သူ ဘာလို့ ဒီကို ရောက်လာတာလဲ?
Vol. 5 Ch. 64
…..
အဖြစ်အပျက်က မြန်ဆန်လွန်းလှသည့်အတွက် သူ့ကို တားရန် နောက်ကျသွားချေပြီ။
သူတို့ တုန့်ပြန်နိုင်သည့်အချိန်တွင် ယဲ့ဟူ၏ မျက်လုံးသည် အသေဖြစ်နေကာ အလောင်းအဖြစ်သာ ရှိနေတော့သည် ထို့နောက် သူက မြေကြီးပေါ်သို့ အမှိုက်အိတ်လို ပြုတ်ကျသွားတော့သည်။
*သူ သေသွားပြီ!*
*ယဲ့ဟူ သေသွားပြီ!*
ယဲ့ကလန်သားတိုင်းက ယဲ့ဖန်အား ကယောင်ချောက်ချားနှင့် ကြည့်နေကြသည်။
ယဲ့ဖန်က ယဲ့ဟူအား သူတို့ မျက်စိရှေ့မှာတင် သတ်ရဲလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြ။
*ကျုပ် လူတွေကို အမြဲ ဒီလိုပဲ သတ်လေ့ရှိတယ်!*
ယဲ့ဖန်၏ ထိုစကားက ငရဲမှ တိုက်ရိုက်လာသလို ခံစားလိုက်မိပြီး အားလုံး ထိတ်လန့်ကြောက်ရွံ့လာသည်။
*ရူးနေပြီ!*
*သူ ရူးနေပြီ!*
ယဲ့ကလန်သားတိုင်း၊ အထူးသဖြင့် ယဲ့ဖန့်ချန်နှင့် ယဲ့ယွင်ရှန်တို့ မှင်တက်နေကြသည်။
*မယုံနိုင်စရာပဲ!*
"ယဲ့ဟူ!"
ယဲ့ယွင်ရှန် တုန်ယင်နေကာ ဝမ်းပန်းတနည်း ငိုယိုကာ ယဲ့ဟူ၏ ကိုယ်ကို ပြေး၍ကောက်ပွေ့လိုက်သည်။
အဖြစ်အပျက်တွေက ဆန့်ကျင်ဘက် ဖြစ်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့။
ယဲ့ဖန်ကား သူထင်ထားသည်ထက် ပို၍ ရက်စက်လှချေသည်။
ယဲ့ဟူ၏ အလောင်းကို ပွေ့ဖက်ထားရင်း ယဲ့ဟူ၏ အလွန်တရာ ကြောက်ရွံ့နေသော မျက်လုံးတစ်စုံကို ကြည့်ကာ ယဲ့ယွင်ရှန် ဒေါသမီးတောက်လောင်လာသည်။
"ယဲ့ဖန်! မင်း..မင်း မင်းရဲ့ကလန်သားကို အားလုံးရှေ့မှာ သတ်တယ်! မင်းတော့ သေချင်နေတာပဲ..မင်းတော့ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ!"
ယဲ့ယွင်ရှန် အသိစိတ်လွတ်သွားချေပြီ။
သူ့သား အသတ်ခံရသည့်အတွက် သူ ယဲ့ဖန်ကို သတ်၍ လက်စားချေချင်နေသည်။
ယဲ့ယွင်ရှန်က ဘေးရှိ သက်တော်စောင့်များကို လှမ်းအော်လိုက်သည်။
"မင်းတို့ ဘာကြည့်နေတာလဲ? သူက လူသတ်သမားလေ! သူ့ကို သတ်ပြီး ငါ့သားအတွက် လက်စားချေပေး"
ယဲ့ယွင်ရှန်၏ အသံက အလွန်ကို စူးဝါးလှသည်။
သူ့စကားကြောင့် သက်တော်စောင့်များကို တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ယဲ့ဖန်ထံသို့ ပြင်းထန်သော ချီဓာတ်များဖြင့် ယဲ့ဖန်ထံသို့ ပြေးဝင်လာကြသည်။
သူတို့၏ လှုပ်ရှားမှုက မြန်ဆန်လွန်းသည်။
တစ်ယောက်ချင်းစီ၏ တိုက်ကွက်က ယဲ့ဖန်၏ အရေးပါသော ကိုယ်အင်္ဂါများသို့ ဦးတည်နေသည်။
ထိုစဉ် လေသံတိုက်နှင့်အတူ တာဝါသဖွယ် အရိပ်တစ်ခုက အင်မော်တယ်စစ်သားတစ်ယောက် ငရဲမှ ဆင်းသက်လာသလို ခန်းမထဲ ဝင်ရောက်လာသည်။
ထို့နောက် ယဲ့ဖန်က သူ့လက်သီးများကို လျင်မြန်စွာ ပစ်သွင်းလိုက်သည်။
ဘန်း! ဘန်း! ဘန်း!
