← Chapters

တောင်ပင်လယ်တွေကို လောဘတက်နေသော ရွှေဝတ်ရုံ

Vol. 114 Ch. 1596

တောင်ပင်လယ်တွေကို လောဘတက်နေသော ရွှေဝတ်ရုံ

Vol. 114 Ch. 1596

မယုံနိုင်လောက်အောင် မြင့်မားသောအဆင့်သို့ တက်လှမ်း၍ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးနောက် ကျင်ယွင်ရှန်းသည် အာကာပြင်ကျယ်ကျောင်းတစ်ကျောင်းလုံးအား ရုတ်ရုတ်သဲသဲ ဆူညံသွားစေသည့်အပြင် ကြယ်တာရာကောင်းကင်တစ်ခုလုံးပင် တုန်လှုပ်အံ့ဩကုန်ကြ၏။ ထွက်လာလျှင်ချင်း သူ ပထမဆုံးလုပ်သည့်အရာမှာ အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့်ပညာရှင်အားလုံးအား စိန်ခေါ်ခြင်းပင်။

အတိတ်တုန်းကလူများဖြစ်စေ၊ လက်ရှိခေတ်မှ လူသစ်များဖြစ်စေ ကျင်ယွင်ရှန်းသည် မည်သူ့ကိုမဆို စိန်ခေါ်၏။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် သူ့စာရင်းထဲရှိ နံပါတ်တစ်လူမှာတော့ အာကာပြင်ကျယ်ကျောင်းတော်၏ ဂိုဏ်းချုပ်ဟောင်းပင်။

သို့သော် ဂိုဏ်းချုပ်၏ တံခါးပိတ်ကျင့်ကြံရာအဆောင်သို့ ရောက်သည့်အခါ ကျင်ယွင်ရှန်းသည် တံခါးအရှေ့၌ တိတ်ဆိတ်စွာ ရပ်လိုက်၏။ အတွင်းမှ သေခြင်းအခိုးအငွေ့များကို ခံစားလိုက်ရသည့်အတွက် ဂိုဏ်းချုပ်ဆုံးပါးသွားသည်မှာ ကြာခဲ့ပြီဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။

ထို့နောက် ကျင်ယွင်ရှန်းက အာကာပြင်ကျယ်ကျောင်းတော်အပြင်ထွက်၍ ပုတ်သင်ဘုရင်၊ ဧရာမခေါင်းကြီးနှင့် ခြဘုရင်မအား ရှာသည်။ အာကာပြင်ကျယ်ကျောင်းတော်သားများမှာတော့ စိတ်လှုပ်ရှားနေကြ၏။

ကျင်ယွင်ရှန်းသည် လက်ကလေးလှန်သလို လွယ်ကူစွာပဲ ပုတ်သင်ဘုရင်၊ ဧရာမခေါင်းကြီးနှင့် ခြဘုရင်တို့အား အနိုင်ရခဲ့လေသည်။ ထို့နောက် သူက ကြယ်တာရာကောင်းကင်တစ်ခွင် လှည့်လည်သွားသည်။ သူသွားသည့်နေရာတိုင်းတွင် အစွမ်းထက်ပညာရှင်များမှာ သူ့အား သစ္စာခံကာ အရိုအသေပေးကြရသည်။ အနှစ်သာရ ၉ ခုအဆင့်ပညာရှင်များကို အလွယ်တကူ အနိုင်ယူနိုင်သည်နှင့်အညီ ကျင်ယွင်ရှန်းကား တောင်ပင်လယ်ကြယ်တာရာကောင်းကင်ထဲတွင် အစွမ်းအထက်ဆုံးပညာရှင်အဖြစ် လျင်မြန်စွာ လူသိများလာတော့သည်။ လူတိုင်း သူ တန်ခိုးရှင်အဖြစ်သို့ ရောက်ရှိသွားသည်ကို သိရှိပြီးနောက် ကျင်ယွင်ရှန်း၏ရည်မှန်းချက်လည်း မြင့်မားလာသည်။

