← Chapters

သေသင့်သောသူတစ်ယောက်!

Vol. 5 Ch. 74

သေသင့်သောသူတစ်ယောက်!

Vol. 5 Ch. 74

ညနေခင်းသည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။

လမ်းမကြီးသည်လည်း လူသူရှင်းလင်း၍ လမ်းဘေးဓာတ်တိုင်များမှ ဝါကျင့်ကျင့် မီးရောင်များက ထွန်းလင်းတောက်ပနေသည်။

ကျယ်လောင်သော လီဗာအသံနှင့်အတူ Rolls-Royce အမျိုးအစား ကားတစ်စီးက သားရဲမိစ္ဆာရိုင်းသဖွယ် အမှောင်ထဲမှ ထွက်ပေါ်လာသည်။

ထိုကားပေါ်တွင် လူငယ်တစ်ယောက်က ဒူးခေါင်းကို လက်ဆစ်ဖြင့် ခေါက်နေရင်း မျက်လုံးကို မှေးလျက် တစ်စုံတစ်ခုကို အလေးအနက်‌ တွေးနေဟန် တူသည်။

ထိုသူသည် မိစ္ဆာသခင်လေး ကုန်းယွင်ဖေးပင် ဖြစ်သည်။

ယာဉ်မောင်းသူ နေရာမှ သူကတော့ ဆံပင်ရှည်ရှည်နှင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ဖြစ်သည်။

ရက်စက်သော ဟန်အမူအရာနှင့် သူ၏ ကြေးနီရောင်ကဲ့သို့ ခေါင်းလောင်းပုံစံ မျက်လုံးဝိုင်းဝိုင်းကြီးများက ကြောက်လန့်ဖွယ် ကောင်းလှ၏။

"ခြင်္သေ့ရိုင်း… သူက ငါတို့ ထင်ထားတာထက် ပိုပြီး ဉာဏ်များတဲ့ပုံပဲ"

ထိုစဉ် ကုန်းယွင်ဖေး မျက်လုံးပွင့်လာပြီး ရက်စက်ကြမ်းတမ်းသော အမူအရာ ဖြစ်ပေါ်လာသည်။

သူ၏ စကားကြောင့် ခြင်္သေ့ရိုင်း၏ အမူအရာက ပို၍ လေးနက်လာကာ ရိုရိုသေသေဖြင့် ပြောလိုက်သည်။

"သခင်လေး… ယဲ့ကလန်ရဲ့ အသုံးမကျတဲ့ တရားမဝင်သားက ဒီလောက် အင်အားကြီးမယ်လို့ ကျွန်တော် မထင်ထားမိဘူး။ ဒီလောက် အင်အားကြီးတဲ့ မျိုးနွယ်စုတွေကို အချိန်တိုတိုအတွင်း သူ ဘယ်လိုသိမ်းသွင်းလိုက်တာပါလိမ့်? တကယ်တမ်းကျတော့ ယဲ့ဟူကမှ တကယ် အသုံးမကျတဲ့သူပဲ။ ယဲ့ဖန်က သူ့ကို လည်ပင်းညှစ်ပြီး သတ်ပစ်လိုက်တယ်"

နေ့ဘက်ပိုင်းက ယဲ့ကလန်မှာ ဘာဖြစ်ခဲ့သည်ဆိုတာကို ကုန်းယွင်ဖေး သတင်းရထားပြီးပြီ ဖြစ်သည်။

ထို့ပြင် ထိုသတင်းကြောင့် ယဲ့ဖန်က အန္တရာယ်များလှသည်ဟုလည်း သူတို့ သတ်မှတ်လိုက်မိကြသည်။

"ယဲ့ဟူက အမှိုက်သာသာပဲ။ သူ့သေဆုံးမှုက ငါတို့ သူ့ကို သတ်လိုက်တဲ့သူကို လျှော့မတွက်ဖို့ သတိပေးနေတာပဲ"