ဖြောင်း!
ဖြောင်း!
ကျိုးပဲ့သံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပြီး သက်တော်စောင့်များအားလုံး လွင့်ထွက်သွားပြီး သွေးအန်၍ ပြန်ပြုတ်ကျလာသည်။
မျက်စိတစ်မှိတ်အတွင်း သက်တော်စောင့်များအားလုံး လွင့်ထွက်သွားကာ တိုက်ပွဲဝင်အားများ ဆုံးရှုံးသွားကြသည်။
တိုက်ပွဲအတွင်းတွင် တာဝါသဖွယ် မြင့်မားလှသည့် လူမိုက်တစ်ယောက် ခန်းမတွင်း ဝင်ရောက်လာသည်။
ထိုသူကို မြင်လိုက်သည်နှင့် ယဲ့ကလန်သားများအားလုံး ကြောက်ရွံ့သွားကြသည်။
"ကျား…ကျားဘုရင်! သူ ဘာလို့ ဒီကို ရောက်လာတာလဲ?"
ကျန်းရှီမြို့၏ တရားမဝင် MMA ပြိုင်ပွဲတစ်ခုလုံး ဖိမ့်ဖိမ့်တုန်သွားအောင် လုပ်နိုင်ခဲ့သည့် ကျားဘုရင်က သူတို့၏ နှစ်စဉ်စုဝေးပွဲသို့ ရောက်လာလိမ့်မည်ဟု ဘယ်သူမှ မထင်ထားပါ။
ထို့ပြင် ကြည်လင်သောအသံတစ်သံ ထွက်ပေါ်လာသည်။ "ဘယ်သူ ယဲ့ဖန်ကို ထိရဲတာလဲ?"
ယဲ့ကလန်သားများအားလုံး အနီရောင်ဝတ်စုံနှင့် မိန်းမလှလေးတစ်ယောက်က လူမိုက်တစ်စုနှင့်အတူ ယဲ့ကလန်ထဲ ဝင်လာသည်ကို မြင်လိုက်ကြရသည်။
"သူမက … ညနှင်းဆီပဲ!"
သူမကို မှတ်မိလိုက်သည့်ခဏမှာပဲ ယဲ့ကလန်သားများအားလုံး ကြောက်လန့်လာကြသည်။
ဘားလမ်း၏ အမျိုးသမီးဘော့စ် ရောက်လာလိမ့်မည်ဟုလည်း သူတို့ မထင်ထားကြ။
ကျားဘုရင်သည် သူမ၏ ကိုယ်ရံတော်ဖြစ်သည်။
ထို့နောက် အလွန်တရာ ဟိန်းသောအသံက အခန်းတွင်းသို့ ပျံ့လွင့်လာသည်။
"ဘယ်ကောင် ငါ့သခင်ကြီးကို ထိရဲတာလဲ?"
