ဒါငါ့ရည်းစားလေ…ယဲ့ဖန်တဲ့!
Vol. 5 Ch. 66
တိတ်ဆိတ်ခြင်း!
ယဲ့ကလန်တစ်ခုလုံး တိတ်ဆိတ်နေသည်။
ယဲ့ကလန်သားတိုင်းသည် ယဲ့ဖန်အား မယုံနိုင်သလို တွေဝေစွာ ကြည့်နေသည်။
အထူးသဖြင့် သူ၏ ဒဏ်ရာများကို မေ့ပြီး ယဲ့လင်တစ်ယောက် ကြောက်ရွံ့တုန်လှုပ်စွာ ရေရွတ်နေသည်။
"မဖြစ်နိုင်ဘူး! ဘယ်…သူ ဘယ်တုန်းက အဲ့လူတွေကို သိမ်းသွင်းလိုက်တာလဲ? လုံးဝ မဖြစ်နိုင်ဘူး"
ယဲ့လင်၏ အမြင်တွင် ယဲ့ဖန်သည် ယဲ့ကလန်က မကြာခင် စွန့်လွှတ်တော့မည့် တရားမဝင်သားသာ ဖြစ်သည်။
အတိတ်တုန်းက ယဲ့လင်း ဆန္ဒရှိသလောက် ယဲ့ဖန်ကို အနိုင်ကျင့်လို့ ရသည်။
*သူက အမြဲတမ်း ယဲ့ကလန်ရဲ့ အညတရကောင်ပါ … ဘယ်လိုလုပ် သူက ဒီလောက် ဩဇာညောင်းတဲ့သူတွေရဲ့ နှစ်သက်တာကို ခံနေရတာလဲ?*
အတိတ်တုန်းက သူ ယဲ့ဖန်ကို နှိပ်စက်ခဲ့၊ ထောင်ချောက်ဆင်ခဲ့တာတွေကို သတိရမိပြီး ယဲ့လင်တစ်ယောက် သွေးပျက်လာသည်။
*ငါတော့ သွားပြီ!*
*ငါတော့ သွားပြီ!*
*ယဲ့ဟူတောင် အသတ်ခံလိုက်ရတာ ငါက သူ့မျက်လုံးထဲမှာ ပုရွတ်ဆိတ်တစ်ကောင် သာသာပဲ ရှိတယ်*
ယဲ့လင် မျက်နှာ ပြာနှမ်းလာသည်။
ဒေါက်! ဒေါက်! ဒေါက်!
ယဲ့ဖန်က စားပွဲကို ခေါက်လိုက်ကာ ယဲ့ကလန်သားများအားလုံးကို စူးရှသော မျက်လုံးဖြင့် ဝေ့ကြည့်လိုက်သည်။
ကလန်သားတိုင်း သူနှင့် မျက်လုံးချင်းမဆုံရဲသဖြင့် ခေါင်းကို ငုံ့ထားကြသည်။
"ယဲ့ကလန်က ငါ့ကို အနိုင်ကျင့်ခဲ့တယ်၊ လှောင်ပြောင်ခဲ့တယ်! အခုတော့ မင်းတို့က ငါ့ကို ကြောက်နေကြပြီမလား! ကောင်းလိုက်တဲ့ ကလန်!"
