← Chapters

ကစားနေတာလား

Vol. 2 Ch. 17

ကစားနေတာလား

Vol. 2 Ch. 17

ယဲ့ချန်သည် မိုးကုပ်စက်ဝိုင်း အလွန်အထိ ရှည်လျားဟန်ရသော လျန်ယွင်တောင်တန်း တစ်လျှောက် ငေးကြည့်လိုက်သည်။ သူ၏ စိတ်အစဉ်က မည်သည့်အရပ်သို့ ဦးတည်နေသည်ကိုတော့ ဘယ်သူမှ မသိနိုင်ပါ။

ယဲ့ချန် ရပ်နေရာမှ ၆မိုင် သို့မဟုတ် ၇မိုင်ခန့် အဝေးရှိ မြင့်မားလှသော တောင်တန်းပေါ်၌ ကြီးမားသော ရဲတိုက်ကြီးနှင့် အဆောက်အဦများ တည်ရှိသည်။ အဆောက်အဦများမှာ အတန်ငယ် ထူးခြားသော အသွင်အပြင် ရှိသည်။ တောင်ထူထပ်သော မြေမျက်နှာသွင်ပြင် အနေအထားနှင့် လိုက်ဖက်သော ပုံစံဟု ယူဆရမည်။ တောင်ခြေရှိ သစ်တောများကြောင့် အဆောက်အဦများကို သေချာ မမြင်နိုင်သော်လည်း အမြင်စူးရှသူတစ်ယောက် ဆိုပါက ၎င်းအဆောက်အဦများသည် ယဲ့အိမ်တော် အဆောက်အဦများထက် ပိုမိုကြီးမား လှပကြောင်း သိနိုင်ပေမည်။

ထိုအဆောက်အဦများကား အခြားမဟုတ်။ ယွင်မိသားစု ပင်မရဲတိုက်နှင့် အဆောက်အဦများ ဖြစ်၏။

လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်အနက် ယွင်အိမ်တော်သည် အဘက်ဘက်မှ နံပါတ်တစ်နေရာ၌ ရပ်တည်နေသည်။ ထို့ကြောင့် သဘာဝကျစွာပင် ‘လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင် မဟာမိတ်အဖွဲ့’ ၏ ခေါင်းဆောင်သည်လည်း ယွင်မိသားစု ခေါင်းဆောင်မှတပါး တခြားသူ မရှိနိုင်ပေ။

ယဲ့မိသားစု သတ္တုတွင်းသည် ယွင်မိသားစု အိမ်တော်နှင့် မိုင်အနည်းငယ်သာ ဝေးသည်။ ကြမ်းတမ်းသော တောင်ကြားလမ်းနှင့် မတ်စောက်သော တောင်စောင်းများ ခြားနေစေကာမူ ကျင့်ကြံသူ တစ်ယောက်အတွက် နာရီအနည်းငယ်မျှ သွားလာရုံနှင့် ရောက်ရှိနိုင်သည်။ ယွင်မိသားစုသည် မဟာမိတ်ခေါင်းဆောင် ဟူသော ဂုဏ်ပုဒ်ကို ငဲ့နေ၍သာ ဤသတ္တုတွင်းအား ၎င်းတို့အပိုင်အဖြစ် မသိမ်းယူသေးတာ ဖြစ်နိုင်သည်။

ထို့ပြင် ယဲ့မိသားစုသည် ယွင်မိသားစုထက် အားနည်းသော်ငြား လွယ်ကူသော ပစ်မှတ်တော့ မဟုတ်။ လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်ထဲတွင် ယဲ့မိသားစုထက် အားနည်းသော မိသားစုတချို့ ရှိနေသေးသည်။ ထိုနှစ်ချက်ကြောင့် ယွင်မိသားစုက ယဲ့မိသားစုအား ပေါ်ပေါ်ထင်ထင် စစ်ကြေညာလာခြင်းမျိုး မရှိသေး။

ယဲ့ချန်သည် သတ္တုတွင်း တည်ရှိသော တောင်တန်းပတ်လည်၌ လှည့်လည် ကြည့်ရှုခဲ့သော်လည်း တောင်တန်းထဲသို့ တဦးတည်း ဝင်ရောက်မသွားရဲပေ။ လျန်ယွင်တောင်တန်း ဒေသသည် အားနည်းသော ကျင့်ကြံသူများအတွက် ကန့်သတ်နယ်မြေဖြစ်ပြီး အန္တရာယ်များသည်။ အတွင်းဘက်၌ အစွမ်းထက်သော မှော်သားရဲ အများအပြား ရှိနေခြင်းကြောင့် ဖြစ်သည်။

