← Chapters

မတွေ့ရတာကြာပြီ

Vol. 114 Ch. 1597

မတွေ့ရတာကြာပြီ

Vol. 114 Ch. 1597

“ဒီလောကသားကျင့်ကြံသူအပေါင်းတို့ ငါ ကျင်ယွင်ရှန်းအား သစ္စာခံကြလော့” ကျင်ယွင်ရှန်းက အေးစက်စက်အသံဖြင့် ခပ်ပြတ်ပြတ် ပြောသည်။ သူ ရှေ့တစ်လှမ်းလှမ်းလိုက်သည့်အခါ တောင်ပင်လယ်လောကတစ်ခုလုံး တသိမ့်သိမ့်လှုပ်ခတ်သွားသည်။ တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်း၏စွမ်းအားသည် နင်းခြေခံလိုက်ရ၏။ တောင်ပင်လယ်ကျင့်ကြံသူအားလုံးမှာ ကျင်ယွင်ရှန်းဆီမှ အောက်သို့သက်ရောက်နေသော ဖိအားကြောင့် ရုပ်ခန္ဓာနှင့်ဝိညာဉ်ပါ တုန်ရီနေကြတော့သည်။ ဤအခိုက်အတန့်တွင် သူတို့အနေဖြင့် အညံ့ခံရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့သယောင်ပင်။

“ဒီနေ့ကစပြီး ငါဟာ ဒီလောကရဲ့ အရှင်သခင်ပဲ” ကျင်ယွင်ရှန်းသည် မျက်လုံးများဆန်းပြားစွာ တောက်ပနေလျက် နောက်တစ်လှမ်းလှမ်းသည်။ မိုးနှင့်မြေသည် ကြေမွပြိုကျကုန်၏။ တောင်ကိုးလုံးမှာ တဝုန်းဝုန်းတုန်ခါနေပြီး ပင်လယ်ကိုးစင်းမှာလည်း လှိုင်းလုံးများမြောက်တက်လျက် အုံ့ကြွပွက်လောရိုက်နေသည်။

သက်ရှိဖြစ်တည်မှုအားလုံး ခေါင်းငုံ့ထားကြရသည်။ ကျင်ယွင်ရှန်း၏အကြည့်အောက်တွင် သူတို့မှာ မာန်လျှော့ရုံမှတစ်ပါး ရွေးချယ်စရာမရှိသည်သာ။ ကျင်ယွင်ရှန်းအနောက်ရှိ အာကာပြင်ကျယ်ကျောင်းတော်မှ ကျင့်ကြံသူများကတော့ စိတ်လှုပ်တရှား ကြွေးကြော်အော်ဟစ်နေကြသည်။

“ရွှေဝတ်ရုံခေါင်းဆောင်ကြီး”

“ရွှေဝတ်ရုံခေါင်းဆောင်ကြီး”

“ရွှေဝတ်ရုံခေါင်းဆောင်ကြီး”

သူတို့၏ကြွေးကြော်သံများမှ ဖြစ်ပေါ်လာသောအသံလှိုင်းသည် တောင်ပင်လယ်လောက၏ ကြယ်တာရာကောင်းကင်တစ်လျှောက် ဖြာထွက်နေတော့၏။ ကျင်ယွင်ရှန်းက တစ်ခါမှမခံစားခဲ့ဖူးသော ဩဇာာအာဏာ၏အရသာကို ခံစားလျက် ပျံဝဲနေသည်။

နောက်ဆုံးတော့ မန်ဟို့လို ကြယ်တာရာကောင်းကင်ရှိ အရာခပ်သိမ်းအား အဖက်မတန်သကဲ့သို့ ငုံ့ကြည့်နိုင်ခြင်းမှာ မည်သည်နှင့်တူကြောင်း ကျင်ယွင်ရှန်း ခံစားလိုက်ရချေပြီ။

