ဂျွန်လ ၆ ရက်နေ့၊ ဓားများကို ခြောက်သွေ့စေခြင်း
Vol. 8 Ch. 110
ပိုင်စုကျန်းသိသည်မှာ အတော်လေး များပြား၏။ သူမသည် ဓားစံအိမ်အကြီးအကဲများနှင့် ကွဲပြားခြားနားသော အတွေးအမြင်များရှိ၏။
ဟန်မူယဲ့ နားထောင်ကာ မိမိကိုယ်ကို တွေးတော၏။
တောင်ပိုင်းမှ ကျုးကျော်လာမှုသည် အနောက်ဘက်နယ်စပ်ကုန်းမြေမှ ဂိုဏ်းများအားလုံးအတွက် အချက်ပေးအန္တရာယ် ဖြစ်သည်။
သို့သော်လည်း ဂိုဏ်းငယ်များနှင့် အမြုတေဖွဲ့စည်းခြင်းအဆင့်များအတွက်မူ ၎င်းမှာ တိုးတက်ရန် အခွင့်အလမ်း ဖြစ်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် ဖုန်းလင်ဓားဂိုဏ်းတို့ အချင်းချင်း တိုက်ခိုက်သောအခါများ၌ကဲ့သို့ အဆင့်နိမ့်တပည့်များ သေကြေထိခိုက်ခြင်းမှာ မလွဲသာသော ကိစ္စဖြစ်သည်။ ထိုအထဲတွင်လည်း အခွင့်အလမ်းများကို ဆုပ်ကိုင်ကာ ပညာရှင် ဖြစ်လာသူများ ရှိပေသည်။
“စီနီယာအစ်ကိုဟန်… ရှင် မြန်မြန် သက်သာလာဖို့ လိုတယ်”
ပိုင်စုကျန်းက ဟန်မူယဲ့အား ဝိညာဉ်ကျောက်တုံးပုံကြီးအလား တောက်ပသော မျက်လုံးများဖြင့် ကြည့်သည်။
“သုံးလအတွင်း ဂိုဏ်းတွေဟာ သူတို့ရဲပညာရှင်တွေကို ဖုန်းရှို့တောင်သို့ စေလွှတ်ရမယ်။ အဆင့်နိမ့်တပည့်တွေကတော့ လွတ်လွတ်လပ်လပ် ကျင့်ကြံနိုင်တယ်”
“ချီစုဆောင်းခြင်း၊ ချီစုစည်းခြင်းအဆင့်က ဆေးလုံးတွေဟာ အခုဆို သုံးဆယ်ရာနှုန်းလောက် မြင့်တက်သွားပြီ”
ပိုင်စုကျန်းသည် သူမ၏အသံမှ ဝမ်းသာလုံးဆို့မှုကို မဖုံးကွယ်ထားပါ။
“အမြင့်ဆုံးအရည်အသွေးဆေးလုံးတွေဟာ ငါးဆယ်ရာနှုန်းလောက် မြင့်တက်သွားပြီ။ ဒါတောင် အလုံအလောက် ဝယ်လို့မရဘူးပဲ”
အမှန်တကယ်အားဖြင့် အမြင့်ဆုံးအရည်အသွေးဆေးလုံးများမှာ အမြဲတမ်းအားဖြင့် ရှားပါးသည်။
သို့သော်လည်း စစ်ကြီးက နီးကပ်လာသည်နှင့်အမျှ စျေးကွက်လိုအပ်ချက်မှာလည်း အမှန်တကယ် မြင့်မားလာသည်။
ဟန်မူယဲ့လည်း ဆေးဖော်စပ်လိုသော်လည်း သူ၏စိတ်ဝိညာဉ်မှာ ကြီးမားစွာ ထိခိုက်ထားရာ သူ့အနေဖြင့် အနားယူရန် လိုနေသေးသည်။
“စိတ်ဝိညာဉ်အားဖြည့်ဆေးလား…” ပိုင်စုကျန်း မျက်မှောင်ကြုတ်ကာ ပြောသည်။
“ကျွန်မ နည်းလမ်းရှာကြည့်ဦးမယ်”
ပိုင်စုကျန်းကား အမှန်တကယ် ရက်ရော၏။ သူမတွင် ထိုသို့သော ဆေးလုံးများကို ရှာရန်ပင် နည်းလမ်း ရှိသည်။