မရေမတွက်နိုင်သောသက်ရှိသတ္တဝါပေါင်းများစွာ သူ့အား ရှိခိုးကြပြီး ကျင့်ကြံသူပေါင်းများစွာသည်လည်း သူ့အနား ဘုရားပမာ ကိုးကွယ်ကြ၏။ သူ သွားသည့်နေရာတိုင်းတွင် လေးစားမြတ်နိုးစွာဂါဝရပြုသံများ ခြိမ့်ခြိမ့်သဲ ကျယ်လောင်လျက်ရှိစမြဲပင်။

“ဂါဝရပြုပါတယ် ရွှေဝတ်ရုံခေါင်းဆောင်ကြီး”

“ဂါဝရပြုပါတယ် ရွှေဝတ်ရုံခေါင်းဆောင်ကြီး”

ကြွေးကြော်သံများ ကျွက်ကျွက်ညံနေသည်။ မရေမတွက်နိုင်သောမျက်လုံးများတွင် ကြောက်ရွံ့မှု၊ လေးစားမှုတို့ ပြည့်နှက်နေကြသည်။ တန်ခိုးရှင်အဆင့်ရောက်ရှိခဲ့သည့် ခံစားချက်က ကျင်ယွင်ရှန်းအား မန်ဟို စိုးမိုးခြယ်လှယ်နိုင်ခဲ့သော အာဏာနှင့်အဆင့်အတန်းအား တွေးမိစေသည်။

“အဲဒီတုန်းက မန်ဟိုလောက် ငါ အစွမ်းမထက်လောက်ပေမယ့် သိပ်တော့မကွာလောက်ဘူး...” ကျင်ယွင်ရှန်းက လက်ဝှေ့ယမ်းကာ ပတ်ဝန်းကျင်ရှိ သဘာဝနိယာမများအား ပြောင်းလဲကွေးညွတ်လာစေသည်။ တန်ခိုးအာဏာက ကျင်ယွင်ရှန်းကို စိတ်လှုပ်ရှားလာစေတော့သည်။ သူ၏ရယ်သံကြီးသည် ကြယ်တာရာကောင်းကင်တစ်လျှောက် ပဲ့တင်ထပ်နေ၏။

နောက်ဆုံးတော့ သူ့အကြည့်က တောင်ပင်လယ်လောကအပေါ် ကျရောက်သွားသည်။

နှစ်သောင်းများစွာကြာပြီးနောက် မန်ဟို ရှိနေဦးမည်ဟု သူ မယုံပေ။ မန်ဟို သေချာပေါက်ထွက်သွားခဲ့ပြီဟု သူ အပိုင်တွက်ထားသည်။ သို့မဟုတ် လောကပါလနတ်မင်းနှင့် နောက်တစ်ကြိမ်တိုက်ခိုက်ကာ သေလျှင်သေ၊ မသေလျှင် ဒဏ်ရာအပြင်းအထန် ရထားလိမ့်မည်။

သို့သော် ကျင်ယွင်ရှန်းမှာ မလှုပ်ရှားရဲသေး။ သူ့နှလုံးသားထဲရှိ မန်ဟို့အပေါ်ကြောက်စိတ်က သူ့အား တွန့်ဆုတ်နေစေသည်။ မန်ဟို့အကြောင်းတွေးတိုင်း သူ့မှာ ကြောက်လန့်တုန်ရီမိမြဲပင်။ ထို့ကြောင့် သူသည် တောင်ပင်လယ်လောကထံမှ အကြည့်လွဲ၍ စောင့်နေ၏။

အချိန်တွေ ကုန်လွန်သွားသည်။ နောင်နှစ်တစ်သောင်းကြာခဲ့ပြီ။ ကျင်ယွင်ရှန်းကြောင့် အာကာပြင်ကျယ်ကျောင်းတော်သည် တောင်ပင်လယ်လောကမှလွဲ၍ ကျန်ကြယ်တာရာကောင်းကင်တစ်ခုလုံးအား အုပ်စိုးသိမ်းပိုက်နိုင်သွား၏။ ကျင်ယွင်ရှန်းကား တောင်ပင်လယ်လောကအား တစ်ကြိမ်တစ်ခါမှ မကျူးကျော်ခဲ့ဘဲ စောင့်ကြည့်လေ့လာနေခဲ့သည်။

