← Chapters

ရှေ့တိုး၊ နောက်ဆုတ် ချိန်ဆရခြင်း

Vol. 2 Ch. 18

ရှေ့တိုး၊ နောက်ဆုတ် ချိန်ဆရခြင်း

Vol. 2 Ch. 18

“ဒီကိုလာပါဦး ချန်အာ ... အန္တရာယ်များတဲ့ အဲဒီနေရာမှာ ရပ်မနေနဲ့ ဘာတွေလုပ်နေတာလဲ ဆိုတာ အရင် ပြောပြဦး”

“ကျွန်တော် စမ်းသပ်နေတုန်းမလို့ပါ တကယ်လို့ အောင်မြင်သွားတဲ့အခါ အဖေနဲ့ အားလုံးကို တင်ပြမှာပါ”

ယဲ့ချန်က ပြန်ဖြေသည်။

ယဲ့ချန်သည် အတိတ်ဘဝက ဝူရှဝတ္ထုများ ဖတ်ရသည်ကို နှစ်သက်ခဲ့သည်။ ထို့ကြောင့် ရှေးခေတ်တရုတ်ပြည်တွင် သေးငယ်သော်လည်း ပေါက်ကွဲအား ပြင်းထန်သည့် ယမ်းစိမ်းများ ရှိနိုင်ကြောင်း မှန်းဆမိခဲ့သည်။ ယဲ့ချန်က အတိတ်ဘဝ မှတ်ဉာဏ်များကို အခြေခံ၍ ယမ်းမှုန့် တီထွင်ရာတွင် ပါဝင်ပစ္စည်းတချို့ ထပ်ပေါင်းထည့်ခဲ့သည်။ စမ်းသပ် ကြည့်လိုက်ခြင်းသာ ဖြစ်သော်လည်း ပေါက်ကွဲအား ပိုမို ပြင်းထန်သွားမည်ဟု ထင်မထားမိခဲ့။

ပထမဆုံး စမ်းသပ်ချက်က ထျန်းချီအဆင့်၉ ကျင့်ကြံသူ တစ်တယောက်၏ တိုက်ခိုက်မှုထက်ပင် ပြင်းထန်နေ၍ ယဲ့ချန် ကျေနပ်သွားသည်။

ယဲ့ချန်၏ စိတ်အား ထက်သန်နေမှုကြောင့် ယဲ့ချိန်ရွှမ်းတို့လည်း ဘာမှ ဆက်မပြောဖြစ်တော့။ သို့သော် ခြံဝန်းအလယ်ရှိ ကြီးမားလှသော ချိုင့်တွင်းကြီးကို မြင်လိုက်သည့်အခါတိုင်း သူတို့အားလုံး စိတ်မသက်မသာ ဖြစ်ကြရသည်။

“ချန်အာ ... လေ့ကျင့်တာကိုပဲ အာရုံစိုက်ထားနော် ဟုတ်ပြီလားတန်ဖိုးရှိတဲ့ အချိန်တွေကို အချည်းနှီး မဖြစ်စေနဲ့”

ယဲ့ကျန့်ထျန်းက စိုးရိမ်နေသော အမူအရာနှင့် ပြောသည်။

“နားလည်ပါပြီ”

ထို့နောက်တွင် ယဲ့ကျန့်ထျန်းတို့လူစုသည် ဆက်ခံသူခြံဝန်းထဲမှ ပြန်လည် ထွက်ခွာသွားကြတော့သည်။

မိသားစုခေါင်းဆောင် ခြံဝန်းရှေ၌ ယဲ့မိသားစုဝင်များ စုရုံးရောက်ရှိနေကြသည်။ ကျယ်လောင်လှသော မြည်ဟည်းသံကြီးကြောင့် အားလုံး အထိတ်အလန့် ဖြစ်သွားကြသည်မှာ သေချာ၏။

“အကြီးအကဲတို့ ဘာဖြစ်ကြတာလဲ”

မိသားစုဝင်များက မေးသည်။

“ဘာမှကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး ငါနဲ့ ခေါင်းဆောင်ဟောင်းတို့ လက်ရည်စမ်းကြတာ”

ယဲ့ကျန့်ထျန်းက လက်ဝှေ့ယမ်းလျက် အရေးမကြီးဟန်နှင့် ပြောသည်။

ထိုဆင်ခြေက ယုတ္တိရှိသောကြောင့် စုရုံးနေသူများလည်း ယုံကြည်သွားကြပြီး ကိုယ်ပိုင်ခြံဝန်းများသို့ ပြန်သွားကြတော့သည်။

“လက်စသပ်တော့ ခေါင်းဆောင်ဟောင်းနဲ့ ခေါင်းဆောင်တို့ လက်ရည်စမ်းကြတာပဲ ဒါ့ကြောင့် ဒီလောက်ပြင်းထန်တဲ့ စွမ်းအင်လှိုင်းတွေ ပေါက်ကွဲထွက်လာတာ...”