ပိုင်စုကျန်း ထွက်သွားပြီးနောက် ဟန်မူယဲ့ ဓားစံအိမ်သို့ ပြန်လာသည်။
“ညီလေးဟန်… ဆိုင်ရှင်ပိုင်က မင်းကို တကယ်စိတ်ပူနေတာ”
ဟွမ်လောင်လျှိုက လက်နှစ်ဖက်ကို နောက်တွင်ပိုက်ကာ အားလုံးကို ထိုးထွင်းသိမြင်သည့်အလားပြောသည်။
“ဒါပေမဲ့ မင်းဟာ ဓားစံအိမ်ရဲ့တစ်ဦးတည်းသော ဆက်ခံသူဆိုတာ သိသင့်တယ်။ မင်းနောက်မှာ အကြီးအကဲနှစ်ယောက်လည်း ရှိတယ်။ မင်းရဲ့အဆင့်အတန်းနဲ့ပတ်သက်ပြီး နည်းနည်း အလေးထားသင့်တယ်”
ဟန်မူယဲ့သည် ဟွမ်လောင်လျှိုက သူနှင့် မူဝမ်တို့အား မည်သို့ တွဲဖက်ပေးရန် ကြံစည်သည်ကို အမှတ်ရလာသည်။
သူသည် လုချန်းဖျင်ထံ ဖွင့်ဟပြောရန် ကြောက်လန့်သော်လည်း တခြားလူများ အရေးကိစ္စတွင် ဆရာကြီးလို ပြုမူနေသေးသည်။
“အစ်ကို… မရီး ဘာစာမှ မပို့သေးဘူးလား”
ဟန်မူယဲ့ ရုတ်တရက် မေးသည်။
ဟွမ်လောင်လျှို တောင့်တင်းသွား၏။
ဟန်မူယဲ့က ပြုံးလျှက် လျှောက်သွားကာ မေးသည်။
“အစ်ကို… ခင်ဗျားရဲ့ဓားစုစည်းစနစ်က ဓားချီတွေ ခမ်းခြောက်သွားပြီ။ ထပ်လေ့ကျင့်ချင်သေးလား”
ထိုမေးခွန်းသည် ဟွမ်လောင်လျှိုအား တောင့်တင်းသွားစေသည်။
နောက်ဆုံးတွင် သူ ခေါင်းယမ်း၏။
“ငါ နောက်ထပ် သုံးနှစ် ထပ်နေပြီးတော့ အပြင်စည်းစီမံခန့်ခွဲရေးမှူး အဆင့်သို့ တက်လှမ်းမယ်။ ဓားစံအိမ်ရဲ့အမွေအနှစ်အတွက်က မင်းနဲ့ လုံလောက်ပါတယ်”
“မင်းတူလေး ကြီးလာတဲ့အခါ သူ့ကို မင်းတပည့်လုပ်ခိုင်းမယ်”
ဟွမ်လောင်လျှိုက တောက်ပသော မျက်လုံးများဖြင့် ပြောသည်။
လောကရှိ ကျင့်ကြံသူ အများအပြားမှာ ထိုသို့သော ရည်မှန်းချက် ရှိမည် မထင်။
ဟွမ်လောင်လျှိုနှင့် တခြားလူများ ဓားစံအိမ်ကို စောင့်ကြပ်နေသောအချိန် ဟန်မူယဲ့သည် သူ့အခန်းထဲ၌ အနားယူသည်။
သူ့အခန်းထဲတွင် ထိုင်နေရင်း ဓားချီများ သူ့ခန္ဓာကိုယ်ကို စတင်လှည့်ပတ်လာ၏။
အံ့ဖွယ်နေမင်းကျင့်စဉ်။
သူ၏ဝိညာဉ်၊ ခန္ဓာကိုယ်နှင့် ဓားချီတို့သည် တပြိုင်နက်တည်း သက်ဝင်လှုပ်ရှားလာ၏။ သူသည် အရိုးကို သန့်စင်ကာ ဓားအရိုးများ ဖွဲ့စည်းသည်။ ထို့နောက် ဓားချီများကို စုပ်ယူကာ သန့်စင်သည်။
