ပိုကြီးမားတဲ့ ဆုံးရှုံးမှု
Vol. 5 Ch. 73
*အား!*
စူးခနဲ အော်လိုက်သံကြောင့် အခန်းထဲရှိ သူများအားလုံး မှင်တက်သွားကြသည်။
*သူ့ခြေထောက်ကို ချိုးခိုင်းတာလေ!*
သခင်လေးထန့်၏ ခြေထောက် ကျိုးသွားလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြချေ။
အခြားသခင်လေးများလည်း အလွန်အံ့ဩနေကြသည်။
သခင်လေးထန့်၏ ခြေထောက်ကို ချိုးလိုက်သည့်သူက သူ့အဘိုးဖြစ်နေလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ကြချေ။
သခင်လေးထန့်သည်လည်း နားဝေတိမ်တောင် ဖြစ်နေသည်။
သူ့နဖူးမှ ချွေးဒီးဒီးကျနေကာ ဖြူဖတ်ဖြူရော်မျက်နှာဖြင့် သူ့အဘိုးအား မယုံနိုင်သလို ကြည့်ပြီး အော်ငိုလေသည်။
"အဘိုး! ဘာ..ဘာလို့ ကျွန်တော့်ခြေထောက်ကို ချိုးပစ်တာလဲ? ဘာလို့လဲဗျ?"
သူ့ခြေထောက်ကို ချိုးလိုက်သည့်သူက သူ့အဘိုးဖြစ်နေသည့်အတွက် သခင်လေးထန့် မယုံနိုင်သလို ဖြစ်နေသည်။
သူ့အဘိုးက သူ့ကို တအားချစ်သည်။ ထို့ကြောင့်လည်း သူ့ကို အရေးကြီးပုဂ္ဂိုလ်နဲ့ မိတ်ဆက်ပေးချင်နေတာ ဖြစ်သည်။
သို့သော် သူ့ကို သိပ်ချစ်သည့်အဖိုးက သူ့အပေါ် ဒီလိုလုပ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပါ။
သို့ပင်မယ့် အဘိုးအိုက သူမေးတာကို ပြန်မဖြေဘဲ ယဲ့ဖန်ရှေ့သို့သွားကာ အရိုအသေပေး၍ ပြောလိုက်သည်။
"ဆရာ..ကျုပ်မြေးရဲ့ မသိနားမလည်မှုအတွက် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး သူ့ကို ခွင့်လွှတ်ပေးပါ"
….
အဘိုးအို၏ စကားကြောင့် အခန်းထဲရှိ သခင်လေးတိုင်း တအံ့တဩဖြစ်သွားကာ မယုံကြည်နိုင်သော အမူအရာများဖြင့် ကြည့်နေကြသည်။
တရုတ်ပြည်တောင်ပိုင်းတစ်ခွင်လုံး ဩဇာညောင်းသည့် လူဖြစ်သလို သခင်လေးထန့်၏ အဘိုးဖြစ်သည့်သူက ယဲ့ဖန်ကို အရိုအသေပေးပြီး တောင်းပန်နေသည်။
ပို၍ အံ့ဩစရာကောင်းသည်က သူက ယဲ့ဖန်အား ဆရာဟု ခေါ်နေခြင်းပင်။
…
ဤအဖြစ်အပျက်ကြောင့် အခန်းထဲရှိ လူတိုင်း အံ့အားသင့်နေကြသည်။
သခင်လေးထန့်တောင် အော်ငိုနေရာမှ ရပ်ကာ ပါးစပ်အဟောင်းသားဖြင့် အံ့ဩတကြီး ကြည့်နေသည်။
*ဆ..ဆရာ? သူ…သူက အဘိုးပြောနေတဲ့ အရေးကြီး ပုဂ္ဂိုလ်ဆိုတာလား?*
သခင်လေးထန့် မျက်လုံး အပြူးသားနှင့် ဖြစ်နေရှာသည်။
သူ့အဘိုးက အရေးကြီးပုဂ္ဂိုလ်တစ်ယောက်၏ အသိအမှတ်ပြုခြင်းကို ခံရသည်ဟု သူ သိခါစက ထိုလူသည် အသက် ၁၀၀လောက် ရှိလိမ့်မည်ဟု သူ ထင်မှတ်ခဲ့သည်။
ဒီကောင် ဖြစ်နေလိမ့်မည်ဟု သူ မည်သို့မျှ ထင်မထားခဲ့ပါ။
*မ…မဖြစ်နိုင်လိုက်တာ!*
ယဲ့ဖန်၏ ငယ်ရွယ်သော မျက်နှာနှင့် သူ့အဘိုး၏ လှုပ်ရှားပြုမူပုံတို့ကို ကြည့်ပြီး သခင်လေးထန့် နားဝေတိမ်တောင် ဖြစ်လာရသည်။
ဖန့်ယင်းတောင်မှ ထိတ်လန့်တကြားဖြစ်ကာ ပါးစပ်ကို လက်ဖြင့် အုပ်ထားမိသည်။
တရုတ်ပြည်တောင်ပိုင်းရှိ အဓိကကလန်တစ်ခု၏ သခင်မလေးဖြစ်သည့်အားလျော်စွာ ဖန့်ယင်းတစ်ယောက် ရှုကွမ်း၏ နောက်ခံကို သေချာသိနားလည်သည်။
တရုတ်ရိုးရာ တိုင်းရင်းဆေးပညာကို စိတ်ပါဝင်စားသော်လည်း ရှုကွမ်းသည် တရုတ်ပြည်တောင်ပိုင်းရှိ အဓိကကလန်တစ်ခု ဖြစ်သည့် ရှုကလန်၏ ကလန်ခေါင်းဆောင် ဖြစ်သည်။
သူသည် တရုတ်ပြည်တောင်ပိုင်းတစ်ခွင်၌ ထိပ်သီး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။
သို့ပါလျက်နှင့် သူ..သူက ယဲ့ဖန်ကို ဆရာဟု ခေါ်သည်တဲ့လား!