“လက်ရည်စမ်းတော့ ဘယ်သူအသားစီး ရသွားလဲမသိဘူး ခေါင်းဆောင်ဟောင်းလား လက်ရှိခေါင်းဆောင်လား”

“ဒါကသိသာပါတယ် ခေါင်းဆောင်ဟောင်းပဲ ဖြစ်မှာပေါ့  သူက ထျန်းချီအဆင့်၉ကို ရောက်နေတာ ကြာလှပြီပဲ”

“ငါတော့ အဲလိုမထင်ဘူး ခေါင်းဆောင်က မကြာခဏ တိုက်ပွဲတွေပြိုင်နေပေမဲ့ ခေါင်းဆောင်ဟောင်းက ဘာတိုက်ပွဲမှ မရှိတာကြာပြီ ရလဒ်က ပြောရခက်တယ်”

သိပ်မဝေးသော တစ်နေရာတွင် လူအုပ်ကြားထဲ၌ ယဲ့မော့ယန် ရှိနေသည်။ သုန်သုန်မှုန်မှုန်နှင့် မိသားစုခေါင်းဆောင် ခြံဝန်းဘက်သို့ လှမ်းကြည့်လျက်။ ယဲ့ကျန့်ထျန်း ထျန်းချီအဆင့်၉သို့ ရောက်ရှိပြီးကတည်းက ယဲ့မော့ယန်အတွက် ဖိအား ပိုများလာခဲ့ရသည်။ ယခင်က ယဲ့မော့ယန်နှင့် အလွန် ဆက်ဆံရေးကောင်းသော အကြီးအကဲတချို့ပင် ယဲ့ကျန့်ထျန်း အမျက်ရှမည် စိုးသောကြောင့် ယဲ့မော့ယန်အား ရှောင်ဖယ်လာကြသည်။

သိသိသာသာပင် ယဲ့မော့ယန်သည် ယဲ့မိသားစုတစ်ခုလုံး၌ အပယ်ခံ ဖြစ်လာခဲ့၏။

‘ယဲ့ကျန့်ထျန်း ... မင်းပဲ ငါ့ကို အဆုံးစွန်ထိ ဖိအားပေးခဲ့တာ နောက်မှ နောင်တမရနဲ့’

ရက်သတ္တပတ်တစ်ခုခန့် ကုန်လွန်သွားသည်။ ယဲ့မိသားစုအတွင်း ထူးထူးခြားခြား ဖြစ်ရပ်မျိုးမရှိဘဲ ငြိမ်းချမ်းနေဆဲ။

မိသားစုခေါင်းဆောင် ခြံဝန်းအတွင်း၌။

ယဲ့ကျန့်ထျန်းသည် မိုးကြိုးအင်ပါယာ ကျင့်စဉ်အား ဆင်ခြင်သုံးသပ်ရာမှ ရရှိလာသော အနှစ်သာရအချို့အား ယဲ့ချန်ထံ ရှင်းပြနေသည်။ ထိုစဉ် ခြံဝန်းအပြင်၌ ရုတ်ရုတ်သဲသဲ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာသည်။

“ခေါင်းဆောင်ကို တင်ပြပါတယ် အရေးကြီးသတင်းပါ”

ယဲ့ကျန့်ထျန်း မျက်မှောင်ကြုတ်သွားသည်။ ယဲ့မိသားစုတွင် အရေးကြီးပြဿနာ ကြီးကြီးမားမား မပေါ်ပေါက်ခဲ့သည်မှာ ကြာခဲ့လေပြီ။ ရုတ်တရက် မည်သည့် ကိစ္စက ဖြစ်ပေါ်လာသည် မသိပေ။

“ဝင်ခဲ့”

