← Chapters

ငါသူ့ကို လေးလေးစားစား ဆက်ဆံပါ့မယ်!

Vol. 5 Ch. 68

ငါသူ့ကို လေးလေးစားစား ဆက်ဆံပါ့မယ်!

Vol. 5 Ch. 68

ယဲ့ဖန်က မှောင်ရိပ်ကျသော ထောင့်မှာ ငြိမ်ငြိမ်လေးထိုင်နေသည်။ သူက သခင်လေးထန့်၊ အားဆန်နှင့် စန်းပျောင်တို့ကို လျစ်လျူရှုထား၏။

ရုတ်တရက် အခန်း၏ မှောင်ရိပ်ကျသောနေရာမှ အဝတ်အစား ခပ်စုတ်စုတ်နှင့် ဖိုသီဖတ်သီပုံစံနှင့် သက်လတ်ပိုင်းအရွယ် လူကြီးကို သူ သတိထားမိသွားသည်။

အယ်လ်ကိုဟော ပါဝင်နှုန်း မြင့်မားသည့် အရက်ပုလင်းကို ကိုင်၍ ထိုသူက အငမ်းမရ သောက်နေသည်။

၄၊၅ ပုလင်း သောက်ပြီးသွားတာတောင် ထိုသူက သွက်သွက်လက်လက် ရှိနေတုန်းပင်။

*သူက သန်မာသားပဲ*

ယဲ့ဖန် ချက်ချင်း မှတ်ချက်ချလိုက်သည်။ ထို့ပြင် ဒီသက်လတ်ပိုင်းအရွယ် လူကြီးက သူ သတ်ခဲ့သည့် လက်ခြောက်ချောင်းမြွေထက် ပို၍ သန်မာလိမ့်မည်ဟု သူ တပ်အပ်ပြောနိုင်သည်။

"စိတ်ဝင်စားစရာပဲ! စိတ်ဝင်စားစရာပဲ!"

ယဲ့ဖန် မျက်စိကို မှေးကာ စိတ်လှုပ်ရှားနေသည်။

"ကောင်လေး…နင် ဘာပြောနေတာလဲ?"

ထိုစဉ် ဖန့်ယင်းက ယဲ့ဖန်၏ ခေါင်းကို ဆော်လိုက်သည်။

နီမြန်းနေသောမျက်နှာနှင့် ဖန့်ယင်းသည် ယဲ့ဖန်က သူမထက် မှောင်ရိပ်ကျသောနေရာနားမှ လူကိုသာ အာရုံစိုက်နေသောကြောင့် ဒေါသထွက်နေသည်။

"ငါက အဲ့ဖိုသီဖတ်သီနဲ့ လူကြီးလောက်တောင် ဆွဲဆောင်မှုမရှိတာလား?"

ဖန့်ယင်း ပို၍ ရှက်လာပြီး ထပ်ပြောလိုက်သည်။

"ငါတို့ အတူနေတဲ့ ပထမဆုံးနှစ်ပတ်လည်နေ့ ဟုတ်လား? ငါနဲ့ ကုတင်ပေါ်မှာ အကြိမ် ၃၀၀လောက် အတူနေမယ်!"

ဖန့်ယင်း၏ ဒေါသထွက်ကာ ရှက်ရမ်းရမ်းနေပုံကို ကြည့်ပြီး ယဲ့ဖန်က ပြီတီတီပြုံးကာ ပြောလိုက်သည်။

"မမလေး..ကျုပ်တို့က ဟန်ဆောင်နေတာ မဟုတ်ဘူးလား? တကယ် ဖြစ်ချင်တယ်ဆိုလည်း ကျုပ် မငြင်းပါဘူး"

*ဘာရယ်!*

*တကယ်ဖြစ်ချင်တယ်!*

ဖန့်ယင်း မျက်နှာက ပို၍ နီမြန်းလာသည်။

သူမ၏ ကျောင်းသားဆိုးလေးက သူမကို ရိသဲ့သဲ့ ပြောရဲလိမ့်မည်ဟု သူမ မထင်ထားခဲ့ပါ။

ဖန့်ယင်း ယဲ့ဖန်ကို သင်ခန်းစာ ပေးတော့မည့်အချိန်တွင် သူမတို့နား လျှောက်လာနေသည့် ခြေသံအချို့ကို သူမကြားလိုက်ရသည်။

"ဟဟ…ဖန့်ယင်းရေ…မင်းဘာလို့ ဒီမှာ လာပုန်းနေတာလဲ?"

