← Chapters

ကျွန်

Vol. 002 Ch. 189

ကျွန်

Vol. 002 Ch. 189

လီတောင်ချန်း လျှောက်လာသည်ကို မြင်လျှင် ရီဖူရှင်းက အကဲခတ် ကြည့်လိုက်သည်။ ဖူယွန်ဓားကလန်နှင့် လျိုနိုင်ငံတို့၏ ဆက်ဆံရေးက မည်သည့်အခြေအနေ ရှိသနည်း။ လီတောင်ချန်းက သူ၏ အစ်ကို ကိုယ်စား နှုတ်ဆက်သည်။ လီတောင်ယွန်က မင်းသမီးနှင့် ရင်းနှီးသလော။

ရီဖူရှင်းက ရီဝူချင်း၏ ဘေးနားသို့ လျှောက်သွားလိုက်ကာ တိုးတိုးလေး ပြောသည်... “ဝူချင်း... ငါတို့က အရှေ့မြေရိုင်းက အင်အားစုတွေရဲ့ အခြေအနေကို နားမလည်သေးဘူး... ဒါကြောင့် ငြင်းလိုက်တာ...” ရီဝူချင်း၏ စွမ်းရည်ဖြင့် သူက ထိပ်သီး အင်အားစုများမှ လက်ခံရန် မခက်ခဲပေ။

“ရှင်းပြစရာ မလိုဘူး...” ရီဝူချင်းကvည်း တိုးတိတ်စွာ ပြောသည်။ ရီဖူရှင်းက အဘယ်ကြောင့် ထိုသို့ ပြောသည်ကို နားလည်သည်။

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူက ရီဝူချင်းကို ဖိတ်ခေါ်သော မိန်းကလေးထံသို့ လျှောက်သွားလိုက်သည်။ သူမက မင်းသမီး၏ အစေခံဖြစ်ရမည်။ “မင်းသမီးက ဖူယွန်ဓားကလန်က လီတောင်ယွန်နဲ့ ရင်းနှီးလား...” သူက မေးလိုက်သည်။

“ရှင် မကြားဖူးဘူးလား...” အစေခံ မိန်းကလေးက အနည်းငယ် အံ့အားသင့်သွားကာ ရီဖူရှင်းကို ကြည့်သည်။

“ဘာကို ကြားရမှာလဲ...” ရီဖူရှင်းက မေးလိုက်သည်။

“ကျွန်မတို့ မင်းသမီးကို ပိုးပန်းတဲ့သူတွေ အများကြီး ရှိတယ်... လီတောင်ယွန်က ဒီအထဲက တစ်ယောက်ပဲ...” အစေခံမိန်းကလေးက ဂုဏ်ယူစွာ ပြောသည်။ ဤသတင်းက လျှို့ဝှက်ချက် မဟုတ်ပေ။ လီတောင်ယွန်က မင်းသမီးအား ပိုးပန်းနေသည်ကို လူတိုင်း သိသည်။

“မင်းသမီးက သူ့ကို လက်မခံဘူးလား...” ရီဖူရှင်းက ဆက်မေးသည်။

အစေခံ မိန်းကလေးက သူ့ကို အကဲခတ်လိုက်သည်... “ရှင့်မှာ မေးခွန်းတွေ များလိုက်တာ...”

“မင်းသမီးက ဒီလောက် လှတာ... ကျုပ်က စိတ်ဝင်စားတာပေါ့...” ရီဖူရှင်းက တောက်ပစွာ ပြုံးလိုက်သည်။ သူ၏ ချောမောသော မျက်နှာက ထိုအပြုံးကြောင့် ပိုမို ကြည့်ကောင်း လာသည်။

သူ၏ ချောမောသော မျက်နှာကို ကြည့်ကာ အစေခံမိန်းကလေးက တိုးတိုးလေး ပြောသည်... “လီတောင်ယွန်က ပါရမီပါတယ်... ဒါပေမဲ့ သူက ဖူယွန်ဓားကလန်မှာ ပြိုင်ဘက်ကင်း မဟုတ်ဘူး... ကျွန်မတို့ မင်းသမီးက ဒီလောက် တန်ဖိုးရှိတာ... သူမက အလွယ်တကူ ဘယ်လက်ခံပါ့မလဲ...”

