← Chapters

ယွမ်ကျန်းဖုန်း ဘယ်ဆီမှာ

Vol. 52 Ch. 731

ယွမ်ကျန်းဖုန်း ဘယ်ဆီမှာ

Vol. 52 Ch. 731

အခန်း (၇၃၁) ယွမ်ကျန်းဖုန်း ဘယ်ဆီမှာ

ကောင်းကင်ဝါဒလက်ဝါးသိုင်းဆိုသည်က မဟာကပ်ဘေးကြီးမတိုင်ခင်က သိုင်းပညာအမွေအနှစ်များကို စုစည်းအခြေခံပြီး ဝါဒတောင်၏တည်ထောင်သူဆရာဘိုးဘိုးက တီထွင်ခဲ့သော ထိပ်တန်းသိုင်းပညာတစ်ရပ် ဖြစ်သည်။

ထိုသိုင်းပညာက စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်၏ ပြီးပြည့်စုံခြင်းမရှိသည့် မူကွဲတစ်ခု ဖြစ်၏။

စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်မှဆင်းသက်လာသည့် အခြားသောသိုင်းပညာများရှိမည်ဆိုလျှင်လည်း ကောင်းကင်ဝါဒလက်ဝါးသိုင်းနှင့် ခပ်ဆင်ဆင်တူမည်သာပင်။

သို့သော် ရန်ကျောက်ကဲကတော့ မည်သို့မှမတတ်နိုင်စွာ အတွေးရောက်သွားမိသည်။

ပိုင်ကျစ်မင်ကတော့ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ရောက်ဖူးမည်မဟုတ်ပေ။ အထက်ဘုံကမ္ဘာတွင်လည်း ကောင်းကင်ဝါဒလက်ဝါးသိုင်းကို အသုံးပြုသူမှာ ရန်ကျောက်ကဲတစ်ယောက်သာ ရှိနိုင်သည်။

ဆိုတော့ ပိုင်ကျစ်မင်က ကောင်းကင်ဝါဒလက်ဝါးသိုင်းကို အသုံးပြုသူတစ်ယောက် တွေ့မြင်ဖူးသည်ဆိုလျှင် မည်သည့်နေရာတွင် ဖြစ်ပါသနည်း။

ရန်ကျောက်ကဲမျက်ဝန်းများ တစ်ချက်လင်းလက်သွားပြီး သူက ပိုင်ကျင်မင်ကို လေးနက်စွာ ကြည့်လိုက်သည်။

“ဒီလက်ဝါးသိုင်းကို ဆရာကြီး’ပိုင်’ ဘယ်မှာများ မြင်ဖူးတာပါလဲ”

ရန်ကျာက်ကဲ တည်ကြည်လေးနက်သွားကြောင်း ပိုင်ကျစ်မင် ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

သူက တည်ကြည်စွာဖြင့်...

“ဒီအဘိုးကြီးက အထက်ဘုံကမ္ဘာကလူမဟုတ်ဘူးဆိုတာ မိတ်ဆွေလေး’ရန်’ လည်း သိမှာပါ”

“ကျုပ် လာခဲ့တဲ့ကမ္ဘာကို ‘ယန်ဖူကမ္ဘာ’ လို့ခေါ်တယ် ၊ ကျုပ်က နတ်ဘုရားသိမြင်ခြင်းအဆင့်ကို တက်ရောက်ပြီးတဲ့နောက်မှ အထက်ဘုံကမ္ဘာကို ရောက်လာခဲ့တာလေ”

ရန်ကျောက်ကဲ ဖြည်းညင်းစွာခေါင်းညိတ်လိုက်သည်။ သူ့စိတ်ထဲတွင် ထင်မြင်ချက်တစ်ခု တိကျသေချာစွာ ပေါ်လာသည်။

