← Chapters

တစ်စုံတစ်ယောက် တန်ခိုးရှင်အဆင့်တက်ခြင်း

Vol. 114 Ch. 1595

တစ်စုံတစ်ယောက် တန်ခိုးရှင်အဆင့်တက်ခြင်း

Vol. 114 Ch. 1595

တောင်ပင်လယ်လောကနှင့် အာကာပြင်ကျယ်ကျောင်း‌တော်၏စစ်ပွဲသည် နှစ်ပေါင်းတစ်‌ထောင်တိုင် ကြာမြင့်၏။ သို့ထိတိုင် နှစ်ဖက်လုံး တစ်ဖက်အား အပြတ်မရှင်းနိုင်ပေ။ နောက်ဆုံးတော့ စစ်ရပ်စဲကြသည်။ သေဆုံးခဲ့သည့် ကျင့်ကြံသူအရေအတွက်မှာ ရေတွက်၍ပင်မရပေ။

စစ်ရပ်စဲခဲ့သည့် တစ်ခုတည်းသောအကြောင်းရင်းမှာ အသေအပျောက်ဆုံးရှုံးပျက်စီးမှု များလွန်း၍ပင်။ အင်အားစုနှစ်စုအကြားရှိ ရန်ငြိုးသည် သွေးသမုဒ္ဒရာတစ်စင်းပမာ၊ ဘယ်တော့မှ ဖြေမရသည့် ကြိုးထုံးတစ်ထုံးသဖွယ် ဖြစ်၏။

အချိန်တွေ ကုန်လွန်သွားသည်။ နောက်ထပ် နှစ်ငါးထောင်။

မန်ဟိုကား တံခါးပိတ်ကျင့်ကြံရာမှ တစ်ကြိမ်ပင် ထွက်မလာခဲ့ပေ။ သူသည် အိပ်နေသယောင် ထင်ရသော်လည်း တကယ်တော့ ကျိန်စာ၏ပြဿနာကို ခွဲခြမ်းစိတ်ဖြာရင်း တင်ပျဉ်ခွေထိုင်နေခြင်းဖြစ်၏။ တစ်ချိန်တည်းမှာပင် သူ၏ဘိုးဘေးနယ်ပယ်အဆင့် ကျင့်ကြံခြင်းအခြေခံကိုလည်း ခိုင်မာအောင် လုပ်နေသည်။

မန်ဟိုသည် ကြယ်တာရာကောင်းကင်၏အပြင်၌ လောကပါလနတ်မင်းအား လိုက်မရှာ‌တော့ပေ။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာ သူ့မှာ လွန်စွာတိုက်ခိုက်ချင်ခဲ့သော်လည်း တကယ်တမ်း ပျာယာခတ်နေသင့်သည့်လူမှာ သူမဟုတ်ဘဲ လောကပါလနတ်မင်းဖြစ်သင့်ကြောင်း သ‌ဘောပေါက်ခဲ့သည်။

“ပုန်းချင်တယ်လား။ ပုန်းစမ်း။ ငါ မင်းကို အချိန်ပေးမယ်။ နာကျင်ပူဆွေးမှုက ငါ့နှလုံးသားကို တိုက်စားနေပေမယ့်လည်း မင်းလည်း အားနည်းလာနေပြီ” မန်ဟိုသည် မျက်လုံးများကိုပင် မဖွင့်ပေ။ နဝမတောင်ပေါ်၌ ထိုင်လျက် အချိန်တွေသာ ကုန်ဆုံးနေစေ၏။

နောက်နှစ်ငါး‌ထောင် ကြာသည်။ ယခုတွင် မန်ဟိုနှင့်လောကပါလနတ်မင်း၏တိုက်ပွဲ ပြီးဆုံးသည့်အချိန်မှ နှစ်ပေါင်းသုံးသောင်းကြာခဲ့လေပြီ။ နှစ်တစ်သောင်းကြာ အင်အားပြန်တည်ဆောက်ပြီးနောက် တောင်ပင်လယ်လောကနှင့် အာကာပြင်ကျယ်ကျောင်းတော်က ဒုတိယအကြိမ် စစ်ဆင်ဖို့ ပြင်ဆင်ကြသည်။