“ဖူယွန်ဓားကလန်နဲ့ လျိုနိုင်ငံ ဘယ်သူက ပိုပြီး အင်အား ကောင်းတာလဲ...” ရီဖူရှင်းက ဆက်မေးလိုက်သည်။ အစေခံမိန်းကလေး၏ ထူးဆန်းသော အမူအရာကို မြင်လျှင် ရီဖူရှင်းက ရယ်မောလျက် ပြောသည်... “ကျုပ်တို့က ဒီနေရာက မဟုတ်ဘူး... ဒါကြောင့် အရှေ့မြေရိုင်းဒေသက အင်အားကြီး အဖွဲ့အစည်းတွေကို ရှာဖွေနေတာ... မင်း ပြောပြလို့ ရမလား...”

“နှစ်ခုလုံးက အရှေ့မြေရိုင်းဒေသရဲ့ အင်အားကြီး အဖွဲ့အစည်းတွေလို့ ပြောလို့ရတယ်...” အစေခံ မိန်းကလေးက ပြောသည်။

“ဪ ...” ရီဖူရှင်း၏ မျက်လုံးများ အရောက်လက် သွားသည်။ သူက မင်းသမီး လျိုချန်းယွီအား ကြည့်ကာ ပြုံးလိုက်သည်... “ကျုပ်က ပထမက လျိုနိုင်ငံရဲ့ အင်အားကို မသိခဲ့ဘူး... ကျုပ်တို့က မင်သမီးနဲ့ အတူလေ့ကျင့်မယ်ဆိုရင် မင်းသမီးက လက်ခံမလား မေးကြည့်ပေးပါလား... တကယ်လို့ အဆင်ပြေခဲ့ရင် ကျုပ်တို့က လျိုနိုင်ငံကို ဝင်မယ်လေ...”

“ကျွန်မတို့က ရှင့်ကို မဖိတ်ခေါ်ဘူး...” အစေခံမိန်းကလေးက သူမ၏ စကားကို ဆက်မပြောတော့ဘဲ ရီဝူချင်းကို ကြည့်ကာ ပြောသည်... “သူနဲ့ ရှင်နဲ့ ဘယ်လို ပတ်သက်လဲ...”

“သူက ကျုပ်ရဲ့ သခင်လေးပဲ... သူက တကယ်ပဲ ပါရမီပါတယ်...” ရီဖူရှင်းက ပြောသည်။

“သူက တကယ်ပဲ ပါရမီပါတယ်... ကျွန်မက မင်းသမီးကို သွားမေးကြည့်လိုက်မယ်...” အစေခံမိန်းကလေးက ပြောသည်။

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်.... “ကျေးဇူးတင်ပါတယ်...” ထို့နောက် သူက ရီဝူချင်း၏ ဘေးနားသို့ လျှောက်လာသည်။ ပြုံးလျက် သူက ပြောသည်... “ငါက မင်းအတွက် စတေးခံလိုက်မယ်...” ကျေးဇူးတင်စွာပင် သူကား ချောမောပေသည်။ မဟုတ်လျှင် သူ၏ ရုပ်ရည်ဖြင့် သူမထံမှ စကားနှိုက်နိုင်မည် မဟုတ်ပေ။

ရီဝူချင်းက သူ့အား ထူးဆန်းစွာ ကြည့်လျက် မေးသည်... “မင်းတို့နှစ်ယောက် ဘာတွေ ပြောခဲ့တာလဲ...”

“ငါက မင်းသမီးက မင်းကို လက်ခံအောင် ကူညီခဲ့တယ်... ဒါပေမဲ့ လောလောဆယ် အနေနဲ့ပဲ သူမရဲ့နောက်ကို လိုက်မှာ...” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

“မင်းက ဘာကို စဉ်းစားနေတာလဲ...” ရီဝူချင်းက နားမလည်သေးပေ။

“မင်းသမီးက ချောမောလှပတယ်လို့ မင်း မထင်ဘူးလား...” ရီဖူရှင်းက မေးလိုက်သည်။ ရီဝူချင်းက လေးနက်စွာ ခေါင်းညိတ်သည်။ ရီဖူရှင်းက ဆက်ပြောသည်... “မင်းက သူမကို ကြည့်လေလေ သူမက ပိုလှလေလေပဲ... သူမလို လှပတဲ့ မိန်းကလေးကို ဘေးနားမှာ ရှိစေတာက မင်းရဲ့ မျက်လုံးကိုလည်း အကူအညီဖြစ်တယ်... မင်းတို့က ဒီထက် အတူရှိတဲ့ အချိန်များလာရင် မင်းတို့အကြား ခံစားချက်က တဖြည်းဖြည်း ဖြစ်လာမှာပဲ...” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ သူ၏ ဘေးမှ လို့လန်ရွှီ မျက်လုံးပြူးသွားသည်။ ထိုစကားများက သူမ၏ အမေက ရီဖူရှင်းကို ပြောခဲ့သော စကားများ မဟုတ်ပါလား။