ပိုင်ကျစ်မင်က ဆက်ပြော၏။

“ယန်ဖူကမ္ဘာမှာရှိတုန်းက လက်တစ်ဖက်တည်းနဲ့ ကောင်းကင်ကိုကိုင်လှုပ်နိုင်တဲ့လူတစ်ယောက်ကို တွေ့ခဲ့ဖူးတယ် ၊ သူ့ရဲ့လက်ဝါးရိုက်ချက်က လောကတစ်ခုလုံးကို လွှမ်းခြုံသွားပြီး တကယ့်ကိုထူးခြားပြင်းထန်လွန်းတယ််”

သူက ရန်ကျောက်ကဲကိုကြည့်ရင်း...

“အဲဒီဆရာကြီးနာမည်က ယွမ်ကျန်းဖုန်းလို့ခေါ်တယ် ၊ သူ့မှာလက်တစ်ဖက်ပဲရှိတယ် ၊ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ယွမ်ဖူကမ္ဘာမှာ ရုတ်တရက်ပေါ်လာတာ ၊ ဒီအဘိုးကြီးနဲ့တခြားသူတွေကတော့ တခြားကမ္ဘာကရောက်လာတဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ ခန့်မှန်းကြတယ်”

ထိုစကားကြားတော့ ရန်ကျောက်ကဲ စိတ်သက်သာရာရသွားသည်။

ထိုသူမှာ အမှန်တကယ်ပင် အချိန်ကြာမြင့်စွာပျောက်ဆုံးသွားခဲ့သော သူ၏ဆရာဘိုးဘိုး ၊ ဝါဒတောင်၏ဂိုဏ်းချုပ်အဟောင်း ‘ယွမ်ကျန်းဖုန်း’ ပင် ဖြစ်သည်။

မြေကမ္ဘာနယ်မြေတိုက်ပွဲတွင် ငရဲကိုးထပ်ကိုတားဆီးရင်း ဝင်ပေါက်အက်ကွဲကြောင်းကို ချိတ်ပိတ်စဉ်က အချိန်နှင့်ဗလာနယ်စီးကြောင်း ပရမ်းပတာဝဲဂယက်များကြားတွင် ဆရာဘိုးဘိုး’ယွမ်ကျန်းဖုန်း’ သဲလွန်စမကျန်ပျောက်ကွယ်သွားခဲ့ပြီး မည်သည့်နေရာသို့ ရောက်ရှိသွားမှန်း မသိရပေ။

ရန်ကျောက်ကဲအပါအဝင် ဝါဒတောင်မှလူများအားလုံး ဆရာဘိုးဘိုးအတွက် စိုးရိမ်ပူပန်ခဲ့ကြရသည်။

သူတို့အားလုံး ဆရာဘိုးဘိုးအား ကောင်းကင်ဘုံမှမျက်နှာသာပေးကာ အန္တရယ်ကင်းမည်ဟု နှစ်သိမ့်ခဲ့ကြသော်လည်း မည်သည့်သတင်းမှ စုံစမ်းနိုင်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် စိတ်သက်သာရာမရနိုင်ခဲ့ကြပေ။

ထို့ပြင် ဆရာဘိုးဘိုးအား မည်သည့်နေရာတွင် စတင်ရှာဖွေရမှန်းလည်း သဲလွန်စတစ်ခုပင်မရလေရာ ရန်ကျောက်ကဲသည်ပင် ထိုကိစ္စနှင့်ပတ်သက်ပြီး မည်သို့မှမတတ်နိုင် ဖြစ်ခဲ့ရသည်။

ယခုတော့ သတင်းကြားရပြီဖြစ်ရာ ရန်ကျောက်ကဲ စိတ်သက်သာရာရသွားပြီး စိတ်အေးလက်အေးလည်း ဖြစ်သွားသည်။

သူက ပိုင်ကျစ်မင်ကိုကြည့်ရင်း...