…
ဖန့်ယင်း ယဲ့ဖန်ကို မယုံသင်္ကာဖြင့် စိုက်ကြည့်နေမိသည်။
အားဆန်သည်လည်း ထိတ်လန့်တကြား လဲကျကာ ဘောင်းဘီက စိုရွှဲနေသည်။ သူ ကြောက်လွန်းသည့်အတွက် ဘောင်းဘီထဲတောင် သေးထွက်ကျနေသည်။
"ငါတော့ သွားပါပြီ။ ငါတော့ အခုသေပြီပဲ။ သူ…သူက သခင်လေးထန့်ရဲ့ အဘိုးရဲ့ ဆရာတဲ့လား! သွားပါပြီကွာ!"
အားဆန် မျက်လုံးပြူးမျက်ဆံပြူး ဖြစ်နေသည်။ ယခုမှပင် သူက သူဘယ်တော့မှ အာမခံရဲသင့်သည့် သူကို စော်ကားလိုက်မိမှန်း နားလည်လိုက်ရသည်။
သူက သခင်လေးထန့်အား ယဲ့ဖန်ကို ရှာပြီး စိန်ခေါ်ရန် သွေးထိုးခဲ့သည်ကို သတိရမိပြီး သူကြောင့် သခင်လေးထန့် ခြေထောက်တစ်ဘက် ကျိုးသွားခဲ့သည်ကို အမှတ်ရလိုက်မိသည်။
အားဆန်တစ်ယောက် ခေါင်းကနေ ရေခဲရေလောင်းချလိုက်သလို တုန်ယင်လာသည်။
သူ့မျက်နှာကလည်း ပြာနှမ်းလာ၏။
"ထန့်…ဒီနား မြန်မြန်လာစမ်း"
အခြားသူများ ကြောင်နေတုန်း ရှုကွမ်းက သခင်လေးထန့်ကို ကျိန်းမောင်းလိုက်သည်။
သူ့အဘိုး၏ စကားကြောင့် သခင်လေးထန့် ကြောက်ပြီး ကတုန်ကယင်နှင့် ယဲ့ဖန်နားသို့ ထော့နဲ့ထော့နဲ့နှင့် လျှောက်လာသည်။
"ဟေ့ကောင်..ဘာကြောင်ကြည့်နေတာလဲ! မင်းရဲ့ ဆရာဘိုးဘိုးကြီးဆီကနေ ခွင့်လွှတ်မှုရအောင် ဒူးထောက်တောင်းပန်စမ်း"
ရှုကွမ်း ထအော်လိုက်သဖြင့် သူ့မုတ်ဆိတ်မွှေးတွေတောင် ထောင်တတ်လာသလို ဖြစ်နေ၏။
အဘိုးဖြစ်သူ၏ စကားကြောင့် သခင်လေးထန့် သွေးအန်မတတ် ဖြစ်လာသည်။
*ဆရာ..ဆရာဘိုးဘိုးတဲ့လား?*
ယဲ့ဖန်၏ နုနယ်သော မျက်နှာကို ကြည့်ရင်း ဆရာဘိုးဘိုးဟူသည့် စကားလုံးကို ပြန်ကြားယောင်ကာ သခင်လေးထန့် အော်ငိုချင်လာသည်။
သို့သော် သူ့အဘိုး၏ ဆန္ဒအား မလွန်ဆန်ရဲသဖြင့် ယဲ့ဖန်ရှေ့ ချက်ချင်း ဒူးထောက်လိုက်ရသည်။
"နှုတ်ဆက်ပါတယ် ဆ … ဆရာဘိုးဘိုးခင်ဗျား"
…
တစ်ခန်းလုံး တိတ်ကျနေသလို သခင်လေးများအားလုံး အံကို ကြိတ်ထားကြသည်။
ယခင်တုန်းက မည်သူမျှ ယဲ့ဖန်အား မလေးစားကျသလို သူတို့ကိုယ်သူတို့ ယဲ့ဖန်ထက် ပို၍ ဂုဏ်သတင်းကြီးမားသည်ဟု ယူဆထားကြသည်။ အထူးသဖြင့် ယခု အခန်းထဲတွင် အကျော်အမော် ဖြစ်နေသည့် သခင်လေးထန့်က ထိုသို့ ပို၍ အတွေးဝင်ခဲ့သည်။
ယခုတော့ သူတို့ အထင်သေး နှိမ်ချခဲ့သည့် ယဲ့ဖန်ကမှ တကယ့်အကျော်အမော်ဆိုတာကို သူတို့ သိလိုက်ရသည်။
သခင်လေးထန့်တောင်မှ သူ့ရှေ့ ဒူးထောက်ကာ ဆရာဘိုးဘိုးဟု ခေါ်နေရသည် မဟုတ်ပါလား!