သခင်လေးထန့်က ပြုံး၍ သူတို့ဆီ လျှောက်လာသည်။ သူ့နောက်တွင် အားဆန်နှင့် စန်းပျောင်တို့ ပါလာသည်။

ဖန့်ယင်း မျက်မှောင်ကြုတ်လိုက်မိပြီး ချက်ချင်း ယဲ့ဖန်၏ လက်မောင်းကို ဖက်ကာ ပြုံးလိုက်သည်။

"ကျွန်မတို့ ဒီကို အနမ်းဖလှယ်ဖို့ လာကြတာလေ။ အိုး…သခင်လေးဖန့်ကရော ကျန်းရှီမြို့ကို ဘာလာလုပ်တာလဲရှင့်"

ဖန့်ယင်းက ယဲ့ဖန်၏ လက်မောင်းကို ချက်ချင်းဖက်လိုက်သည်ကို မြင်ပြီး သခင်လေးထန့် ဒေါသထွက်သွားသည်။ သို့သော် သူက ပြုံးလျက်နှင့် "ကျုပ်အဘိုးအို ဒီကို လာဖို့ ခေါ်လိုက်လို့လေ။ သူက ကျုပ်ကို အရေးကြီးပုဂ္ဂိုလ် တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်နေတာ"

သခင်လေးထန့်က ယဲ့ဖန်ကို ကြည့်ကာ စကားဆက်ပြောလိုက်သည်။ "ညီငယ်လေး..ခုနက ကျုပ်ရဲ့ နုံ့ဖျင်းတဲ့ အပြုအမူအတွက် တောင်းပန်ပါရစေ။ ကျုပ်ကို ခွင့်လွှတ်ပေးပါ"

*အမ်?*

သူ့လို လူပေါ်ကြော့သူဌေးသားက တောင်းပန်လိမ့်မည်ဟု ယဲ့ဖန် မထင်ထားခဲ့မိ။

သို့သော် အားဆန်၏ ကောက်ကျစ်သောအပြုံးကို မြင်ပြီး သူ ချက်ချင်း သဘောပေါက်လိုက်သည်။

ယဲ့ဖန် မသိမသာ ပခုံးတွန့်လိုက်သည်။

"သေစမ်း!"

လျစ်လျူရှုခြင်း ခံလိုက်ရသဖြင့် သခင်လေးထန့်၏ မျက်နှာက မည်းမှောင်လာသည်။ သူက ယဲ့ဖန်အား သုန်မှုန်စွာ စိုက်ကြည့်ရင်း

"ငါ့ညီ ... ကျုပ်သူငယ်ချင်းက မင်းက ကိုယ်ခံပညာမှာ တော်တယ်လို့ ပြောတယ်၊ ပြီးတော့ မင်း လက်ဗလာနဲ့ ဘေ့စ်ဘောတုတ်ကိုတောင် အမှုန့်ဖြစ်အောင် လုပ်နိုင်တယ်ဆိုပဲ။ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ခံပညာတော်တဲ့ အခြားသူငယ်ချင်းတစ်ယောက် ရှိနေတယ်ဗျ၊ ခင်ဗျား သူနဲ့ ပြိုင်ချကြည့်ပါလား?"

သခင်လေးထန့်က ယဲ့ဖန်အား ရန်လိုမှုအပြည့်ဖြင့် စိုက်ကြည့်နေသည်။

သူ့စကားကြောင့် ယဲ့ဖန်က သခင်လေးထန့်၏ဘေးက စန်းပျောင်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် စိတ်ဝင်စားမှု မရှိတော့သလိုနှင့် ပျင်းရိပျင်းတွဲနှင့် ခေါင်းခါလိုက်သည်။

"ကျုပ် စိတ်မပါဘူး"

*အမ်?*

သခင်လေးထန့်၏ မျက်လုံးသည် ရေခဲတမျှ အေးစက်သွားကာ လှောင်ရယ်ဟန်ဖြင့် ပြောလိုက်သည်။

"စိတ်မဝင်စားတာလား ဒါမှမဟုတ် သတ္တိမရှိတာလား?"

