စီနီယာအစ်ကိုဟန်… နောက်ဆုံးတော့ ရှင်နိုးလာပြီပေါ့
Vol. 8 Ch. 109
ဓားစစ်သည်စနစ်။
ဓားသည် ခန္ဓာကိုယ်…။ ကောင်းကင်ဘုံအဆင့်၌ ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ခြင်း။
လုကောအတွက် ထိုကိစ္စများမှာ သူ စိတ်ကူး၍ပင် မရနိုင်သော အရာများ ဖြစ်သည်။ လောကတွင် ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်နိုင်သော နည်းစနစ်ရှိကြောင်းပင် သူ မသိခဲ့။
သူသည် ချီစုဆောင်းခြင်းအဆင့်သို့ ယခုမှ တက်ရောက်လာသော အစေခံတပည့် ဖြစ်သည်။
သို့သော် သူ ယုံကြည်သည်။
ဟန်မူယဲ့က သူ့အား မညာဟု သူ ယုံကြည်သည်။
သို့သော် သူသည် ထိုသို့သော အံ့ဖွယ်ဓားနည်းစနစ်အား ကျင့်ကြံနိုင်ပါသလော။
သူသည် ထိုက်တန်ပါသလော။
“ဓားစစ်သည်စနစ်ဟာ နတ်ရတနာကို ဓားခန္ဓာကိုယ်အဖြစ် ဖွဲ့စည်းတာပဲ”
ဓားစံအိမ်အကြီးအကဲ၏အသံတွင် နက်ရှိုင်းသော ခံစားချက်များ ပါဝင်သည်။
“အဲဒီတုန်းက အကြီးအကဲကျူးရှန့်ဟာ ဓားစစ်သည်စနစ်ကို ကျင့်ကြံပြီးတော့ အဆင့်တူအများအပြားကို သတ်ဖြတ်ခဲ့တယ်”
ခေါင်းဆောင်တောက်ရင်က ပြောသည်။
“တကယ်လို့ အကြီးအကဲကျူးရှန့်သာ ရတနာဓားတစ်လက်နဲ့ ဓားစစ်သည်စနစ်ကို ကျင့်ကြံခဲ့ရင် သူဟာလည်း ကျန်းချန်လိုပဲ ကောင်းကင်ဘုံအဆင့်သို့ တက်လှမ်းနိုင်ခဲ့လိမ့်မယ်”
“ဟင်း… ဓားနည်းစနစ်ရဲ့ကျမ်းစာတစ်ဝက်ဟာ သေချာပေါက် ဖုန်းလင်ဓားဂိုဏ်းမှာ ဖြစ်ရမယ်”
ဖုန်းလင်ဓားဂိုဏ်းမှ ကျန်းချန်သည် ဓားစစ်သည်စနစ်ဖြင့် ကောင်းကင်ဘုံအဆင့်သို့ တက်လှမ်းခဲ့ခြင်း ဖြစ်သည်။
ပျောက်ဆုံးနေသော ကျမ်းစာအား လက်ဝယ်ပိုင်ထားသူ၊ အကြီးအကဲကျူးရှန့်အား သတ်ဖြတ်ခဲ့သူ၊ ၎င်းတို့အားလုံးအတွက် တရားခံမှာ သိသာထင်ရှားနေသည်။
“ကောင်လေးဟန်… မင်းက လုကောကို ဓားစစ်သည်စနစ်ကို သင်ပေးချင်တာ ငါ မတားဘူး။ သူ့မျက်လုံးဟာ ဓားစံအိမ်ကို ကာကွယ်ရင်း ဆုံးရှုံးသွားခဲ့တာပဲ”
ဓားစံအိမ်အကြီးအကဲက ဟန်မူယဲ့အား ကြည့်ကာ ပြောသည်။
“ဒါပေမဲ့ ငါတို့မှာ ကျမ်းစာတစ်ဝက်ပဲရှိတယ်”
သူတို့လက်ထဲတွင် ရှိသော ကျမ်းစာတစ်ဝက်သည် ဓားအဖြစ် စုစည်းနိုင်သော်လည်း ၎င်းတွင် တိုက်ခိုက်ရေးနည်းစနစ် သို့မဟုတ် အသုံးပြုနိုင်သော ဓားသိုင်းများ မရှိချေ။