ထိုအသံနှင့်အတူ လူဝကြီးတစ်ယောက်နှင့် မျက်နှာပေါ်တွင် အမာရွတ်ရှိသော လူတစ်ယောက် ယဲ့အိမ်တော်အတွင်းသို့ လူမိုက် ၁၀၀ကျော်ဖြင့် ဝင်လာသည်။
သူတို့ ရင်ဆိုင်နေရသည့်သူကို မြင်လိုက်ရသည်နှင့် ယဲ့ကလန်သားများအားလုံး လူသေပမာ ဖြူရော်လာသည်။
"ဝံပုလွေရိုင်း! မြတ်စွာဘုရား! သူက ကျန်းရှီမြို့ တောင်ဘက်ခြမ်းရဲ့ ဘုရင်…ဝံပုလွေရိုင်းပဲ!"
"အဲ့ဒါ သူပဲ! ကျန်းရှီမြို့ တောင်ဘက်ခြမ်းရဲ့ အရက်စက်ဆုံးသူ ဖြစ်သလို ကျန်းရှီမြို့ မြေအောက်လောကရဲ့ နာမည်ကြီး ပုဂ္ဂိုလ်ဟ။ သူက ကျန်းရှီမြို့ အနောက်ဘက်ခြမ်းတစ်ခုလုံးကိုလုံး အုပ်စိုးတယ်လို့ ပြောကြသေးတယ်။ သူက အရမ်းအာဏာကြီးတဲ့သူဟ"
"ဝံပုလွေရိုင်းက ဒီကို ရောက်လာတယ်ဆိုတော့ အဲ့လူဝကြီးက ဖေးချမ်ပဲ ဖြစ်ရမယ်။ ဝံပုလွေရိုင်းရဲ့ ဘော့စ်အသစ်လေ"
ယဲ့ကလန်သားတစ်ယောက်က တအံ့တဩနှင့် တီးတိုးပြောနေသည်။
အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်တွင် ဝံပုလွေရိုင်းနှင့် ဖေးချမ်က ယဲ့ဖန်ရှေ့၌ ဒူးထောက်လိုက်သလို သူတို့၏ လူ ၁၀၀ကျော်ကလည်း ဒူးထောက်လာသည်။
"အရိုအသေ ပေးပါတယ် သခင်ကြီး!"
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
"သ…သခင်ကြီး!"
ယဲ့ကလန်သားတိုင်းက ယဲ့ဖန်အား မယုံနိုင်သလို ကြည့်နေကြကာ ထင်ယောင်ထင်မှား ဖြစ်နေတာလားဟုလည်း သံသယဝင်နေကြသည်။
*ယဲ့ကလန်ရဲ့ အသုံးမကျတဲ့ တရားမဝင်သားက ဘယ်လိုလုပ် ကျန်းရှီမြို့တောင်ပိုင်းက ဘုရင်ရဲ့ သခင်ကြီး ဖြစ်နေတာလဲ?*
*လုံး…လုံးဝ အံ့ဩစရာပဲ!*
*မယုံနိုင်စရာပဲ*
ယဲ့ယွင်ရှန် မျက်လုံးပြူးနေကာ မျက်နှာကလည်း ပြာနှမ်းလာသည်။
ယဲ့ဖန်က ညနှင်းဆီနှင့် အဆက်အသွယ် ရှိနေမည့်အပြင် ဝံပုလွေရိုင်း၏ သခင်ကြီးပါ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့။
သူသား ဘယ်လိုဘယ်ပုံနှင့် အသတ်ခံခဲ့ရသည်ကို ပြန်မြင်ယောင်ရင်း ယဲ့ယွင်ရှန်၏ မျက်လုံးက နီရဲလာကာ ဝံပုလွေရိုင်းနှင့် အခြားသူများကို စူးစူးရဲရဲ စိုက်ကြည့်ကာ အော်လိုက်သည်။
"ညနှင်းဆီ ... ဝံပုလွေရိုင်း … မင်းတို့ ရိုင်းလှချည်လား! ယဲ့ကလန်က မင်းတို့နဲ့ ဘာရန်ကြွေးမှ မရှိတာတောင် မင်းတို့က ယဲ့အိမ်တော်ထဲ အတင်းဝင်လာရဲတယ်ပေါ့"