ဒုတိယလောကစစ်သည် ပထမလောကစစ်ထက်ပင် ပို၍ပြင်းထန်၏။ ပထမစစ်ပွဲတွင် အင်အားစုနှစ်စုသည် သူမသာကိုယ်မသာဖြစ်ခဲ့သော်လည်း ယခုမူအခြေအနေက မတူတော့ပေ။ စစ်ရေစီးကြောင်းသည် အာကာပြင်ကျယ်ကျောင်းတော်ဘက်သို့ သာနေခဲ့ချေပြီ။ အကြောင်းရင်းမှာ သူတို့၏ခေါင်းဆောင်ကြီးတစ်ဦး ဝင်ရောက်တိုက်ခိုက်၍ပင်။

ထိုခေါင်းဆောင်ကြီးသည် နှစ်ပေါင်းများစွာ အသက်ရှည်ခဲ့ပြီး အင်မတန်အသက်ရှည်လွန်း၍ အတော်များများမှာ သူ့ကို ‌မေ့ပင်မေ့နေခဲ့ကြ၏။ အများစုအတွက် သူက ဒဏ္ဍာရီထဲတွင်သာ တည်ရှိသော အတိတ်ကလူတစ်ယောက် ဖြစ်ခဲ့သည်။

သူ့နာမည်က ရှကျုံတုံးပင်။

ရှကျုံတုံးသည် နှစ်သုံးသောင်းကြာ တရားထိုင်နေစဉ်အတွင်း မကွယ်လွန်ခဲ့ပေ။ သူ ထွက်လာသည့်အခါ သူ၏ကျင့်ကြံခြင်းအဆင့်ကား ကြောက်ခမန်းလိလိအဆင့်သို့ ရောက်နေခဲ့လေပြီ။ သို့သော် သူကား ပျက်စီးဆွေးမြည့်ခြင်းအငွေ့အသက်များ လှိုင်လှိုင်ထနေသည့်တိုင်အောင် အိုမင်းနေခဲ့ပြီဖြစ်သည်။ သို့ထိတိုင် သူက တောင်ပင်လယ်လောကမှ အနှစ်သာရ ၉ ခုပါရာဂွန်ပေါင်းများစွာကို သတ်ခဲ့၏။

သူတစ်ယောက်တည်းက စစ်ရေးအခြေအနေတစ်ခုလုံးအား ပြောင်းလဲသွားစေခဲ့သည်။ သူ၏တန်ခိုးက တောင်ပင်လယ်လောကသားတို့၏ရင်ထဲ၌ စိတ်ပျက်အားငယ်မှုတို့ ပြည့်နှက်လာစေသည်။

သူ၏အိုမင်းနေသောခန္ဓာကိုယ်မှာ အနှိုင်းမဲ့စွမ်းအားများဖြင့် ပြည့်နှက်နေသယောင် ထင်ရသော်လည်း တောင်ပင်လယ်လောကသားကျင့်ကြံသူများကို သူ ကြည့်သည့်အခါတိုင်း သူ့မျက်လုံးများ၌ ရှုပ်ထွေးသောခံစားချက်များ ပြည့်နေသည်။ သူ့အကြည့်ထဲ၌ အင်မတန်‌ကြောက်စရာကောင်းသည့် ဖြစ်တည်မှုတစ်ခုအား မြင်ယောင်နေသည့်အလားပင်။

ရှကျုံတုံး စစ်ပွဲထဲ ဝင်ပါသည့်အချိန်တွင် တောင်ပင်လယ်‌လောကကျင့်ကြံသူများမှာ ချက်ချင်း အပြတ်အသတ်ရှုံးနိမ့်တော့သည်။ သူတို့မှာ သူတို့အိမ်၏အပြင်နားလေးအထိ ရောက်သည့်တိုင်အောင် အာကာပြင်ကျယ်ကျောင်းတော်စစ်တပ်ကြီး၏ တွန်းထုတ်ခြင်းခံနေရသည်။ တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်းအပြင်တွင် အလောင်းများ၊ အနိဋ္ဌာရုံမြင်ကွင်းများအား မြင်ရနိုင်သည်။

ဤအချိန်တွင် တောင်ပင်လယ်ကျင့်ကြံသူများမှာ ကူကယ်ရာမဲ့နေချေပြီ။ ရှကျုံတုံးက အံတင်းတင်းကြိတ်၍ လောကအတွင်း စီးနင်းဝင်ရောက်ဖို့ ကြိုးစားသည်။ သို့သော် သူ နယ်စပ်အား အမှန်တကယ် နင်းလိုက်သည်နှင့်တစ်ပြိုင်နက် တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းသည် တသိမ့်သိမ့်တုန်လာပြီး ကျင့်ကြံသူအားလုံးအား တုန်ရီလာစေသော တန်ခိုးတစ်ရပ် ပေါ်ထွက်လာ၏။ ထိုတန်ခိုးက တောင်ပင်လယ်များထံမှ လာပေသည်။