ထိုနှစ်တစ်သောင်းကြာပြီးနောက် ကျင်ယွင်ရှန်းမှာ စိတ်မရှည်နိုင်တော့ပေ။ နိမိတ်ပေါင်းများစွာ တွက်ချက်ဖတ်ကြည့်ပြီးနောက်ဆုံး သူသည် တောင်ပင်လယ်လောကကို အာရုံအပြည့်အဝစိုက်လာ၏။

သို့သော် မဆင်မခြင်မကျူးကျော်သေး။ ကိုယ်ပွားများ ဖန်ဆင်းကာ တောင်ပင်လယ်လောကထဲသို့ သူလျှိုအဖြစ် ဝင်ရောက်စေသည်။ ထိုကိုယ်ပွားများသည် အကဲခတ်စုံစမ်း၍ နောင်တစ်သောင်းကြာ စောင့်၏။ ‌နောက်ဆုံးတော့ ကျင်ယွင်ရှန်း စိတ်ပိုင်းဖြတ်လိုက်တော့သည်။

“တန်ခိုးရှင်တွေဟာ အဖိုးထိုက်ရတနာတစ်ပါးကို အမြဲဖန်ဆင်းတယ်။ ဒီကြယ်တာရာကောင်းကင်ထဲမှာ တောင်ပင်လယ်လောက အဲဒီလိုအဖိုးထိုက်ရတနာပဲ

“မန်ဟို မင်း ထွက်သွားပြီဆိုမှတော့ အဲဒီအဖိုးထိုက်ရတနာက ငါ့အပိုင် ဖြစ်သင့်တယ်” ကျင်ယွင်ရှန်းသည် မျက်လုံးများတောက်ပနေလျက် တောင်ပင်လယ်လောကဆီ ချီတက်သွား၏။

“မင်း ထွက်မသွားသေးဖို့ ငါ မျှော်လင့်တယ် မန်ဟို” သူက ခပ်တိုးတိုးရေရွတ်သည်။ “မင်း လောကပါလနတ်မင်းနဲ့ နောက်တစ်ကြိမ် ထပ်တိုက်ခိုက်ပြီး ဒဏ်ရာအပြင်းအထန် ရပါစေလို့ ဆုတောင်းတယ်။ အဲဒါမှ မင်း လောကပါလနတ်မင်းကို စားခဲ့သလို ငါလည်း မင်းကို စားပြီး ဝိညာဉ်တန်ခိုးရှင်အဆင့် တက်ရမယ်” ကျင်ယွင်ရှန်း၏မျက်လုံးများသည် ပြင်းပြသောမျှော်လင့်ချက်များဖြင့် တောက်ပနေတော့၏။

သူ့အတွက် ခြေသုံးလေးလှမ်းမျှ လှမ်းရုံဖြင့် ကြယ်တာရာကောင်းကင်အား ဖြတ်ကာ တောင်ပင်လယ်လောကဆီ ရောက်သွားသည်။ သူသည် တောင်ပင်လယ်လောက၏အပြင်၌ ပျံဝဲလျက် လောကအား လေ့လာပြီးနောက် သူ့မျက်လုံးများသည် ချီးကျူးမှုတို့ဖြင့် လင်းလက်လာ၏။ လွန်ခဲ့သောနှစ်ပေါင်းများစွာက တောင်ပင်လယ်လောက မည်မျှအံ့ဖွယ်ထူးကဲကြောင်း သူ မစဉ်းစားနိုင်ခဲ့သော်လည်း လက်ရှိကျင့်ကြံအဆင့်ဖြင့် လောက၏ထူးခြားတောက်ပနေမှုအားလုံးကို သူ မြင်နိုင်ချေပြီ။