ယဲ့ဖန်က တင်းမာသောမျက်နှာထားဖြင့် ပြောလိုက်သည်။
သူက ကြော့ကြော့မော့မော့နှင့် ဆက်ပြောသည်။
"ကျုပ် ဒီလိုကလန်မျိုးရဲ့ ကလန်သားတစ်ယောက် ဖြစ်ရတာကို ရှက်တယ်။ အခုကစပြီး ကျုပ် ယဲ့ကလန်ကနေ ထွက်သွားတော့မယ်"
*ဘာ!*
ယဲ့ဖန်၏ စကားကြောင့် ယဲ့ကလန်သားတိုင်း မှင်တက်သွားကြသည်။
*သူ့ဘာသာသူ ယဲ့ကလန်ထဲက ထွက်မယ်!*
*ယဲ့ကလန်သား ဖြစ်ရတာကို ရှက်တယ်!*
ယဲ့ကလန်သားတိုင်းက သူတို့ကို ယဲ့ဖန် အားနှင့် ပါးဖြတ်ရိုက်လိုက်သည်ဟု ခံစားလိုက်ရကာ စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားလိုက်ကြသည်။
အကယ်၍ ယဲ့ဖန်သာ ဒီလိုလူကြီးသူမများ၏ နှစ်သက်ခြင်းခံရမည်ကို သူတို့ ယဲ့ဖန်ကို အခုလို ဆက်ဆံခဲ့လိမ့်မည် မဟုတ်ပါ။
ယဲ့ဖန် ဆက်ပြောလိုက်သည့်စကားကြောင့် အားလုံး ထိတ်လန့်သွားရပြန်သည်။
"ကျုပ် ယဲ့ကလန်ကို ကျုပ်ကို ဆက်ဆံခဲ့တဲ့အတိုင်းပဲ ပြန်ဆက်ဆံမယ်။ တစ်နေ့နေ့မှာ ကျုပ်အကူအညီကို ခင်ဗျားတို့ လိုလာရင် ခင်ဗျားတို့အားလုံး ကျုပ်ရှေ့ ဒူးထောက်မှ ရမယ်"
သူက ဒီလို ထိတ်လန့်စရာ စကားများ ပြောပြီးနောက် ယဲ့မော့၏ ပခုံးကို ပုတ်ကာ ပြုံးလိုက်ပြီး ထွက်ခွာသွားသည်။ သူ့နောက်မှ ထိပ်သီး ပုဂ္ဂိုလ်များက လိုက်ပါသွားကြသည်။
ထိုလူတစ်ယောက်ချင်းစီက ယဲ့ကလန်အား အထင်သေးသလို ကြည့်သွားကြသည်။
ထိုသူတို့၏ အမြင်တွင် သူတို့၏ ယဲ့ဖန်၏ တောက်ပသော အနာဂတ်ကို မမြင်နိုင်သည့် စင်စစ် အရူးများသာ ဖြစ်သည်။
ယဲ့ဖန်၏ အနာဂတ်!
ယဲ့ဖန်နှင့် သူ့လူများ ထွက်သွားပြီးနောက် ယဲ့ကလန် အိမ်တော်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
ထိုစဉ် ယဲ့ဖန့်ချန်သည် ထိုင်ခုံပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး သူ့မျက်နှာကလည်း ဆယ်နှစ်လောက် ပိုအိုစာသွားသလိုပင်။
ယဲ့ယွင်ရှန်နှင့် ယဲ့ယွင်ဟိုင်တို့သည်လည်း ကြမ်းပြင်ပေါ်၌ ငိုင်တွေကာ ထိုင်နေကြသည်။
အခြားကလန်သားတိုင်းက ယဲ့မော့အား အားကျသလို ကြည့်နေကြသည်။
ယဲ့ဖန် မသွားခင် ယဲ့မော့၏ ပခုံးကို ပုတ်သွားသည်ကို သူတို့ မြင်ခဲ့သည်။
ယနေ့မှစ၍ ယဲ့ကလန်တွင် ယဲ့မော၏ နေရာက မြင့်မားလာပေတော့မည်။
"ဒီကောင်ကတော့ကွာ…."
ယဲ့မော့ တွေဝေစွာ ရေရွတ်လိုက်မိသည်။
ဘာကြောင့် ယဲ့ဖန်က သူ့ပခုံးကို ပုတ်သွားသလဲဆိုသည်ကို သူ နားလည်ပါသည်။ သူတို့နှစ်ယောက်ကြားမှာ ကောင်းမွန်သည့်ဆက်ဆံရေး ရှိကြောင်း တစ်ဘက်လှည့်နှင့် ပြောလိုက်ခြင်းပင် ဖြစ်သည်။
*ဒီနေ့ကစပြီး ယဲ့ကလန်က ဘယ်သူမှ ပြဿနာ မရှာရဲကြတော့ဘူးပဲ*
ယဲ့မော့ ယဲ့ဖန်ကို အလွန်လေးစားသွားသည်။
"သူသာ မထွက်သွားဘူးဆိုရင် ယဲ့ကလန်က…ကျန်းရှီမြို့မှာ နံပါတ်တစ်ကလန် ဖြစ်နေမလားမသိဘူး"
ယဲ့မော့၏ အသံက အလွန်တိုးသော်လည်း ကလန်သားတိုင်း၏ နားထဲတွင်တော့ မိုးကြိုးပစ်သလို ကျယ်လောင်လှပေသည်။
*ဟုတ်သားပဲ*
*ယဲ့ဖန်၏ အကူအညီနဲ့ဆို ယဲ့ကလန်က အာဏာရှိတဲ့သူတွေရဲ့ အထောက်အပံ့ကို ရပြီးတော့ ပိုင်ကလန်နဲ့ ကုန်းကလန်ကိုတောင် ကျော်တတ်သွားနိုင်တာပဲ*
*ဒါပေမယ့်လည်း နောက်ကျသွားပြီပဲ*
ယဲ့ကလန်သားတိုင်း၏ မျက်နှာက သွေးမရှိတော့သလို ဖြူစုတ်နေသည်။
"ဒါငါတို့အမှားလား?"