တန်ခိုးသည် မိုးနှင့်မြေကို ကြောက်လန့်တုန်ရီသွားစေသော၊ ကြယ်တာရာကောင်းကင်တစ်ခုလုံးတွင် ထစ်ချုန်းသံများ ဆူညံသွားစေသည့် စွမ်းအားဖြစ်၏။ တောင်ပင်လယ်ကျင့်ကြံသူများမှာ ချက်ချင်းဆိုသလို အားတက်သွားကြတော့သည်။

“ငါတို့ဘိုးဘေးကြီးရဲ့ တန်ခိုးလား”

“တောင်ပင်လယ်လောကက တကယ်တော့ ရှေးခေတ်တုန်းက ဘိုးဘေးကြီးတစ်ဦး ဖန်ဆင်းခဲ့တဲ့ အဖိုးထိုက်ရတနာဆိုတဲ့ ပုံပြင်တစ်ပုဒ် ငါ ကြားခဲ့ဖူးတယ်”

တောင်ပင်လယ်လောကသား ကျင့်ကြံသူများ စိတ်လှုပ်ရှားတုန်ရီနေကြစဉ် ရှကျုံတုံးက အားခနဲ အော်သည်။ တောင်ပင်လယ်လောကထံမှ သူ ခံစားလိုက်ရသည့် တန်ခိုးက သူ့အား တုန်ရီလာစေသည်။ သူ့မှာ အမြန်ဆုံး နောက်ဆုတ်သွားရ၏။

“မှားသွားပါတယ်။ မှားသွားပါတယ်။ အရင်တုန်းကအချိန်တွေကို ထောက်ထားပြီး အသက်ချမ်းသာပေးပါ” ရှကျုံတုံးမှာ ကြောက်စိတ်တို့မွှန်ထူနေ၍ အသက်ချမ်းသာပေးဖို့ တောင်းပန်တော့သည်။ လွန်ခဲ့သောအနှစ်သုံးသောင်းမှ အကြောက်တရားကား သူ့ရင်ထဲ၌ ငုပ်လျှိုးနေခဲ့သေးလေသည်။

သို့သော် စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားလျှင်ချင်း ဤတန်ခိုးသည် မန်ဟို့ဆီမှ လာခြင်းမဟုတ်၊ တောင်ပင်လယ်လောကဆီမှ လာခြင်းဖြစ်ကြောင်း သူ အာရုံရလိုက်၏။ သူက ရုတ်တရက် ခါးခါးသီးသီး ထရယ်တော့သည်။

“ငါ့ကို သတ်ဖို့ ကြိုးစားတာက မင်းတောင် မဟုတ်ဘူးပေါ့လေ။ မင်းက ဒီမှာတောင် မရှိတော့ဘူး။ ငါ့ကို သတ်ဖို့ ကြိုးစားနေတာက မင်း ချန်ခဲ့တဲ့ အဖိုးထိုက်ရတနာရဲ့စွမ်းအားပဲ။ ငါ ရှကျုံတုံးမှာ တန်ခိုးအဆင့်နီးနီး ကျင့်ကြံခြင်းအခြေခံရှိတယ်။ ဒါပေမဲ့ ငါဟာ မင်းချန်ခဲ့တဲ့ အဖိုးထိုက်ရတနာကိုတောင် ပြန်မတိုက်နိုင်ပါလား...”

သူ ထပ်မဆုတ်နိုင်ခင် တောင်ပင်လယ်များနှင့် အာကာပြင်ကျယ်ကျောင်းတော်မှ ကျင့်ကြံသူအားလုံး ကြည့်နေသည့်အချိန်မှာပင် ... တန်ခိုးကြီးမားသော ရှကျုံတုံးသည် တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်း၏စွမ်းအားဖြင့် လွှမ်းခြုံခံလိုက်ရ၏။ ထိုစွမ်းအားက တောင်တစ်လုံး၊ ပင်လယ်တစ်စင်း၏ပုံရိပ်အသွင်ပြောင်းပြီးနောက် ရှကျုံတုံးအား ဖိနှိပ်ချလိုက်သည်။

အုန်းးးးးးးးးးး

လူတိုင်း ရင်တုန်သွားကြသည်။ တောင်နှင့်ပင်လယ်၏ပုံရိပ် မှေးမှိန်ပျောက်ကွယ်သွားသည့်အခါ ရှကျုံတုံးမှ ကျန်ခဲ့သည့်အကြွင်းအကျန်ဆို၍ .... ပြားကပ်နေသောသွေးအပျစ်ချွဲကြီးသာ ရှိတော့သည်။

