကားလေး တစ်ခွန်းလောက်ဖြစ်ဖြစ် ပြောပေးရင်တောင် လုံလောက်တယ်။ တကယ်လို့ မင်းတို့ထဲက တစ်ယောက်ယောက်ရဲ့ အဓိကသွေးကြောမတွေ ပျက်စီးသွားခဲ့ရင် ငါယဲ့ချန်က အစ်ကို တစ်ယောက်အနေနဲ့ မင်းတို့ ခံစားနေရတာကို ဒီတိုင်း ရပ်ကြည့်နေမှာ မဟုတ်ဘူး။ မိသားစုထဲက ညီအစ်ကိုအချင်းချင်း ကျင့်ကြံခြင်းလမ်းစဉ်မှာ ယှဉ်ပြိုင်ကြတာက ပြဿနာ မဟုတ်ပါဘူး တစ်ယောက်ယောက်ကို ရည်ရွယ်ချက်ရှိရှိ မထိခိုက်စေသေးသ၍ အဆင်ပြေတယ်။ ယဲ့ခုံးယန်ကို ဥပမာထားပြီး ပြောရရင် သူအနေနဲ့ ဆက်ခံသူနေရာအတွက် ယှဉ်ပြိုင်တာက ပြဿနာမဟုတ်ဘူး ဒါပေမဲ့ တားမြစ်ပညာကို ခိုးယူလေ့ကျင့်တာက ကျတော့ ပြဿနာဖြစ်သွားပြီ။ မိသားစုထဲမှာ ရှိတဲ့ လူငယ်တွေက တစ်ယောက်နဲ့ တစ်ယောက် ချောက်ချဖို့ပဲ ကြံစည်နေကြမယ်ဆိုရင် မိသားစုကလည်း တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာမှာပဲ။ မင်းတို့ရဲ့ ဦးနှောက်မဲ့တဲ့ လုပ်ရပ်တွေက ကိုယ့်တက်လမ်းကို ကိုယ့်ဘာသာ ပြန်ပိတ်နေတာနဲ့ အတူတူပဲ။ ငါဒီနေ့ မင်းတို့ကို ဘာအပြစ်မှ ပေးမှာမဟုတ်ဘူး တစ်တခုပဲ ... မင်းတို့ ကိုယ့်အခန်း ကိုယ်ပြန်ရောက်တဲ့အခါ ယဲ့မိသားစု စည်းကမ်းချက်တွေကို တစ်ခေါက်လောက် အလေးအနက်ထားပြီး ပြန်ဖတ်ကြည့် ... အနာဂတ်မှာ မင်းတို့က မိသားစုအတွက် ထောက်တိုင်တွေ ဖြစ်လာမှာလား ဒါမှမဟုတ် စုန်းပြူးတွေ ဖြစ်လာမှာလား ဆိုတာကတော့ မင်းတို့နဲ့ပဲ သက်ဆိုင်သွားပြီ။
ထိုစကားများကို ပြောနေသည့် တစ်လျှောက်လုံးတွင် ယဲ့ချန်၏ အမူအရာက အလွန်တည်ကြည် လေးနက်နေပြီး ဘယ်အရာကမှ သူ့အား မရပ်တန့်နိုင်သည့်အသွင် ဆောင်သည်။ နားထောင်နေသူအားလုံး တိတ်ဆိတ်သွားကြသည်။
ဒူးထောက်နေသော လူငယ် ၈ယောက်သည် ရှက်ရွံ့မှုကြောင့် ခေါင်းမဖော်နိုင်တော့သလို ခံစားရသည်။ ယဲ့ချန်က ဆက်ခံသူအာဏာအား အသုံးချကာ လက်စားချေလာမည် စိုးသောကြောင့် သူတို့၈ယောက်လုံး လာရောက် တောင်းပန်ခဲ့ကြခြင်း ဖြစ်သည်။ စိတ်ရင်းဖြင့် တောင်းပန်လို၍ မဟုတ်ကြ။ လက်တွေ့၌မူ ယဲ့ချန်က လက်စားချေရမည့်အစား အလွန်လေးနက်လှသည့် ဆုံးမစကားတို့ကို ဆိုခဲ့သည်။ ယဲ့ချန်၏ စကားလုံး တစ်လုံးချင်းစီက လူငယ် ၈ယောက်လုံး၏ စိတ်အတွင်း၌ ထပ်တလဲလဲ ရစ်ဝဲနေကြပြီး အတိတ်တချိန်က ၎င်းတို့ မည်မျှ မိုက်မဲခဲ့သည်ကို သိမြင်လာသည်။