ကုန်းယွင်ဖေး၏ မျက်လုံးက လိမ္မာပါးနပ်စွာတောက်ပလာသည်။

"အဘိုးကြီး ပိုင်ရှောင်၊ ပိုင်ကျန်းခို့၊ မာစတာလင်၊ ရှုကလန်ခေါင်းဆောင်၊ ဝံပုလွေရိုင်းနဲ့ ညနှင်းဆီ…သူတို့အားလုံးက ဒီမြို့မှာ ဩဇာညောင်းတဲ့သူတွေပဲ။ သူတို့အားလုံးကို အဲ့ကောင် ထိန်းချုပ်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး"

ထိုသို့ ပြောပြီး ကုန်းယွင်ဖေးက နှုတ်ခမ်းတွန့်ရုံ ပြုံးကာ မျက်နှာထားတင်းတင်းဖြင့် "အမှန်အတိုင်းပြောရရင် ကျုပ် သူ့ကို ပိုပိုပြီး စိတ်ဝင်စားလာတယ်"

"သခင်လေး ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ?" ခြင်္သေ့ရိုင်းက သူ့သခင်လေး၏ နောက်အစီအစဉ်ကို လွန်စွာ သိချင်နေသည်။

"နောက်ပိုင်းအစီအစဉ်လား?"

ကုန်းယွင်ဖေးက မျက်လုံးကို အသာမှေး၍ "ဒီလူက အန္တရာယ် များမှန်း ငါတို့ သိလာမှတော့ သူ့ထက် ပိုအန္တရာယ်များတဲ့ မိတ်ဆွေတစ်ယောက်ကို ရှာလိုက်ရုံပေါ့"

*သူ့ထက် ပိုအန္တရာယ်များတဲ့ မိတ်ဆွေတစ်ယောက်?*

ခြင်္သေ့ရိုင်း တွေဝေသွားသည်။

"ကျုပ်အမေဆီကနေ နာမည်ကြီး သွေးစွန်းတစ္ဆေတစ်ယောက် ကျန်းရှီမြို့ကို ရောက်နေတယ်လို့ သတင်းရထားတယ်။ သူက ဆင်ခြေဖုံးရပ်ကွက်တစ်ခုက စွန့်ပစ်နယ်မြေတစ်ခုခုမှာ နေနေတယ်"

ကုန်းယွင်ဖေး၏ စကားကြောင့် ခြင်္သေ့ရိုင်း၏ လက်တွေတုန်ယင်လာကာ ကားကို မြောင်းထဲ ထိုးချလိုက်မိမလို ဖြစ်သွားရသည်။

*သွေးစွန်းတစ္ဆေ!*

ခြင်္သေ့ရိုင်း အကြီးအကျယ် ထိတ်လန့်လာပြီး "သခင်လေး.. သခင်လေးပြောတဲ့ သွေးစွန်းတစ္ဆေဆိုတာက တိုက်ပွဲဝင် ဝံပုလွေကြေးစားစစ်သည်အဖွဲ့က လူ ၇၈ ယောက်ကို သတ်ခဲ့ပြီးတော့ ဟွမ်ကလန်နဲ့ ကျောက်ကလန်ကို တစ်ညတည်းနဲ့ သတ်ခဲ့တဲ့ သူကို ပြောတာလား?"

လွန်ခဲ့သည့် ဆယ့်ငါးနှစ်ခန့်က သွေးစွန်းတစ္ဆေ၏ သတို့သမီးလောင်းသည် ပြန်ပေးဆွဲခံခဲ့ရပြီး တရုတ်ပြည်တောင်ပိုင်း၏ အဓိကကလန်နှစ်ခု ဖြစ်သော ဟွမ်ကလန်နှင့် ကျောက်ကလန်မှ သခင်လေးများ၏ နှိပ်စက်ညှင်းပန်းခြင်းကို သုံးရက်တိတိ ခံခဲ့ရသည်။ ထို့ကြောင့် သူမ သူ့ကိုယ်သူ သတ်သေခဲ့သည်။

ထိုအချိန်တုန်းက သွေးစွန်းတစ္တေသည် လူမသိသေးသော တရားမဝင် MMA ကစားသမားတစ်ယောက်သာ ဖြစ်သည်။

သူ၏ သတို့သမီးလောင်းက အရှက်ကွဲခဲ့သည့်အတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သည့်သတင်းကို သူ ကြားခဲ့ရစဉ်က သူ အသိစိတ် လွတ်သွားခဲ့သည်။