သခင်လေးထန့်က သူ့အား ပေါ်တင် နှိမ်နေသော်လည်း ယဲ့ဖန်က သာမန်ကာလျှံကာဟန်နှင့် ပခုံးတွန့်လိုက်ကာ ပြန်ပြောလိုက်သည်။

"လောင်းကြေးစားကြေးလည်း မရှိဘဲနဲ့ ကျုပ် စိတ်မပါဘူး"

ထို့သို့ပြောပြီး ယဲ့ဖန်က နှာခေါင်းတရှုံ့ရှုံ့နှင့် လေထဲမှ တစ်ခုခုကို အနံ့ရလိုက်သည့်ပုံဖြင့် သခင်လေးထန့်အား ရိသလိုလို ကြည့်ကာ ပြောလိုက်သည်။

"ခင်ဗျားရဲ့ အင်္ကျီထဲက ဆေးပင်နှစ်ပင်ကို လောင်းကြေးအဖြစ် သတ်မှတ်မယ်ဆိုရင်တော့ ကျုပ် စိတ်ဝင်စားတယ်"

*ဆေးပင်နှစ်ပင်!*

ဖန့်ယင်း၊ အားဆန်နှင့် စန်းပျောင်တို့ တွေဝေသွားကြသော်လည်း သခင်လေးထန့်ကတော့ မှင်တက်နေသည်။

*ငါ့အင်္ကျီအိတ်ထဲမှာ ဘာရှိလဲဆိုတာကို သူ..သူ ဘယ်လို သိနေတာလဲ?*

သခင်လေးထန့်က ယဲ့ဖန်အား မယုံသင်္ကာဖြင့် ကြည့်နေသည်။

ထိုဆေးပင်နှစ်ပင်အား သူတွေ့ရမည့် အရေးကြီးပုဂ္ဂိုလ်အား လက်ဆောင်ပေးရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုဆေးပင်ကို သူနှင့်အတူ ယူဆောင်ထားပြီး ဘယ်သူ့ကိုမှလည်း မပြခဲ့ပေ။

သို့သော်လည်း ယဲ့ဖန်က သိနေသည်။

တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် သခင်လေးထန့်က ယဲ့ဖန်အား အထင်သေးသလို ကြည့်ကာ ပြောလိုက်သည်။

"ကျုပ် ဆေးပင်တစ်ပင်ကိုပဲ လောင်းကြေးအဖြစ် သုံးနိုင်မယ်။ ဘယ်လိုလဲ?"

"ရတယ်လေ"

ယဲ့ဖန်က ပြုံး၍ ထရပ်လိုက်သည်။

သခင်လေးထန့်ရောက်လာကတည်းက အိပ်မက်နွယ်မြက်ပင်နှင့် ကောင်းကင်ဘုံ အဝါရောင်အမြစ်တို့၏ ရနံ့ကို သူ ရနေခြင်း ဖြစ်သည်။ ထိုဆေးပင်နှစ်ပင်သည် သူ စွမ်းအင်အရင်းအမြစ်ဆေးလုံး ဖော်စပ်ရာတွင် လိုအပ်သည့် ဆေးပင်များ ဖြစ်သည်။

ယဲ့ဖန်၏ စကားကြောင့် သခင်လေးထန့်က သူ၏ ကောင်းကင်ဘုံ အဝါရောင်အမြစ်ကို ချက်ချင်းထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။

ကောင်းကင်ဘုံ အဝါရောင်အမြစ်၏ ထိပ်တန်းအရည်အသွေးကို သတိပြုမိပြီး ယဲ့ဖန် ကျေနပ်သလို ခေါင်းညိတ်ကာ ပြောင်စပ်စပ်ရုပ်နှင့် ကြည့်နေသည်။

"နေဦး"

ထိုစဉ် သခင်လေးထန့်က ယဲ့ဖန်အား လှောင်သလိုကြည့်ကာ "ကျုပ်လောင်းကြေးက ကောင်းကင်ဘုံ အဝါရောင်အမြစ်ပဲ။ မင်းရဲ့ လောင်းကြေးကရော ဘာလဲ?"