“ဆရာကြီး’ပိုင်’ ပြောတဲ့သူက ဒီ ‘ရန်’ရဲ့ဂိုဏ်းက ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ အကြီးအကဲတစ်ယောက်ပါ ၊ အရင်က သူ့ကိုရှာဖို့ လုံးဝသဲလွန်စမရခဲ့ဘူး”

ပိုက်ကျစ်မင်က...

“အဲဒီလိုကိုး... မိတ်ဆွေလေး’ရန်’ စိတ်ချပါ ၊ ဆရာကြီး’ယွမ်’ က လက်တစ်ဖက်ပဲရှိတော့ပေမယ့် ဒီအဘိုးကြီး ယန်ဖူကမ္ဘာမှာရှိကတည်းက အဆင်ပြေပြေ ရှိပါတယ် ၊ သူက ယန်ဖူကမ္ဘာက ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ခုရဲ့ ဧည့်သည်အကြီးအကဲတစ်ယောက်ပါပဲ ၊ ဒီအဘိုးကြီး အထက်ဘုံကမ္ဘာရောက်မလာခင်ကတည်းက သူ အဆင်ပြေပြေ နေထိုင်ရပါတယ်”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ဒါဖြင့် တော်သေးတာပေါ့”

ပိုင်ကျစ်မင်က သက်ပြင်းချရင်း...

“ပြောရရင်... အဲဒီ ဆရာကြီး’ယွမ်’ က လက်တစ်ဖက်တည်းရှိပေမယ့် သိုင်းပညာကတော့ ပေါ့သေးသေး မဟုတ်ဘူး”

“အရင်က ဒီအဘိုးကြီး သူနဲ့ အကြိမ်ပေါင်းများစွာ ဆုံခဲ့ဖူးတယ် ၊ သူနဲ့ တခြားသူတွေတိုက်ခိုက်တာကိုလည်း တွေ့မြင်ဖူးတယ် ၊ ဒါကြောင့်လည်း မိတ်ဆွေ‌လေး’ရန်’ အသုံးပြုတဲ့ လက်ဝါးသိုင်းကို မှတ်မိသွားတာပေါ့”

ရန်ကျောက်ကဲက ပိုင်ကျစ်မင်ကို ဦးညွှတ်ဂါရဝပြုရင်း...

“ဒါပေမဲ့ သိချင်တာတစ်ခုရှိပါတယ် ဆရာကြီး’ပိုင်’ ၊ ခင်ဗျားနေထိုင်တဲ့ ယန်ဖူကမ္ဘာရဲ့တည်နေရာကို ဘယ်လိုရှာဖွေရမလဲဆိုတာ ပြောပြနိုင်မလား ၊ ယန်ဖူကမ္ဘာကို ကျွန်တော်တို့သွားမယ်ဆိုရင် အဆင်ပြေနိုင်မလား”

ပိုင်ကျစ်မင်က…

“နည်းနည်းတော့ခက်ခဲပေမယ့် ကြိုးစားကြည့်လို့တော့ ရပါတယ်”

သူက ရန်ကျောက်ကဲကိုကြည့်ရင်း...

“မိတ်ဆွေလေး’ရန်’ က ဆရာကြီး’ယွမ်’ ကို အလျင်စလိုတွေ့စရာရှိလို့လား”

ရန်ကျောက်ကဲက...

“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အလျင်စလိုတွေ့ချင်တယ်ပဲ ပြောရမှာပဲ”

ပိုင်ကျစ်မင်ကပြုံးရင်း...