ဟန်မူယဲ့၏အနီးမှ ဓားချီများမှာ လုံလောက်အောင် များပြားသည်။ ဓားချီများသည် ချီပင်လယ်သို့ စီးဆင်းကာ ဒန်ထျန်ထဲသို့ သက်ဆင်းကြ၏။
ဓားပျိုးထောင်စနစ်ကို သူ ကျင့်ကြံစဉ်က ဓားချီကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူခြင်းသည် မခံစားနိုင်လောက်အောင် နာကျင်သည်။ ယခု နည်းစနစ်သည် အံ့ဖွယ်နေမင်းကျင့်စဉ်အဖြစ် ပြောင်းလဲသွားရာ ထိုနာကျင်မှုမှာ မရှိတော့ပေ။
ကျင့်ကြံခြင်းဟူသည် ထိုသို့ ဖြစ်နေရမည်။
မည်သို့သော ကျင့်ကြံခြင်းက မိမိကိုယ်ကို နှိပ်စက်သနည်း။
သည်တစ်ကြိမ် ဟန်မူယဲ့သည် သုံးရက်ခန့် ဆက်တိုက် ကျင့်ကြံနေခဲ့သည်။
အရည့်အသွေးမြင့် ဝိညာဉ်ကျောက်တုံး ၁တုံးနှင့် ဓားချီ အစ ၃၀၀၀ ခန့်မှာလည်း ကုန်ဆုံးသွားသည်။
ပြီးခဲ့သော သုံးရက်၌ သူသည် အံ့ဖွယ်နေမင်းကျင့်စဉ်ကို အောင်မြင်ခဲ့ကာ သူ့ဒန်ထျန်၌ သန့်စင်ပြီး ဓားချီ တစ်ထောင်ခန့် ရှိကာ ခန္ဓာကိုယ်၌ ဓားအရိုးကို ဖွဲ့စည်းခဲ့သည်။ သူ၏စိတ်နယ်ပယ်တွင် နောက်ထပ် ဝိညာဉ်လိပ်ပြာဓားအငွေ့အသက်တစ်ခု စတင် ဖြစ်ပေါ်လာနေ၏။
အံ့ဖွယ်နေမင်းကျင့်စဉ်သည် နည်းစနစ်သုံးခုလုံးကို တပြိုင်နက်တည်း ကျင့်ကြံခြင်း ဖြစ်သည်။ ၎င်းသည် ခန္ဓာကိုယ်ကို ဓားအရိုးများဖြင့် ဖွဲ့စည်းကာ သန်မာအောင် ပြုလုပ်၏။ ဒန်ထျန်ထဲ၌ သဘာဝစွမ်းအင်များကို ဓားချီအဖြစ် သိုလှောင်စေလျက် ကျင့်ကြံဆင့်ကို မြင့်တက်စေသည်။ ထို့နောက် သူ၏စိတ်ဝိညာဉ်ကို ဝိညာဉ်လိပ်ပြာဓားအဖြစ် ဖွဲ့စည်းကာ စိတ်စွမ်းအားကို သန်မာစေသည်။
ယခုတွင် ဟန်မူယဲ့သည် ချီစုဆောင်းခြင်း သတ္တမအဆင့်သို့ တက်လှမ်းပြီး ဖြစ်သည်။
သူ့တွင် အရည်အသွေးအမြင့်ဆုံး ဝိညာဉ်အသွင်ပြောင်းဆေးလုံးတစ်လုံး ရှိသေးကာ နောက်ထပ် အရည်အသွေးမြင့်တစ်လုံး ရှိသေးသည်။ သူသည် သတ္တမအဆင့်သို့ တက်လှမ်းပြီးနောက်တွင် ထိုဆေးလုံးများကို စားသုံးလျက် နဝမအဆင့်သို့အထိ တက်လှမ်းနိုင်မည်လား သူ သိလိုသည်။
အမှန်တကယ်ပင် ကျင့်ကြံခြင်းသည် အရင်းအမြစ် အလွန်ကုန်ဆုံး၏။
ဂိုဏ်းတွင် ထိုသို့သော အရင်းအမြစ်များကို သုံးစွဲနိုင်သော ဂိုဏ်းတပည့် သိပ်ရှိမည် မထင်ပါ။
ထို့အပြင် ဓားချီများမှာ အလွယ်တကူ ရှာတွေ့နိုင်သော အရာ မဟုတ်ပေ။ ဂိုဏ်းချုပ်သည်ပင် သူသန့်စင်ရရှိသော ဓားချီများကို ရတနာများကဲ့သို့ တန်ဖိုးထားရသည်။ သို့သော် ဓားစံအိမ်တွင်တော့ ဓားချီများ လိုသလောက် ရနိုင်၏။