လင်းယွီယိုက ရီဖူရှင်းကို ကြည့်သည်။ အကယ်၍ ခံစားချက်ကသာ ဖန်တီး၍ ရလျှင် သူမက အဘယ်ကြောင့် အခုထိ အစေခံအဖြစ် သဘောထားခံ နေရသနည်း။ သူမက မလှလို့လား။ သို့သော် ဤကောင် ဘာကို ဆိုလိုသနည်း။ သူက လျိုနိုင်ငံ မင်းသမီးကို လိုချင်သည်လား။

ယူချင်းက ရီဖူရှင်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ဟွာဂျီယူ မရှိသော အချိန်တွင် ရီဖူရှင်းကား အမှန် ဆိုးသွမ်းနေလေပြီ။

ထိုအချိန်တွင် လျိုချန်းယွီက သူမ၏ အစေခံထံမှ အစီရင်ခံမှုကို လက်ခံရရှိသည်။ သူမက ရီဝူချင်းအား ကြည့်ကာ သူတို့ထံသို့ လျှောက်လာသည်။ သူမ၏ ခန္ဓာကိုယ်ကား ဆွဲဆောင်မှုရှိကာ နူးညံ့သိမ်မွေ့သည်။ သူမက ရီဝူချင်း၏ အနီးကို ရောက်လျှင် သူမက ပြောသည်... “လျိုချန်းယွီ...”

ထိုမိန်းကလေးအား ကြည့်ကာ ရီဝူချင်းက ပြန်၍ နှုတ်ဆက်လိုက်သည်... “ရီဝူချင်း...”

“သူတို့က ဘယ်သူတွေလဲ...” လျိုချန်းယွီက ရီဝူချင်း၏ ဘေးမှ လူများကို မေးသည်။

“ကျုပ်တို့က သခင်လေးရဲ့ သက်တော်စောင့်တွေ...” ရီဖူရှင်းက ပြောသည်။ လျိုချန်းယွီက လင်းယွီယိုနှင့် လို့လန်ရွှီတို့ကို ကြည့်လျှင် ရီဖူရှင်းက ဆက်ပြောသည်... “ပြီးတော့ အစေခံတွေ...”

လင်းယွီယိုက ရီဖူရှင်းအား ဒေါသတကြီး ကြည့်သည်။ သူမက ဘယ်အချိန်က အစေခံ ဖြစ်သွားသနည်း။ သို့သော် ဤတစ်ကြိမ်တွင်ကား သူသည်လည်း သက်တော်စောင့် ဖြစ်သွားသည်။

“ဒီလိုဆိုရင်လည်း ရှင်တို့တွေ အကုန်လုံးက ရှေးဟောင်းမြေရိုင်း ဒေသမှာ ကျွန်မနဲ့အတူ လေ့ကျင့်နိုင်တယ်...” လျိုချန်းယွီက ပြောသည်... “ရှင်က ပါရမီပါတယ်… ဒါပေမဲ့ တန်ခိုး အဆင့်နိမ့်သေးတယ်... ရှင်က ကျွန်မနောက်ကိုလိုက်ရင် အကူအညီ ဖြစ်လိမ့်မယ်... တကယ်လို့ တစ်ရက်မှာ ရှင်က လျိုနိုင်ငံကို ဝင်ရောက်လိုတဲ့အခါ ကျွန်မကို ပြောပါ...” ရီဝူချင်း၏ ပါရမီဖြင့် သူက လျိုနိုင်ငံကို ဝင်ရောက်ပါက ကောင်းမွန်သော အရာတစ်ခုပင်။