“မိတ်ဆွေလေး’ရန်’ သာ အလျင်မလိုဘူးဆိုရင် ဆရာကြီး’ယွမ်’ နဲ့ အထက်ဘုံကမ္ဘာမှာ မကြာခင် ဆုံကြရမှာပါ”

သူက ဆက်ပြောသည်။

“ဒီအဘိုးကြီး အထက်ဘုံကမ္ဘာကိုတက်တော့ အထက်ဘုံကမ္ဘာတက်ပွဲကျင်းပပြီး တာအိုရောင်းရင်းတွေကို လာရောက်ကြည့်ရှုဖို့ ဖိတ်ကြားခဲ့တယ် ၊ အဲဒီပွဲကို ဆရာကြီး’ယွမ်’ လည်း ရောက်လာတယ်လေ ၊ အဲဒီကတည်းက သူက နတ်ဘုရားသိမြင်ခြင်းအဆင့်ရောက်ဖို့ ခြေတစ်လှမ်းပဲလိုတော့တယ်”

“အဲဒီတုန်းက ကျုပ်ကတောင် နောင်ပြောင်ခဲ့သေးတယ် ၊ ကျုပ်ပြီးရင် ယန်ဖူကမ္ဘာကနေ အထက်ဘုံကမ္ဘာကိုတက်လာမယ့် နောက်တစ်ယောက်က ဆရာကြီး’ယွမ်’ ပဲ ဖြစ်မယ်လို့လေ”

ထိုစကားကြားတော့ ရန်ကျောက်ကဲ အံ့အားသင့်သွားပြီး...

“အိုး ဟုတ်လား”

ခဏမျှ စဉ်းစားပြီးနောက် ရန်ကျောက်ကဲက ပိုင်ကျစ်မင်အား ယန်ဖူကမ္ဘာ၏ အချိန်စီးဆင်းမှုအကြောင်း မေးမြန်းလိုက်ပြီး အထက်ဘုံကမ္ဘာ ၊ ယန်ဖူကမ္ဘာနှင့် အစွန်းရောက်ရှစ်ပါးကမ္ဘာတို့၏ အချိန်စီးဆင်းမှုများကို နှိုင်းယှဉ်ကြည့်လိုက်သည်။

ထို့နောက် ရန်ကျောက်ကဲ မနေနိုင်ဘဲ ရေရွတ်လိုက်၏။

“ဟုတ်တယ်... အခုချိန်ဆို ဆရာဘိုးဘိုးက သိုင်းသူတော်စင် တတိယအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်း နှောင်းပိုင်းအဆင့် အထွတ်ထိပ်ကိုရောက်နေလောက်ပြီပဲ”

ဖခင်ဖြစ်သူ ‘ရန်တိ’ က ဘိုးဘေးများအားလုံးထက် သာလွန်သူဖြစ်ခဲ့သလို ဆရာဘိုးဘိုး ‘ယွမ်ကျန်းဖုန်း’ သည်လည်း တန်ခိုးစွမ်းအားနှင့်ပါရမီတွင် ထူးချွန်သူတစ်ယောက် ဖြစ်သည်။ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သောကြောင့်သာ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်တွင် နှစ်ပေါင်းများစွာ ကျင့်ကြံခြင်းတစ်ဆို့နေခဲ့ရသည်။

ထိုအချိန်များတွင် ယွမ်ကျန်းဖုန်းမှာ ကူရာကယ်ရာမဲ့နေခဲ့သည့်တိုင် ကျင့်ကြံခြင်းစုဆောင်းမှုများ အလွန်အမင်းများပြားလာပြီး သိုင်းသူ‌တော်စင်အဆင့်သို့တက်ရောက်ပြီးနောက်ပိုင်း ကျင့်စဉ်လမ်းက အလွန်ပင်ချောမွေ့လာခဲ့သည်။

ထိုနှစ်ပိုင်းတွင် အရှေ့ပင်လယ်နှင့် မြေကမ္ဘာနယ်မြေတွင်သာ ဆက်တိုက်ဆိုသလို ဘေးအန္တရယ်များ မကျရောက်ခဲ့ပါက ယွမ်ကျန်းဖုန်းအတွက် အချိန်ပိုမိုရရှိပြီး သိုင်းသူတော်စင် ဒုတိယအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်း အလယ်ဆင့်ကိုပင် အချိန်တိုအတွင်းတက်ရောက်နိုင်မည်မှာ သံသယဝင်စရာ မရှိပေ။