သူကား ခန္ဓာနှင့်ဝိညာဉ်ပါ အသတ်ခံလိုက်ရချေပြီ။

ကြီးမားခံ့ညားသောတန်ခိုးအင်အားဖြင့်ပင် သူ့မှာ တိုက်ကွက်‌လေးတစ်ကွက်တည်းဖြင့် အပြတ်ရှင်းခံလိုက်ရသည်။

သူ၏သေဆုံးမှုသည် စစ်မြေပြင်တစ်ခုလုံးအား ငြိမ်သက်သွားစေ၏။ အာကာပြင်ကျယ်ကျောင်းတော်မှ ကျင့်ကြံသူများမှာ ကြောက်ဒူးတုန်လာကြပြီးနောက် ထိတ်လန့်စွာ အော်ကြတော့သည်။ ခွက်ခွက်လန်ရှုံးသွားပြီဖြစ်ကြောင်း သူတို့ သိသွားကြပြီး တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းကို ကြည့်သောအခါ သူတို့၏မျက်ဝန်းများ၌ ကြောက်စိတ်တို့ စိုးမိုးပြည့်နှက်နေသည်။

ဆန့်ကျင်ဘက်တွင် တောင်ပင်လယ်လောကသားတို့သည် ဝမ်းမြောက်နေကြ၏။ သူတို့မှာ မြင်ခဲ့ရသောအရာကို မယုံနိုင်ဖြစ်နေကြသည့်အပြင် သူတို့သေသေချာချာမတွေးတောခဲ့သော သူတို့၏အိမ်အကြောင်းများအား ပြန်တွေးမိသွားကြသည်။

အထူးသဖြင့် ရှကျုံတုံးမသေခင် ရေရွတ်သွားခဲ့သည့်စကားများကြောင့်ပင်။ သူ ကြောက်နေမှန်း သူတို့ပြောနိုင်သည့်တိုင် သူရည်ညွှန်းခဲ့သောလူက မည်သူမှန်း တစ်ယောက်မှမသေချာကြပေ။

ကြည့်ရသရွေ့ ရှေးခေတ်တုန်းက တစ်စုံတစ်ယောက်သည် တမင်တကာ ဇာတ်မြှုပ်နေခြင်းဖြစ်မည်။ ထိုပုဂ္ဂိုလ်က မည်သူမှ မမှတ်မိသော အလွန်တရာဩဇာအရှိန်အဝါကြီးမားသည့် လူတစ်ယောက်ဖြစ်လိမ့်မည်။

ဤသို့ဖြင့် စစ်ကြီးပြီးသွားသည်။ မန်ဟိုကမူ တံခါးပိတ်ကျင့်ကြံလျက်သာ။ သူက မျက်လုံးများကို ဖွင့်၍ ကြယ်တာရာကောင်းကင်အား လှမ်းကြည့်လိုက်သည်။ သူ့အကြည့်မှာ နက်နဲလျှို့ဝှက်စွာ ရှေးဆန်နေသည်။ တခဏကြာသော် သူသည် မျက်လုံးများကို ပြန်ပိတ်၍ တရားပြန်ထိုင်နေ၏။

ရှကျုံတုံး၏သေခါနီးစကားများက တောင်ပင်လယ်လောကသားကျင့်ကြံသူတို့အတွက် ကမ္ဘာအသစ်ဖွင့်ပေးခဲ့ဟန်သည်။ နောက်နှစ်များအတွင်း လောကသားအပေါင်းသည် သူတို့အိမ်၏သမိုင်းရာဇဝင်များနှင့် သူတို့အိမ်မည်ကဲ့သို့ စတင်ဖြစ်တည်ခဲ့သလဲ ရှာဖွေစုံစမ်းကြ၏။ သူတို့သည် အင်အားချဲ့ထွက်ခြင်းကို ဆက်မလုပ်တော့သလို၊ အာကာပြင်ကျယ်ကျောင်းတော်နှင့်လည်း စစ်မဖြစ်တော့ပေ။ ထိုအစား သူတို့၏သမိုင်းကြောင်းကို ပြန်လိုက်နေကြသည်။