ယဲ့ဖန် ထွက်သွားသည့်ဘက်ကို ကြည့်ပြီး ယဲ့ဖန့်ချန်တစ်ယောက် ပို၍ မျက်နှာ ရှုံ့တွလာကာ ညည်းညူလိုက်သည်။
"တကယ်ပဲ ငါတို့ အမှားပဲနဲ့ တူပါရဲ့"
ထိုသို့ ညည်းတွားလိုက်ပြီးနောက် ယဲ့ဖန့်ချန်တစ်ယောက် မနည်းထိုင်ရာမှ ထလိုက်ကာ အခန်းထဲမှ အသက်မပါသော မျက်နှာနှင့် ထွက်သွားသည်။
သေခါနီး လူအိုကြီးတစ်ယောက်လို သူက ယဲ့ကလန်သားတိုင်းကို ထား၍ ထွက်သွားသည်။ ယဲ့ကလန်သားတိုင်းသည်လည်း ကိုယ်စီကိုယ်စီ နောင်တရနေပြီ ဖြစ်သည်။
….
ယဲ့ကလန်မှ ထွက်လာပြီးနောက် ယဲ့ဖန်နှင့် ထိုသူများက ချက်ချင်း လူစုမခွဲကြသေးပဲ သရဖူဟိုတယ်သို့ ဦးတည်ကာ ထွက်လာကြသည်။
သရဖူဟိုတယ်၏ အကျယ်ဆုံး အင်ပါယာအဆင့် အခန်းတွင် လူများနှင့် ပြည့်နှက်နေသည်။
အခန်းထဲရှိ လူတစ်ယောက်ချင်းစီက ကျန်းရှီမြို့၌ ဩဇာညောင်းကြသည့်သူချည်းပင်။
သူတို့ တစ်ယောက်နှင့်တစ်ယောက် ခွက်ချင်းတိုက်၍ မြူးထူးနေကြသည်။
သုံးခွက်သောက်ပြီးနောက် ယဲ့ဖန် အခန်းထဲမှ ထွက်လာကာ သန့်စင်ခန်းသို့ ဦးတည်လိုက်သည်။
သို့သော် အခန်းထဲမှ ထွက်လာသည်နှင့် သူ့နောက်ကနေ မိန်းမလှလေးတစ်ယောက်က လိုက်လာကာ သန့်စင်ခန်းအထိ လိုက်လာသည်ကို သူ သတိမထားမိပေ။
ထိုမိန်းကလေးသည် ကျန်းရှီ အလယ်တန်းကျောင်း၏ ဆွဲဆောင်မှုအရှိဆုံး ဆရာမလေး ဖန့်ယင်း ဖြစ်ပေသည်။
သို့သော် ဖန့်ယင်းသည် ပူဆွေးနေသော မျက်နှာနှင့် ဖုန်းကို ကိုင်ကာ ချီတုံချတုံ ဖြစ်နေသည်။
"ဟူး…ပင်ပန်းလိုက်တာ။ ဒီအကျပ်အတည်းကနေ ငါ့ကို ဘယ်သူကယ်နိုင်ပါ့မလဲ?"