လုကောက ထိုနည်းစနစ်ကို ကျင့်ကြံလျှင်ပင် သူ့တွင် မည်သည့်တိုက်ခိုက်ရေးစွမ်းအားမှ ရှိမည် မဟုတ်ပေ။
“ပြီးတော့ လုကောရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ဝိညာဉ်အဆင့်လက်နက်ကို သူ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်ဖို့ အရမ်းခက်ခဲတယ်။ သာမန်ဓားတစ်လက်ကို သုံးမယ်ဆိုရင်လည်း ဝိညာဉ်စွမ်းအားမရှိတဲ့အတွက် သူ့အနေနဲ့ ဓားစစ်သည်စနစ်ကို ကျင့်ကြံဖို့ ခက်လိမ့်မယ်”
ခေါင်းဆောင်တောက်ရင်သည်လည်း ဓားစစ်သည်စနစ်ကို ကောင်းကောင်းနားလည်ကာ ဘေးမှ ရှင်းလင်း ပြောဆိုသည်။
ဓားစစ်သည်စနစ်သည် ထိုမျှ ကျင့်ကြံရန် မလွယ်ကူပါ။
ဓားစံအိမ်အကြီးအကဲနှင့် ခေါင်းဆောင်တောက်ရင်တို့၏အမူအရာက လုကော၏အမူအရာကို ပြောင်းလဲသွားစေသည်။ သူက တုတ်ကောက်အား တင်းတင်းဆုပ်ကိုင်ထား၏။
၎င်းသည် သူ၏တစ်ခုတည်းသော မျော်လင့်ချက် ဖြစ်သည်။
သူ့တွင် ကျင့်ကြံရန် မျှော်လင့်ချက်ရောင်ခြည်လေးတစ်မျှင်ရှိသေးလျှင်ပင် သူသည် တောင်ပေါ်မှ ဆင်းသွားရန် တွန့်ဆုတ်နေပေလိမ့်မည်။
“ရတယ်… ကျွန်တော်က ဓားစစ်သည်စနစ်ရဲ့ တခြားကျမ်းစာတစ်ဝက်ကို အကြမ်းဖျင်း တွေးဆနိုင်တယ်”
ဟန်မူယဲ့က ပြုံးလျက် ပြောသည်။
“ဟေး… ညီလေးဟန်ရဲ့ ဆင်ခြင်နားလည်နိုင်စွမ်းနဲ့ဆိုရင် ဒါက သေချာပေါက် ဖြစ်နိုင်တယ်”
ဟွမ်လောင်လျှိုက ပြုံးလျက် ပြောသည်။
“သူက ရတယ်ဆိုရင် သေချာပေါက် ရလိမ့်မယ်”
ဘေးတွင် ကောင်းရှောင်ရွှမ်က ဟန်မူယဲ့အား ကြည့်သည်။ သူ့လက်ထဲမှ မြေခွေးဖြူလေးကလည်း မျက်လုံးများ အရောင်တောက်တောက်ဖြင့် မော့ကြည့်သည်။
“ဓားနဲ့ ပေါင်းစပ်ဖို့ ခက်ခဲတဲ့ကိစ္စလား”
ဟန်မူယဲ့က ကောင်းရှောင်ရွှမ်အား ပြုံးလျှက် မေးလိုက်သည်။
“ရှောင်ရွှမ်… မင်း အစ်ကိုလုကို မကူညီချင်ဘူးလား”
ကောင်းရှောင်ရွှမ် အလျင်အမြန် ခေါင်းညိတ်သည်။
“ဒါပေမဲ့ ကျွန်တော် ဘယ်လိုကူညီရမယ် မသိ…”
ဟန်မူယဲ့က ရယ်မောကာ ကောင်းရှောင်ရွှမ်၏ခေါင်းအား ပွတ်လျက် ပြောသည်။