“မန်ဟို လောကကြီးက မင်းကို မေ့သွားခဲ့ပေမယ့် ငါကတော့ မမေ့ဘူး။ ဒီနေ့ ငါ မင်းရဲ့တည်ရှိမှုကို အရှင်းဖယ်ရှားပစ်မယ်။ မင်းနေရာကို ယူပြီး ကြယ်တာရာကောင်းကင်ရဲ့အရှင်သခင်အသစ် လုပ်မယ်” သူက အင်္ကျီလက်စခါလိုက်ရာ တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းသည် တဒုန်းဒုန်းယိမ်းထိုးလာ၏။ သို့သော် ပထမတောင်ပင်လယ်အတွင်းမှ ပထမမိစ္ဆာချုပ်နှောင်ခြင်းမန္တန်၏အငွေ့အသက်များ ထွက်လာသည်။

အငွေ့အသက်များ ကျင်ယွင်ရှန်းအနား ရောက်သွားသည့်အခါ သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ့လက်က မုဒြာလက်ကွက်တစ်ကွက် ဖော်သည်။ ပထမမန္တန်ကို ပြန်တိုက်ခိုက်လိုက်သဖြင့် သူ့လက်ချောင်း၏ဝှေ့ယမ်းမှုက ဟင်းလင်းပြင်အား ပြိုကျသွားစေသည်။

ထိုအခိုက်အတန့်တွင် ဒုတိယတောင်ပင်လယ်မှ ဒုတိယမန္တန် ထွက်ပေါ်လာသည်။ ထို့နောက် တတိယမန္တန်နှင့် စတုတ္ထမန္တန်။ မျက်စိတစ်မှိတ်အတွင်း မိစ္ဆာချုပ်နှောင်ခြင်းမန္တန်ရှစ်ခု၏စွမ်းအားကား ကျင်ယွင်ရှန်းဆီ ပြေးဝင်လာနေလေပြီ။

အဆိုပါစွမ်းအားသည် မည်သည့်အရာကိုမဆို သတ်ဖြတ်နိုင်ဟန်တူသော ရင်သပ်ရှုမောဖွယ်တိုက်ကွက်ဖြစ်၏။ အချိန်လှိုင်းများ ထလာပြီး အာကာသလည်း ကွေးညွတ်သွားသည်။ သေခြင်းကား ဆင်းသက်လာနေပြီဖြစ်သည်။

ကျင်ယွင်ရှန်းကမူ ခေါင်းနောက်လှန်ကာ မထီမဲ့မြင် ဟားတိုက်ရယ်သည်။

“မင်း မင်းကိုယ်တိုင် ထွက်တိုက်ရင်တော့ ငါ လန့်ကောင်းလန့်မိမှာ။ ဒါပေမဲ့ ဒီမလောက်လေးစား တောင်ပင်လယ်လောကကတော့ ငါကို သတ်ဖို့ မလုံလောက်ဘူး။ ပျက်စီးစမ်း” သူ၏ရယ်သံကြီး ဟိန်းထွက်နေသည့်အချိန်မှာပဲ သူက ညာလက်အား ခပ်ဆတ်ဆတ်တွန်းလိုက်သည်။ သူ့လက်ဝါးမှ ရွှေအလင်းရောင်တို့ ဖြာထွက်လာပြီး အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားကာ ကြယ်တာရာကောင်းကင်တစ်ခုလုံးအား ရွှေရောင်တောက်လာစေတော့သည်။

အထက်ကောင်းကင်နှင့် အောက်မြေပြင်ရှိ အရာအားလုံး ရွှေပမာ တလင်းလင်းတောက်ပနေသည်။ တစ်ကမ္ဘာလုံး ရွှေရောင်ပြောင်းလာ၏။ တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းပင် ပါဝင်သည်။ ကြည့်ရသရွေ့ ရွှေရောင်အား ဘယ်တော့မှ ပြောင်းလဲမရတော့မည့်အလားပင်။