နေ့လယ်စာစားချိန်လောက် ရောက်တော့မှ ယဲ့ချန် လာရာလမ်းအတိုင်း လှည့်ပြန်လာခဲ့သည်။

လမ်းလျှောက်လာရင်း မလှမ်းမကမ်းတွင် လူနှစ်ယောက်အား မြင်လိုက်ရသည်။ ယဲ့ချန် ရုတ်တရက် မျက်မှောင်ကြုတ်မိသွားပြီး နီးစပ်ရာ ချုံပုတ်တစ်ခုနောက်၌ ဝင်ပုန်းနေလိုက်သည်။

ထိုလူနှစ်ယောက်သည် မီးခိုးရောင်ဝတ်စုံများ ဝတ်ဆင်ထားကြပြီး အသက်သုံးဆယ် ဝန်းကျင်ခန့် ရှိမည်ဟု ယူဆရသည်။ ၎င်းတို့က ယဲ့ချန်အား သတိမထားမိကြရာ လမ်းလျှောက်လာရင်း စကား ပြောနေကြသည်။

“အော်ငိုပြရင်တောင် မိသားစုခေါင်းဆောင်က လက်ခံမှာ မဟုတ်ဘူး ဟုတ်တယ်မလား ဒီလောက်လမ်းတွေက ကြမ်းရတဲ့အထဲ ယဲ့အိမ်တော်ကို နေ့တိုင်း အသွားအပြန် လမ်းလျှောက်နေရတယ်လို့”

“ဒီရက်ပိုင်းအတွင်း ငါ့ခြေထောက်တွေ ချိတော့မှာပဲ”

နှစ်ယောက်ထဲမှ တစ်ယောက်သည် သည်းမခံနိုင်တော့ဟန်နှင့် မြက်ခင်းနုနုပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။

“ဒါနဲ့ ယဲ့မိသားစု ဘယ်အချိန်လောက်ထိ တောင့်ခံနိုင်မယ်လို့ မင်းထင်လဲငါတော့ သိပ်မကြာတော့ဘူးလို့ ထင်တယ် ဆောင်းဦးပြီးတော့ ထွက်ပေါ်လာတဲ့ နှံကောင်တွေလိုပေါ့”

“မင်းက ဘာတွေ ဒီလောက် သေချာနေတာလဲ”

“မင်းပဲစဉ်းစားကြည့် ... ယဲ့ကျန့်ထျန်းက သူ့အဖိုးတန သားလေးအတွက် စုဆောင်းထားသမျှ အကုန် သုံးပစ်ပြီးပြီ မိသားစုဝင်တွေကို လုံလုံလောက်လောက် ထောက်ပံ့ပေးဖို့ မရှိတော့ဘူး မိသားစုတခုရဲ့ ပျက်စီးရာပျက်စီးကြောင်း ဆိုတာ အမြဲတမ်း အရင်းအမြစ် မလုံလောက်တဲ့ ပြဿနာကနေ စတာပဲ”

“ဒါပေမဲ့ ငါကြားထားတာ တစ်ခုရှိသေးတယ် ယဲ့ကျန့်ထျန်းရဲ့သားက အဓိကသွေးကြောမတွေ ပြန်ကောင်းသွားပြီတဲ့ ”

“ဟုတ်လား မင်းသတင်းက စိတ်ချရလို့လား”

“ဘယ်သူစပြောတာလဲ မသိပေမဲ့ ဖြစ်နိုင်လောက်တယ်ကွ”

“ထားပါတော့ အဲဒီတော့ရော ဘာများ တိုးထူးသွားလို့လဲ သူ့သားရဲ့ သွေးကြောတွေ ပြန်ကောင်းသွားရင်တောင် ယွင်မိသားစုခေါင်းဆောင်က ဘယ်အချိန် စစ်ကြေညာလာမလဲ မသိတဲ့ အနေအထားလေ ငါနားမလည်တာက ဘာလို့ ငါတို့က ယဲ့မိသားစုကို ဆက်စောင့်ကြည့် နေရတာလဲလို့လိုမှ မလိုတော့တာကို”