သူက အဓိကကလန် ၂ခု၏ သခင်လေးများကို ဖမ်းဆီးကာ အပိုင်းပိုင်းခုတ်ထစ်၍ သူတို့အိမ်၏ အပေါက်ဝတွင် ချိတ်ဆွဲခဲ့သည်။

ထို့နောက် ထိုအဓိကကလန်ကြီး ၂ခု၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရပြီး သူ သေလုနီးပါး ဖြစ်ခဲ့သည်။

ငါးနှစ်ခန့်ကြာပြီးနောက် သွေးစွန်းတစ္ဆေသည် နိုင်ငံတကာ ကြေးစားခေါင်းဆောင်အဖြစ် တရုတ်ပြည်တောင်ပိုင်း၌ ပြန်ပေါ်လာခဲ့သည်။

ထိုငါးနှစ်အတွင်း သွေးစွန်းတစ္ဆေသည် သေရေးရှင်ရေး အခြေအနေများစွာနှင့် ကြုံတွေ့ခဲ့ရပြီး ပို၍ သန်မာလာခဲ့သည်။

အဓိကကလန်ကြီး ၂ခုမှ လူအယောက် ၁၀၀ကျော်ကို သူ သတ်ဖြတ်ခဲ့သည်။

နောက်ဆုံးတွင်မူ ထိုအဓိကကလန်ကြီး ၂ခုက တရုတ်ပြည်တောင်ပိုင်းရှိ နာမည်ကြီး တိုက်ပွဲဝင် ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကို ငှားရမ်းခဲ့ရသည်။

သို့သော် ထိုတိုက်ပွဲဝင် ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့၏ ၇၈ ယောက်သောသူတို့ တစ်ညတည်းနှင့် အသတ်ခံခဲ့ရလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပါ။

အဓိကကလန်ကြီး ၂ခုလည်း သုတ်သင်ခြင်း ခံလိုက်ရသည်။ ထိုညသည် တရုတ်ပြည်တောင်ပိုင်း၏ သွေးချောင်းစီးသော ညတစ်ညပင်ဖြစ်သည်။

ထိုအဖြစ်အပျက်ပြီးနောက် သွေးစွန်းတစ္ဆေသည် နာမည်ကြားရုံနှင့် မည်သူမဆို ကြောက်လန့်ကြရသည့် တရုတ်ပြည်တောင်ပိုင်းအား လွှမ်းမိုးနိုင်သောသူ ဖြစ်လာခဲ့သည်။

အချို့ဆိုလျင် သွေးစွန်းတစ္ဆေသည် တကယ့်သရတစ္ဆေပင် ဖြစ်သည်ဟု ဆိုကြသည်။

ခြင်္သေ့ရိုင်း တုန်ယင်လာကာ မျက်နှာသည်လည်း ဖြူဖပ်ဖြူရော်ဖြစ်လာပြီး စကားစလိုက်သည်။

"သခင်လေး…သွေးစွန်းတစ္ဆေက အရမ်းရက်စက်တာနော်။ ကျွန်တော်တို့ သူနဲ့ အတူပူးပေါင်းရင် ကျားနောက်မှာ ပုန်းခွင့်ရဖို့ ဆွေးနွေးသလိုမျိုး ဖြစ်သွားလိမ့်မယ်။ အရမ်း အန္တရာယ်များတယ်"

"ကျားနောက်မှာ ပုန်းဖို့ ပြောတယ်?"