ဟန်မူယဲ့ ကျင့်ကြံပြီးနောက် အခန်းအပြင်သို့ ထွက်လာသောအခါ အံ့အားသင့်သွားသည်။
ဓားစံအိမ်အပြင်၌ အကြီးအကဲတောက်ရင်နှင့် အဖိုးအိုတစ်ဦးတို့ ရပ်နေကြသည်။ ထိုသူမှာ ကောင်းမိသားစုခေါင်းဆောင် ကောင်းအန်ချွန်း ဖြစ်သည်။
သို့သော်လည်း ကောင်းအန်ချွန်းတွင် လက်တစ်ဖက် ကျိုးနေပြီ ဖြစ်သည်။
“မိတ်ဆွေလေးဟန်…”
ကောင်းအန်ချွန်းက ဟန်မူယဲ့အား ကြည့်သည်။
ဟန်မူယဲ့က သူ၏ကျိုးနေသော လက်အား ကြည့်နေသည်ကို မြင်လျှင် သူက ပြုံးလျက် ပြောသည်။
“မိတ်ဆွေးလေး… ဒီနေ့ အီအာကို ခေါ်ပြီး မိတ်ဆွေလေးဆီမှာ ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်နဲ့ပတ်သက်ပြီး လမ်းညွှန်မှု လာတောင်းတာပါ”
ကျောက်တုံးလှေကားထစ်အောက်ခြေတွင် အတော်လေး ပိန်သွားသော ကောင်းအီသည် ဟန်မူယဲ့အား ဦးညွှတ်သည်။ သည်တစ်ကြိမ်တွင် ကောင်းမိသားစုသည်လည်း ကြီးမားစွာ ဆုံးရှုံးခဲ့ရသည်။
ကောင်းအန်ချွန်းမှာ လက်တစ်ဖက်ဆုံးရှုံးသွားကာ သူ့မြေးမှာလည်း ဖမ်းဆီးခံရသည်။ သူ၏တည်နေရာကို အခုထိ စုံစမ်း မရသေးပေ။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည်လည်း ထိုကိစ္စအပေါ် အားနာနေရသည်။
မည်သို့ဆိုစေ ကောင်းမိသားစုသည် ဂိုဏ်း၏အထောက်အပံ့မိသားစုတစ်ခု ဖြစ်သည်။ သူတို့သည် ဂိုဏ်းကို နှစ်ပေါင်းများစွာ ဓားများ ထောက်ပံ့နေခဲ့ကြသည်။
ဟန်မူယဲ့က ကောင်းအန်ချွန်းအား လက်နှစ်ဖက်ဆုပ်ပြကာ ကောင်းအီအား ပြုံးလျက် နှုတ်ဆက်သည်။
ဤသည်ကား အင်အားကြီးဂိုဏ်းနှင့် မိသားစုတစ်ခုတို့အကြား ကွာဟချက် ဖြစ်သည်။
ကောင်းမိသားစုသည် ဓားသွန်းလုပ်သည့် မိသားစုဖြစ်သော်လည်း အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အထောက်အပံ့မိသားစုမျှသာ ဖြစ်သည်။
ကောင်းအန်ချွန်းသည် လက်တစ်ဖက်ပြတ်ကာ ကောင်းမိသားစုသည် အကြီးအကျယ် ဆုံးရှုံးခဲ့သည်။ အကြောင်းအရင်းမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း ဖြစ်သော်လည်း သူတို့ အပြစ်မတင်ရဲပါ။