လာနေသော မန္တန်ရှစ်ခုသည် ကျင်ယွင်ရှန်းအပေါ် ဆင်းသက်သွားသည့်အခါ ရုတ်တရက် တုံ့ခနဲ ရပ်ကာ ကြေမွသွား၏။ တစ်ချိန်တည်းမှာပင် ကျင်ယွင်ရှန်းက အင်္ကျီလက်စခါရင်း သူ၏နတ်ဘုရားအာရုံနှင့် ကျင့်ကြံခြင်းအခြေခံအား ထုတ်လွှတ်သည်။ တန်ခိုးရှင်စွမ်းအား ပေါ်ထွက်လာ၏။ သူကား ရွှေအလင်းရောင်အား အရပ်မျက်နှာတစ်ခွင်သို့ အစွမ်းကုန်ဖြန့်ကျက်နေလေသည်။ ပထမတောင်ပင်လယ်မှာ လုံးဝရွှေရောင်တောက်သွားပြီး ထိုရွှေရောင်က လျင်မြန်စွာ ကူးစက်နေသည်။ ထို့နောက် ဒုတိယတောင်ပင်လယ်။ ထို့နောက် တတိယနှင့် စတုတ္ထတောင်ပင်လယ်လည်း ရွှေရောင်ဖြစ်လာ၏။ ရွှေရောင်ဝတ်ရုံနှင့် ကျင်ယွင်ရှန်း၏ စိတ်ဆန္ဒကား တောင်ပင်လယ်လောကအတွင်း စီးနင်းထိုးဖောက်ကာ လောကကို သိမ်းပိုက်၍ သူ၏ကိုယ်ပိုင်အဖိုးထိုက်ရတနာအဖြစ် ပြောင်းလဲနေလေသည်။

တောင်ပင်လယ်လောက၏ကျင့်ကြံသူများမှာတော့ ဆောက်တည်ရာမဲ့နေကြသည်။ သူတို့သည် ဖိနှိပ်ခံထားရပြီး ပြန်မတိုက်ခိုက်နိုင်သဖြင့် မျက်လုံးများ နီရဲနေကြ၏။

ပဉ္စမ၊ ဆဋ္ဌမ၊ သတ္တမနှင့် အဋ္ဌမတောင်ပင်လယ်အားလုံး ရွှေရောင်ပြောင်းသွားသဖြင့် ထစ်ချုန်းသံများ ကြားရနိုင်သည်။ ကျင်ယွင်ရှန်း၏ရယ်သံကြီးသည် တစ်လောကလုံးတွင် ပဲ့တင်ထပ်နေတော့သည်။

ဤအခိုက်အတန့်တွင် တန်ခိုးလှိုင်းတစ်လှိုင်းက ကောက်ကာငင်ကာ ပေါ်ထွက်ဖြာဆင်းလာသည်။ အဆိုပါတန်ခိုးလှိုင်းသည် နဝမတောင်ပင်လယ်အား မန်ဟို အခြေခံတည်ဆောက်ခဲ့သော၊ နဝမတောင်ပင်လယ်၏အုတ်မြစ် ... ကောင်းကင်ချုပ်နှောင်မန္တန်မှ လာလေသည်။

မန္တန်သည် ထွက်ပေါ်လာသည့်အခါ အသက်တစ်ရှိုက်လေးတည်းနှင့် ကျင်ယွင်ရှန်းကို အပေါ်မှချိန်ရွယ်လိုက်သော ဧရာမဓားကြီးတစ်လက်အသွင် ပြောင်း၏။ ကျင်ယွင်ရှန်းမှာ မျက်နှာပျက်သွားပြီး ‌ကျောချမ်းတုန်လှုပ်သွား၍ အင်္ကျီလက်စအား မြန်မြန်ဆန်ဆန် ခါသည်။ ချက်ချင်းပင် အာကာပြင်ကျယ်ကျောင်းတော်မှ ကျင့်ကြံသူအားလုံး ချက်ချင်း ပျောက်ကွယ်သွား၏။ ပြန်ပေါ်လာသောအခါ ကျင်ယွင်ရှန်း၏အရှေ့တည့်တည့် ရောက်ကုန်ကြသဖြင့် သူတို့မှာ ထိတ်လန့်သွားကြလေသည်။ ကျင်ယွင်ရှန်းသည် ကောင်းကင်ချုပ်နှောင်ဓားသွားကို တားဆီးဖို့ သူတို့အား လူသားဒိုင်းအဖြစ် အသုံးပြုနေ၏။ မည်မျှလူမဆန်လှသနည်း....