*လောင်းကြေး?*

"မင်း ဘာလိုချင်လဲ?"

ယဲ့ဖန်က လှောင်ပြုံးပြုံးလိုက်ပြီး မေးလိုက်သော်လည်း သခင်လေးထန့် ဘာကိုတွေးနေသလဲဆိုတာကို သူ သိပြီးသားပင်။

"မင်း ရှုံးရင် ဖန့်ယင်းကို တစ်သက်လုံး လက်လွှတ်လိုက်တာကို ငါ လိုချင်တယ်"

သခင်လေးထန့်က ယဲ့ဖန်အား စိုက်ကြည့်ကာ ပြောလိုက်သည်။

အစပိုင်းက ယဲ့ဖန် တွေဝေနေလိမ့်မည်ဟူ သူ ထင်ထားသော်လည်း မမျှော်လင့်ပဲ…

"ဘင်ဂို…သဘောတူတယ်"

ယဲ့ဖန်က ချက်ချင်း လက်ဖျောက်တီးကာ သခင်လေးထန့်ပြောတာကို သဘောတူလိုက်သည်။

*အာ…*

သခင်လေးထန့် နဝေတိမ်တောင် ဖြစ်သွားသလို ဖန့်ယင်းလည်း ဆွံ့အသွားရသည်။

သူမနှင့် ယဲ့ဖန်ကြားတွင် မည်သည့်ပတ်သက်မှုမှ မရှိပါ။ ကောင်းကင်ဘုံအဝါရောင်အမြစ်၏ တန်ဖိုးအရ ယဲ့ဖန်က အကျိုးအမြတ်ပင် ရဦးမည်။ သူ ရှုံးလျင်တောင် မည်သည့်နစ်နာမှုမှ မရှိပါ။

"ကောင်းပြီလေ..သဘောတူတယ်"

သခင်လေးထန့်က လောင်းကြေးနှင့် ပတ်သက်ပြီး ယဲ့ဖန် နောင်တရလာမည်စိုး၍ အချိန်မဆွဲရဲတော့ပါ။

လူနှစ်ယောက်ကြားက အလောင်းအစားအား အခန်းတွင်းရှိ လူများအားလုံး စိတ်ဝင်စားသွားကြသည်။

အခြား လူပေါ်ကြော့ သူဌေးသားများက သူတို့နှစ်ယောက်ကို ကြည့်နေကြသည်။

…..

အနက်ရောင်အရိပ်တစ်ခု လှစ်ခနဲ လှုပ်ရှားသွားသည်။ ထိုသူသည် စန်းပျောင်ပင် ဖြစ်သည်။

သူက လျှပ်စီးလို လှုပ်ရှားလိုက်သဖြင့် ကြည့်နေသည့်သူများအားလုံး မှင်တက်သွားကြသည်။

သူ၏ လျင်မြန်သော လှုပ်ရှားမှုကြောင့် ဖန့်ယင်း မျက်လုံး ပြူးသွားကာ စိုးရိမ်တကြီး သတိပေးလာသည်။

"ယဲ့ဖန်…ဂရုစိုက်ဦးနော်..သူက လွန်ခဲ့တဲ့သုံးနှစ်က တရုတ်ပြည်တောင်ပိုင်းက တရားမဝင် MMA ပြိုင်ပွဲရဲ့ ရက်စက်တဲ့ ချန်ပီယံလည်း ဖြစ်သလို သခင်လေးထန့်ရဲ့ အသန်မာဆုံးလူမိုက်ပဲ"

ယဲ့ဖန်၏ ပိန်ပါးပါး ကိုယ်ကို ကြည့်ပြီး ယဲ့ဖန်ကို ဒီအခန်းထဲ ခေါ်လာမိတာကို ဖန့်ယင်း နောင်တရလာသည်။

