← Chapters

လမ်းကျဉ်းကျဉ်းမှာလာဆုံတွေ့တဲ့ရန်သူ

Vol. 52 Ch. 732

လမ်းကျဉ်းကျဉ်းမှာလာဆုံတွေ့တဲ့ရန်သူ

Vol. 52 Ch. 732

အခန်း (၇၃၂) လမ်းကျဉ်းကျဉ်းမှာလာဆုံတွေ့တဲ့ရန်သူ

ကျောက်စိမ်းဆွဲပြားမှထုတ်လွှတ်လိုက်သော မြူခိုးများက လေထုအလယ်တွင်ပျံ့နှံ့သွားပြီး တဖြည်းဖြည်း ပြန့်ကျဲလာသည်။

ထို့နောက် လေထုထဲတွင် ကျောက်စိမ်းလမ်းတစ်လမ်းဖြစ်တည်လာကြောင်း ရန်ကျောက်ကဲ ယောင်ဝါးဝါး တွေ့မြင်ရသည်။ ထိုကျောက်စိမ်းလမ်းက ပတ်ဝန်းကျင်မှ ကျောက်စိမ်းရောင်မြူခိုးများနှင့်ပေါင်းစပ်သွားပြီး အဝေးတစ်နေရာသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

သို့ပေသိ လမ်းကြောင်းက ကွေ့ကောက်နေသည့်အတွက် မည်သည့်နေရာသို့ဦးတည်မှန်း ဆုံးဖြတ်ရခက်သည်။

ပိုင်ကျစ်မင်က ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာသို့ ကောင်းကင်အက်ကွဲကြောင်းကိုဖြတ်သန်းပြီး ရောက်ရှိလာခြင်း မဟုတ်ပေ။ သူ၏ကျင့်ကြံခြင်းအဆင့်ကို ယန်ဖူကမ္ဘာက ခံနိုင်ရည်မရှိတော့သဖြင့် သဘာဝအတိုင်း အထက်ဘုံကမ္ဘာသို့ ရောက်လာခြင်း ဖြစ်၏။

သူ အထက်ဘုံကမ္ဘာသို့တက်လာသည်မှာ မကြာသေးပေ။ ပြီးတော့ ကျန့်မင် ၊ ချန်ကျိလျန်တို့နောက်သို့ အချိန်ပြည့်လိုက်နေရသည့်အတွက် ယန်ဖူကမ္ဘာကိုပြန်ရန်ကိစ္စ သုတေသနပြုရန် အချိန်မရှိခဲ့ပေ။

ထို့ပြင် သူကိုယ်တိုင်မှာလည်း ယန်ဖူကမ္ဘာသို့ အချိန်တိုအတွင်းပြန်ရန်မှာ မဖြစ်နိုင်သေးပေ။ ထို့ကြောင့် ပိုင်ကျစ်မင်က ရန်ကျောက်ကဲအပေါ်တွင်သာ မူတည်သည်ဟု ဆိုခြင်းဖြစ်သည်။

ရန်ကျောက်ကဲက အစိမ်းရောင်မြူခိုးများအလယ်တွင်ထွက်ပေါ်လာသော လမ်းငယ်လေးကိုစူးစိုက်ကြည့်ရင်း ခဏမျှ စဉ်းစားနေသည်။ ထို့နောက် သူ့စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာ၏။

“ကောင်းကင်အက်ကွဲကြောင်းကိုအရင် ရှာရမယ် ၊ အထက်ဘုံကမ္ဘာကထွက်သွားပြီး ဗလာနယ်ထဲကိုရောက်တော့မှ ဒီ ကျောက်စိမ်းပြားကိုအသုံးပြုပြီး ယန်ဖူကမ္ဘာကို ဆက်သွားရမယ်”

အစီအစဉ်ဆွဲပြီးသည်နှင့် ရန်ကျောက်ကဲက ပိုင်ကျစ်မင်ကို နှုတ်ဆက်စကားဆိုပြီး တစ်ချက်မတုံ့ဆိုင်းဘဲ တောင်ဘက်ပိုင်းသို့ ခရီးထွက်လာခဲ့သည်။

သူ၏ဦးတည်ရာက ကျူတောပင်လယ်ဒေသ (၇၂)နယ်မြေမှ ဇာမဏီနယ်မြေသို့ ဖြစ်၏။ သူ အထက်ဘုံကမ္ဘာသို့ရောက်လာစဉ်က ထိုနေရာသို့ ပထမဆုံးရောက်လာသည် မဟုတ်ပါလား။