သူက ရီဖူရှင်းထံတွင် အလိမ်ခံလိုက်ရပြီဟု ရီဝူချင်း ခံစားရသည်။ သို့သော် လင်းယွီယို၏ လှပသော မျက်လုံးဝိုင်းများကို ကြည့်ကာ သူက မတတ်သာဘဲ ခေါင်းညိတ်လိုက်သည်။

“လက်အောက်ငယ်သားတွေ ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်... မင်းသမီး...” ထိုနေရာတွင်ပင် ရပ်နေသော လီတောင်ချန်းက ပြောသည်။ အမှန်က သူက ရီဖူရှင်းတို့ အုပ်စုအား လက်အောက် ငယ်သားများသာ ဖြစ်သည်ဟု စော်ကားလိုက်ခြင်း ဖြစ်သည်။ သို့သော် လျိုချန်းယွီက ထိုသို့ မပြောသေးပေ။ သို့သော် လီတောင်ချန်း အတွက်မူကား သူ၏ အစ်ကိုက လျိုချန်းယွီအား ပိုးပန်းနေရာ သူမက ရီဝူချင်းတို့အုပ်စုအား ခေါ်ယူပါက လက်အောက်ငယ်သားမျှသာ ဖြစ်ရမည်ဟု သူယူဆသည်။

ရီဖူရှင်းက လီတောင်ချန်းအား အကဲခတ်လိုက်သည်။ သူကား အမှန်ပင် လီတောင်ယွန်နှင့် ဆင်တူသည်။

လျိုချန်းယွီက ဘာမှ မပြောသေးသည်ကို မြင်လျှင် လီတောင်ချန်းက တခြားလူများကို ကြည့်ကာပြောသည်... “အခုက စပြီး မင်းတို့က မင်းသမီကို သေသေချာချာ ခစားရမယ်... တကယ်လို့ မင်းတို့ တစ်ခုခု လိုအပ်တာ ရှိရင်လည်း ကျုပ်နဲ့ ကျုပ်အစ်ကိုဆီကို လာခဲ့လို့ရတယ်...”

လျိုချန်းယွီ မျက်မှောင်ကြုတ် လိုက်သည်။ လီတောင်ချန်း၏ စကားများက ဘောင်ကျော်နေလေပြီ။ သူမက ရီဝူချင်း၏ ပါရမီအား သဘောကျသောကြောင့် လျိုနိုင်ငံအတွက် ဖိတ်ခေါ်ခဲ့သည့်တိုင်၊ သူတို့က သူမ၏ လက်အောက်ငယ်သား ဖြစ်သည့်တိုင် လီတောင်ချန်းက ဤကဲ့သို့ ပြောပိုင်ခွင့် မရှိပေ။ သူ၏စကားက သူမနှင့် လီတောင်ယွန်တို့ တစ်ခုခု ပတ်သက်နေသည့် သဘောကို သက်ရောက်နေသည်။

ရီဖူရှင်းက လီတောင်ချန်း၏ စကားကို ကြားလျှင် မျက်လုံးက အရောင်လက်သွားသည်။ နောက်ဆုံးတွင် ငါးကား မျှားချိတ်တွင် ဟပ်လေပြီ။ လီတောင်ယွန်က လျိုချန်းယွီအား ပိုးပန်းနေသည်လား။ ဤသို့ဆိုလျှင် လီတောင်ယွန်က မည်သို့ လုပ်မည်ကို သူ သိလိုသည်။

“မင်းသမီး... သူက ဘယ်သူလဲ...” ရီဖူရှင်းက သူ့အား သိပြီး ဖြစ်သော်လည်း ထပ်မံ၍ မေးလိုက်သည်။

“ဖူယွန်ဓားကလန်က လီတောင်ချန်း...” လျိုချန်းယွီက ပြောသည်။

“မင်းသမီး... ဒီကောင်ရဲ့ စကားက တခြား အဓိပ္ပာယ် ပေါက်နေတယ်... ဒါက မင်းသမီးရဲ့ သိက္ခာကို ထိခိုက်စေတယ်... သူ့စကားတွေက မင်းသမီးက သူ့အစ်ကိုနဲ့ ပတ်သက်နေတဲ့ အတိုင်းပဲ...” ရီဖူရှင်းက ပြောသည်... “မင်းသမီးက ကျုပ်တို့ကို ဒီလို မရိုမသေပြောတဲ့ အကောင်ကို ပညာပေး စေချင်ပါသလား...”