ယဲ့ချန်၏ စကားအစအဆုံးအား ရပ်လျက် နားထောင်နေကြသော လူငယ် အများစုသည် နက်နဲသော စိတ်အခြေအနေ တစ်ခုသို့ ရောက်ရှိသွားကြသည်။
‘မိသားစု’
‘မိသားစု’ ဟူသည့် ဝေါဟာရလေးက ဤမျှ အဓိပ္ပာယ် ပြည့်ဝကြောင်း သူတို့ နားမလည်ခဲ့ရိုး အမှန်။ တစ်ဆက်တည်းမှာပဲ ယဲ့ချန်သည် ယဲ့မိသားစု၏ ဆက်ခံသူနေရာနှင့် အလွန် ထိုက်တန်ကြောင်းကိုလည်း အားလုံး၏ နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ သဘောတူမိလာသည်။
မလှမ်းမကမ်းတွင် ဤဖြစ်ရပ်အား အကဲခတ်နေကြသော ယဲ့မိသားစုမှ ၂၀ကျော်အရွယ် လူငယ်များသည်လည်း ခေါင်းတညိတ်ညိတ်ဖြင့် ယဲ့ချန်၏စကားအား ထောက်ခံမိကြသည်။
ယဲ့ချန် တွေးမိသည်။
‘မိသားစုတခုကို အလွန်အင်မတန် စည်းလုံးတဲ့ အခြေအနေ တစ်ခုအထိ စုစည်းနိုင်ဖို့က တကယ်ကို ထင်သလောက် မလွယ်လှဘူး ခေါင်းဆောင်ဟောင်း လက်ထက်တုန်းက မလုပ်နိုင်ခဲ့သလို အဖေလည်း ခုထိ ကြိုးစားနေရတုန်းပဲ’
ယဲ့ချန်သည် ယဲ့မိသားစုပိုင် သတ္တုတွင်းများအကြောင်း ပိုမိုနားလည်စေရန် သတ္တုတွင်းများရှိရာ တောင်တန်းဘက်သို့ တစ်ခေါက်လောက် သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် လက်ရှိတွင် ယဲ့ချန်က မိသားစု၏ မျက်စိထောက် ထောက် စောင့်ကြည့်ခြင်း ခံနေရရာ ယဲ့မိသားစု ရဲတိုက် အပြင်ဘက်သို့ ခြေတစ်လှမ်း ချလိုက်သည်နှင့် အစောင့်အရှောက် အုပ်လိုက်ကြီး လိုက်ပါလာမှာ သေချာ၏။ ထို့ကြောင့် ယဲ့ချန်သည် ကိုယ်ပိုင်ခြံဝန်းသို့ အရင်ပြန်ကာ ရုပ်ဖျက်လိုက်သည်။ မှန်ထဲရှိ မျက်နှာက ကိုယ်တိုင်ပင် မမှတ်မိတော့သော မျက်နှာမျိုး ဖြစ်သွားတော့မှ စိတ်ကျေနပ်သွားပြီး ယဲ့မိသားစုရဲတိုက်မှ ခိုးထွက်လာခဲ့သည်။