တခြားတစ်ဖက်တွင် သူ၏ကျိုးနေသော လက်ကြောင့် ကောင်းအန်ချွန်းသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ကောင်းမိသားစုအား စွန့်ခွာသွားမည်ကို စိုးရိမ်နေရသည်။
သူက ကောင်းအီကို ခေါ်ကာ ဓားစံအိမ်သို့ ခေါ်လာခြင်းမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် ဆက်ဆံရေးကောင်း တည်ဆောက်ရန် ဖြစ်သည်။
ကောင်းအီသည် သူမ၏လက်သီးသိုင်းအား ဓားစံအိမ်ရှေ့ မြေကွက်လပ်တွင် လေ့ကျင့်ပြသည်။ သူမ၏နောက်မှ နွားသိုးပုံရိပ်ငါးခု ဖြစ်ပေါ်လာသည်။
သူမတွင် နွားသိုးငါးကောင် ခွန်အား ရှိနေပြီး ဖြစ်ကာ ၎င်းသည် အတော်လေး ရှားပါးသော ကိစ္စဖြစ်သည်။
ကောင်းအီ၏ကျင့်ကြံခြင်းပါရမီမှာ အတော်လေးကောင်းမွန်ကြောင်း တွေ့နိုင်သည်။
“မိန်းကလေးကောင်းအနေနဲ့ နွားသိုးငါးကောင်ခွန်အားကို အချိန်တိုအတွင်း လေ့ကျင့်နိုင်ခဲ့တာ အံ့အားသင့်စရာပဲ။ မိန်းကလေးကောင်းအနေနဲ့ နောက်ထပ် နှစ်ဝက်လောက် လေ့ကျင့်လိုက်ရင် နွားသိုးရှစ်ကောင် ခွန်အားအထိ ရလာနိုင်တယ်”
ဟန်မူယဲ့၏စကားကို ကြားလျှင် ကောင်းအီနှင့် ကောင်းအန်ချွန်းတို့၏အမူအရာမှာ စိတ်သက်သာရာရသွားဟန် ပေါ်သည်။ ကောင်းအန်ချွန်းက ပြောသည်။
“မိတ်ဆွေလေးဟန်… ဆိုလိုတာက ရှောင်အီဟာ နွားသိုးကိုးကောင်ခွန်အားရဖို့ ခက်တာပေါ့”
ကောင်းအန်ချွန်းသည် အတွေ့အကြုံကြွယ်ဝကာ ဟန်မူယဲ့ ဆိုလိုသည်ကို နားလည်၏။
ကောင်းအန်ချွန်း၏မေးခွန်းကို ကြားလျှင် ကောင်းအီ၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
“ဒါက ပြဿနာကြီး မဟုတ်ဘူး။ မိန်းကလေးကောင်းက ခန္ဓာကိုယ်အောက်ပိုင်းကို အခြေခိုင်အောင် အသားပေးလေ့ကျင့်လိုက်ရင် တစ်နှစ်အတွင်း နွားသိုးကိုးကောင်ခွန်အားကို ရလာလိမ့်မယ်”
ဟန်မူယဲ့က အတိအကျ ပြောသည်။
သူ့စကားက ကောင်းအီအား စိတ်သက်သာရာ ရသွားစေသည်။
ဆိုလိုသည်က သူမသည် နွားသိုးကိုးကောင်ခွန်အား နည်းစနစ်အား နည်းမှန်လမ်းမှန် ကျင့်ကြံနေသည်။ နောင်တွင် ကောင်းမိသားစု၏အမွေအနှစ်မှာ ပိုမိုကောင်းမွန်လာပေမည်။
ကောင်းအန်ချွန်းက ဟန်မူယဲ့၊ ခေါင်းဆောင်တောက်ရင်နှင့် ဓားစံအိမ်အကြီးအကဲတို့ကို ကောင်းမိသားစုသို့ ဖိတ်ကြားကာ ကောင်းအီနှင့်အတူ ထွက်သွားသည်။
သူတို့ ထွက်သွားလျှင် ခေါင်းဆောင်တောက်ရင်က ဓားစံအိမ်အကြီးအကဲအား မေးသည်။