ဖန့်ယင်းသည် တရုတ်ပြည်တောင်ပိုင်း၏ ထိပ်တန်း မြာပွေသောကောင်က ပါတီဖိတ်ခြင်း ခံလိုက်ရသည်။
ထိုမြာပွေသောသူသည် သူမကို အရူးအမူးလိုက်နေသည့်သူတွေထဲမှ တစ်ယောက်ဖြစ်သည်။
ထိုဖွန်ကြောင်သည့်ကောင်လက်မှ လွတ်ရန် တရုတ်ပြည်တောင်ပိုင်းရှိ ဖန့်ကလန်မှ ဖန့်ယင်း ထွက်လာကာ ကျန်းရှီမြို့သို့ ရောက်လာခြင်း ဖြစ်သည်။
"ငါ့မှာ ချစ်သူမရှိတာကို သခင်လေးထန့်သာ သိရင် သေချာပေါက် ဒီသတင်းကို တခြားမြာပွေတဲ့သူတွေဆီကို သတင်းဖြန့်လိုက်မှာပဲ..အဲ့ဒါဆို သူတို့က ကျန်းရှီမြို့ကို ငါ့အတွက်နဲ့ ရောက်လာကြတော့မှာပဲ"
ဖန့်ယင်း ခါးသက်စွာ ပြုံးလိုက်မိသည်။
သူမ ဟန်ဆောင်ဖို့ ချစ်သူရှာဖို့ လိုအပ်သော်လည်း ဘယ်သူ့ကို အကူအညီသွားတောင်းရမလဲ သူမ မသိတော့ပါ။
*ဟင်?*
ဖန့်ယင်း အကူအညီရလိုရငြား တွေးနေစဉ် သန့်စင်ခန်းတွင်းမှ ကောင်လေးတစ်ယောက် ထွက်လာသည်ကို သူမ မြင်လိုက်သည်။
"ယဲ့ဖန်!"
ဖန့်ယင်း ဝမ်းသာအားရဖြစ်ကာ ယဲ့ဖန်လက်မောင်းကို လှမ်းကိုင်၍ တားလိုက်ပြီး အံ့ဩတကြီး မေးလိုက်သည်။
"ယဲ့ဖန်…နင် ဘာလို့ ဒီကို ရောက်နေတာလဲ?"
ယဲ့ဖန် ကြောင်သွားပြီးမှ ထိုသူက ဖန့်ယင်းမှန်း ရိပ်မိသွားတော့မှ ပြုံးလိုက်သည်။
"မမလေးဖန့်…ကျွန်တော် ညစာလာစားတာပေါ့ဗျ…ကျုပ်နဲ့…"
ယဲ့ဖန် စကားဆုံးအောင် မပြောရသေးခင်မှာပဲ ဖန့်ယင်းက သူ့ကို အခန်းလွတ်တစ်ခန်းထဲ ဆွဲခေါ်ကာ ဝမ်းသာအားရပြောလိုက်သည်။ "လာ..သွားကြစို့..ကျန်တာတွေ ခဏထားခဲ့လိုက်..ကျွန်မ ရှင့်ကို ကျွန်မသူငယ်ချင်းတစ်ချို့နဲ့ မိတ်ဆက်ပေးမလို့"
ဖန့်ယင်းက သူ့ကို နောက်ထပ် အခန်းတစ်ခန်းထဲဆွဲခေါ်သွားပြန်သည်။
ထိုအခန်းထဲမှ လူတိုင်းသည် ငယ်ရွယ်၍ တောက်ပြောင်သော အဝတ်အစားများကို ဝတ်ထားကြသည်။ သူတို့၏ ကျန်းရှီမြို့၏ အဓိကကလန်များမှ ဒုတိယမျိုးဆက်များမှန်း သိသာလှသည်။
အခန်းအလယ်တွင် လူတစ်ယောက်က ရပ်နေသည်။ သူ့ဘေးတွင် အခြားသူများ ဝိုင်းဝိုင်းလည်နေကာ ထက်သန်စွာ ဝိုင်း၍ စကားပြောနေကြသည်။
ထိုသူသည် သခင်လေးထန့်ဖြစ်သည်။
ဖန့်ယင်းက ယဲ့ဖန်ကို ဆွဲ၍ အခန်းထဲ ဝင်လာစဉ်တွင် အခန်းထဲမှ သီချင်းသံ ရပ်သွားသလို သခင်လေးထန့်နှင့် အခြား ဒုတိယမျိုးဆက်လူငယ်များက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
ထိုစဉ် ဖန့်ယင်းက ယဲ့ဖန်လက်ကို ကိုင်ပြီး စကားစလိုက်သည်။ "တိတ်တိတ်နေပေးကြပါ…ကျွန်မ ရှင်တို့ကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့…သူကတော့ ကျွန်မချစ်သူ…ယဲ့ဖန်တဲ့"
*ဘာ?*
သူမစကားကြောင့် ယဲ့ဖန် အတော်လေးကို နားဝေတိမ်တောင် ဖြစ်သွားကာ သူ့အခြေအနေကို သူ သဘောပေါက်လိုက်သည်။
*သေစမ်း…ငါတော့အရူးလုပ်ခံရပြီ*