အချိန်တွေ ကုန်လွန်သွားသည်။ စတုတ္ထနှစ်တစ်သောင်းအပိုင်းအခြား ပြီးဆုံးသွားချေပြီ။

တောင်ပင်လယ်လောကသားကျင့်ကြံသူများ အေးအေးဆေးဆေး လေ့လာနေကြသည့်အချိန်တွင် အာကာပြင်ကျယ်ကျောင်းတော်ကတော့ ဆန့်ကျင်ဘက်ပင်။ သူတို့သည် ကြယ်တာရာကောင်းကင်တစ်ခွင် နယ်ချဲ့ကျူးကျော်လျက် သိမ်းပိုက်နေကြ၏။ သို့သော် တောင်ပင်လယ်လောကနှင့် ပတ်သက်လာလျှင်တော့ တွန့်ဆုတ်တွေဝေကြလေသည်။

ထိုတွန့်ဆုတ်တွေဝေမှုက နှစ်တစ်သောင်းကြာသည်။ ထို့‌နောက် အာကာပြင်ကျယ်ကျောင်းတာ်၏ ခေါင်းဆောင်ကြီးနောက်တစ်‌ယောက်သည် အံ့ဖွယ်ပြောင်းလဲမှုအား ကျော်ဖြတ်နိုင်ခဲ့၏။

တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသော ပုဂ္ဂိုလ်ကား ရှေးကျပြီး ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ့အား ရွှေဝတ်ရုံခေါင်းဆောင်ကြီးဟု လူတိုင်း ခေါ်ဆိုကြလေသည်။ သူကတော့ ကျင်ယွင်ရှန်းမှတစ်ပါး အခြားမဟုတ်။

ကြယ်တာရာကောင်းကင်မှာ လုံးလုံးလျားလျား လှုပ်ခတ်နေသည်။ မရေမတွက်နိုင်သော သက်ရှိသတ္တဝါများ အံ့ဩတုန်လှုပ်ကုန်ကြပြီး ကျင့်ကြံသူအားလုံး အာကာပြင်ကျယ်ကျောင်းတော်မှ ဖြာထွက်လာသည့် တန်ခိုးရှင်အရှိန်အဝါအား ခံစားလိုက်ကြရသည်။

နှစ်သောင်း‌ပေါင်းများစွာ ကြာခဲ့ပြီဖြစ်၍ ကျင်ယွင်ရှန်းသည် အတိတ်တုန်းက အဖြစ်အပျက်များကို မှတ်မိသေးသည့် သက်ရှိထင်ရှားလူအနည်းစုထဲမှ တစ်ယောက်ဖြစ်၏။ သူသည် တန်ခိုးရှင်စင်မြင့်များ၏ ကောင်းချီးများကို လက်ခံကာ မန်ဟိုနှင့်အတူ စစ်တိုက်ခဲ့သည်။ မန်ဟို တိုက်ခိုက်ခဲ့သည်ကို သူ မြင်တွေ့ခဲ့ရပြီး မန်ဟို့အား အားကျခဲ့ရသည်။

နောက်ဆုံးတော့ နှစ်သောင်းပေါင်းများစွာကြာပြီးနောက် သူ့သက်တမ်းကုန်တော့မည့်အချိန်မှာပဲ သူ၏အပြင်အားကိုယ်သည် တန်ခိုးရှင်အဆင့်တက်ခဲ့၏။ သူကား လွန်ခဲ့သောနှစ်ကု‌ဋေများက ပါရာဂွန်ကိုးတံဆိပ်နှင့်တူညီသည့် အဆင့်သို့ ရောက်ခဲ့သည်။ သူသည် တန်ခိုးရှင်လမ်းအပေါ် ပထမဆုံးခြေချနိုင်ခဲ့ပြီး မကြာခင်မှာပဲ ကျင့်ကြံခြင်းအခြေခံ၌ပင် တန်ခိုးရှင်အဆင့်တက်ခဲ့လေသည်။

ကျင်ယွင်ရှန်းတွင် လိုအပ်သည့်အရာဆို၍ တန်ခိုးရှင်အဆင့်ဝိညာဉ်သာ ရှိသည်။ သို့သော် ဝိညာဉ်မှာ အခက်ခဲဆုံးအပိုင်းဖြစ်သည်။ သူ၏ကြောက်ခမန်းလိလိတန်ခိုးသည် အမြင့်ဆုံးသို့ မရောက်ခဲ့သော်လည်း တန်ခိုးရှင်အဆင့်အပြင်အားကိုယ်နှင့် ကျင့်ကြံခြင်းအခြေခံဖြင့် သူကား တန်ခိုးရှင်တစ်ပိုင်းထက်ပင် ပိုလေသည်။ သူ့အား တန်ခိုးရှင်အဆင့်တက်ခဲ့သူများထဲ အမှန်တကယ် စာရင်းထည့်သွင်းနိုင်၏။

All Chapters