ယဲ့ချန်သည် အပြင်လောကသို့ မထွက်ဖြစ်ခဲ့သည်မှာ သုံးနှစ် ရှိခဲ့ပြီဖြစ်ရာ ယခုတစ်ခေါက် ထွက်ခဲ့ခြင်းအား လေ့လာရေးခရီးအဖြစ် သဘောထားလိုက်သည်။
သိပ်မကြာခင်ပဲ ယဲ့ချန်သည် ယဲ့မိသားစု သတ္တုတွင်းများ ရှိသော တောင်ကြားဒေသသို့ ရောက်ရှိသွားသည်။ ထိုနေရာ၌ သတ္တုတွင်း လုပ်သားများနှင့် သက်ဝင် လှုပ်ရှားနေပြီး ယဲ့မိသားစု အကြီးအကဲနှစ်ယောက်က ကြီးကြပ်နေသည်။
လုပ်သားအများစုက ပုဆိန်၊ ပေါက်တူးများနှင့် ကျောက်ရိုင်းတုံးကြီးများအား ထုခွဲနေကြပြီး လုပ်သားအချို့က ထုခွဲပြီးသော သတ္တုရိုင်းများကို အကောင်း၊ အဆိုး ခွဲခြားကာ ခြင်းတောင်းများထဲသို့ ထည့်နေကြသည်။ အရည်အသွေး ပြည့်မီသော သတ္တုရိုင်းများကသာ ဆိုင်တွင် တင်သွင်း ရောင်းချနိုင်သည်။ ထို့ကြောင့် သတ္တရိုင်းများကို အကောင်း၊ အဆိုး ခွဲခြားရသည့် တာဝန်ကလည်း အရေးကြီးသည်ဟု ဆိုရမည်။
ကျောက်ရိုင်းတုံးများကို ထုခွဲသည်မှစ၍ ဆိုင်တွင် တင်သွင်း ရောင်းချသည်အထိ ဖြစ်စဉ် အစအဆုံးမှာ တစ်ဆင့်ချင်းစီအား အလေးထား လုပ်ဆောင်ရသောကြောင့် လက်ဝင်သည်။
‘သူတို့ လုပ်နေတဲ့ ပုံစံက သိပ်မထိရောက်သလိုပဲ’
ယဲ့ချန် တွေးမိ၏။
လွန်ခဲ့သော သုံးနှစ်ကျော် အဓိကသွေးကြောများ မပျက်စီးခင် အချိန်ကဆိုလျှင် ယဲ့ချန်အနေနှင့် မိသားစုစီးပွားရေးအပေါ် စိုးရိမ်စရာ မလိုခဲ့သော်လည်း ယခုမူ အခြေအနေက မတူညီတော့။ သူ့အနေနှင့် မိသားစုစီးပွားရေးအား တတ်စွမ်းသမျှ တိုးမြှင့်ပေးလိုသည်မို့ သတ္တုတွင်း လုပ်သားများ၏ လုပ်ဆောင်ပုံ အဆင့်ဆင့်ကို သတိထား ကြည့်ဖြစ်သည်။
ယဲ့ချန် မှတ်မိသေးသည်။ သူ ယခုဘဝသို့ မဝင်စားခင် အတိတ်ဘဝက နေထိုင်ခဲ့သော ကမ္ဘာသည် ယခုကဲ့သို့ ကျင့်ကြံခြင်း ကမ္ဘာမဟုတ်။ ထိုကမ္ဘာတွင် နေထိုင်ကြသူများ အားလုံးက မကျင့်ကြံနိုင်ကြသော်လည်း သတ္တုတွင်းကဲ့သို့ စီးပွါးရေး ကိစ္စများတွင်မူ ကျင့်ကြံခြင်းကမ္ဘာရှိ လူများထက် ပိုမို ခေတ်မီသည်။
ထိုသို့အတွေးနှင့် ယဲ့ချန်ခေါင်းထဲ အတွေးသစ်တချက် လက်သွားသည်။
***