“အဲဒါ ရိုးရိုးလေးပဲ။ မင်းက အဲဒီဓားကို အစ်ကိုလုဆီမှာ ငြိမ်ငြိမ်သက်သက် ကျင့်ကြံဖို့ ပြောလိုက်ပေါ့။ အစ်ကိုလုရဲ့ ကျင့်ကြံဆင့် လုံလောက်သွားတဲ့အခါ သူဟာ အဲဒီဓားကို ရတနာအဆင့်ဓားတစ်လက်အဖြစ် ပြောင်းလဲနိုင်တယ်”
ဟန်မူယဲ့က ကောင်းရှောင်ရွှမ်အား ငုံ့ကြည့်သည်။
“သူတို့က မင်းစကားကို နားထောင်တယ်မလား”
ဓားစံအိမ်ရှေ့တွင် ဓားစံအိမ်အကြီးအကဲနှင့် ခေါင်းဆောင်တောက်ရင်တို့က အချင်းချင်း ကြည့်ကြသလို တခြားလူများကလည်း ကောင်းရှောင်ရွှမ်အား ကြည့်ကြသည်။
ဟွမ်လောင်လျှို နားမလည်ပါ။ သူက ကောင်းရှောင်ရွှမ်၏ပုခုံးကို ဖက်လိုက်ကာ ဟန်မူယဲ့အား တီးတိုးပြောသည်။
“ကောင်လေးကို အရမ်းခက်ခဲအောင် မလုပ်နဲ့”
သူက ဓားများအား စကားပြောနိုင်သည်ဟု ကလေးများကိုသာ ညာ၍ ရနိုင်သည်မဟုတ်ပေဘူးလား။
၎င်းသာ အမှန်တကယ် အလုပ်ဖြစ်ပါက သေချာပေါက် အားလုံးက ပျော်ရွှင်ရပေမည်။
“အစ်ကို… အဲဒါ မခက်ခဲဘူး”
“သူတို့ ကျွန်တော့စကားကို နားထောင်တယ်”
ကောင်းရှောင်ရွှမ်၏အသံကား သက်တောင့်သက်သာ ဖြစ်သည်။
“ကျွန်တော်က အဲဒီဓား အစ်ကိုလုစကားကို နားထောင်စေပြီးတော့ သူ့မျက်လုံးဖြစ်အောင် လုပ်ပေးနိုင်တယ်”
…
နေ့လည်ပိုင်းတွင် ဟွမ်လောင်လျှိုသည် ကောင်းရှောင်ရွှမ်ကား ထူးဆန်းစွာ ကြည့်နေသည်။
ကြိမ်ဖန်ရည်များစွာ သူသည် တစ်စုံတစ်ခု ပြောလိုသော်လည်း ရပ်လိုက်၏။
လုကောသည် ဆက်နေရန် ရွေးချယ်ခဲ့သော်လည်း သူသည် ဓားစစ်သည်စနစ်ကို မလေ့ကျင့်နိုင်သေးပေ။
ဟန်မူယဲ့၏အဆိုအရ သူသည် ပြန်လည်သက်သာလာပြီး သူ၏ဝိညာဉ် တည်ငြိမ်သွားမှ ဓားစစ်သည်စနစ်၏နောက်ထပ်တစ်ဝက်အား ဆင်ခြင်တွေးတော၍ ရမည်။
ထို့အပြင် လုကော၏ကျင့်ကြံဆင့်မှာ အလွန်နိမ့်သေး၏။ သူ့အနေဖြင့် ကျင့်ကြံဆင့်မြင့်အောင် လုပ်ရဦးမည်။
သူသည် အနိမ့်ဆုံးအားဖြင့် ဒန်ထျန်ကို နိုးထအောင် လုပ်ရပေမည်။
လုကောသည် သရုပ်ပြခန်းဆောင်၌ သွားရောက်ကာ ကျင့်ကြံနည်းစနစ်အသစ်အား ပြောင်းလဲခဲ့ပြီး သူ၏ကျင့်ကြံခြင်းများ၌ အချိန်အများစုကို ကုန်ဆုံးခဲ့သည်။ ဟန်မူယဲ့၏လက်ထဲမှ ဆေးလုံးများဖြင့် သူသည် ချီစုဆောင်းခြင်း တတိယအဆင့်သို့ အလျင်အမြန် ရောက်လာပေလိမ့်မည်။