သိုင်းသူတော်စင် ဒုတိယအဆင့်တက်ရောက်ရန် ယွမ်ကျန်းဖုန်းအတွက် ဟွမ်ကွမ်လီလောက်ပင် အခက်အခဲ မရှိခဲ့ပေ။ အမှန်တော့ နဂိုကပင် ယွမ်ကျန်းဖုန်းက ဟွမ်ကွမ်လီထက် သာလွန်သူ ဖြစ်၏။

သို့ပေသိ ယွမ်ကျန်းဖုန်းအနေဖြင့် သိုင်းသူတော်စင် တတိယအဆင့်ဖြစ်သော ကိုယ်ခွဲပေါင်းစပ်ခြင်း နှောင်းပိုင်းအဆင့်ကို တက်ရောက်ပြီးနောက် နှစ်အနည်းငယ်အတွင်းမှာပင် နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့်သို့ တက်ရောက်နိုင်မည် မဟုတ်ပေ။ ဤသည်က ကျင့်ကြံသူများ၏စံနှုန်းကိုကျော်လွန်ပြီး အလွန်လျှင်မြန်နေသည်ဟု ဆိုနိုင်သည်။

တကယ်တော့ ကျင့်ကြံသူတိုင်းက ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားလောက် လျှင်မြန်စွာတိုးတက်နိုင်မည် မဟုတ်ပေ။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက စကြာဝဠာကိုဖြတ်ကျော်လျှက် နတ်ဘုရားသိမြင်ခြင်းကို နားလည်ခဲ့သည်။ နှစ်အနည်းငယ်အတွင်းမှာပင် ကျင့်ကြံခြင်းအဆင့်သုံးဆင့် ဆက်တိုက်ဆိုသလိုတက်ရောက်ခဲ့သည်။ ဤသို့ဖြစ်ရသည့်အကြောင်းရင်းများစွာရှိသလို ကံတရားနှင့်လည်း သက်ဆိုင်သည်။

အခြားစကားဖြင့်ဆိုရသော် ဤသည်က ကံကောင်းခြင်းသာ ဖြစ်လေရာ ကျင့်ကြံသူအများစုကို အကဲဖြတ်ရန် စံသတ်မှတ်ချက်အဖြစ် သတ်မှတ်၍မရနိုင်ပေ။

သွေးကြောဆုံချက်များကိုသန့်စင်ပြီး နတ်ဘုရားသိမြင်ခြင်းသို့ရောက်ရှိရန် မည်မျှခက်ခဲကြောင်း ဥပမပြောရမည်ဆိုလျှင် အတိတ်တစ်ချိန် အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ ၊ နေသူတော်စင်ဂိုဏ်းမှ ခရမ်းရောင်နေသူတော်စင် ကျန်းချောင်ကိုကြည့်လျှင် သိရှိနိုင်ပေမည်။

ကောင်းကင်ပွဲတော်အမွှေးနံ့သာ ၊ ကမ္ဘာသုမဒ္ဒရာသလင်းကျောက်များနှင့် အခြားသော ရတနာပစ္စည်းများကို သယ်ဆောင်လာသည့် ၊ ရန်ကျောက်ကဲ သတ်ဖြတ်ခြင်းကို ခံလိုက်ရသော ရှန်လင်ကျီအဆက်အနွယ် အဘိုးအိုသည်လည်း သာဓကတစ်ခု ဖြစ်၏။