ယဲ့မိသားစုဝင် တစ်ယောက် ခြံဝန်းအတွင်း အလျင်အမြန် ဝင်ရောက်လာကာ စာနှစ်စောင် တင်ပြသည်။

ယဲ့ကျန့်ထျန်းသည် ကြီးမားသော အနီရောင်စာလုံးနှစ်လုံး ခတ်နှိတ်ထားသော စာကို အရင်ယူကာ ဖွင့်ဖောက်လိုက်လိုက်၏။ စာပါ အကြောင်းအရာများအား ဖတ်ပြီးသည့်အခါ သူ၏ မျက်ခုံးနှစ်ဖက်မှာ ထိစပ်လုနီးနီး စုကြုတ်သွားရသည်။

“အဖေ ... ဘာဖြစ်လို့လဲ”

ဖခင်ဖြစ်သူ၏ အမူအရာကြောင့် ယဲ့ချန်လည်း စိတ်မသက်မသာ ဖြစ်သွားကာ မေးလိုက်သည်။

“တုန်းလင်ရဲ့ ဒုတိယမင်းသားက သိပ်လွန်သွားပြီ”

ယဲ့ကျန့်ထျန်းသည် စားပွဲခုံပေါ်သို့ အားပြင်းပြင်း တစ်ချက်ရိုက်လိုက်ပြီး ကြိမ်းဝါးသည်။

“ဒုတိယမင်းသား”

တုန်းလင်၏ ဒုတိယမင်းသားကား ယခင်တစ်ခေါက်က ယဲ့ကျန့်ထျန်းကိုယ်တိုင် သွားရောက်ကာ ကွမ်းရှီဆေးလုံး တောင်းခံခဲ့သောမင်းသား ဖြစ်သည်။ ထိုဒုတိယမင်းသားသည် ယဲ့ကျန့်ထျန်း၏ အောက်ကျို့ တောင်းခံမှုအား ရိုင်းစိုင်းစွာ ငြင်းဆိုခဲ့ရုံသာမက ပြည်သူများအကြား အရှက်တကွဲ ဖြစ်စေရန် သတင်းဖြန့်ခဲ့သေးသည်။

“အင်ပါယာရဲ့ ပြည်နယ်တွေထဲက တစ်ခုဖြစ်တဲ့ လုံနန်ပြည်နယ်မှာ ပုန်ကန်မှုတွေ ဖြစ်နေတယ်။ ပုန်ကန်သူတွေကို နှိမ်နှင်းဖို့ စစ်တပ်အတွက် ရွှမ်သတ္တုတွေ လိုတယ်ဆိုတဲ့ ဆင်ခြေကိုသုံးပြီး ဒုတိယမင်းသားက ကြားထဲကနေ အမြတ်ထုတ်ချင်နေတယ်။ ပုန်ကန်သူတွေကို နှိမ်နှင်းနေတဲ့ ကာလအတွင်း ရွှမ်သတ္တုတွေကို ယွင်အိမ်တော်ကလွဲပြီး ကျန်တဲ့အိမ်တော်တွေက ရောင်းချခွင့်မရှိတော့ဘူး။ ခိုးယူရောင်းချရင် တည်ဆဲဥပဒေအရ အရေးယူခံရမယ်တဲ့လေ။ ဒီလိုဆိုရင် တုန်းလင်အနှံ့မှာရှိနေတဲ့ ငါတို့ယဲ့မိသားစုပိုင် ဆိုင်တွေက ပိတ်ထားလိုက်ရတော့မှာလား”

ယဲ့ကျန့်ထျန်း၏ အမူအရာကိုကြည့်လျှင် အမှန်တကယ် ဒေါသထွက်နေခြင်း ဖြစ်ကြောင်း သိနိုင်သည်။ ယွင်မိသားစုသည် ဒုတိယမင်းသားမှတစ်ဆင့် ယဲ့မိသားစုအား အမြစ်ဖြတ် ချေမှုန်းလိုနေခြင်း ဖြစ်လောက်သည်။ ယဲ့မိသားစုသည် လက်ရှိတွင် ငွေရေးကြေးရေး အခက်အခဲ ရှိနေပြီး သတ္တုတွင်းများကြောင့်သာ အနည်းငယ် အသက်ရှူချောင်နေတာ ဖြစ်သည်။ ထိုသတ္တုတွင်းများကိုသာ ရပ်ဆိုင်းလိုက်ရပါက လအနည်းငယ်အတွင်း ယဲ့မိသားစု ယိုင်နဲ့သွားပေလိမ့်မည်။