နေ့လည်ပိုင်းတွင် အတွင်းစည်းဂိုဏ်းသားတချို့ ဓားလက်ခံရန် ရောက်လာကြ၏။ သူတို့က ဟွမ်လောင်လျှိုအား လေးစားစွာ နှုတ်ဆက်ကာ ဝိညာဉ်ကျောက်တုံးများ ပေးကြသည်။
အစ်ကိုဟွမ်၏နာမည်ကား အမှန်တကယ် ကျော်ကြားနေလေပြီ။
ကောင်းရှောင်ရွှမ်သည်လည်း ပိုက်ဆံမက်သော ကောင်လေး ဖြစ်သည်။ သူသည် ဟွမ်လောင်လျှိုနှင့် ပူးပေါင်းကာ ဓားလက်ခံရန် ရောက်လာသူများထံမှ ရသမျှ နှိုက်ထုတ်ကြသည်။
ဟန်မူယဲ့က သူသည် ဓားစံအိမ်တွင် အလုပ်အကိုင်မရှိဆုံးသူတစ်ယောက် ဖြစ်လာသည်ဟု ခံစားရ၏။
သူသည် ဘာမှ မလုပ်ရပါဘဲ ဝိညာဉ်ကျောက်တုံးများ နေ့စဉ်ရနေသည်။
“ဓားလက်ခံ…”
လုကောက အော်လိုက်ပြီးမှ စကားစပ်ကို အလျင်အမြန် ဖြတ်လိုက်သည်။
“မိန်းကလေးကျင်းပါလား… စီနီယာအစ်ကိုဟန် မနက်ကပဲ နိုးလာတယ်။ ကျုပ်တို့ နေ့လည်တုန်းကတောင် အတူသောက်ကြသေးတယ်”
တံခါးဝတွင် အမျိုးသမီးတစ်ဦး၏အသံကို ကြားရသည်။
“သူ နိုးနေပြီလား”
“သူက နိုးလာတာနဲ့ သောက်နေပြီလား”
ကျင်းယွမ်သည် ဓားစံအိမ်ထဲကို ဝင်ရန် ပြင်လိုက်စဉ်မှာပင် ဟန်မူယဲ့ ထွက်လာသည်။
“ဓားစံအိမ်ဟာ အရေးကြီးတဲ့နေရာပဲ။ မဖိတ်ခေါ်ဘဲ အထဲကို ဝင်ခွင့်မရှိဘူး”
ဟန်မူယဲ့၏စကားကို ကြားလျှင် ကျင်းယွမ်က သူ့အား ခြေဆုံးခေါင်းဆုံး ကြည့်သည်။
“ရှင် တကယ် နိုးလာတာပဲ။ စိတ်ဓာတ်ကတော့ မာသားပဲ။ နောက်ဆုံးတစ်ခေါက်က သက်တမ်းကုန်တော့မည့်ဘေးက လွတ်လာတယ်။ အခုလည်း…”
မိန်းကလေးကျင်းသည် သူ သေသည်ကိုများ လာကြည့်ခြင်း ဖြစ်သလောဟု ဟန်မူယဲ့ ခံစားရသည်။
“အဟမ်း… မိန်းကလေးကျင်း… ဘာကိစ္စများလဲ”
ကျင်းယွမ် မဖြေရသေးခင်တွင်ပင် လုကောက ပြောသည်။
“စီနီယာအစ်ကိုဟန်… အကြီးအကဲစုလျန့်က မိန်းကလေးကျင်းကို အစ်ကိုဟန်ဆီ ၂ ရက်ကြာတိုင်း လာကြည့်ဖို့ ခိုင်းထားတယ်။
“သူမက စီနီယာအစ်ကိုရဲ့ အခန်းကို မကြာမကြာ လာကြည့်တယ်”
ဟန်မူယဲ့ တောင့်တင်းသွားကာ ကျင်းယွမ်အား ကြည့်သည်။
သည်အမျိုးသမီးက သူ့အား ဆေးလာကုသူလား။
