မင်း ဒီမှာ ရှိနေသေးတာလား
Vol. 114 Ch. 1598
“မတွေ့ရတာကြာပြီ”
အသံသည် တည်ငြိမ်အေးဆေးလျက်...
အမျက်၊ ဒေါသ၊ အာဃာတ မည်သည့်ခံစားချက်မှမရှိ။
သို့သော် အသံကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ကျင်ယွင်ရှန်း၏နှလုံးသားမှာ မိုးကြိုးပေါင်းများစွာဖြင့် ပစ်ချခံလိုက်ရသကဲ့သို့ တုန်ရီလူးလွန့်သွားသည်။ တုန်လှုပ်ခြင်းလှိုင်းတံပိုးကြီးများက သူ့စိတ်ကို တဒုန်းဒုန်းဆောင့်တိုက်နေပြီး သူ့မှာ ကြောက်ဒူးမတုန်အောင်ပင် မလုပ်နိုင်တော့ပေ။
ကျင်ယွင်ရှန်းသည် ခေါင်းလှည့်ကြည့်လိုက်သည့်အခါ အလွန့်အလွန်ရင်းနှီးသောမျက်နှာအား မြင်လိုက်ရ၏။
ထိုမျက်နှာသည်... အတိတ်နှစ်ပေါင်းများစွာတုန်းက မျက်နှာပင်။ များစွာပို၍ရှေးဆန်လာခြင်းကလွဲ၍ တစ်စုံတစ်ရာ ပြောင်းလဲခြင်းမရှိပေ။
ထိုမျက်နှာကို မြင်လျှင်ချင်း ကျင်ယွင်ရှန်းမှာ ရင်ဘတ်ကြီးတစ်ခုလုံး ပေါက်ကွဲထွက်တော့မည့်အလား ရင်တဒိန်းဒိန်းခုန်လာပြီး ချာချာလည်မူးသွားသည်။ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ပင် မန်ဟိုမည်မျှတန်ခိုးကြီးမားကြောင်း သူ မမြင်နိုင်သေးပေ။ မန်ဟိုကား ကြယ်တာရာကောင်းကင်နှင့် တစ်သားတည်းဖြစ်နေပုံပေါ်လေသည်။
မန်ဟိုသည် နားလည်ရခက်သောလူဖြစ်၍ လျှို့ဝှက်ဆန်းကြယ်နေ၏။ ယင်းက ကျင်ယွင်ရှန်းအား တစ်ချိန်တုန်း မန်ဟို့ကို ပြန်တွေးမိစေပြီး မွန်းကြပ်လာစေသည်။
ကျင်ယွင်ရှန်းသည် ကြောက်ဒူးတုန်လာပြီးနောက် အထစ်ထစ်အငေါ့ငေ့ါ ပြော၏။ “မင်း..မင်းက... မင်းက တကယ် ဒီမှာ ရှိနေသေးတာလား.. ငါ..ငါ..”