ထိုစဉ် ယဲ့ကျန့်ထျန်းသည် တစုံတရာအား သတိရသွားပြီး လှောင်ရယ်လိုက်သည်။

ယွင်မိသားစုသည် ယဲ့မိသားစုအား ပေါ်တင်တိုက်ခိုက်ခြင်း မပြုခင် ဒုတိယမင်းသား၏ အမိန့်အား တမင်ဖြန့်လိုက်ပုံရသည်။ သို့်မှသာ ယဲ့မိသားစုက မခံမရပ်နိုင်ဖြစ်ပြီး အင်အားစုဆောင်းကာ ယွင်မိသားစုထံ သွားရောက်တိုက်ခိုက်လိမ့်မည်။ ထိုအရာကပင် ယွင်မိသားစု စောင့်မျှော်နေသောအရာ ဖြစ်နိုင်သည်။ ယဲ့မိသားစုကသာ စတင်တိုက်ခိုက်ပါက ‘လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်’၏ မဟာမိတ်စဉ်းမျဉ်းများအား ချိုးဖောက်လိုက်သလို သဘောသက်ရောက်ကာ ယွင်မိသားစုသည် ‘ခုခံကာကွယ်ခြင်း’ဟူသော ဆင်ခြေဖြင့် ယဲ့မိသားစုကို အမြစ်ဖြတ် ချေမှုန်းပေလိမ့်မည်။

မည်သို့ပင်ဆိုစေ ယွင်မိသားစုသည် မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်ရာ အခြားမိသားစုတစ်ခုအား ပေါ်ပေါ် ထင်ထင် စတင်တိုက်ခိုက်၍ မရပေ။ လူထုအမြင်ကို ဂရုပြုဖို့လိုသည်။ သို့သော် ယဲ့မိသားစုက ယွင်မိသားစုရဲတိုက် တံခါးရှေ့သို့သွားကာ စတင် တိုက်ခိုက်ခဲ့လျှင်တော့ ကိစ္စများက ကွဲပြားသွားပြီ ဖြစ်သည်။

မိုးကြိုးအင်ပါယာကျင့်စဉ်ကို လေ့ကျင့်ပြီးကတည်းက ယဲ့မိသားစုရှိ ကျင့်ကြံသူများသည် နောက်ထပ် အဆင့်တစ်ဆင့်သို့ တိုးတက်သွားခဲ့သည်။ ထို့ကြောင့် ယဲ့ကျန့်ထျန်းသည် ရေရေရာရာ ဆုံးဖြတ်ချက်တစ်ခု ပြုလုပ်ရန် ယခင်ကလောက် ဖိအားမများတော့။

“ဒီကိစ္စကိုဘယ်လိုထင်လဲ ချန်အာ”

ယဲ့ကျန့်ထျန်းသည် ယဲ့ချန်ဘက်သို့ လှည့်ကာ မေးသည်။

“အဖေ ... မိသားစုရဲ့အနာဂတ်အတွက် သူတို့ဆန္ဒကို လိုက်လျောပေးလိုက်တာ အကောင်းဆုံးလို့ ကျွန်တော်ထင်တယ်”

ယဲ့ချန်က အလေးအနက်ထား၍ ပြန်ဖြေသည်။ ယဲ့မိသားစု၏ လက်ရှိအနေအထားနှင့် ယွင်မိသားကို အနိုင်ရရှိရန် မဖြစ်နိုင်သေးပေ။ ကိုယ့်အင်အားကို ကိုယ်နားလည်ကာ နောက်ဆုတ်သင့်သည့် အချိန်၌ နောက်ဆုတ်နေခြင်းကသာ ပညာရှိခြင်း ဖြစ်သည်။

“အဖေလည်း အဲဒီလိုပဲတွေးမိတယ်”

ယဲ့ကျန့်ထျန်းသည် တီးတိုးရေရွတ်ပြီး အနီးနားရှိ အစောင့်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“အလုပ်သမားရေးရာဌာနက အကြီးအကဲကို သတင်းပို့လိုက် ... တုန်းလင်ပြည်နယ်ထဲမှာ ရှိတဲ့ ငါတို့မိသားစုဆိုင်တွေက လူတွေကို ပြန်ခေါ်မယ်လို့ ပြီးတော့ တောင်တန်းဒေသက သတ္တုတွင်းမှာ ကြီးကြပ်နေတဲ့ အကြီးအကဲတွေကိုလည်း သတင်းပို့လိုက်ဦး သတ္တုတွင်းလုပ်ငန်းတွေကို လောလောဆယ် ရပ်ဆိုင်းထားမယ်”