အခြားနေရာများက မသေချာသော်လည်း ဇာမဏီနယ်မြေကတော့ အမှန်တကယ်ပင် ကောင်းကင်အက်ကွဲကြောင်းရှိနေသည်မှာ သေချာသည်။

ဇာမဏီနယ်မြေက တာ့ရွှမ်တိုင်းပြည်ပိုင်နက်ထဲတွင် တည်ရှိသလို ယိုးမင်ဂိုဏ်း၏ လွှမ်းမိုးမှုသည်လည်း ထိုနယ်မြေအတွင်း စိမ့်ဝင်လျှက် ရှိ၏။

***

ယခုတော့ ကောင်းကင်စွမ်းအားအစီအရင်အကြောင်း ပေါ်သွာသဖြင့် အရှေ့တောင်ထိပ်တန်းအရှင်သခင် အမျက်ရှမည်ကို စိုးရိမ်သောကြောင့် တာ့ရွှမ်တိုင်းပြည်က သိုသိုသိပ်သိပ်သာ နေထိုင်တော့သည်။

သူတို့က ရှေးရိုးဆန်သောနည်းလမ်းဖြင့် ခံစစ်အနေအထား ထိန်းသိမ်းထားသောကြောင့် ဇာမဏီနယ်မြေကဲ့သို့ နယ်စပ်ဒေသအုပ်ချုပ်ရေးကို စွန့်လွှတ်လိုက်ကြသည်။

ဤသည်ကိုအခွင့်ကောင်းယူပြီး ယိုးမင်ဂိုဏ်းက ဇာမဏီနယ်မြေကိုသိမ်းပိုက်လိုခဲ့သည်။ သို့သော် မကြာခင်ကပင် သိုင်းသူတော်စင် နဝမအဆင့်ရှိသော ကြယ်ခြွေလက်ဝါးသခင် ‘ကွမ်းလီတဲ့’ က ယိုးမင်ဂိုဏ်းတစ်ခုလုံးကို အမှုန့်ချေခဲ့သဖြင့် တစ်ဂိုဏ်းလုံးနီးပါး အမြစ်ပြုတ်လုမတတ် ဖြစ်ခဲ့ရသည်။

အကြီးအကျယ် အင်အားလျော့နည်းသွားသည့် ယိုးမင်ဂိုဏ်းမှာလည်း ခံစစ်အနေအထားဖြင့်သာ နေထိုင်နိုင်တော့သည်။ သို့ဖြစ်ရာ လက်ရှိတွင် ဇာမဏီနယ်မြေက အုပ်ချုပ်သူမရှိသော နယ်မြေတစ်ခု ဖြစ်နေ၏။

ဤနေရာတွင်ရှိကြသော အလယ်အလတ်အင်အားစုများနှင့် အသေးစားအင်အားစုများကသာ နယ်မြေအခြေအနေကို ယာယီထိန်းချုပ်စောင့်ကြည့်နေကြသည်။

ရန်ကျောက်ကဲ ထိုနေရာသို့ရောက်လာတော့ မည်သူ့ကိုမှ နှုတ်ဆက်စကားမဆိုဘဲ အထက်ဘုံကမ္ဘာ ကောင်းကင်အက်ကွဲကြောင်းရှိရာသို့ တန်းတန်းမတ်မတ် ထွက်ခွာလာသည်။

ကောင်းကင်အက်ကွဲကြောင်းဆိုသည်က အချိန်တိုင်းတည်ရှိမနေနိုင်ပေ။ ထို့ကြောင့် သေသေချာချာ စဉ်းစားဆုံးဖြတ်ရန် လိုအပ်သည်။

ရန်ကျောက်ကဲက ဖြစ်နိုင်ခြေအရှိဆုံးတည်နေရာကို ဆုံးဖြတ်ပြီးသည်နှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားအား စေလွှတ်လိုက်သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သွေးကြောဆုံချက်များသန့်စင်ပြီး နတ်ဘုရားသိမြင်ခြင်းအဆင့်ရောက်ရှိပြီဖြစ်ရာ မတည်ငြိမ်သောဗလာနယ်ကို လှုပ်ခါနိုင်စွမ်းရှိသည်။ မကြာမီ ဗလာနယ်ဆုတ်ဖြဲခံရပြီး အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။