“လိုတာမလိုတာက ငါတို့ ဆုံးဖြတ်လို့ရတာမှ မဟုတ်တာ  ... နောက်ကျနေမယ် မြန်မြန် သွားရအောင်  ... ထတော့”

တရွေ့ရွေ့ ထွက်ခွာသွားသော နှစ်ယောက်ကို ကြည့်ရင်း ယဲ့ချန်၏ မျက်လုံးများထဲ၌ အေးစက်သော အလင်းတဖြာ လက်သွားသည်။

‘ယဲ့မိသားစုက ဘယ်အချိန်ဖြစ်ဖြစ် မင်းတို့ အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရတဲ့ သူတွေလို့ ထင်နေတယ်ပေါ့ ကောင်းတယ် သိပ်ကောင်းတယ်’

ထိုလူနှစ်ယောက်သည် ယွင်မိသားစု တိုက်ရိုက်မျိုးဆက် မဟုတ်သော အိမ်တော်ခွဲများမှ ဖြစ်နိုင်သည်။ ၎င်းတို့ကို ဖမ်းဆီး မေးမြန်းလျှင်ပင် အရေးကြီးသတင်းများ ရနိုင်မည် မဟုတ်။ ထို့ကြောင့် ယဲ့ချန်က လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း ယွင်မိသားစုသည် ယဲ့မိသားစု၏ လှုပ်ရှားမှုများအား စောင့်ကြည့်နေသည် ဆိုကတည်းက ၎င်းတို့လက်ထဲတွင် ဝှက်ဖဲတစ်ခုခုတော့ သေချာပေါက် ရှိလောက်သည်။

ယဲ့ချန်သည် ယဲ့အိမ်တော်သို့ မပြန်မီ အချိန်အတော်ကြာ ထိုင်လျက် တစ်စုံတစ်ရာကို အလေးအနက် တွေးနေခဲ့သည်။

ကိုယ်ပိုင်ခြံဝန်းသို့ ပြန်ရောက်သည်နှင့် ရုပ်ဖျက်ထားသည်ကို ဖယ်ရှားလိုက်ပြီး နေ့လယ်စာ စားရန် စားသောက်ခန်းမသို့ သွားလိုက်သည်။ ဖြစ်ချင်တော့ လမ်းခုလတ်တွင် ယဲ့မော့ယန်နှင့် မျက်နှာချင်းဆိုင် တွေ့လေသည်။

ယဲ့မော့ယန်၏ မျက်လုံးများသည် မုန်းတီးမှုများ ပြည့်နှက်လျက် ယဲ့ချန်ထံ စိုက်ကြည့်နေသည်။ အပြန်အလှန်အားဖြင့် ယဲ့ချန်ကလည်း အေးစက်စွာ ပြန်ကြည့်ပေးလိုက်သည်။ အတန်ကြာသည်အထိ နှစ်ဦးသား အကြည့်ချင်း စစ်ခင်းနေပြီးမှ ယဲ့မော့ယန်သည် ဝတ်ရုံလက်စအား ခါလျက် ထွက်ခွာသွားသည်။

ယဲ့ချန်လည်း ပခုံးတွန့်ကာ ဆက်လျှောက်လာခဲ့သည်။

“အစ်ကိုချန်”

တစ်စုံတစ်ယောက်က ယဲ့ချန် နားနားသို့ ကပ်ကာ တီးတိုးခေါ်ရင်း စနောက်သည်။

ဘယ်သူမှန်း သိနေပြီးသားမို့ ယဲ့ချန်က ပြုံးကာ လှည့်ကြည့်လိုက်လျှင် ကျက်သရေရှိလှသော ယဲ့လော့၏ မျက်နှာလေးအား မြင်ရသည်။

“ဒီနေ့ အိမ်တော်အပြင်ဘက်ကို ခိုးထွက်တယ်မလား”

ယဲ့ချန် တောင့်ခဲသွားသည်။

“ဘယ်လိုလုပ်ပြီး...”