ဒုတိယမင်းသား၏ အမိန့်အရ ရွှမ်သတ္တုရိုင်းများ ရောင်းချခွင့်သည် ယွင်မိသားစုတွင်သာ ရှိနေတော့ရာ ယဲ့မိသားစုအနေနှင့် မည်သည့်အကြောင်းကြောင့် သတ္တုတွင်းများကို ဆက်လက် တူးဖော်နေရမည်နည်း။

ဖခင်ဖြစ်သူ၏ ဆုံးဖြတ်ချက်မှာ အသင့်လျော်ဆုံး ဖြစ်သောကြောင့် ယဲ့ချန် နှုတ်ဆိတ်နေလိုက်သည်။ မကြာသေးခင်ကမှ ယဲ့ချန်သည် သတ္တုတွင်းလုပ်ငန်းတွင် အသုံးပြုရန် ယမ်းမှုန့်တချို့ တီထွင်ခဲ့သော်လည်း ယွင်မိသားစု၏ ရုတ်တရက် ထိုးစစ်ဆင်လာမှုကြောင့် ယမ်းမှုန့်များအား လောလောဆယ် အသုံးချခွင့် မကြုံတော့ပေ။

“အဖေ နောက်စာတစ်စောင်ကရော ဘာအကြောင်းလဲ”

ယဲ့ကျန့်ထျန်းလည်း နောက်စာတစ်စောင်အား ဖွင့်ဖတ်လိုက်သည်။ စာထဲရှိ လက်ရေးအား မြင်လျှင်မြင်ချင်းတွင် ယဲ့ကျန့်ထျန်း၏ မျက်လုံးများ အေးစက်သွားရသည်။

“ဒီစာက ယွင်ရိရန်ဆီက နောက်တစ်လကြာရင် ‘လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင် မဟာမိတ်အဖွဲ့’ ကို ကိုယ်စားပြုတဲ့ သိုင်းပြိုင်ပွဲတစ်ခု ယွင်မိသားစုရဲတိုက်မှာ ကျင်းပဖို့ရှိတယ်တဲ့ အသက်၁၈အောက် ဘယ်သူမဆို ဝင်ပြိုင်ခွင့်ရှိတယ် ဒါပေမဲ့ မိသားစုရဲ့ လူကြီးတစ်ယောက်က ပြိုင်ပွဲဝင်မဲ့ လူနဲ့အတူ လိုက်ပါလာဖို့လိုတယ်လို့ ပြောထားတယ်”

ယဲ့ကျန့်ထျန်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ကောင်းတာတစ်ခုခု ဖြစ်လာမှာ မဟုတ်တာတော့ သေချာတယ်”

“ကျွန်တော်တို့ ယဲ့မိသားစုက ဒီပွဲကို တက်မှာလား”

“အဖေတို့ ငြင်းလိုက်ရင် ယွင်မိသားစုဘက်က အပြစ်ရှာလိမ့်မယ် လက်ခံလိုက်ပြန်ရင်လည်း သူတို့ထောင်ချောက်ထဲ ဝင်သွားမှာစိုးရတယ်”

ယဲ့ကျန့်ထျန်းသည် စဉ်းစားရကျပ်နေဟန်နှင့် အတန်ကြာ ငြိမ်သက်နေပြီးမှ..။

“ယွင်မိသားစုက မဟာမိတ်ခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ထိန်းတဲ့အနေနဲ့ ပြိုင်ပွဲနေ့မှာ ပေါ်ပေါ်ထင်ထင် ဒုက္ခပေးမှာတော့ မဟုတ်ဘူး အဲဒီအစား ယွင်မိသားစုရဲတိုက်ကို သွားတဲ့လမ်းမှာ မတော်တဆမှု တစ်ခုခု ဖန်တီးထားတာမျိုး ဖြစ်လောက်တယ် ယဲ့မိသားစုနဲ့ ယွင်မိသားစုကြားက အကွာအဝေးက ၃မိုင်၊ ၄မိုင်ထက် မပိုဘူး အဖေတို့ မြန်မြန်သွားမယ်ဆိုရင် ယွင်မိသားစုရဲ့ ထောင်ချောက်ကို ကျော်လွှားနိုင်လောက်တယ် ဆုံးဖြတ်ချက်မချခင် မင်းဘိုးဘိုးနဲ့ ဦးလေးတွေကို တိုင်ပင်ကြည့်ပါဦးမယ် အခန်းကိုပြန်ပြီး လေ့ကျင့်တော့လေ လေ့ကျင့်တာလောက် ဘယ်ဟာကမှ အရေးမကြီးဘူး”