သူတစ်ယောက်တည်းသာ မန်ဟို့ကို မြင်နိုင်လေသည်။ တောင်ပင်လယ်လောကသားကျင့်ကြံသူများကတော့ မမြင်နိုင်။ ကျင်ယွင်ရှန်း လူသေကောင်လို မျက်နှာဖြူဆုပ်နေသည်ကိုသာ သူတို့ မြင်ကြရသည်။
“ငါ မသေသေးဘူး” မန်ဟိုက အေးတိအေးစက် ပြောသည်။ “လောကပါလနတ်မင်းနဲ့လည်း နောက်တစ်ကြိမ် မတိုက်ခိုက်ရသေးဘူး။ ပြီးတော့ အသေချာဆုံးကတော့ ဒီကြယ်တာရာကောင်းကင်ကနေ ထွက်မသွားခဲ့တာပဲ” သူ့အကြည့်သည် အေးဆေးတည်ငြိမ်သော်လည်း ကျင်ယွင်ရှန်းအတွက်တော့ သူ့စိတ်နှလုံးကို ရိုက်ခတ်၍ သူ၏တန်ခိုးရှင်အဆင့်အပြင်အားကိုယ်ကို တိုက်စားကာ သူ၏တန်ခိုးရှင်အဆင့်ကျင့်ကြံခြင်းအခြေခံအား ဖြိုခွဲနေသည့် မိုးကြိုးတန်းနှင့် တူ၏။
ကျင်ယွင်ရှန်းပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူက ခါးသီးစွာ ရယ်ရင်း နောက်ဆုတ်သွားသည်။ မျက်လုံးများတွင် လက်မခံနိုင်မှုအပြည့်ဖြင့် သူက ခေါင်းနောက်လှန်ကာ အော်ဟစ်သည်။
“မဖြစ်နိုင်ဘူး။ မင်းက ဘယ်လိုလုပ် ဒီမှာ ရှိနေနိုင်ဦးမှာလဲ။ ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ နှစ်တွေသောင်းချီ ကြာခဲ့ပြီးပြီ။ တခြားသူတွေ အကုန်သေသွားခဲ့ပြီ။ မင်း ဒီမှာ ရှိနေသေးတာ မဖြစ်နိုင်ဘူး
“မင်း ဘာလို့မထွက်သွားတာလဲ။ ဟမ် ဘာလို့မထွက်သွားခဲ့တာလဲ။ ဒီကြယ်တာရာကောင်းကင်က သေးငယ်လွန်းတယ်။ အနန္တစကြဝဠာကြီးကမှ အကြီးကြီးလေ။ မင်း ဘာကြောင့်မထွက်သွားခဲ့တာလဲ
“ငါက ဒီကြယ်တာရာကောင်းကင်ရဲ့ အရှင်သခင် ဖြစ်သင့်တာ။ တန်ခိုးရှင်အဆင့်လည်း တက်ခဲ့ပြီးပြီ။ မင်းက ဘာလို့ ဒီမှာ ရှိနေသေးတာလဲ” ကျင်ယွင်ရှန်းမှာ မချင့်မရဲဖြစ်လွန်း၍ ရူးပေတော့မည်။ ဟုတ်လည်းဟုတ်သည်၊ သူ့အနေဖြင့် မည်ကဲ့သို့မချင့်မရဲမဖြစ်ဘဲ နေမည်နည်း။ သူသည် ယနေ့အထိရောက်အောင် ကျင့်ကြံအားထုတ်ရင်း အဖိုးအခများစွာ ပေးဆပ်ခဲ့ရ၏။ ယခုတွင် တန်ခိုးရှင်တစ်ပိုင်းပင် မကတော့ပေ။
သို့သော် မန်ဟိုက အိပ်မက်ဆိုးကြီးလို ဗြုန်းခနဲ ပေါ်လာလိမ့်မည်ဟု သူ မည်သို့ထင်ထားမည်နည်း။ “ကောင်းပြီလေ မင်း ဒီရောက်နေမှတော့ ငါ မင်းကို စိန်ခေါ်တယ်”