ချက်ချင်းဆိုသလို ကျင်ယွင်ရှန်း၏အရှေ့ရှိ ကျင့်ကြံသူများမှာ ဓားသွားဖြင့် ပိုင်းဖြတ်ခံလိုက်ရသဖြင့် သွေးပျက်စွာအော်သံများ ဆူညံသွားတော့သည်။ ကျင့်ကြံသူများသည် အပိုင်းပိုင်းပြတ်ထွတ်ကုန်ပြီး သူတို့၏အသားစများသွေးများက တောင်ပင်လယ်လောကအပေါ် တဘုတ်ဘုတ်ရွာကျလေ၏။

ဓားသွားက ရွှေရောင်ဝတ်ရုံနှင့် ကျင်ယွင်ရှန်းဆီ ဆက်လက်ပြေးဝင်သွားသည်။

ကျင်ယွင်ရှန်းမှာ ခေါင်းနပန်းကြီးနေ၏။ ဤသည်မှာ တန်ခိုးရှင်အဆင့်တက်ပြီးနောက်ပိုင်း သူ ရင်ဆိုင်ခဲ့ရသည့် ပထမဆုံးသေရေးရှင်ရေးအခြေအနေပင်။

“မဖြစ်နိုင်ဘူး။ မင်းရဲ့ ဒီအဖိုးထိုက်ရတနာကို ငါ မတိုက်နိုင်တာ ငါ မယုံနိုင်ဘူး မန်ဟို” ဒေါသတကြီးဟိန်းဟောက်ရင်း ကျင်ယွင်ရှန်းက မုဒြာလက်ကွက်တစ်ကွက်ဖော်ပြီးနောက် လက်ဝှေ့ယမ်းသည်။ သူ့အရှေ့၌ ဧရာမလိပ်ခွံကြီးတစ်ခု ဝုန်းခနဲ ပေါ်လာ၏။ ၎င်းကား အာကာပြင်ကျယ်ကျောင်းတော်၏ အဖိုးထိုက်ရတနာမှတစ်ပါး အခြားမဟုတ်ပေ။ ယခုတော့ ဓားသွားကို တားဖို့ အသုံးပြုခံနေရလေပြီ။

ဝုန်းးးးးးးးးးးးးးးးးး

အာကာပြင်ကျယ်ကျောင်းတော်၏အဖိုးထိုက်ရတနာ လိပ်ခွံမှာ တစစီပေါက်ကွဲကြေမွသွားသည်။ သို့သော် တစ်ဆက်တည်းမှာပဲ ဓားသွားလည်း ဝေဝါးသွားပုံပေါ်သည်။

ဓားသွားသည် မန်ဟိုကိုယ်တိုင် ထုတ်လွှတ်လိုက်သည့် ဓားသွားမဟုတ်ပေ။ အဖိုးထိုက်ရတနာ၏ စွမ်းအားမျှသာ ဖြစ်၍ အကန့်အသတ်များ ရှိလေသည်။

ကျင်ယွင်ရှန်း၏မျက်လုံးများက စိတ်လှုပ်ရှားမှုအပြင် ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် တောက်ပလာသည်။ သူက နောက်ဆုတ်ရင်း ဓားသွားကို တားဆီး၍ သူ့ကိုယ်သူ ကာကွယ်ဖို့ မရေမတွက်နိုင်သော ကမ္ဘာလောကများ၊ မြေထုများနှင့် ဂြိုဟ်များအား ဆင့်ခေါ်လိုက်သည်။

မိုးနှင့်မြေမှာ တသိမ့်သိမ့်လှုပ်ခတ်သွား၏။ ကြယ်တာရာကောင်းကင်လည်း တုန်ခါသွားသည်။ ကမ္ဘာ‌လောကများ ပျက်စီးကုန်ပြီး ဂြိုဟ်များ ကွဲကြေကုန်သည်။ မြေထုများလည်း မီးလောက်ပြာကျကုန်၏။ သို့သော် ဓားသွားသည်လည်း မမြင်ရတော့သည့်တိုင်အောင် တဖြည်းဖြည်း မှေးမှိန်သွားလေသည်။