“နက်နဲသိမ်မွေ့တဲ့ သဘာဝနိယာမကိုးခုရဲ့ ခန္ဓာကိုယ်။ မိစ္ဆာချုပ်နှောင်သူအဖွဲ့ရဲ့ မန္တန်ကိုးခု။ မန်ဟို မင်းက မင်းအမွေကို ဒီအဖိုးထိုက်ရတနာထဲမှာ ချိတ်ပိတ်ပြီး ထားခဲ့တာပဲ။ ကံဆိုးစွာနဲ့ နှစ်ပေါင်းသောင်းချီကြာတဲ့နောက်မှာတောင် တောင်ပင်လယ်လောကသားတစ်ယောက်မှ မင်းရဲ့ချုပ်နှောင်ခြင်းမန္တန်ကိုးခုလုံးကို ပေါင်းစည်းပြီး တန်ခိုးရှင်အဆင့်မတက်နိုင်ခဲ့ဘူး

“ဒီရတနာကို ဒီနေရာမှာ ဒီတိုင်းထားလိုက်ရင် အလကားပဲဖြစ်မယ်။ ဒီတော့ ငါ ယူလိုက်မယ်။ ငါ့အတွက် ဝိညာဉ်တန်ခိုးရှင်အဆင့်တက်နိုင်အောင်တောင် ကူညီပေးနိုင်လောက်မှာ” ကျင်ယွင်ရှန်းက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ရာ ကြယ်တာရာကောင်းကင်တစ်ခုလုံး တုန်ရီလာသည်။ မိုးထစ်ချုန်းသံကဲ့သို့ တဂျုန်းဂျုန်းမြည်သံများသည် တောင်ပင်လယ်လောက၏ အတားအဆီးများကို ထိုးဖောက်ကာ အတွင်းရှိ မိုးနှင့်မြေထဲသို့ ဝင်ရောက်လာ၏။

တောင်ပင်လယ်လောကသားများမှာ အင်မတန်တုန်လှုပ်သွားကြပြီး သွေးအန်ကြရသည်။ မိုးနှင့်မြေကို ဖြိုခွင်းနေသောတန်ခိုးသည် ကျင်ယွင်ရှန်းထံမှ ဖြာထွက်၍ တောင်ပင်လယ်အတွင်း စီးမျောဝင်ရောက်ကာ တောင်ပင်လယ်လောကသားအပေါင်းကို ဖိနှိပ်နေတော့သည်။

ကျင့်ကြံသူအားလုံး မတုံ့ပြန်နိုင်ခင်၊ မရုန်းနိုင်ခင် မြေကြီးနှင့်မိတ်ဆက်ကုန်ကြသည်။ သူတို့မှာ တဘုန်းဘုန်းလဲပြိုလျက် နီရဲနေသောမျက်လုံးများဖြင့် ဟိန်းဟောက်ကြသည်။ သို့ထိတိုင် သူတို့မှာ မိုးကောင်းကင်ကို မော့ကြည့်ရင်း တုန်ရီနေရုံမှတစ်ပါး မတတ်နိုင်ပေ။ ကျင်ယွင်ရှန်းက တောင်ပင်လယ်လောက၏ကောင်းကင်များကို ခွဲ၍ ရွှေရောင်အလင်းကို ဖြန့်ကျက်ရင်း ဖြည်းဖြည်းချင်း သက်ဆင်းလာသည်။

တောင်ပင်လယ်လောကအား ကာရံထားသည့် အတားအဆီးမှာ ပွင့်ထွက်သွားတော့သည်။

ရွှေရောင်ဝတ်ရုံနှင့် ကျင်ယွင်ရှန်း၏အနောက်တွင် ဝဲများ တဝေါဝေါလည်နေသည်။ အဆိုပါဝဲများအတွင်းမှ အာကာပြင်ကျယ်ကျောင်းတော်သားများ ထွက်လာကြသည်။ ကျင်ယွင်ရှန်းသည် သူတို့၏ဒူးထောက်အရိုအသေပေးမှုကို လက်ခံပြီးနောက် အင်္ကျီလက်စခါကာ တောင်ပင်လယ်လောကအား ကျူးကျော်စီးနင်းစေ၏။