“ချန်ကုန်း… မင်း အဲဒီနည်းစနစ်အကြောင်း ဘာသိလဲ”
ကောင်းချန်ကုန်းက ခေါင်းညိတ်ကာ ပြောသည်။
“အဲဒါက အလယ်ပိုင်းကုန်းမြေက ခန္ဓာကိုယ်ကျင့်စဉ်တစ်ခုပဲ”
“ထူးခြားတာက ဒီနည်းစနစ်ဟာ ချီစုဆောင်းခြင်းအဆင့်မှာ နွားသိုးကိုးကောင်ခွန်အားအထိ စုဆောင်းနိုင်တာပဲ”
ဗဟိုကုန်းမြေ သို့မဟုတ် အလယ်ပိုင်းကုန်းမြေ။
ထိုနေရာကား ကျင့်ကြံခြင်းပညာရပ်များ ထွန်းကားကာ အသန်မာဆုံးသော ကျင့်ကြံသူများ ပေါများသော နေရာ ဖြစ်သည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၌ မရေမတွက်နိုင်သော ကျင့်ကြံသူများ ရှိသည်။
သို့သော် အလယ်ပိုင်းကုန်းမြေသည် သေချာပေါက် ကျင့်ကြံခြင်း၌ အထွန်းကားဆုံးနေရာ ဖြစ်သည်။
တခြားဒေသလေးခုမှာကား သေချာပေါက် အလယ်ပိုင်းဒေသနှင့် မယှဉ်နိုင်ပေ။
အနောက်ဘက်နယ်စပ်ကုန်းမြေမှ အလယ်ပိုင်းဒေသသို့ သွားရန် ကျယ်ပြောသော ကုန်းမြေဒေသများအား ဖြတ်သန်းသွားရသည်။ ၎င်းသည် အလွန်အန္တရာယ်များ၏။ ကမ္ဘာမြေအဆင့်များပင် အသက်အန္တရာယ်ရှိသည်။ အတိတ်တွင် အလယ်ပိုင်းကုန်းမြေမှ ကျင့်ကြံသူများ ရောက်လာတတ်ကာ အနောက်ဘက်နယ်စပ်ကုန်းမြေသည် လုံလောက်သော အရင်းအမြစ်များ အားနည်းကာ လေထုထဲမှ သဘာဝစွမ်းအင်မှာလည်း ပါးလျသောကြောင့် ကျင့်ကြံခြင်းအတွက် မသင့်တော်ဟုပင် မှတ်ချက် ပေးကြသည်။
ဟန်မူယဲ့က ထိုနည်းစနစ်အား မည်သို့ ရလာခဲ့သည်ကို ရှင်းပြ၏။
“ဒီလိုဆိုတော့ ဒါက အလယ်ပိုင်းကုန်းမြေက တစ်စုံတစ်ယောက် ချန်ထားခဲ့တဲ့ပညာဖြစ်မယ်”
ခေါင်းဆောင်တောက်ရင်က ပြောသည်။
“ငါ နောက်ပိုင်း အားရင် မင်းကို အဲဒီနေရာသို့ ခေါ်သွားမယ်။ ကျင့်ကြံခြင်းဟာ မျက်ကန်းလို ကျင့်လို့ မရဘူး”
ထို့နောက် သူက ဟွမ်လောင်လျှိုအား လက်ညိုးထိုးပြသည်။
“ဟွမ်ကျန်းရှုံးက မဆိုးဘူး။ သူက မမောက်မာသလို အလျင်လည်း မလိုဘူး။ သူက သေမျိုးလောကသို့ ဆင်းပြီးတောင် ကျင့်ကြံဖို့ စိတ်ကူးရှိတယ်။ အနာဂတ်မှာ သူ ဉာဏ်အလင်းရရင် အလားအလာက အကန့်အသတ်မဲ့ပဲ”
ဟွမ်လောင်လျှို ပြုံးရယ်သည်။
ဟန်မူယဲ့က ဟွမ်လောင်လျှိုအား ကြည့်သည်။ ထို့နောက် ခေါင်းဆောင်တောက်ရင်အား ကြည့်သည်။
အဖိုးအိုမှာ သိပ်မှီခို၍ ရမည့်ပုံမပေါ်။
….