ထိုအပေါက်ကြီးထဲတွင် ရှိနေသည်က သာမန်အမှောင်ထုမျှသာ မဟုတ်ပေ။ စူးရှသောအလင်းတန်းများလည်း ထွက်ပေါ်နေပြီး မဟာတာအို၏ပဲ့တင်ထပ်သံများလည်း ထွက်ပေါ်နေသည်။

ရန်ကျောက်ကဲက ကောင်းကင်အက်ကွဲကြောင်းကို အချိန်အတန်ကြာစူးစမ်းပြီးနောက် သူ့လက်ထဲမှ ကျောက်စိမ်းပြားကို မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားထံပစ်ပေးလိုက်ပြီး ကျန့်မုနတ်သစ်သားနှင့်ပြုလုပ်ထားသော စက္ကူယပ်တောင်ကိုတော့ သူ့လက်ထဲ ဆက်ကိုင်ထားလိုက်သည်။

ကျောက်စိမ်းပြားကိုယူပြီးသည်နှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကောင်းကင်အက်ကွဲကြောင်းရှိရာသို့ ပျံသန်းသွားသည်။

နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ ရောက်ရှိပြီးဖြစ်သော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ပြင်ပပစ္စည်းအကူအညီများမလိုအပ်ဘဲ ကောင်းကင်အက်ကွဲကြောင်းမှတစ်ဆင့် ဗလာနယ်ကိုဖြတ်သန်းသွားလာနိုင်စွမ်းရှိနေပေပြီ။

ထို့ကြောင့် ကျန့်မုနတ်သစ်သားယပ်တောင်ကိုအသုံးမပြုဘဲ ယန်ဖူကမ္ဘာကို ရှာဖွေနိုင်သည်။

ဆရာဘိုးဘိုးကိုရှာတွေ့လျှင်တော့ စက္ကူယပ်တောင်ကို အသုံးပြုပြီး အထက်ဘုံကမ္ဘာသို့တက်မည်လား ၊ ရန်ကျောက်ကဲပြုလုပ်ခဲ့သော အမှတ်အသားကို အသုံးပြုပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ပြန်မည်လားဆိုသည်က ယွမ်ကျန်းဖုန်း၏ စိတ်သဘောအတိုင်းသာ ဖြစ်သည်။

ရန်ကျောက်ကဲက လုံလောက်သည့် ကြိုတင်ပြင်ဆင်မှုများအားလုံး ပြုလုပ်ထားပြီးဖြစ်ရာ ယွမ်ကျန်းဖုန်း၏ ဆုံးဖြတ်ချက်သာလျှင် အရေးကြီး၏။

ကောင်းကင်အက်ကွဲကြောင်းအနီးတွင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှာ တစ်စုံတစ်ယောက်၏ စူးစိူက်ကြည့်ခြင်းကိုခံရသည့်အလား ဆတ်ခနဲ လှုပ်ရှားသွားသည်။

သို့သော် ပတ်ဝန်းကျင်ကို အာရုံစူးစိုက်ပြီး ဂရုတစိုက် အာရုံခံလိုက်ပြန်တော့ အရာအားလုံးက ပုံမှန်ပင် ဖြစ်နေပြန်သည်။

ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ သို့သော် မည်သည့်မူမမှန်မှုမှ မတွေ့ရပေ။

“ငါပဲ အာရုံခံမှုလွန်ကဲနေတာလား”

ရန်ကျောက်ကဲ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ ထို့နောက် စိတ်အာရုံစူးစိုက်ပြီး ပတ်ဝန်းကျင်အခြေအနေအားလုံးကို အာရုံခံလိုက်သည်။

ခဏမျှတုံ့ဆိုင်းသွားပြီးနောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကောင်းကင်အက်ကွဲကြောင်းဆီသို့ ထွက်ခွာသွားလေ၏။

***

အဝေးတစ်နေရာရှိ ပုံပျက်နေသောအလင်းတန်းများအောက်တွင် ပုန်းကွယ်နေသည့် လူရိပ်အချို့ ရှိနေလေသည်။

သူတို့ထဲမှတစ်ယောက်က မျက်မှောင်ကြုံ့ရင်း...