ကျင်ယွင်ရှန်းသည် ခေါင်းမွှေးစုတ်ဖွားဖြင့် ဒေါသတကြီး သွေးရူးသွေးတန်းအော်ဟစ်ရင်း ရူးခါနီးချေပြီ။ သူက တန်ခိုးရှင်အဆင့်အပြင်အားကိုယ်ခွန်အားနှင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ဆင့်ခေါ်ကာ မန်ဟို့ဆီ တန်းတန်းမတ်မတ် ပြေးဝင်သွားသည့် အလင်းတန်းတစ်တန်းအသွင် ပြောင်းသွား၏။
ကျင်ယွင်ရှန်း၏မျက်လုံးများမှာ နီရဲနေသည်။ သူသည် ဤတိုက်ကွက်တွင် အစွမ်းအကုန်ထည့်ထား၏။ ၎င်းက သူ အောင်မြင်၍ အသက်ရှင်မည်လား၊ မအောင်မြင်ဘဲ သေမည်လား အဆုံးအဖြတ်ပေးမည့် တိုက်ကွက်မျိုးပင်။ သူ ထုတ်လွှတ်နေသော စွမ်းအားအဆင့်မှာ တစ်ခါမှ မထုတ်ခဲ့ဖူးသောစွမ်းအားဖြစ်၍ သူ၏ဝိညာဉ်ကိုပင် အဆင့်တစ်ဆင့်တက်သွားစေသည်။ ကြောက်မက်ဖွယ်အတိုက်အခိုက်စွမ်းရည်ဖြင့် သူကား မန်ဟို့ထံ လျင်မြန်စွာ ချဉ်းကပ်နေ၏။
တစ်ချိန်လုံး မန်ဟို့မျက်နှာသည် တည်ငြိမ်အေးဆေးလျက်သာ။ သူက ညာလက်ကို မြှောက်၍ လက်ချောင်းတစ်ချောင်း ဆန့်တန်းလိုက်သည်။ ချက်ချင်းပင် သူ့အရှေ့ရှိ အရာအားလုံး ငြိမ်သက်သွား၏။ ကျင်ယွင်ရှန်းပင် လှုပ်မရတော့ပေ။
မန်ဟို့အတွက် ကျင်ယွင်ရှန်းမှာ ကစားစရာဓားလေးကို လွှဲရမ်းနေသော ကလေးပေါက်စနှင့်တူသည်။
“စိတ်အေးအေးထားပါ” သူက လက်ကိုပြန်ချရင်း ပြောသည်။
သူ့လက်ပြန်ချသည့်အခါ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွား၏။ ကျင်ယွင်ရှန်းမှာ တုန်ရီပြီး သွေးအန်လျက် ကျန်ခဲ့သည်။ သူက အံ့ဩမှု၊မယုံနိုင်မှုများဖြင့် မန်ဟို့အား ခါးသီးစွာ ကြည့်လေသည်။
မန်ဟို့ခွန်အားက သူ၏စိတ်ကူးနိုင်စွမ်းထက်ပင် ကျော်လွန်နေကြောင်း သူ ဝန်ခံရလိမ့်မည်။ အမှန်တွင် သူ၏ဝိညာဉ်တန်ခိုးရှင်အဆင့်တက်၍ သူ တန်ခိုးရှင်အစစ်ဖြစ်လာလျှင်တောင်မှ မန်ဟို၏တိုက်ကွက်လေးတစ်ကွက်ကို တောင့်ခံနိုင်ပါ့မလား မသေချာပေ။
“မင်း...မင်း... ဘယ်နယ်ပယ်မှာလဲ” သူက ကြောက်လန့်တုန်ရီစွာ ပြောသည်။
“ငါကိုယ်တိုင်တောင် မသိဘူး” မန်ဟိုက ခေါင်းခါရင်း ပြန်ဖြေသည်။ တကယ်လည်း မုသားမဟုတ်ပေ။ ဤအချိန်တွင် သူလည်း သူ၏တန်ခိုးရှင်အဆင့်ကို မသိတော့။ သူ သိသမျှမှာ နှစ်သောင်းပေါင်းများစွာ နိမိတ်ဖတ်ပြီးနောက်၊ နှစ်ပေါင်းမရေမတွက်နိုင်အောင် တံခါးပိတ်ကျင့်ကြံပြီးနောက် ... အနန္တအဆင့်တစ်ဆင့်သို့ ရောက်ရှိခဲ့ခြင်းကိုပင်။ သူတွေးလိုက်ရုံနှင့် မည်သည့်အရာကိုမဆို ပြာချနိုင်ပြီဖြစ်သည်။