သူမသာ မခေါ်လာခဲ့လျင် သူ ဒီလို ပြဿနာမျိုး တက်လိမ့်မည်မဟုတ်ပေ။

သို့သော် သူမပြောတာကို ကြားသော်လည်း ယဲ့ဖန်က သာမန်ကာလျှံကာဖြင့် ပခုံးတွန့်ကာ "စိတ်မပူပါနဲ့… ကျုပ် သူ့ကို တလေးတစား ဆက်ဆံပါ့မယ်"

*ဘာရယ်*

အခန်းထဲရှိ သူများအားလုံး မှင်တက်သွားကြသည်။

ထို့နောက် သူတို့အားလုံး ဝါးလုံးကွဲမတတ် ရယ်မောကြတော့သည်။

သူတို့အမြင်တွင် ယဲ့ဖန်သည် သေလူသာ ဖြစ်သည်။

ဘယ်ကမှန်းမသိသည့်ကောင်က ရက်စက်သည့် MMA ချန်ပီယံနှင့် ယှဉ်တိုက်ရဲတယ်တဲ့လား? ဤသည်က ကိုယ့်သေတွင်းကိုယ်တူးနေတာနှင့် အတူတူပင် ဖြစ်သည်။

ယဲ့ဖန်၏ ပိန်ပါးပါးကိုယ်နှင့် ငယ်ရွယ်သောပုံအရ သူသည် ခွန်အားကြီးသောသူ မဖြစ်နိုင်ဘဲ ကိုယ်ခံပညာ အနည်းငယ်သာ တတ်ထားသည့် ပေါ့ပြက်ပြက်ကောင် ဖြစ်နိုင်သည်ဟု ထင်နေကြ၏။

*သူတော့ သေပြီပဲ*

လူတိုင်းနီးပါးက ယဲ့ဖန်အား ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်နေကြသည်။

အထူးသဖြင့် သခင်လေးထန့်နှင့် အားဆန်တို့က ယဲ့ဖန်အား သေပြီဟု သတ်မှတ်ကာ အထင်သေးစွာ ရယ်နေကြသည်။

"ဟီး..ဟီး…"

ထိုစဉ် စန်းပျောင်သည် ရယ်ရလွန်း၍ တစ်ကိုယ်လုံး တုန်နေသည်။ သူ၏ အပေါ်စွပ်ကျယ်ကို ဆွဲဖြဲ၍ သူ၏ တောင့်တင်းသော ကိုယ်အပေါ်ပိုင်းကို ပြသလိုက်သည်။

သူ၏ ကိုယ်အပေါ်ပိုင်းသည် ကြွက်သားအမြှောင်းမြှောင်းထကာ အမာရွတ်များနှင့် ပြည့်နှက်နေသည်။ သူ၏ ရင်အုပ်ကို ကြည့်ကာ သူသည် တိုက်ပွဲအတွေ့အကြုံ အများအပြားရှိသည့် အလွန်သန်မာသောသူဖြစ်မှန်း လူတိုင်း သိလိုက်ကြသည်။

"ကောင်စုတ်လေး..ငါမင်းကို ၃ကွက်အတွင်း အလဲထိုးနိုင်တယ်"

သူ့စကားကြောင့် အခန်းတွင်း လက်ခုပ်သံများ၊ ဩဘာပေးသံများနှင့် ပြည့်နှက်သွားသည်။

သို့သော် ယဲ့ဖန်က ခေါင်းခါလိုက်သည်။

"၃ကွက်က များလွန်းတယ်။ တစ်ကွက်တည်းဆို လုံလောက်ပြီ"

*ဘာ!*

စန်းပျောင်နှင့် အခြားသူများ အံ့ဩသွားကြသည်။ ယဲ့ဖန်ပြောတာကိုလည်း သူတို့ သဘောမပေါက်ကြပေ။

ယဲ့ဖန် ဆက်ပြောလိုက်သည့်စကားကြောင့် အားလုံး အကြီးအကျယ် အမူအရာ ပြောင်းသွားကြသည်။

ယဲ့ဖန် ပြောလိုက်သည့်စကားကတော့

"ကျုပ် တစ်ကွက်တည်းနဲ့ ခင်ဗျားကို အနိုင်ယူလို့ ရတယ်" ပင် ဖြစ်သည်။

All Chapters