← Chapters

ကျုပ် လူတွေကို အဲ့လို မရိုက်တတ်ဘူး!

Vol. 5 Ch. 62

ကျုပ် လူတွေကို အဲ့လို မရိုက်တတ်ဘူး!

Vol. 5 Ch. 62

"မြန်မြန်... ကူညီကြပါဦး"

"ယဲ့ဖန် ကျွန်တော့်ကို ရိုက်နေလို့ပါ"

ယဲ့လင်၏ အော်သံကို ကြားလိုက်ရသောအခါ ယဲ့မော့၏ မျက်နှာသည် အကြောက်ကြောက်အလန့်လန့် ဖြစ်လာကာ "မဟုတ်ဘူး…ယဲ့ဖန်…ယဲ့လင်တော့ မင်းကို ထောင်ချောက်ဆင်နေပြီ!"

ယဲ့ဖန်အား ဤကဲ့သို့ သေစေနိုင်လောက်သော ချောက်ချမှုမျိုးက စောင့်မျှော်နေလိမ့်မည်ဟု ယဲ့မော့ မမျှော်လင့်ထားခဲ့ပါ။

ထို့နောက် သူက အမောတကောနှင့် "ယဲ့ဖန်…ဒီကနေ အခုချက်ချင်း မြန်မြန် ထွက်သွားတော့..မင်း လုံးဝ အထဲမဝင်နဲ့…သူတို့က မင်းကို အသေသတ်ချင်နေကြတာ"

*ဟင်?*

ယဲ့ဖန် နေရာမှာတင် တောင့်တောင့်ကြီး ဖြစ်သွားသည်။ ထို့နောက် သူက အားပါးတရ ပြုံးလိုက်သည်။ ထိုအပြုံးက နတ်ဆိုးတစ်ကောင်က ပြုံးလိုက်သည်နှင့် ဆင်တူသည်ဟု ခံစားလိုက်ရသဖြင့် ယဲ့မော့ ကျောချမ်းလာသည်။

"ယဲ့မော့… မင်း စိုးရိမ်စရာ မလိုပါဘူး။ ငါ အထဲက လူတစ်ယောက်ကို သတိရနေတာ၊ ပြီးတော့ အထဲမှာ ငါ သတ်ချင်နေတဲ့လူတစ်ယောက်လည်း ရှိသေးသည်။

ထို့နောက် ယဲ့ဖန်က ယဲ့မော့၏ ပခုံးကို ပုတ်ကာ အိမ်၏ ဖိနပ်ချွတ်သို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားသည်။

ယဲ့ဖန်၏ နောက်ကျောကို ကြည့်ပြီး ယဲ့မော့ မှင်တက်နေကာ "သူ…သူ အရင်ကနဲ့ မတူတော့သလိုပဲ" ဟု ရေရွတ်လိုက်မိသည်။

ဘာတွေ ဆက်ဖြစ်လာမည်လဲဆိုတာကို မသိသောကြောင့် ယဲ့ဖန်တစ်ယောက် ယဲ့ကလန်၏ အိမ်တော်တွင်းသို့ ဝင်သွားသည်ကို ယဲ့မော့ ကြည့်နေမိသည်။ နတ်ဆိုးချီတို့ဖြင့် ပြည့်နေသော သွေးပင်လယ်ကြီးကို ကြည့်နေရသလို သူ ခံစားလိုက်မိသည်။

….

ယဲ့ကလန်၏ ခမ်းနားသော အိမ်တော်အတွင်းတွင် လူများနှင့် ပြည့်နှက်နေပြီး အများစုမှာ ယဲ့ကလန်၏ လူငယ်မျိုးဆက်များ ဖြစ်သည်။

အဓိကထိုင်ခုံတွင် ထိုင်နေသော အဘိုးအိုကြီးမှာ ယဲ့ကလန်ခေါင်းဆောင် ဖြစ်သလို ယဲ့ဖန်၏ အဘိုးဖြစ်သည့် ယဲ့ဖန့်ချန် ဖြစ်သည်။

သူ၏ လက်ဝဲနှင့် လက်ယာဘက်တွင် ရှိနေသော သူများကတော့ အဘိုးအို၏ အကြီးဆုံးသား ယဲ့ယွင်ရှန်နှင့် ယဲ့ယွင်ဟိုင်တို့ ဖြစ်ကြသည်။

ခန်းမတွင်းရှိ လေထုသည် တစ်ခုခု ပြုတ်ကျလာတော့မလို ဖိအားများလှသည်။

လူငယ်တစ်စုက တီးတိုးပြောနေကြသည်။ "ဟေး…သုံးစားမရတဲ့ တရားမဝင်သား လာရဲမယ်လို့ မင်းတို့ ထင်လား? သူ အပြစ်ပေးခံရလို့ ကြောက်သေး တဖြန်းဖြန်း ဖြစ်နေပြီလား မသိဘူး?"