နောက်ဆုံးတော့ ကျင်ယွင်ရှန်း၏ကျင့်ကြံခြင်းအခြေခံသည် တန်ခိုးရှင်စွမ်းအားကို ထုတ်ဖော်လိုက်၏။ သူက ဟိန်းဟောက်အော်ဟစ်ရင်း နောက်ဆုတ်နေသည်ကို ရပ်၍ ဓားသွားအား ရင်ဆိုင်ရန် ရှေ့ခုန်လိုက်သည်။

သူနှင့် ဓားသွားဆုံသောအခါ ဓားသွားမှာ အပိုင်းအစများအဖြစ် ပြိုကွဲကာ မှေးမှိန်သွားသည်။ သို့သော် ၎င်းသည် ကျင်ယွင်ရှန်းကို ဖြတ်သွားသေး၏။ သူ၏တန်ခိုးရှင်အဆင့်အပြင်အားကိုယ်ပင် ဓားသွားအား မတားနိုင်ခဲ့ပေ။

သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားပြီး သူ့လက်မောင်းတစ်ဖက် ပြတ်သွားသည်။ ထို့နောက် သူ့ခန္ဓာကိုယ်သည် တုန်ရီလာပြီးနောက် အပိုင်းပိုင်းပြိုကွဲသွား၏။

သူ့ခေါင်းသာလျှင် ကျန်ခဲ့လေသည်။ သို့ထိတိုင် သူကား တဟားဟား ရယ်နေဆဲပင်။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် သူ၏ခန္ဓာကိုယ်က ပြန်ဆက်သွားပြီး အကောင်းအတိုင်းဖြစ်လာသည်။

သူသည် အလွန်အားနည်းသွားပုံပေါ်၏။ မျက်နှာမှာလည်း လူသေကောင်လို ဖျော့တော့နေသည်။ စောစောက သူ့အတွက် သေမင်းခံတွင်းဝမှ လက်တစ်ကမ်းသာ ကွာခဲ့၏။ ဓားသွားသာ မှေးမှိန်မသွားခဲ့လျှင်တော့ သူ သေချာပေါက် အသက်နှင့်ခန္ဓာအိုးစားကွဲသွားလိမ့်မည်။

ယခုတွင် တောင်ပင်လယ်လောကဖြစ်သည့် အဖိုးထိုက်ရတနာကို အနိုင်ယူနိုင်ခဲ့ပြီဟု ယုံကြည်သွားသဖြင့် ကျင်ယွင်ရှန်းက မထီမဲ့မြင်ရယ်၍ လက်ဝှေ့ယမ်းကာ ရွှေရောင်အလင်းအား နဝမတောင်ပင်လယ်ဆီ စီးဖြာသွားစေသည်။

အချိန်အနည်းငယ်ကြာသော် နဝမတောင်ပင်လယ်မှာ ရွှေရောင်ပြောင်းတော့မည့်ပုံပေါ်လာ၏။ တောင်ပင်လယ်လောကသားများမှာ သူတို့၏ကမ္ဘာကြီးပျက်စီးသွားသဖြင့် မျှော်လင့်ချက်မဲ့နေကြတော့သည်။

ကျင်ယွင်ရှန်း၏မျက်လုံးများသည် လိုချင်တပ်မက်မှု၊ ရူးသွပ်မှုတို့ဖြင့် တောက်ပနေ၏။ တစ်ချိန်တည်းမှာပင် သူက တဟားဟားဆက်ရယ်နေသည်။

“မန်ဟို နောက်ဆုံးတော့ မင်းနေရာကို ငါ ယူနိုင်တဲ့အချိန် ရောက်လာခဲ့ပြီ”

ထိုအချိန်မှာပဲ စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပဲ သူ့အနောက်မှ အသံတစ်သံတစ်သံထွက်လာသည်။ အလွန်ရင်းနှီးနေသော အေးစက်စက်အသံက သူ့နှလုံးသားအား မိုးကြိးပစ်ချလိုက်သကဲ့သို့ ကမ္ဘာပျက်သွားစေ၏။

“မတွေ့ရတာကြာပြီ”

All Chapters