ကုန်းယွင်ဖေးက လှောင်ရယ်လိုက်ပြီး "ဘယ်သူက ကျားဖြစ်ပြီး ဘယ်သူက ပုန်းရမလဲဆိုတာ ကြည့်ရသေးတာပေါ့"

…

ဆယ့်ငါးမိနစ်ခန့်ကြာသောအခါ Rolls-Royce အမျိုးအစားကားသည် စွန့်ပစ်နယ်မြေအတွင်း ဝင်ရောက်လာကာ ဂိတ်ပေါက်ဝကို ကျော်၍ ရပ်လိုက်သည်။

စွန့်ပစ်နယ်မြေသည် မှောင်မိုက်ကာ ကြောက်မက်ဖွယ် ကောင်းလှသည်။

ကားပေါ်မှ ဆင်းလာပြီးနောက် ကုန်းယွင်ဖေးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ဂါဝရပြုပါတယ် စီနီယာ…ကျုပ်က ကျုပ်အမေ လော့ဟန်ရွှမ်းကိုယ်စား လာနှုတ်ဆက်တာပါ"

ကုန်းယွင်ဖေး၏ အသံက ခပ်ဝေးဝေးသို့ ပျံ့နှံ့သွားသည်။

ထူးဆန်းစွာပင် နေရာတစ်ခုလုံးက တိတ်ဆိတ်နေပြီး မည်သည့်တုန့်ပြန်ချက်မှ မရပေ။

ခြင်္သေ့ရိုင်းက မျက်မှောက်ကြုတ်ကာ ခပ်တိုးတိုးပြောလိုက်သည်။ "ဟွန့်…သူက‌ လေကြီးလေကျယ် လုပ်နေတာပဲ။ သူ့ဘာသာသူ နာမည်ကြီးနေလည်း သွေးစွန်းတစ္ဆေက ဘယ်လိုလုပ် မဒမ်ရဲ့ ဂုဏ်သတင်းကို လျစ်လျူရှုရဲရတာလဲ?"

လော့ဟန်ရွှမ်းသည် ကုန်းယွင်ဖေး၏ မိခင်ဖြစ်သည်။

ခြင်္သေ့ရိုင်း၏ စိတ်ထဲတွင် လော့ဟန်ရွှမ်းသည် တရုတ်ပြည်တောင်ပိုင်းတွင် အကျော်ဇေယျ အမျိုးသမီးဖြစ်သလို တရုတ်ပြည်တောင်ပိုင်း၏ နံပါတ်တစ် အင်အားကြီးမားသူလည်း ဖြစ်သည်။

ထို့ပြင် လော့ကလန်သည် တရုတ်ပြည်တောင်ပိုင်း၏ သေချာပေါက် နံပါတ်တစ်ကလန် ဖြစ်သည်။ သွေးစွန်းတစ္ဆေတောင်မှ လော့ဟန်ရွှမ်းကို လျစ်လျူမရှုရဲပေ။

ခြင်္သေ့ရိုင်း၏ စကားအဆုံးတွင် အေးစက်ကြမ်းတက်သော လေတစ်ချို့ တိုက်ခတ်လာပြီး ခြင်္သေ့ရိုင်းတစ်ယောက် သေရေးရှင်ရေး အခြေအနေနှင့် ကြုံတွေ့လိုက်ရသလို ခံစားလာမိသည်။

"မဟုတ်ဘူး"

ခြင်္သေ့ရိုင်း၏ မျက်နှာ ဖြူရော်သွားကာ တိုက်ခိုက်မှုကို ငုံ့ရှောင်လိုက်ရန် ပြင်လိုက်သည်။

ထိုစဉ် လက်ကြီးတစ်ဘက်က သူ့ကျောဘက်မှ ပေါ်ပေါက်လာပြီး ကြောက်မက်ဖွယ် အသံတစ်ခုနှင့်အတူ ခြင်္သေ့ရိုင်း၏ ကျောမှ အသားစတစ်စ ပဲ့ထွက်သွားသည်။

"အား…"

သူ့ရှေ့မှ အမှောင်ထုကို ခြင်္သေ့ရိုင်း ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်မိသည်။

လူတစ်ယောက်က ထိုအမှောင်ထုထဲ၌ ရပ်နေသည်။

ထိုသူ၏ မျက်နှာကို သေချာမမြင်ရသော်လည်း ခြင်္သေ့ရိုင်း အေးခဲမတတ် ခံစားနေရသည်။

*သွေးစွန်းတစ္ဆေ!*

*အဲ့ဒါ သူပဲ!*

ခြင်္သေ့ရိုင်း နဖူးတွင် ချွေးစို့လာသည်။

"ငါ့ကို ကလန်ကဆန် ပြောတာ ဒါ ပထမဆုံးအကြိမ်မို့ ငါ ခွင့်လွှတ်လိုက်မယ်။ နောက်တစ်ခါဆို ငါ မင်းဆီကနေ အသားစ အစား မင်းရဲ့ နှလုံးသားကို ဆွဲဖြဲပစ်မယ်"