“ခန့်မှန်းကြည့်တာပါ လော့အာ မတော်ဘူးလား”

ယဲ့လော့က ချစ်စဖွယ်ကောင်းစွာ ပြုံးစိစိလုပ်ရင်း ပြန်ဖြေသည်။

“လော့အာ ... ဘယ်သူ့ကိုမှ ပြန်မပြောရဘူးနော်”

ယဲ့ချန် အထိတ်အလန့်ဖြင့် ဆိုသည်။ ဤကိစ္စအား စိုးရိမ်လွန်တတ်သော သူ့ဦးလေးများသာ သိသွားပါက ဒုက္ခကြီးပေလိမ့်မည်။

“ကောင်းပြီလေ အစ်ကိုချန် နောက်တစ်ခါ အပြင်ကို ခိုးထွက်တဲ့အခါ လော့အာကိုပါ ခေါ်သွားမယ်လို့ ကတိပေး အဲဒါဆို ဘယ်သူ့ကိုမှ ပြန်မပြောတော့ဘူး”

“ဟုတ်ပြီ ဟုတ်ပါပြီ”

“ကတိတည်ရမယ်နော်”

နှစ်ယောက်သားသည် အပြန်အလှန် စကားပြောကာ လျှောက်လာရင်း စားသောက်ခန်းမသို့ ရောက်လာသည်။ စားသောက်နေကြသော လူငယ်လေးများသည် ဘာမှ မတတ်နိုင်သော်လည်း ထိုစုံတွဲအား လိုက်ကြည့်နေ မိကြသည်။ ယဲ့လော့၏ အလွန် လှပသော ပုံရိပ်လေးက အကြည့်လွှဲရန် ခက်ခဲလှသော်လည်း လူငယ်လေးများက ဆက်မကြည့်ရဲကြ။ ယဲ့လော့လို မိသားစုထဲတွင် အလှဆုံး မိန်းကလေးသည် ယဲ့ချန်ကဲ့သို့ ခန့်ညားချောမောသော လူငယ်လေးနှင့်သာ လိုက်ဖက်သည်။ နာကျင်စရာ ဆိုလျှင်တောင် အမှန်တရားက မပြောင်းလဲပေ။

စားသောက်ခန်းမအတွင်း ယဲ့ချန် ဝင်လာသောအခါ အားလုံးက တရိုတသေ မတ်တတ်ရပ်လျက် နှုတ်ဆက်ကြသည်။ ဆက်ခံသူ ဖြစ်လာပြီးကတည်းက မိသားစုထဲတွင် ယဲ့ချန်၏ ပုံရိပ်က မိသားစုခေါင်းဆောင်နှင့် သိပ်မကွာတော့။

နေ့လယ်စာ စားပြီးနောက် ယဲ့ချန်သည် သိုလှောင်ခန်းသို့ သွားကာ မီးသွေး၊ ယမ်းစိမ်းနှင့် အခြားလိုအပ်သော ပစ္စည်းတချို့ ယူလိုက်ပြီး ကိုယ်ပိုင်ခြံဝန်းသို့ ပြန်လာခဲ့သည်။

ယဲ့ချန်သည် အတိတ်ဘဝက နေထိုင်ခဲ့သော ကမ္ဘာမှ ယမ်းမှုန့် ဖော်စပ်နည်းအား အသုံးပြုရန် ကြံရွယ်နေခြင်း ဖြစ်သည်။ သူက အချိန်ကြာမြင့်စွာ ပါဝင်ပစ္စည်းများအား မှန်မှန်ကန်ကန် ရောစပ်ပြီးနောက် ခြံဝန်းအတွင်း စတင် စမ်းသပ်လိုက်သည်။

မိသားစုခေါင်းဆောင်ခြံဝန်း၌…။

“အစ်ကိုကြီး မိုးကြိုးအင်ပါယာ ကျင့်စဉ်မှာ အဆင့် ၆ဆင့် ရှိတဲ့အထဲ ... ပထမအဆင့်ကို လေ့ကျင့်တာက ထျန်းချီအဆင့်၆အထိ အကျုံးဝင်တယ် ဒုတိယအဆင့်ကို လေ့ကျင့်တာက ထျန်းချီအဆင့် ၈အထိ အကျုံးဝင်တယ် တတိယအဆင့်ကို လေ့ကျင့်တာက ထျန်းချီအဆင့်၁၀အထိ အကျုံးဝင်တယ် ဒီလိုဆိုရင် နောက်ပိုင်းအဆင့်တွေကို ဆက်လေ့ကျင့်ရင် ဒီ့ထက်မြင့်တဲ့ အဆင့်တစ်ခုထိ ရောက်နိုင်မယ်လို့ ဆိုလိုတာပဲမလား”

ယဲ့ကျန့်လုံသည် ယဲ့ကျန့်ထျန်းထံ ဦးတည်လျက် မေးသည်။ မိုးကြိုးအင်ပါယာ ကျင့်စဉ်အကြောင်း လေ့လာလေလေ ထူးဆန်း အံ့ဩဖွယ်ရာများ ရှာဖွေတွေ့ရှိလေလေ ဖြစ်သည်။