သို့သော် ယဲ့ဖန်က အခြားသူများအား အရေးမစိုက်ဘ ပြုံးမြဲပြုံးနေကာ ကြည်ကြည်သာသာနှင့် ပြောလိုက်သည်။ "ကဲ…ပြီးခဲ့တာတွေလည်း ပြီးပါစေတော့လေ! စိတ်မပူပါနဲ့ … ငါ မင်းကို စိတ်မဆိုးပါဘူး"
သခင်လေးထန့် ဆွံ့အသွားလေတော့သည်။
*သေလိုက်ပါလား! မင်းက ငါ့ကို စိတ်မဆိုးဘူး ဟုတ်လား? မင်းပဲ ငါ့ကို အရှက်ခွဲပြီး မွဲပြာကျအောင် လုပ်သွားတာလေ…မင်းကြောင့် ငါ့ခြေထောက်တောင် ကျိုးသွားသေးတာကို!*
*ီးပဲ…ငါကပဲ မင်းကို စိတ်ဆိုးရမှာကွ..ဒေါသထွက်ရမယ့်သူက ငါဟ… ငါ*
ဒီလို သောက်ကျိုးနည်း ဆရာဘိုးဘိုးမျိုး တစ်ခါမှ မမြင်ဖူးသည့်အတွက် သခင်လေးထန့် ဒေါသထွက်ကာ သွေးအန်မတတ် ဖြစ်နေသည်။
ထို့ပြင် ရှုကွမ်း ထပ်ပြောလိုက်သည့်စကားကြောင့် သူ သတိလစ်တော့မလို ဖြစ်သွားရပြန်သည်။
"ထန့်လေး…ငါဆရာ့ကို လက်ဆောင်ပေးဖို့ မင်းကို ပြောထားတဲ့ ဆေးပင်တွေ ဘယ်မှာလဲ?"
*သေစမ်း!*
သခင်လေးထန့် ယဲ့ဖန်ကို တကယ် ပစ်ပစ်နှစ်နှစ် ဆဲဆိုလိုက်ချင်နေသည်။
ခုနလေးတင် သူ အဲ့ကောင်ဆီက ပြန်ဝယ်ထားရတာကို အခု သူ့ကိုပဲ ပြန်လက်ဆောင်ပေးရတော့မည့် အဖြစ်သို့ ရောက်နေပြန်သည်။
စိတ်မပါသော်လည်း သူ့အဘိုး၏ ဒေါသထွက်နေသော မျက်နှာကြောင့် သခင်လေးထန့် တုန်တုန်ယင်ယင်နှင့် အိပ်မက်နွယ်မြက်ပင်နှင့် ကောင်းကင်ဘုံအဝါရောင် အမြစ်တို့အား ကပျာကယာ ထုတ်၍ ယဲ့ဖန်လက်ထဲသို့ ထည့်ပေးလိုက်သည်။ ပါးစပ်ကလည်း
"ဆရာဘိုးဘိုးခင်ဗျား…ကျေးဇူးပြုပြီး ကျွန်တော့်လက်ဆောင်ကို လက်ခံပေးပါ" ဟု ပြောလိုက်ရသည်။
သူ့စကားကြောင့် ယဲ့ဖန်က အားရဝမ်းသာ ပြုံးလိုက်သည်။
ထိုဆေးပင်နှစ်ပင်ကို ဆတ်ခနဲ ယူ၍ ပြုံးကာ ပြောလိုက်သည်။
"ကျေးဇူးပဲ"
*ခင်ဗျား ကျုပ်ကို လာနောက်နေတာလား? ကျုပ်ကမှ တကယ်သနားစရာကောင်းတဲ့ သူဗျ*
သခင်လေးထန့် စိတ်ဓာတ်ကျကာ အတွင်းဒဏ်ရာက ပိုဆိုးလာသလို ခံစားလိုက်ရသည်။ အထူးသဖြင့် ယဲ့ဖန်၏ မရိုးမသားအပြုံးကြောင့် သူ ချက်ချင်း အာစေးမိသွားသည်။
*ငါ အရူးလုပ်ခံလိုက်ရတာပဲ*