“အမေကိုယ်တိုင်သာလှုပ်ရှားလိုက်ရင် သူ ရိပ်မိသွားမလား”

ထိုစကားပြောလိုက်သူက ခန်းဖင်းနှင့် ခန်းသခင်မ၏သား ခန်းကျင်းယွမ် ဖြစ်သည်။

သူ့အနောက်မှာတော့ အလွန်တရာလှပပြီး ကျက်သရေရှိလှသော သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက် မတ်တတ်ရပ်နေသည်။ သူမက အခြားသူမဟုတ် ၊ ‘ခန်း’သခင်မပင် ဖြစ်ပြီး ခန်းမောက်ရှန်းသည်လည်း သူမနံဘေးတွင် ရှိနေသည်။

‘ခန်း’ သခင်မက လေးလံသောလေသံဖြင့်...

“ဒီကောင်လေးက ဘယ်လောက်ထူးခြားလဲဆိုတာ ငါတို့အားလုံး သိပြီးသားပဲ ၊ အံ့သြစရာကိစ္စမှ မဟုတ်တာ”

ခန်းမောက်ရှန်းက ဖြည်းညင်းသည့်လေသံဖြင့်...

“သူက အောက်ဘုံကမ္ဘာကလာတယ်ဆိုတဲ့ ကောလဟလက တကယ်အမှန်ပဲ ၊ ဒါပေမဲ့ သူနဲ့ နေဝန်းထက်ယံအရှင်ကြားက ပတ်သက်မှုဘယ်လိုရှိလဲဆိုတာ အခုထိ မသိရသေးဘူး”

လက်ရှိတွင် တာ့ရွှမ်တိုင်းပြည်က သိုသိုသိပ်သိပ် သာနေထိုင်သည်။ အရှေ့တောင်ထိပ်တန်းအရှင်သခင် ပိုပြီးဒေါသထွက်မည်ကို စိတ်ပူပန်သဖြင့် လှုပ်ရှားမှုများကို ပေါ်ပေါ်ထင်ထင် မပြုဝံ့ကြပေ။

သို့သော် သူတို့ဘဝ ဤသို့ဖြစ်ရသည်မှာ ရန်ကျောက်ကဲလက်ချက်ဖြစ်သဖြင့် တာ့ရွှမ်တိုင်းပြည်မှလူတိုင်းက ရန်ကျောက်ကဲကို အရိုးထဲထိ မုန်းတီးနေကြသည်။

ရန်ကျောက်ကဲအပေါ် အငြိုးထားသလို အထက်ဘုံကမ္ဘာတွင် ရုတ်တရက်ထွက်ပေါ်လာသော ထိုလူငယ်၏ ဇာစ်မြစ်ကိုလည်း သိချင်ကြသည်။ အဘယ်ကြောင့်ဆိုသော် အနှီလူငယ်သည် သူတို့မျှော်လင့်ချက်များကို ကျော်လွန်ပြီး အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားနေသောကြောင့် ဖြစ်၏။

ကွမ်းမင်ဂိုဏ်းမှ ကနဦးပျံ့နှံ့ခဲ့သော ရန်ကျောက်ကဲနှင့်ပတ်သက်သည့်သတင်းများသည် ယခုအခါ တွင်တွင်ကျယ်ကျယ် လူသိများလာပြီ ဖြစ်သည်။ မယုံကြည်နိုင်ကြသော်လည်း လူအများက ထိုအချက်ကို အတည်ပြုလက်ခံလာကြပေပြီ။

‘ခန်း’ သခင်မနှင့် သူ၏သားများ ဇာမဏီနယ်မြေသို့ ခိုးကြောင်ခိုးဝှက် ရောက်လာရသည့်အကြောင်းရင်းမှာ အမျိုးမျိုးသော ကောလဟလများကိုအခြေခံပြီး ရန်ကျောက်ကဲပေါ်လာသည့် ပထမဆုံးနေရာကို လာရောက်စုံစမ်းကြခြင်းပင်။

သို့သော် မမျှော်လင့်စွာပင် ရန်ကျောက်ကဲကိုယ်တိုင်မှာလည်း ဇာမဏီနယ်မြေသို့ တိုက်ဆိုင်စွာ ရောက်ရှိလာခဲ့သည်။

‘ခန်း’ သခင်မက ခဏမျှစဉ်းစားရင်း...