“ထျန်းချီအဆင့်၁၀ရဲ့ အထက်မှာ ပိုပြီးမြင့်တဲ့ ကျင့်ကြံဆင့်တွေ ရှိနေသေးတယ်လို့တော့ ကြားဖူးတယ် ကျင့်ကြံခြင်းလမ်းစဉ်က အကန့်အသတ်မဲ့တယ် လွန်ခဲ့တဲ့ နှစတစ်ရာကျော်က ရှီဝူအင်ပါယာထဲမှာ ထျန်းချီအဆင့်၁၀ အထက် ကျင့်ကြံသူတစ်ယောက် ရှိခဲ့ဖူးတယ်”

ယဲ့ကျန့်ထျန်းက ပြောသည်။

“အဲဒီကျင့်ကြံသူက ရှီကျင်းမြို့တော်၊ ဟယ့်မိသားစုကတဲ့လေ”

ယဲ့ချိန်ရွှမ်းက ဖြည့်စွက် ပြောဆိုသည်။

ရှီကျင်းမြို့တော်၊ ဟယ့်မိသားစု။

ထိုမိသားစုကား ရှီဝူအင်ပါယာ တစ်ခုလုံးတွင် အကြီးမားဆုံးသော တောဝင်မိသားစု ဖြစ်သည်။

လူတိုင်း ပင့်သက်ရှိုက်မိကြသည်။ ထိုသို့သော အဆငတစ်ခုသို့ ရောက်ရှိရန် မည်မျှ ကြိုးစားခဲ့ရပါမည်နည်း။ အကယ်၍ ထိုသို့သော အဆင့်တစ်ခုသို့ ရောက်ရှိခဲ့လျှင်ပင် ပြိုင်ဘက်ကင်းပြီဟု မဆိုသာသေး။ ကျင့်ကြံခြင်း လမ်းစဉ်ကား အကန့်အသတ်မဲ့ ရှည်လျားလှပေသည်။

“ပြောရရင်တော့ ... ငါတို့ရဲ့ လက်ရှိအုပ်ချုပ်သူ ကြီးမြတ်လှတဲ့ အင်ပါယာမင်ဝူကလည်း ထျန်းချီအဆင့်၁၀ထက် မြင့်တဲ့ ကျင့်ကြံဆင့်တခုမှာ ရှိနေတဲ့သူပဲ ဘာဖြစ်ဖြစ်ပါ အခု ငါတို့မှာ မိုးကြိုးအင်ပါယာကျင့်စဉ် ရှိနေပြီလေ တစ်နေ့နေ့ကျရင် ငါတို့လည်း အဲဒီအဆင့်ထိ ရောက်နိုင်သေးတယ် အရေးကြီးတာက မိုးကြိုးအင်ပါယာ ကျင့်စဉ်ရဲ့ ထူးခြား ဆန်းကြယ်မှုတွေကို တဖြည်းဖြည်းချင်း ဖော်ထုတ်သွားဖို့ပဲ”

ယဲ့ချိန်ရွှမ်းက အခိုင်အမာ ပြောသည်။

ယဲ့ချိန်ရွှမ်းသည် ထျန်းချီအဆင့်၉ စဦးအဆင့်၌ ငါးနှစ်ကျော် ခြောက်နှစ်နီးပါး ရပ်တန့်နေခဲ့သော်လည်း မိုးကြိုးအင်ပါယာ ကျင့်စဉ်အား ဆင်ခြင် သုံးသပ်လိုက်သည့် အချိန်တိုအတွင်း ထျန်းချီအဆင့်၉ အလယ်အလတ်ဆင့်သို့ ရောက်သွားခဲ့သည်။ တိုးတက်နှုန်း မြန်ပုံကား ကြောက်မက်ဖွယ်ပင်။

“ဒါတွေအားလုံးအတွက် ချန်အာကို ကျေးဇူးတင်ရမယ်”

ယဲ့ကျန့်လုံက လေးနက်စွာ ပြောသည်။

ယဲ့ကျန့်ထျန်းလည်း သားဖြစ်သူအတွက် ဂုဏ်ယူစွာ ပြုံးမိသည်။

ယဲ့ကျန့်ထျန်းတို့အားလုံး စကားဆက်ပြောနေကြစဉ် ရုတ်တရက် အလွန် ကျယ်လောင်သော မြည်ဟည်းသံကြီး တစ်ခုအား ကြားလိုက်ကြရသည်။ မိသားစုခေါင်းဆောင် ခြံဝန်းထဲရှိ အဆောက်အဦများပင် လှုပ်ယမ်းသွားသယောင်။