ဖိအားကို တောင့်ခံနိုင်သည့် တောင်ပင်လယ်လောကသားဆို၍ အနည်းစုသာ ရှိသည်။ ပါရာဂွန်များသည် လေပေါ်ပျံတက်ကာ တိုက်ခိုက်ဖို့ ကြိုးစားကြသော်လည်း ကျင်ယွင်ရှန်းလက်စလေးခါလိုက်ရုံနှင့် အောက်သို့တဘုန်းဘုန်း ပြုတ်ကျကုန်သည်။ တောင်ပင်လယ်လောကသားပါရာဂွန်များမှာ မြေကြီးနှင့်ရိုက်ကြရသဖြင့် ပါးစပ်မှ သွေးများပန်းထွက်ကုန်ကြသည်။

လွန်ခဲ့သောနှစ်များအတွင်း တောင်ပင်လယ်ကျင့်ကြံသူများသည် သူတို့၏သမိုင်းကြောင်းအား တူးဖော်ခဲ့ကြ၏။ တစ်ယောက်မှ ဖြစ်ကြောင်းကုန်စင်အမှန်ကို မသိသော်လည်း သဲလွန်စအမျိုးမျိုးကို ဆက်စပ်နိုင်ခဲ့သည့်အတွက် ယခုတွင် တောင်ပင်လယ်လောကဖြစ်သည့် အဖိုးထိုက်ရတနာအား အကူအညီအော်တောင်းကြတော့သည်။

“တောင်ပင်လယ်လောကသားကျင့်ကြံသူတွေကို လောကက စောင့်ရှောက်တယ်။ ဘယ်အပြင်သူမှ ငါတို့ကို မဖျက်စီးနိုင်ဘူး”

“တောင်ပင်လယ်တွေရဲ့ အဖိုးထိုက်ရတနာ၊ ကျေးဇူးပြုပြီး ဟော့ဒီကျူးကျော်ကျင့်ကြံသူတွေလက်ကနေ ကျွန်မတို့ကို ကာကွယ်ပေးတော်မူပါ”

“အို ကျွန်တော်တို့ဘိုးဘေးကြီးရဲ့အဖိုးထိုက်ရတနာ၊ ကျေးဇူးပြုပြီး တစ်ခုခုလုပ်ပေးပါဦးခင်ဗျာ”

သူတို့၏အသံများ ဟိန်းထွက်လာသည့်အချိန်မှာပဲ တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းသည် တုန်ရီစပြုလာ၏။ အလင်းရောင်များက ကျင်ယွင်ရှန်းကို ချိန်ရွယ်လျက် ဖြာထွက်သွားသည်။ ထိုအလင်းရောင်သည် လွန်ခဲ့သည့်နှစ်တွေတုန်းက ရှကျုံတုံးအား ချေမှုန်းခဲ့သော အလင်းရောင်ပင်။

သို့သော် ထိုအလင်းရောင် ကျင်ယွင်ရှန်းအနားရောက်သွားသည့်အခါ...

“ငါ ဒီနေရာမှာ ကြေညာတယ်” သူက အေးစက်စက်ပြောသည်။ “ဒီကမ္ဘာရဲ့သဘာဝနိယာမတွေ ပြောင်းလဲလော့” သူသည် ညာလက်ကို ဆန့်တန်းလိုက်၏။ သူ၏တန်ခိုးရှင်အဆင့်အပြင်အားကိုယ်နှင့် ကျင့်ကြံခြင်းအခြေခံ၏ စွမ်းအားက သူ့လက်ညှိုးထိပ်တွင် စုဆုံသွားလေသည်။

တောင်ပင်လယ်များမှ အလင်းရောင်သည် တခဏတုန်ခါသွားပြီးနောက် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေ၍ အစအနများကား အရပ်လေးမျက်နှာတွင် ပြန့်ကြဲသွားတော့သည်။...

တောင်ပင်လယ်ကျင့်ကြံသူများမှာ ထိုအခြင်းအရာကို မြင်လျှင် လုံးလုံးလျားလျား အံ့ဩတုန်လှုပ်လွန်း၍ စိုက်ကြည့်နေရုံအပြင် ဘာမှမလုပ်နိုင်တော့ပေ။

All Chapters