"မဖြစ်နိုင်ပါဘူး..သူက သုံးစားမရတဲ့ကောင်ပဲလေ"

"ဟွန့်…သူ ထွက်မပြေးတာ ပိုကောင်းမယ်၊ မဟုတ်ရင် နောက်ပိုင်း ငါတို့ ဘယ်သူ့ကို သွားအနိုင်ကျင့်ရမှာလဲ?"

"ဟဟဟ…ဟိုသုံးစားမရတဲ့ တရားမဝင်သားသာ ပေါ်လာလို့ကတော့ ငါတို့ နှစ်စဉ်စုဝေးပွဲက စိတ်ဝင်စားစရာ ကောင်းလာမှာပဲ"

ယဲ့မိသားစု၏ လူငယ်များက ယဲ့ဖန်အား ဖွဲအိတ်တစ်အိတ်လို အထင်သေးစွာ ပြောဆိုနေကြစဉ်တွင် အိမ်ပေါက်ဝမှ ပြာတီးပြာယာနှင့် အော်လိုက်သံကို ကြားလိုက်ရသည်။

"မြန်မြန်... ကူညီကြပါဦး"

အပေါက်ဝနှင့် နီးသောသူများ ကြောင်သွားကြသည်။

ထို့နောက် ယဲ့လင်က အိမ်ဝကနေ သွေးများနှင့် အသည်းအသန် ပြေးလာပြီး သူ့နောက်မှ ယဲ့ဖန်နှင့် ယဲ့မောတို့က လိုက်ဝင်လာကြသည်။

*ဟမ်?*

အိမ်တော်ထဲမှ လူတိုင်း၏ မျက်နှာထားက ချက်ချင်း ပြောင်းသွားသည်။ အထူးသဖြင့် ယဲ့ဖန်၏ အကြီးဆုံးဦးလေးဖြစ်သူ ယဲ့ယွင်ရှန်က ဒေါသတကြီး ထရပ်လိုက်ကာ အော်လိုက်သည်။

"ယဲ့လင်…ဘာဖြစ်လာတာလဲ? ဘာလို့ မင်းခေါင်းမှာ သွေးတွေနဲ့ ရွှဲနစ်နေရတာလဲ?"

တောင့်တင်းခိုင်မာသော ကိုယ်ခန္ဓာနှင့် တစ်ခေါင်းလုံး မီးခိုးရောင်ဆံပင်တို့နှင့် ပြည့်နေသော ယဲ့ယွင်ရှန်သည် ခံ့ညားသော သူတစ်ယောက် ဖြစ်သည်။

ယဲ့လင်က သူ့နောက်ရှိ ယဲ့ဖန်အား ကြည့်ကာ ကပျာကယာ ပြောလိုက်သည်။

"ဦးလေး…ကျွန်တော့်ကို ကူညီပါ..ကျွန်တော်က ယဲ့ဖန်ကို ယဲ့ကလန်ရဲ့ နှစ်စဉ်စုဝေးပွဲ တက်ဖို့ သွားခေါ်တာကို သူက ကျွန်တော်တို့ ကလန်ကို ဆဲရေးတိုင်းထွာတယ်။ ကျွန်တော်လည်း ဒေါသထွက်ပြီး သူနဲ့ စကားများမိသွားတာ ဒါကို သူက ကျွန်တော့်ကို ရိုက်တယ်"

ယဲ့လင်က နစ်နာသူလို မျက်နှာထားဖြင့် ပြောနေပြီး သူမျက်နှာမှလည်း မျက်ရည်များ စီးကျလာသည်။

"ဦးလေး…ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပေးပါ။ ကျွန်တော်သာ အပြေးမမြန်ရင် သူ ရိုက်သတ်လို့ ကျွန်တော် သေနေလောက်ပြီ"

*ဘာ!*

ယဲ့လင်၏ စကားကြောင့် ယဲ့ကလန်သားများ အားလုံး ဒေါသထွက်လာကြသည်။

သုံးစားမရသော တရားမဝင်သားက ကလန်၏ တိုက်ရိုက်မျိုးဆက်တစ်ယောက်ကို ရိုက်ရဲရလောက်အောင် ရဲတင်းလွန်းလှမည်ဟု သူတို့ မထင်ထားခဲ့ကြချေ။

….

ကလန်သားများအားလုံး ယဲ့ဖန်ဘက်လှည့်ကာ မကျေမနပ်နှင့် ကြည့်နေကြသည်။

"ရိုင်းစိုင်းလိုက်တာ … ယဲ့ဖန်! မင်းက ယဲ့ကလန်ရဲ့ တိုက်ရိုက်မျိုးဆက်ကို အနိုင်ကျင့်ရဲတယ်ပေါ့လေ!"