“ဘာတွေဖြစ်နေတာလဲ”

“ထျန်းချီအဆင့်၉ ကျင့်ကြံသူတစ်ယောက် ယဲ့မိသားစုကို လာတိုက်ခိုက်တာများလား”

ထိုမြည်ဟည်းသံကြီး၏ သက်ရောက်မှုက ပြင်းထန်လှရာ ထျန်းချီအဆင့်၉ ကျင့်ကြံသူကလွဲ၍ တခြား ဖြစ်နိုင်ချေကို စဉ်းစားမရကြပေ။

“မဟုတ်သေးဘူး ဒီအသံက ချန်အာရဲ့ ခြံဝန်းဘက်က လာတာ”

အားလုံး၏ မျက်နှာများ ပျက်ယွင်းသွားကြသည်။ အပိုစကားများ ထပ်မဆိုတော့ဘဲ ဆက်ခံသူခြံဝန်းဘက်သို့ ဦးတည်လျက် အလျင်အမြန် ပြေးလွှားသွားလိုက်ကြသည်။ မိသားစု၏ အဖိုးတန် မျှော်လင့်ချက်လေး ဖြစ်သော ယဲ့ချန်၏ လုံခြုံရေးထက် ဘယ်အရာကမှ ပိုအရေးမကြီးပေ။

ဆက်ခံသူခြံဝန်းသို့ ရောက်သောအခါ ဖွာလန်ကြဲနေသော မြေကွက်လပ်အလယ်၌ မတ်တပ်ရပ်နေသော ယဲ့ချန်အား တွေ့လိုက်ရသည်။ ယဲ့ချန်၏ အဝတ်အစားများက အတန်ငယ် ဖရိုမရဲ ဖြစ်နေကာ သူ့မျက်နှာကလည်း ထူးဆန်းစွာ ကသိကအောက် ဖြစ်နေသယောင်။ ယဲ့ချန် ရပ်နေသော နေရာ၏ အရှေ့တွင်မူ ကြီးမားသော ချိုင့်တွင်းကြီး တခုလည်း ရှိနေသည်။

“ချန်အာ ... ဘာတွေဖြစ်သွားတာလဲ”

ယဲ့ချန် တစ်စုံတစ်ရာ ထိခိုက်ခြင်း မရှိသည်ကို တွေ့မှ အားလုံး စိတ်သက်သာရာ ရသွားကြပြီး ယဲ့ကျန့်ထျန်းက မေးသည်။

ယဲ့ချန် အရှေ့ရှိ ကြီးမားသော ချိုင့်တွင်းကြီးအား ကြည့်ရင်း လူတိုင်း မတွေးမိဘဲ မနေနိုင်။

‘ဒီလောက် ကြီးတဲ့ ချိုင့်တွင်းမျိုးကို ထျန်းချီအဆင့် ၉ ကျင့်ကြံသူ တစ်ယောက်ကတောင် မလုပ်နိုင်လောက်ဘူး’

ယဲ့ချန်လည်း ရှက်အမ်းအမ်း ဖြစ်နေဟန်နှင့် သူ့အရှေ့ရှိ ချိုင့်တွင်းကြီးအား တစ်ချက်ကြည့်ကာ ရယ်သည်။

“အာ ... တကယ်တော့ ... ကျွန်တော် ဒီရက်ပိုင်း ညဘက်တွေမှာ နည်းနည်း ပျင်းနေလို့ ... ကစားစရာတချို့ ဖန်တီးနေတာ”

‘ကစားစရာတချို့ ... ဖန်တီးနေတာ’

ယဲ့ချိန်ရွှမ်းအပါအဝင် ကျန်လူများအားလုံး ယဲ့ချန်အား စိတ်ရှုပ်ထွေးစွာ ဝိုင်းကြည့်မိကြသည်။

‘ဘယ်လို ကစားစရာမျိုးမလို့ ဒီလောက် ထိတ်လန့်စရာ အသံကျယ်ကြီးနဲ့ ချိုင့်တွင်းမျိုး ဖြစ်စေရတာပါလိမ့်’

***

All Chapters