“တန်ခိုးရှင်လမ်း လျှောက်လှမ်းနိုင်ခဲ့အတွက် ဝမ်းသာပါတယ် ကျင်ယွင်ရှန်း။ မင်းဝိညာဉ်ကတော့ လိုအပ်နေသေးတယ်။ လောလောဆယ်မှာ မင်း အဲဒီအဆင့်ကို မရောက်နိုင်သေးဘူး။ ထွက်သွားတော့။ မင်းအနေနဲ့ ဒီကြယ်တာရာကောင်းကင်ကနေ ထွက်သွားနိုင်တဲ့အစွမ်း ပိုင်ဆိုင်ထားပြီပဲ။ အနန္တစကြဝဠာကို ထွက်သွားပြီး မင်း လိုအပ်တဲ့ ကံကြမ္မာကောင်းကို ရှာတော့။ တစ်နေ့ကျ မင်း တန်ခိုးရှင်အစစ် ဖြစ်လာလောက်မှာပါ” မန်ဟို ကျင်ယွင်ရှန်းကို ကြည့်သောအခါ သူ၏မျက်လုံးများတွင် မလိုမုန်းထားမှုမရှိပေ။
သူ သိသမျှလူတိုင်း ကွယ်လွန်သွားကြပြီဖြစ်၍ လက်ရှိကြယ်တာရာကောင်းကင်နှင့်ပတ်သက်၍ မန်ဟို့တွင် သံယောဇဉ်သိပ်မရှိပေ။ သူ ပေါ်လာခဲ့သည့် တစ်ခုတည်းသောအကြောင်းရင်းမှာလည်း တောင်ပင်လယ်လောကက သူ၏အမွေအနှစ်ဖြစ်၍ပင်။
ကျင်ယွင်ရှန်းက တဆတ်ဆတ်တုန်ရီနေလျက် အံကြိတ်ကာ ပြောသည်။ “ငါ ဘယ်မှမသွားဘူး”
“မသွားဘူးပေါ့လေ ဟမ်...” မန်ဟိုသည် အဝေးအား လှမ်းကြည့်၏။ အတန်ကြာသော် သူက အေးအေးလူလူအမူအရာဖြင့် ကျင်ယွင်ရှန်းအား ပြန်ကြည့်သည်။
“ရတယ်လေ၊ ဒါပေမဲ့ ဒါကိုတော့ သိထား ။ မင်း အဆင့်ဘယ်လောက်ပဲတက်တက်၊ ဒီကောင်းကင်တွေကို ဘယ်တော့မှ ပိုင်စိုးနိုင်မှာမဟုတ်ဘူး။ လက်လျှော့တယ်ဆိုတာ ဘာလဲသိအောင် မင်း သင်ယူဖို့လိုတယ်” မန်ဟိုက အင်္ကျီလက်စခါလိုက်ရာ ကျင်ယွင်ရှန်း၏ပါးစပ်မှ သွေးများပန်းထွက်သွားသည်။ သူသည် ကြိုးပြတ်သွားသော စွန်ငယ်ပမာ ဒလိမ့်ခေါက်ခွေး လွင့်ထွက်သွား၏။ အာကာပြင်ကျယ်ဂြိုဟ်ပြန်ရောက်သည့်တိုင်အောင် လည်ပြီးရင်းလည်လျက် လွင့်ထွက်သွားလေသည်။
နောက်ဆုံး ရပ်လိုက်နိုင်သည့်အခါ သူ့နားထဲ၌ အေးစက်စက်ပြောနေသော မန်ဟို့အသံအား ကြားလိုက်ရသည်။ “နောက်နှစ်တစ်သိန်းကြာတဲ့အထိ မင်းမျက်နှာကို မပြနဲ့”