ပို၍ တိတိကျကျ ပြောရလျှင် သူမသည် အကြိမ်တိုင်း သူ့အခန်းထဲကို လာရသည်။ ဆိုလိုသည်က သူမသည် ဓားစံအိမ်အကြီးအကဲ၏ခွင့်ပြုချက် ရထားကာ ဓားချီများ တိုက်စားခြင်းဒဏ်ကိုလည်း ခံရသေးသည်။
“မိန်းကလေးကျင်း… ကျုပ် ရိုင်းပြမိပါတယ်”
ဟန်မူယဲ့က အလျင်အမြန် လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။
ကျင်းယွမ်က ခေါင်းယမ်းကာ ပြောသည်။
“ဒါက ရပါတယ်”
သူမက ဟန်မူယဲ့အား လေးနက်စွာ ပြောသည်။
“ရှင် နိုးလာတယ်ဆိုပေမဲ့ သောက်တာ လျှော့ဖို့ လိုတယ်။ ရှင့်စိတ်ဝိညာဉ်က ဒဏ်ရာရထားတာ။ ကျွန်မက အဲဒါနဲ့ပတ်သက်ပြီး ဘာမှ မတတ်နိုင်ဘူး”
“စိတ်ဝိညာဉ်ကို အားဖြည့်စေတဲ့ ဆေးလုံးတွေဟာ အနည်းဆုံး စတုတ္ထတန်းစားဆေးလုံးတွေပဲ”
အံ့ဖွယ်ကိုးပါးတောင်ကုန်းမှာ ဘယ်သူမှ အဲဒီဆေးလုံးကို မဖော်စပ်နိုင်ဘူး။
“ကောင်းကောင်းနားပါ။ ကျွန်မ ဆရာ့ကို သတင်းပို့ရဦးမယ်”
ကျင်းယွမ် နောက်လှည့်ကာ ထွက်သွားသည်။
“မိန်းကလေးကျင်း… မကြာမကြာ လာပါ”
လုကော၏အသံသည် အလွန်ကျယ်လောင်၏။
ကျင်းယွမ် ပြန်သွားလျှင် ဟန်မူယဲ့က သူ့အား မေးသည်။
“အဲဒါ သူဖြစ်တယ်လို့ အစ်ကိုလု ဘယ်လိုသိလဲ”
လုကောက ပြုံးသည်။
“အနံ့ရတာ။ ဆေးနံ့”
ခွေးနှာခေါင်း…
ဟန်မူယဲ့ ခေါင်းယမ်းကာ ဓားစံအိမ်အတွင်းသို့ ဝင်လာခဲ့သည်။
ကျင်းယွမ် ပြောသည်မှာ မှန်သည်။ သူ၏စိတ်ဝိညာဉ်မှာ အနားယူကာ ကုစားရန် လိုသည်။
သို့သော်လည်း အကောင်းဆုံးနည်းလမ်းမှာ ဓားစုစည်းစနစ်ဖြင့် သူ၏စိတ်ဝိညာဉ်ကို စုစည်းခြင်းဖြစ်ကာ သူ၏စိတ်စွမ်းအားကို အလျင်အမြန် တိုးမြင့်စေနိုင်သည်။
သူက ဆေးလုံးများကို ဖော်စပ်ကာ စိတ်ဝိညာဉ်ကို အားကောင်းစေနိုင်ပါက ပိုကောင်း၏။
“အစ်ကိုလု… ရှင့် ဒဏ်ရာတွေ သက်သာသွားပြီမလား။ ကျွန်မ ချီအားတိုး လက်ဖက်ရည်ကြမ်းတချို့ ယူလာတယ်။ အားတဲ့အချိန်လေး သောက်ကြည့်ပါဦး”
“လေ့ကျင့်ရေးမှူးလင်း… နောက်ဆုံးတစ်ခေါက် ရှင်မေးထားတဲ့ ဆေးလုံး ကျွန်မ ရခဲ့ပြီ”
“ရွှမ်လေး… နင့်အတွက် သကြားလုံး ယူလာတယ်။ ရှောင်ပိုင်ကို တစ်ခါလောက် ပေးပွေ့ပါလား”
ဓားစံအိမ်ရှေ့တွင် အသံသေးသေးဖြင့် ပြန်ပြောသံကို ကြားရ၏။
“ကျွန်တော် ခင်ဗျားကို မပေးနိုင်ဘူး။ လိုချင်ရင် ရှောင်ပိုင်ကို ဝယ်မှ ရမယ်”