သူ့စကားကြောင့် ဝံပုလွေရိုင်းသည် ရက်စက်စွာ ပြုံးလိုက်ပြီး သူ့မျက်လုံးကလည်း ကြမ်းတမ်းလာသည်။
"အတင်းဝင်လာတယ်? ခင်ဗျား မှားနေပြီ! ခင်ဗျား ကျုပ်သခင်ကြီးရဲ့ ဆံပင်တစ်ချောင်းကို ထိရဲထိကြည့် ကျုပ် ယဲ့ကလန်တစ်ခုလုံးကို မျိုးဖြုတ်ပစ်မယ်"
*ဘာ!*
ယဲ့ကလန်တစ်ခုလုံး တုန်လှုပ်သွားသည်။
ယဲ့ကလန်တစ်ခုလုံးရှေ့မှာ ဝံပုလွေရိုင်းက ပေါ်တင်ပြောရဲလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
"မဆိုးဘူး…မဆိုးဘူးပဲ"
ယဲ့ယွင်ရှန် လက်ဝှေ့ယမ်းပြလိုက်သည်နှင့် နောက်ထပ်သက်တော်စောင့်တစ်စု အိမ်တော်၏ ထောင့်တိုင်းမှ ပေါ်လာကြသည်။
သူတို့တစ်ယောက်ချင်းစီက ကြွက်သားအပြိုင်းပြိုင်းနှင့် စူးရဲသော မျက်လုံးများ ရှိကြသည်။
သူတို့အားလုံးက အထူးတပ်ဖွဲ့နှင့် တရားမဝင် MMA ကစားသမား ဖြစ်ကြသည်။
ကျန်းရှီမြို့၏ အဓိကကလန်တစ်ခုဖြစ်သည့် ယဲ့ကလန်က ထူးခြားလှပေသည်။
ယဲ့ယွင်ရှန်က လှောင်ရယ်လိုက်ပြီး
"ဝံပုလွေရိုင်း! မင်း ယဲ့ဖန်ကို အတင်းကာကွယ်ချင်ရင်တောင် မဖြစ်နိုင်ဘူး"
ယဲ့ယွင်ရှန်၏ စကားအပြီးတွင် သက်ကြီးပိုင်းအသံတစ်ခုက အခန်း၏ ထောင့်မှ ထွက်ပေါ်လာသည်။
"ငါ့ကိုပါ ထည့်တွက်လိုက်"
အဘိုးအိုတစ်ယောက်က သက်တော်စောင့်တစ်စုနှင့်အတူ ဝင်လာသည်။
ထိုအဘိုးအိုကို မြင်သည်နှင့် ယဲ့ကလန်တစ်ခုလုံး မှင်တက်သွားကြသည်။
"သူ…သူက မာစတာလင်မလား? တရုတ်ပြည်ရဲ့ အတော်ဆုံး စန္ဒရားပညာရှင်ဖြစ်ပြီးတော့ လင်ကလန်ရဲ့ ခေါင်းဆောင်မလား?"
"ဟုတ်တယ်..အဲ့ဒါ သူပဲ..သူကကော ဘာလို့ ဒီကို ရောက်လာတာလဲ?"
"မာစတာလင်က စန္ဒရားပညာရှင် ဖြစ်ရုံသာမကဘူး..ကျန်းရှီမြို့က လင်ကလန်ရဲ့ ခေါင်းဆောင်ပဲ။ ယဲ့ကလန်တောင် မထိပါးရဲတဲ့ ကလန်တစ်ခုပဲ"
ယဲ့ဖန့်ချန်နှင့် ယဲ့ယွင်ရှန်အပါအဝင် ယဲ့ကလန်တစ်ခုလုံး ထိတ်လန့်သွားကြလေသည်။
*လင်ကလန်ခေါင်းဆောင်..မာစတာလင်!*
*သူ ဘာလို့ ဒီကို လာတာလဲ?*
ထိုစဉ် အားလုံး၏ စိတ်လှုပ်ရှားနေသော အကြည့်အောက်မှာပင် မာစတာလင်က ခန်းမထဲ ဝင်လာသည်နှင့် ယဲ့ဖန်အား အရိုအသေပေးလိုက်သည်။ "လေးစားပါတယ်..မာစတာ!"