ယဲ့ယွင်ရှန်က ကျိန်းဝါး၍ ဘေးရှိ အစောင့်များကို အမိန့်ပေးလိုက်သည်။

"အဲ့ခွေးကောင်ကို ဖမ်းလိုက်"

"ဟုတ်ကဲ့!"

ယဲ့ယွင်ရှန်၏ အမိန့်ကြောင့် အစောင့်များက ယဲ့ဖန်ထံသို့ ပြေးဝင်လာကြသည်။

ထိုစဉ် လူကောင်သေးသေးလေးက ယဲ့ဖန်ရှေ့ ခုန်ဝင်လာကာ သူ့လက်ကို မြှောက်၍ အော်လိုက်သည်။

"ရပ်လိုက်"

ထိုသူသည် ယဲ့မော့ပင်။

သူ၏ ကလန်ဝင်များက ဤမျှ အရှက်မရှိလိမ့်မည်ဟု မထင်ထားသဖြင့် ယဲ့မော့၏ မျက်နှာက ဖြူရော်နေသည်။

ထို့နောက် သူက ယဲ့ယွင်ရှန်အား အသည်းအသန် ရှင်းပြသည်။ "ဦးလေး ... ယဲ့ဖန် ဘာအမှားမှ မလုပ်ပါဘူး … ယဲ့လင်က တမင် သူ့ခေါင်းကို ဒဏ်ရာရအောင် လုပ်ပြီး ယဲ့ဖန်ကို ချောက်ချတာပါ"

*ဟမ်?*

ယဲ့မော့၏ ရှင်းပြချက်ကြောင့် ကလန်သားများအားလုံး တိတ်ကျသွားသည်။

သက်တော်စောင့်များတောင် ရပ်သွားကြသည်။

*ချောက်ချတာ?*

အားလုံးက ယဲ့လင်အား ဝိုင်းကြည့်နေကြသည်။

ယဲ့လင် ဖြူဖတ်ဖြူရော် ဖြစ်သွားကာ ယဲ့ယွင်ရှန်အား အော်ငို၍ ပြောလာသည်။

"ဦးလေး… ယဲ့မော့က အမြဲ ယဲ့ဖန်ဘက်က ကူပြောပေးနေကြပါ။ ဒါကို ကျွန်တော်တို့ အားလုံး သိတာပဲလေ။ ကျွန်တော့်ခေါင်းက တကယ် ယဲ့ဖန်ကြောင့် ဒဏ်ရာရသွားတာပါ။ မယုံရင် ကျွန်တော့်ဒဏ်ရာကို ဦးလေးကိုယ်တိုင် စစ်ကြည့်လို့ရပါတယ်"

ယဲ့ယွင်က သံသယရှိသည့်ဟန်ဖြင့် ပြောလိုက်သည်။

"ဟက် .. ဒီကိုလာစမ်း … မင်း ဒဏ်ရာကို ငါ ကြည့်စမ်းမယ်"

ထို့နောက် ယဲ့လင်က ယဲ့ယွင်ရှန်အား သူ့ဒဏ်ရာကို ပြလိုက်သည်။

ဒဏ်ရာကို သာမန်ကာလျှံကာ ကြည့်ပြီး ယဲ့ယွင်ရှန်၏ မျက်နှာက ရှုံ့မဲ့သွားကာ ယဲ့မော့အား အော်လိုက်သည်။

"ဟွန့်….ယဲ့မော့..ဒါ ရှင်းနေတာပဲ။ ယဲ့လင်ရဲ့ ဒဏ်ရာက အားနဲ့ လုပ်ထားလို့ ဖြစ်တာ အသိသာကြီး"

ထို့နောက် ယဲ့ယွင်ရှန်က ယဲ့ဖန်အား တင်းမာစွာ ကြည့်၍ "ယဲ့ဖန်…ငါတို့မှာ တရားလိုလည်း ရှိသလို ဒဏ်ရာကိုလည်း စစ်ဆေးပြီးသွားပြီ။ မင်း ဘာငြင်းချင်သေးလဲ?"