“မဟုတ်ဘူး… ရှောင်ပိုင်က ရောင်းဖို့ မဟုတ်ဘူး”
ကောင်းရှောင်ရွှမ်၏အသံက စိုးရိမ်သံ ပေါက်နေသည်။
ဟန်မူယဲ့ ဓားစံအိမ်အပြင်ဘက်သို့ ရောက်သောအခါ ပိုင်စုကျန်းက သကြားတစ်လုံးတချို့ ကောင်းရှောင်ရွှမ်ကို ပေးနေသည်အား မြင်၏။
ကောင်းရှောင်ရွှမ်၏မျက်လုံးများတွင် လိုချင်သော ဆန္ဒများ တောက်လောင်နေသော်လည်း သူကား အလွန်သတိထားသည်။ နောက်ဆုံးတွင် သူ တင်းမခံနိုင်တော့ဘဲ မြေခွေးဖြူလေးအား ကိုင်ထားသော လက်ကို ဆန့်ပေးသည်။
“စီနီယာအစ်ကိုဟန်… ရှင် နိုးလာပြီပဲ”
ဟန်မူယဲ့ ဓားစံအိမ်ထဲမှ ထွက်လာသည်ကို မြင်လျှင် သူမက ပန်းတစ်ပွင့်အလား လှပစွာ ပြုံးကာ လက်ဆန့်တန်းလျက် ပြောသည်။
“စီနီယာအစ်ကို… သကြားလုံးစားမလား”
ဟန်မူယဲ့သည် ကလေးတစ်ဦးထံမှ သကြားလုံးများကို လုယူမည်တော့ မဟုတ်ချေ။
ထို့အပြင် သူသည် ပိုင်စုကျန်း၏သကြားလုံးများကို မစားလိုပါ။
ပိုင်စုကျန်းသည် သူ့ထံသို့ လာကြောင်း နားလည်ကာ ဟန်မူယဲ့က သူမအား ဓားစံအိမ်အပြင်ဘက်သို့ အတူ အဖော်လိုက်ပါလာသည်။
“ကျုပ်ကို လာကြည့်ပေးတဲ့အတွက် ကျေးဇူးပါ ဆိုင်ရှင်ပိုင်။ ပြီးတော့ သမင်တောင်ကုန်းသို့ ပို့ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်”
ဟန်မူယဲ့က လမ်းလျှောက်လာရင်း ပြောသည်။
ပိုင်စုကျန်း၏အကူအညီ မပါဘဲ သူသည် သမင်တောင်ကုန်းသို့ အချိန်မီ ရောက်မည် မဟုတ်ချေ။
သူ့စကားကို ကြားလျှင် ပိုင်စုကျန်းက ပြုံးကာ ပြောသည်။
“ရှင် သတိလစ်သွားတော့ ကျွန်မဆိုင် ဝင်ငွေ အတော်လေး ထိုးကျသွားတယ်။ ကျွန်မက ရှင့်ဆီ မလာသင့်ဘူးလား”
သူမက ဟာသပြောနေခြင်းဖြစ်ကြောင်း ဟန်မူယဲ့ သိသည်။
သူမ၏နောက်ခံဖြင့် ဝိညာဉ်ကျောက်တုံးများ ရှားပါးပါမည်လော။
သူမသည် အံ့ဖွယ်ကိုးပါးတောင်ကုန်း၌ ဆိုင်ဖွင့်ထားခြင်းမှာ တခြားရည်ရွယ်ချက်များ ရှိပေလိမ့်မည်။
သို့သော်လည်း ဟန်မူယဲ့ စိတ်မပူပါ။
သူမတွင် မည်သည့်ရည်ရွယ်ချက်ရှိပါစေ ၎င်းသည် ဂိုဏ်းမှ စိတ်ပူရမည့် ကိစ္စ ဖြစ်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၌ ဟန်မူယဲ့ထက် အဆများစွာ ဉာဏ်များသော မြေခွေးအိုကြီးများ ရှိသည်။