ကျင်ယွင်ရှန်းတစ်ကိုယ်လုံး တုန်ရီသွားသည်။ စောစောက တက်ကြွနေခဲ့သော သူ၏ရဲစွမ်းသတ္တိအားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်၏။ သူသည် ဤကြယ်တာရာကောင်းကင်က ထွက်သွားဖို့ မန်ဟိုအကြံပြုခဲ့သည်ကို ငြင်းခဲ့သည့်အပြင် နှစ်တစ်သိန်းအကျဉ်းချခြင်းကိုလည်း မခံနိုင်ပေ။
“ဘာလို့လဲ၊ ငါက တန်ခိုးရှင်အဆင့်တက်ပြီးသားလေ။ ငါက ဒီကြယ်တာရာကောင်းကင်ရဲ့ အရှင်သခင်ဖြစ်သင့်တာ။ ဒါတောင် အတိတ်မှာပဲ ပိတ်နေသလိုပါလား...” ကျင်ယွင်ရှန်းသည် ခါးသီးခြင်း၊ မကျေနပ်ခြင်းတို့ဖြင့် တောက်ခေါက်အံကြိတ်ကာ တံခါးပိတ်ကျင့်ကြံဆောင်ထဲ ပြန်ဝင်သွား၏။
တောင်ပင်လယ်လောက ရင်ဆိုင်နေသော အခက်အခဲအား ဖြေရှင်းပြီးသွားလေပြီ။ လောက၏အရောင်သည် ပုံမှန်အရောင်အဖြစ် လျင်မြန်စွာ ပြောင်းသွား၏။ ဖြစ်ပျက်သွားခဲ့သည်မှာ မြန်ဆန်လွန်း၍ တောင်ပင်လယ်ကျင့်ကြံသူများမှာ ပါးစပ်အဟောင်းသားနှင့် ကျန်ခဲ့ကြသည်။ ဘာဖြစ်ခဲ့မှန်း ရေရေရာရာ မသိကြသော်လည်း မမြင်ရသောတန်ခိုးလှိုင်းက တန်ခိုးဧရာမကြီးမားသည့် ကျင်ယွင်ရှန်းအား ခွေးလေခွေးလွင့်တစ်ကောင်လို မောင်းထုတ်ခဲ့ကြောင်း သူတို့ မြင်ခဲ့ရသည်။
အတွေးအမြင်များ၊ ဇာတ်လမ်းပုံပြင်များစွာ ကျယ်ပြန့်လာတော့သည်။
မန်ဟိုက တောင်ပင်လယ်လောကကို ကြည့်ကာ လောကအပြင်အား လှမ်းကြည့်သည်။ သူ့အကြည့်သည် ကြယ်တာရာကောင်းကင်တစ်လျှောက် ထိုးခွင်းလျက် အာကာပြင်ကျယ်စကြဝဠာ၏အပြင်၌ ရပ်တန့်သွား၏။ သူ့အကြည့်ကား စူးရှနက်ရှိုင်းပြီး အစွဲတို့ပြည့်နှက်နေသည့် အကြည့်ဖြစ်သည်။
မန်ဟိုသည် နောက်ဆုံးတော့ အိပ်ပျော်နေရာမှ နိုးထလာခဲ့သည့် နတ်မင်းတစ်ပါးအလားပင်။
“လောကပါလနတ်မင်း” သူက တစ်ယောက်တည်း ရေရွတ်နေသည်။ “ငါတို့ရဲ့ နောက်ဆုံးတိုက်ပွဲအတွက် အချိန်ကျလာခဲ့ပြီ။ မင်း ပုန်းနေတာ နှစ်ပေါင်းသောင်းချီကြာခဲ့ပြီဖြစ်သလို၊ ငါလည်း ဇာတ်မြှုပ်နေခဲ့တာ ကြာခဲ့ပြီ။ အခု တစ်ခါတည်းအကုန် အပြီးသတ်ဖို့ အချိန်ကျပြီ” သူသည် သတ်ဖြတ်လိုစိတ်ကြောင့် မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ခြေတစ်လှမ်းလှမ်း၏။ ထိုတစ်လှမ်းက သူ့အား ကြယ်တာရာကောင်းကင်အပြင်ရောက်သည့်တိုင်အောင် ခေါ်သွားပေးလေသည်။
နောက်ဆုံးတိုက်ပွဲ ... စတင်ပေတော့မည်။