ယဲ့ယွင်ရှန်၏ စကားကြောင့် ယဲ့မော့မျက်နှာ သွေးရောင်မရှိတော့ပေ။

ယဲ့ယွင်ရှန်က ယဲ့လင်၏ ဒဏ်ရာအား သေချာမကြည့်ဟု ယဲ့မော့ ယုံကြည်သည်၊ ယဲ့ယွင်ရှန်က ယဲ့လင်တစ်ယောက် ယဲ့ဖန်အား ချောက်ချလို့ ရအောင် ကူညီပေးနေခြင်း ဖြစ်သည်။

ထို့ကြောင့် ယဲ့မော့၏ မျက်နှာက ဒေါသကြောင့် နီမြန်းလာသည်။

စစ်ဆေးမှုပြီးသွားသည့်နောက် ယဲ့ကလန်ဝင်တိုင်းက ရွဲ့ကာမဲ့ကာဖြင့် ယဲ့ဖန်အား ကြည့်နေကြသည်။ သူတို့တော့ ပွဲကြီးပွဲကောင်း ကြည့်ရပြီဟု သဘောထားလိုက်ကြသည်။

ထိုအချိန်တွင် ယဲ့မော့သည် ဒေါသကြောင့် တုန်ယင်နေကာ ပြန်ငြင်းခုန်ရန် ပြင်လိုက်သည်။

ထိုစဉ် လက်ကြီးနှစ်ဘက်က သူ့ကို လာကိုင်သည်။

*ဟင်?*

ထိုလက်ပိုင်ရှင်က ယဲ့ဖန်ဖြစ်နေသည့်အတွက်ကြောင့် ယဲ့မော့ ကြောင်သွားသည်။

ယဲ့ဖန်က သူ့ကို ခေါင်းခါပြကာ ရှေ့သို့ ဆက်လျှောက်လာသည်။

*ငြင်းရမယ်?*

ယဲ့ဖန်က စိတ်လှုပ်ရှားနေသည့်ဟန်ဖြင့် သူ၏ မျက်လုံးများက ကောက်ကျစ် စဉ်းလဲဟန်ဖြင့် အရောင် တောက်နေသည်။

"ကျုပ် ဘာမှ မငြင်းချင်ပါဘူး..ကျုပ် ခင်ဗျားတို့အားလုံးကို ပြောချင်တာက ကျုပ် လူတွေကို အဲ့လိုမရိုက်တတ်ဘူးဆိုတာပဲ"

*ဘာ?*

ယဲ့ဖန်၏ စကားကို ဘယ်သူမှ နားမလည်ကြပါ။ သို့သော် နောက်ထပ် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အားလုံး လန့်သွားကြသည်။

ယဲ့ဖန်က ရုတ်တရက် ယဲ့လင်၏ လက်မောင်းကို ဖမ်းကိုင်၍ အားနှင့် ဆွဲလိမ်လိုက်သည်။

ဖြောင်းခနဲ မြည်သံနှင့်အတူ ယဲ့လင်၏ လက်မောင်းက တစ်ဝက်လောက်ကနေ ကျိုးထွက်သွားသည်။

"အား…."

ယဲ့လင်သည် ပြင်းထန်စွာ တုန်လှုပ်ပြီး အော်လိုက်မိသည်။

ကလန်ဝင်များအားလုံး၏ ရှေ့တွင် ယဲ့ဖန်က သူ့လက်မောင်းကို ချိုးရဲလိမ့်မည်ဟု ယဲ့လင် မထင်ထားခဲ့။

သို့သော် ဤသည်က အစသာ ရှိသေးသည်။

"ကျုပ် လူတွေကို ဘယ်လို အနာတရဖြစ်အောင် လုပ်တတ်လဲ ပြရတာပေါ့"

ယဲ့ဖန်က အေးစက်စွာ ပြော၍ ယဲ့လင်၏ နောက်လက်တစ်ဘက်အား ဆတ်ခနဲ ဆွဲကာ ချိုးလိုက်ပြန်သည်။

နောက်ထပ် ဖြောင်းခနဲ မြည်သံနှင့်အတူ သူ၏ နောက်လက်မောင်းတစ်ဘက်လည်း ကျိုးသွားပြန်သည်။

နာကျင်မှုကြောင့် ယဲ့လင် သတိလစ်မတတ် ဖြစ်နေသည်။

ထို့နောက် သူ့ရဲ့ ဘယ်ခြေထောက်! ဖြောင်းခနဲ အသံနှင့်အတူ ကျိုးသွားပြန်သည်။

ယဲ့လင်တစ်ယောက် ချွေး၊သွေးတို့ဖြင့် စို့လာကာ အကြီးအကျယ် တုန်လှုပ်နေသည်။ သူ့အမြင်တွင်တော့ ယဲ့ဖန်သည် မှုန်ယိုနေသော သားရဲကြီးတစ်ကောင်ပင်။

ထို့နောက် သူ့ရဲ့ညာခြေထောက်ပါ ထပ်ကျိုးသွားပြန်သည်။

နှစ်စက္ကန့်အတွင်းမှာပင် ယဲ့လင်၏ ခြေလက်အင်္ဂါအားလုံး ရက်စက် ပြင်းထန်သော အားကြောင့် ကျိုးကြေသွားလေတော့သည်။

လူတိုင်း သွေးပျက်သွားကြသည်။

All Chapters