ထို့အပြင် ပိုင်စုကျန်းက သူ့အပေါ် ခံစားချက်ရှိမည်ဟုလည်း ဟန်မူယဲ့ မထင်ပါ။
သူသည် ရုပ်ရည်ထက် တကယ့်စွမ်းရည်ကို ပို၍ ယုံကြည်မှု ရှိသည်။
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဟာ ဒီတိုက်ပွဲမှာ နာမည်ကျော်ကြားခဲ့တယ်။ နောက် ရာစုနှစ်တချို့အထိ လူတွေက သေချာပေါက် ဖုန်းလင်ဓားဂိုဏ်းနဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတို့ ပြိုင်ဆိုင်မှုကို ဆက်ကြည့်ရဦးမှာပဲ”
ပိုင်စုကျန်းက ပြုံးလျက် ပြောသည်။
“စီနီယာအစ်ကိုဟန်ဟာ ဓားစံအိမ်ရဲ့တိုက်ရိုက်တပည့်တစ်ယောက်ပဲ။ ရှင့်ကျင့်ကြံခြင်းခရီးဟာ ချောမွေ့မှာ သေချာတယ်”
သည်တစ်ကြိမ် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဓားစံအိမ်၏နာမည်မှာ အနောက်ဘက်နယ်စပ်ကုန်းမြေအား တုန်လှုပ်စေသည်။
ဓားစံအိမ်မှ ထူးဆန်းသော ဓားထိန်းအကြောင်းမှာ အနောက်ဘက်နယ်စပ်ကုန်းမြေတစ်ခုလုံး ပြန်နှံ့နေပြီး ဖြစ်သည်။
ဓားထိန်းတစ်ဦးနှင့် ပတ်သက်သော သတင်းများ ပုံပြင်များမှာ အမျိုးမျိုး ဖြစ်သည်။
အပြင်လူများ မည်သို့ ခန့်မှန်းပါစေ၊ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် ဓားစံအိမ်အကြီးအကဲ၏ကျင့်ကြံခြင်းမှာ ကြီးကျယ်ခန်းနားကာ ဓားစံအိမ်အမွေအနှစ်များမှာ နက်ရှိုင်း၏။
သည်တစ်ကြိမ်တိုက်ပွဲ အနိုင်ရခြင်းမှာ ဓားစံအိမ်၏အမွေအနှစ်များကြောင့် ဖြစ်သည်။
ဓားစံအိမ်၏အဆင့်အတန်းမှာ အံ့ဖွယ်ကိုးပါးတောင်ကုန်း၌ အလွန်မြင့်မားသည်။
ယခု အကြီးအကဲတောက်ရင်သည်လည်း ဓားစံအိမ်တွင် နေထိုင်သည်။ ဓားစံအိမ်တွင် အရှိန်အဝါကြီးသော အကြီးအကဲနှစ်ဦး ရှိနေသည်။
၎င်းသည် ဟန်မူယဲ့အတွက် ကောင်းမွန်သော အချက် ဖြစ်သည်။
သူသည် ဓားစံအိမ်သို့ ရောက်စက ဓားစံအိမ်မှာ လာဘ်မကောင်းသော နေရာ၊ သူ့အသက်အန္တရာယ်နှင့် နီးစပ်သော နေရာဟု တွေးထင်ခဲ့သည်။
ယခု ဓားစံအိမ်သည် သူ့အခွင့်အလမ်းများ စုဝေးရာ နေရာ ဖြစ်လာခဲ့သည်။
အမှန်တကယ်လည်း ကျင့်ကြံခြင်းလောက၌ အရာခပ်သိမ်းမှာ ကံကြမ္မာအပေါ် မူတည်နေသည်။