ထိုအဘိုးကြီးဆိုလျှင် ခန်းဖင်း ၊ ‘ခန်း’ သခင်မတို့နှင့် မျိုးဆက်တူသူဖြစ်ပြီး သူ၏အသက်အရွယ်နှင့်ဝါစဉ်က ခန်းမောင်ရှန်းနှင့် ခန်းကျင်းယွမ်တို့ညီအစ်ကိုထက် များစွာမြင့်မားသည်။ သို့တိုင် ထိုအဘိုးအိုသည် ထိုညီအစ်ကိုနှစ်ယောက်ကဲ့သို့ပင် သိုင်းသူတော်စင် တတိယအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်း နှောင်းပိုင်းအဆင့်မှာပင် ရှိနေဆဲဖြစ်ပြီး ရှေ့ဆက်မတက်နိုင်ဘဲ ကျင့်ကြံခြင်းတစ်ဆို့လျှက် ရှိ၏။

ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာမှ အရည်အချင်းရှိလှပါသည်ဆိုသော ကိုယ်ခွဲပေါင်းစပ်ခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်များသည်ပင် နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့်သို့ ရောက်ရှိရန် မလွယ်ကူလှပေ။

ယွမ်ကျန်းဖုန်းအား နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ တက်ရောက်တော့မည်ဟု ပိုင်ကျစ်မင်က အချိန်တိုအတွင်း အကဲဖြတ်နိုင်ခြင်းမှာ ဆရာဘိုးဘိုးဖြစ်သူသည် ကိုယ်ခွဲပေါင်းစပ်ခြင်း နှောင်းပိုင်းအဆင့်တွင်သာမဟုတ်ဘဲ နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့်သို့ တက်ရောက်လုနီးပါးအခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။

“ဒီတော့... ထူးခြားတဲ့အခြေအနေတစ်ခုခုများ ရှိနိုင်မလားပဲ”

ရန်ကျောက်ကဲတွေးလိုက်သည်။

ထို့နောက် သူက ပိုင်ကျစ်မင်ကိုကြည့်ရင်း...

“ဒါပေမဲ့ လူတစ်ယောက် အထက်ဘုံကမ္ဘာကို ဘယ်အချိန်တက်လာမလဲဆိုတာ အတိအကျ မသိနိုင်ပါဘူး ၊ ဒါကြောင့် ဒီ ‘ရန်’ ကပဲ ယန်ဖူကမ္ဘာကို သွားချင်ပါတယ် ၊ အဲဒီကို ချောချောမွေ့မွေ့သွားရောက်နိုင်ဖို့ ဆရာကြီး’ပိုင်’ကပဲ ကူညီပေးပါဗျာ”

ပိုင်ကျစ်မင်က ခေါင်းညိတ်ရင်း...

“ကောင်းပြီလေ... အတိအကျတော့ အာမမခံနိုင်ပေမယ့် ဒီအဘိုးကြီးကိုယ်တိုင် ယန်ဖူကမ္ဘာကိုပြန်ချင်ရင် အဆင်ပြေဖို့အတွက် အမှတ်အသားတစ်ခု လုပ်ထားတယ် ၊ အခုတော့ မိတ်ဆွေလေး’ရန်’ အပေါ်ပဲ မူတည်ပါတယ်”

ရန်ကျောက်ကဲက သက်ပြင်းတစ်ချက်ချရင်း...

“ဒါဖြင့် ဆရာကြီး’ပိုင်’ ကိုပဲ ဒုက္ခပေးရတော့မယ်”

ပိုင်ကျစ်မင်က ကျောက်စိမ်းပြားလေးတစ်ခုကို ထုတ်ယူပြီး ရန်ကျောက်ကဲထံ ကမ်းပေးလိုက်သည်။

ရန်ကျောက်ကဲက ပိုင်ကျစ်မင် ညွှန်ကြားသည့်အတိုင်း ကြယ်တာရာချီစွမ်းအားအနှစ်သာရကို ကျောက်စိမ်းပြားလေးအတွင်းသို့ ထည့်သွင်းလိုက်သည်။

ထိုအခါ ကျောက်စိမ်းပြားလေးအတွင်းမှ တောက်ပသောမြူခိုးများ ချက်ချင်းပင် မြင့်တက်ထွက်ပေါ်လာလေ၏။

All Chapters