သူ နိုးလာပြီး တစ်လခန့် ကြာသည်အထိ ဟန်မူယဲ့သည် အချိန်အများစုကို ကျင့်ကြံနေခဲ့သည်။
စားချိန်ရောက်သောအခါ ထွက်စားသည်။ ထိုအချိန်များတွင် ခေါင်းဆောင်တောက်ရင်နှင့် ဓားစံအိမ်အကြီးအကဲတို့က ကျင့်ကြံခြင်းလောကဗဟုသုတများအား ပြောပြကြ၏။
ဂိုဏ်းသားများ ဓားလက်ခံရန် လာသောအခါ ဟွမ်လောင်လျှိုနှင့် ကောင်းရှောင်ရွှမ်တို့က ဟန်မူယဲ့အား ဝေစု ခွဲပေးကြသည်။
တစ်လအတွင်း ဟန်မူယဲ့သည် ဝိညာဉ်ကျောက်တုံး ၂၀၀၀ ခန့်ရ၏။
ဟွမ်လောင်လျှိုကား နေ့ခင်းကြောင်တောင်ပင် သူဌေးအိပ်မက်များ မက်နေပြီ ဖြစ်သည်။ သူသည် ကျင်းယန်သို့ ပြန်သောအခါ ကြီးမားသော ဂေဟာကြီးဆောက်မည်ဟု ဆိုသည်။
သူကား အမှန်တကယ် လူချမ်းသာတစ်ဦးနှင့်ပင် တူနေလေပြီ။
တစ်လအတွင်း ဟန်မူယဲ့သည် ချီစုဆောင်းခြင်း နဝမအဆင့်သို့ တက်လှမ်းနိုင်ခဲ့၏။ သူသည် နွားသိုးကိုးကောင်နည်းစနစ်၏ နောက်ဆက်တွဲလေ့ကျင့်နည်းကိုလည်း ကြံဆနိုင်ခဲ့သည်။ သူသည် ချီစုစည်းခြင်းအဆင့်သို့ တက်လှမ်းသောအခါ ထိုနည်းစနစ်ကို ဆက်လက်လေ့ကျင့်နိုင်သည်။
သူ၏အံ့ဖွယ်နေမင်းကျင့်စဉ်မှာလည်း တိုးတက်နေသည်။ သူသည် ဓားချီပေါင်း ၃၀,၀၀၀ ခန့် ဒန်ထျန်တွင် စုဆောင်းနိုင်ခဲ့သည်။
ထိုဓားချီများမှာ ကုန်ဆုံးသွားပါက ပြန်လည်မွေးဖွားကာ ထပ်မံ၍ အသုံးပြုနိုင်သည်။ ၎င်းမှာ ဟန်မူယဲ့၏ကိုယ်ပိုင်ဓားချီများဖြစ်ကာ ပြင်ပမှ ယူငင်သုံးစွဲသော ဓားချီများ မဟုတ်တော့ချေ။ ယခင်က သူသုံးလိုက်သော ဓားချီများမှာ တစ်ခါသုံးဖြစ်ကာ သုံးပြီးပါက အပြီးတိုင် ပျောက်ကွယ်သွားသည်။
သူ၏စိတ်နယ်ပယ်တွင် ဝိညာဉ်ဖြင့် စုစည်းသော ဓားချီမှာလည်း ပိုမိုစုစည်းလာသည်။ ၎င်းသည် သူ၏စိတ်နယ်ပယ်၌ လှည့်ပတ်နေ၏။
၎င်းသည် သူ၏ဝိညာဉ်ကို အသုံးပြုကာ စုစည်းခြင်းဖြစ်ရာ သူ့စိတ်စွမ်းအားကို အားကောင်းစေသည်။
ဂျွန်လကား မီးလို ပူသည်။ ဓားစံအိမ်အပြင်ဘက်တွင် အလွန်ပူပြင်းသော်လည်း စံအိမ်အထဲတွင်ကား အေးစက်ပေသည်။
ဟန်မူယဲ့နှင့် ဟွမ်လောင်လျှိုတို့သည် ဘေးချင်းကပ်ရပ်ကာ ကောင်းရှောင်ရွှမ်သည် သူတို့နောက်တွင် ရပ်နေ၏။
လုကောနှင့် လင်းရှန်တို့ ဓားစံအိမ်အပြင်ဘက်တွင် ရပ်နေသည်။
သူတို့ရှေ့တွင် ဓားစံအိမ်အကြီးအကဲ ရှိသည်။
“ငါတို့ ဓားသမားတွေဟာ လက်ထဲက ဓားကို လေးစားမှုရှိဖို့ လိုတယ်”
“ဓားတွေဟာ လူသတ်လက်နက်ပဲ မဟုတ်ဘူး။ ငါတို့ အဖော်လည်း ဖြစ်တယ်”
ဓားစံအိမ်အကြီးအကဲ၏စကားက တံခါးဝတွင် ရှိနေသော လုကောအား သူ့ရင်ဘတ်ကို လက်ဖြင့် ဖိစေသလို လင်းရှန်သည်လည်း သူ့လက်ထဲမှ ဓားကို တင်းတင်းဆုပ်၏။
“ဓားစံအိမ်စည်းမျဉ်း… ဂျွန်လ ခြောက်ရက်နေ့မှာ ဓားတွေကို နေလှန်းမယ်”