အက်တဲ့တဲ့အသံတစ်ခုက အမှောင်ထုထဲမှ ထွက်ပေါ်လာပြီး ရက်စက်သွေးဆာဟန် ပေါက်သည်။

အမှောင်ထဲမှ သူက ကုန်းယွင်ဖေးအား စိုက်ကြည့်ကာ "မင်းက လော့ဟန်ရွှမ်းရဲ့သားလား?"

"ဟုတ်ပါတယ်၊ အရိုအသေပေးပါတယ် စီနီယာ။ ဒီနိမ့်ကျတဲ့သူက ကုန်းယွင်ဖေးပါ" ကုန်းယွင်ဖေးက ပြုံး၍ ဆိုကာ အမှောင်ထဲမှ လူကို အရိုအသေပေးလိုက်သည်။

အမှောင်ထဲမှ သူက နေမြဲအတိုင်းနေကာ "ဘာကိစ္စလဲ" ဟု မေးလာသည်။

"စီနီယာ..ကျေးဇူးပြုပြီး ကျွန်တော့်အတွက် လူတစ်ယောက် သတ်ပေးပါ" ကုန်းယွင်ဖေးက ပြုံး၍ ပြောလိုက်သည်။

သူ့စကားကြောင့် အမှောင်ထဲမှလူက နတ်ဆိုးသဖွယ် ရယ်မော၍ "လူတစ်ယောက်ကို သတ်ပေးရမယ်? ဟွန့်! လော့ကလန်မှ အင်အားကြီးတဲ့သူတွေ ဒီလောက်ပေါတာ..ဘာလို့ သူတို့ကို မလုပ်ခိုင်းတာလဲ?"

သွေးစွန်းတစ္ဆေ ဤကဲ့သို့ မေးခွန်းထုတ်မည်ကို သိနေသော ကုန်းယွင်ဖေးက ပြန်ပြောလိုက်သည်။ "ကျုပ်အမေနဲ့ လော့ကလန်က အရေးကြီးတဲ့ကိစ္စတစ်ခုကို လုပ်နေလို့ပါ။ အဲ့ဒါကြောင့် ကျုပ် စီနီယာရဲ့ အကူအညီကို လာတောင်းတာပါ"

"ငါ့စည်းကမ်းတွေကို မင်း သိလား?" သွေးစွန်းတစ္ဆေက ယတိပြတ် မေးလိုက်သည်။

ကုန်းယွင်ဖေးက လက်ဖျောက်တီးလိုက်ပြီး ခြင်္သေ့ရိုင်းက အရက်ပုလင်းတစ်ပုလင်းကို သွေးစွန်းတစ္ဆေအား အလျင်အမြန် ပေးလိုက်သည်။

"စီနီယာ..ဒီ Hennessy အရက်က ဗြိတိသျှတော်ဝင်အိမ်တော်ရဲ့ မြေအောက်ခန်းကနေ စုဆောင်းထားတဲ့ အရက်ပါ။ ကမ္ဘာပေါ်မှာ တစ်ပုလင်းပဲ ရှိသလို ကမ္ဘာ့အကောင်းဆုံးအရက်ပါ"

ကုန်းယွင်ဖေးက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

သူ ထင်ထားသည့်အတိုင်းပင် သူ့စကားကို ကြားပြီးနောက် အမှောင်ထဲမှ သွေးစွန်းတစ္ဆေ၏ မျက်လုံးက တောက်ပလာကာ ချက်ချင်း Hennessy အရက်ကို ဆွဲယူလိုက်သည်။

"ကောင်းတယ်! အသက်တစ်ချောင်းအတွက် အရက်တစ်ပုလင်းပေါ့..ဆက်ပြော.. မင်း ငါ့ကို ဘယ်သူ့ကို သတ်ခိုင်းစေချင်တာလဲ?"

All Chapters