“ဒီနေရာမှာ ကောင်းကင်အက်ကွဲကြောင်းတစ်ခုရှိတယ် ၊ အခုကြည့်ရတာ သူက အထက်ဘုံကမ္ဘာက ထွက်သွားတော့မယ် ထင်တယ် ၊ ဒါပေမဲ့ သူ ဘယ်သွားမလဲ မသိနိုင်ဘူး ၊ သူလာခဲ့တဲ့ မူလကမ္ဘာကို ပြန်မှာလား ၊ ဒါမှမဟုတ် တခြားနေရာကိုသွားမလား မပြောနိုင်ဘူး”

ခန်းကျင်းယွမ်က ခေါင်းငုံ့ထားပြီး ရန်ကျောက်ကဲရှိရာအရပ်သို့ မကြည့်ရဲတော့ပေ။

ရန်ကျောက်ကဲက မည်မျှ ထူးခြားသူဖြစ်ကြောင်း အချိန်အတန်ကြာကတည်းက သိရှိခဲ့ပြီးဖြစ်သည်။ ထို့ပြင် သူ၏မိခင်ကိုယ်တိုင်က ရန်ကျောက်ကဲမသိအောင် ဖုံးကွယ်ထားသဖြင့် သူ့အနေဖြင့်လည်း သတိထားရန် လိုအပ်သည်။

ယခုပင် သူ့အကြည့်တစ်ချက်ကို ရန်ကျောက်ကဲက သတိထားမိသွားခဲ့သည် မဟုတ်ပါလား။ ဤသည်က ခန်းကျင်းယွမ်စိတ်ထဲ တင်းမာမှုကို ခံစားရစေသည်။

သူက...

“အမေ... သူ့ရဲ့အဲဒီကိုယ်ပွားက မမျှော်လင့်ဘဲ သိုင်းသူတော်စင် စတုတ္ထအဆင့်ကိုတက်သွားပေမယ့် သူက အမေ့ပြိုင်ဘက် မဖြစ်နိုင်သေးပါဘူး ၊ အမေ ချက်ချင်းလှုပ်ရှားပြီး သူ့ကိုဖမ်းလိုက်လို့ မရဘူးလား”

‘ခန်း’ သခင်မက သားဖြစ်သူကို မကျေမနပ်ဖြင့် ကြည့်ရင်း...

“တဇွတ်ထိုးလုပ်တတ်တဲ့အကျင့်ကို ဘယ်တော့မှ ပြင်မှာလဲ ၊ အရှေ့တောင်ထိပ်တန်းအရှင်သခင်ရဲ့ သဘောထားဘယ်လိုရှိလဲဆိုတာ အသာထား... အဲဒီရန်ကျောက်ကဲမှာ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်တဲ့ ထူးကဲယန်စည်းတံဆိပ်ရှိနေတယ် ၊ ငါက သူ့ကို ဘယ်လိုလုပ်လွယ်လွယ်နဲ့ ဖမ်းနိုင်မှာလဲ”

ခန်းကျင်းယွမ် မကျေမနပ်ဖြင့် ခေါင်းငုံ့သွားသည်။ ဒါကိုမြင်တော့ ‘ခန်း’ သခင်မ စိတ်ထဲမှသက်ပြင်းချရင်း ကောင်းကင်အက်ကွဲကြောင်းရှိရာသို့ လှမ်းကြည့်လိုက်၏။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား အက်ကွဲကြောင်းအတွင်း ဝင်ရောက်သွားကြောင်း သူမ တွေ့လိုက်ရသည်။  ရန်ကျောက်ကဲကိုယ်တိုင်ကတော့ ကောင်းကင်အက်ကွဲကြောင်းဘေးတွင်ရပ်နေပြီး ငြိမ်သက်စွာကြည့်နေသည်။

ထိုစဉ် ကောင်းကင်အက်ကွဲကြောင်းက ရုတ်ချည်းတုန်လှုပ်သွားပြီး အတွင်းထဲမှ အလင်းတန်းများ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွှမ်းခြုံသွားသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲ အံ့အားသင့်သွားပြီး မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

ဤသို့ ရုတ်တရက်ပြောင်းလဲသွားမည်ဟု ‘ခန်း’ သခင်မ မျှော်လင့်မထားခဲ့ပေ။

ကောင်းကင်အက်ကွဲကြောင်းကို မျက်တောင်မခတ်ကြည့်ရင်း သူမ မျက်နှာပျက်ယွင်းသွားလေ၏။

All Chapters