ယဲ့ချန်သည် ခေါင်းညိတ်ပြမိသော်လည်း စိတ်ထဲတွင် ထုတ်မပြောနိုင်သော အစိုင်အခဲတစ်ခုကြောင့် လေးလံနေသည်။ သူတွေးမိသည်။

‘အကယ်၍များ ... တစ်နေ့နေ့မှာ ယဲ့မိသားစု ပြိုလဲသွားခဲ့ရင်..’

ယဲ့မိသားစုသည် သူ၏ တခုတည်းသော အဖိုးမဖြတ်နိုင်သည့် ‘အိမ်’ ဖြစ်သည်။ တွေးကြည့်ရုံနှင့်တင် ယဲ့ချန် ဆောက်တည်ရာမရသလို ခံစားရသည်။

ထို့နောက် ယဲ့ချန်သည် ကိုယ်ပိုင်ခြံဝန်းသို့ ပြန်သွားလိုက်ပြီး နေ့နေ့ညည မရပ်မနား ကျင့်ကြံခြင်းကို စတင်သည်။ ရက်အနည်းငယ် ကြာပြီးနောက် ယဲ့ချန်သည် ‘ငြိမ့်ညောင်းလေပြေ’ ကျင့်စဉ်အား လေ့ကျင့်ခြင်းတွင် တိုးတက်မှုတချို့ ရှိလာခဲ့သည်။ သို့သော် ပြဿနာမှာ ယဲ့ချန်တွင် ‘ငြိမ့်ညောင်းလေပြေ’နှင့် သင့်လျော်သည့် လေသဘာဝ သိုင်းကျင့်စဉ် မရှိခြင်းပင်။ အဆိုးထဲမှ အကောင်းအနေနှင့် ယဲ့ချန်သည် လေသဘာဝစွမ်းအင်အား တိုက်ခိုက်ရေး စွမ်းအင်အနေနှင့် မထုတ်ဖော်နိုင် သေးသော်လည်း ‘ငြိမ့်ညောင်းလေပြေ’၏ အကျိုးကျေးဇူးကြောင့် တိုက်ခိုက်ရာတွင် လှုပ်ရှားမှုများ ပိုမိုမြန်ဆန်လာသည့်အပြင် ခန္ဓာကိုယ်ကလည်း ယခင်ကထက် ပေါ့ပါးလာ၏။

တခုသော တိတ်ဆိတ်ကာ မှောင်မိုက်နေသည့် ညဉ့်သန်းခေါင်၌။

ယဲ့မိသားစုရဲတိုက် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ ထိုစဉ် အဝေးတနေရာ တောင်တန်းများပေါ်ရှိ သားရဲတို့၏ ဆွဲဆွဲငင်ငင် အူသံက တိတ်ဆိတ်မှုကို ဖြိုခွင်းသွားသည်။ လေတချက်အဝေ့တွင် သစ်ပင်များ လှုပ်ရှားသွားသံကလည်း ကျိုးတိုးကျဲတဲ ထွက်ပေါ်နေသည်။ မှောင်ရိပ်ကျသော ထောင့်တစ်နေရာမှ အမည်းရောင်ခပ်ဝါးဝါး ပုံရိပ်တစ်ခုသည် ယဲ့မိသားစုရဲတိုက်၏ ထွက်ပေါက်ဆီသို့ တိတ်တဆိတ် ဦးတည်နေသည်။ လသာသောညဖြစ်၍ လရောင်က ထိုပုံရိပ်ပေါ်သို့ ကျရောက်သည်တွင် တချိန်က ယဲ့မိသားစု အကြီးအကဲချုပ် ဖြစ်ခဲ့ဖူးသော ယဲ့မော့ယန်၏ မျက်နှာကို မြင်ရသည်။

***

All Chapters