*အဲ့ဒါကြောင့် ဒီကောင် ငါ့မျိုးရိုးနာမည်ကို မေးတာကိုး.. ငါက ရှုကွမ်းရဲ့မြေးဆိုတာကို သူ အစောကြီးကတည်းက သိပုံရနေပြီးတော့ ဒီဆေးပင်တွေကိုလည်း သူ့ကို လက်ဆောင်ပေးမယ်ဆိုတာကို သိနေပြီးသားပဲထင်တယ်။ အဲ့ဒါကြောင့် သူ ငါ့ကို ပြန်ရောင်းဖို့ သဘောတူလိုက်တာပေါ့*
*ဒီကောင်က ဆေးပင်အပြင် ပိုက်ဆံ ၁၀၀ မီလီယံပါ အသားတင် ရသွားသေးတယ်*
သခင်လေးထန့် ဒေါသကြောင့် သတိလစ်မတတ် ဖြစ်နေသည်။
ခိခိ!
ယဲ့ဖန်က အစကတည်းက ရည်ရွယ်ချက်ရှိရှိ လုပ်နေမှန်း ဖန့်ယင်း သဘောပေါက်သွားကာ ရယ်လိုက်မိသည်။
အစပိုင်းက ဒီဆေးပင်တွေက သခင်လေးထန့် အပိုင်ဖြစ်သော်လည်း ယဲ့ဖန်က အနိုင်ရပြီး ယူလိုက်သည်၊ ထို့နောက် သူက သခင်လေးထန့်ကို ပြန်ရောင်းလိုက်သည်။ ပိုက်ဆံ ၁၀၀ မီလီယံလည်း ရလိုက်သည့်အပြင် သခင်လေးထန့်က အခု ထိုဆေးပင်ကို ယဲ့ဖန်အား ပြန်ပေးလိုက်ရပြန်သည်။
သခင်လေးထန့်ကသာ အကြီးအကျယ် ဆုံးရှုံးလိုက်ရခြင်းပင်။
*ထူးဆန်းလိုက်တဲ့သူပါလား!*
ဖန့်ယင်းက ယဲ့ဖန်အား မျက်လုံးလေးမှေး၍ ကြည့်နေသည်။
ဒီလောက် ထူးဆန်းသည့်သူမျိုး သူမ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
"ကဲကဲ..ပျော်ပျော်နေကြပါ..ကျုပ် သွားစရာရှိလို့ သွားလိုက်ပါဦးမယ်"
ဆေးပင်များကို ယူပြီးနောက် ယဲ့ဖန်က သခင်လေးထန့်အား စကားအနည်းငယ် ပြောပြီး အခန်းထဲမှ ထွက်သွားသည်။ သူ့နောက်မှ ရှုကွမ်းနှင့် အခြားထိပ်သီးပုဂ္ဂိလ်များ လိုက်ပါသွားကြသည်။
ယဲဖန် ထွက်သွားသည်နှင့် သခင်လေးထန့် ဒေါသအိုး ပေါက်ကွဲလာသည်။
ထို့နောက် သူ့မျက်လုံးတွေက နီရဲလာကာ အားဆန်အား သွေးဆာနေသော ဝံပုလွေကဲ့သို့ ခုန်အုပ်မတတ် ကြည့်နေသည်။
"ဟိုကောင် ဆံဝါကောင်… မင်းလုပ်ခဲ့တာကို ပြန်ကြည့်စမ်း! မင်းကြောင့် ငါ အရှက်လည်းကွဲ ၊ ပိုက်ဆံလည်း ဆုံးသွားတဲ့အပြင် ခြေထောက်တစ်ဘက်ပါ ကျိုးသွားပြီကွ..ငလူးရ!"
သခင်လေးထန့်က အားဆန်အား အရူးတစ်ယောက်ကဲ့သို့ လက်သီးဖြင့် အားကုန် ထိုးချလိုက်သည်။
သူ အားဆန်ကို အရမ်းမုန်းနေသည်။ သူသာ သွေးထိုးမခံရလျင် ယဲ့ဖန်အား သွားဆွမိမှာ မဟုတ်သလို အခုလိုလည်း အကြီးအကျယ် ဆုံးရှုံးရမည်မဟုတ်ပေ။