ထိုစကားကို ကြားလျှင် လီတောင်ယွန်က ရီဖူရှင်းကို ကြည့်လိုက်သည်။ သူ၏စကားက အမှန်ပင် တခြား သဘော သက်ရောက် သွားစေသော်လည်း အမှန်က သူက ရီဖူရှင်းတို့အုပ်စုကို နှိမ့်ချလိုသော သဘောဖြင့်သာ ပြောခဲ့ခြင်း ဖြစ်သည်။ သူက မရိုမသေသဘောဖြင့် ပြောခဲ့သည် မဟုတ်သော်လည်း ရီဖူရှင်းက ထိုသို့ ပြောလိုက်လျှင် သူက အမှန်ပင် ရိုင်းစိုင်းသောသူ ဖြစ်သွားသည်။

“ပါးစပ်ပိတ်စမ်း... ကျုပ်က မင်းသမီးနဲ့ စကားပြောနေတာ... မင်းလို ကျွန်တစ်ကောင် အတွက် နေရာမရှိဘူး...” လီတောင်ချန်းက ဒေါသတကြီး ပြောသည်။ သူ၏ မျက်လုံးများက ထက်ရှသွား၏။ ရီဖူရှင်းက သူက ရီဝူချင်း၏ သက်တော်စောင့်ဖြစ်ကြောင်း ပြောခဲ့သည်ကို သူကြားသည်။ သက်တော်စောင့် တစ်ယောက်က သူနှင့် မင်းသမီး၏ ဆက်ဆံရေးကို ဆိုးရွားအောင် မည်သို့ လုပ်နိုင်ရမည်နည်း။

“လီတောင်ချန်း... ရှင်လွန်နေပြီ...” လျိုချန်းယွီက အေးစက်စွာ ပြောသည်။

“မင်းသမီး... ဒီကျွန်က သူ့နေရာသူ မသိဘူး... သူက ကျုပ်တို့ကို ဘယ်လိုလုပ် သွေးထိုးရဲတာလဲ... ကျုပ်က မင်းသမီးကို ထိခိုက်စေလိုတဲ့ သဘောနဲ့ ပြောတာ မဟုတ်ပါဘူး...” လီတောင်ချန်းက ပြောသည်။

“မင်းသမီးလည်း သူပြောတာ ကြားတာပဲ... ကျုပ်တို့ သည်းမခံသင့်ဘူး...” ရီဖူရှင်းက ပြောသည်။

လျိုချန်းယွီက သူ့အား ကြည့်ကာ ပြောသည်... “လီတောင်ချန်းက ဓမ္မအဆင့် ငါးတန်ခိုးရှင်ပဲ...” သူကား ဖူယွန်ဓားကလန်မှ ဖြစ်ကာ နိုဘယ်ကံစွမ်းအား ရှိသည်။ သူကား အမှန်ပင် အားကောင်းသော တိုက်ခိုက်ရေးသမား ဖြစ်သည်။ ရီဖူရှင်းကား သက်တော်စောင့်မျှသာ ဖြစ်သည်။ သူက လီတောင်ချန်းကို မည်သို့ တိုက်ခိုက်မည်နည်း။ မဟုတ်လျှင် ရီဝူချင်း တိုက်ခိုက်ရပေမည်။

“ဓမ္မအဆင့်ငါးပဲလား...” ရီဖူရှင်းက ယုံကြည်မှု ရှိစွာပြောသည်။ လျိုချန်းယွီက သူ့အား အကဲခတ်လိုက်သည်။ သူက လီတောင်ချန်းအား သူ၏ ငယ်ရွယ်သော အသက်အရွယ်မျှဖြင့် အနိုင်ရမည်ဟု အမှန်တကယ် ထင်နေသည်လား။

“ယူချင်း...” ရီဖူရှင်းက သူကိုယ်တိုင် တိုက်ခိုက်မည်ဟု သူမ ယူဆလိုက်စဉ်မှာပင် ယူချင်း နာမည်ခေါ်သံကို ကြားလိုက်ရသည်။ “မင်းသမီးအတွက် လက်စားချေပေးလိုက် ...”

“ကောင်းပြီ...” ယူချင်းက ရှေ့ကို တိုးသွားလိုက်ကာ သူ၏ ပုဆိန်အား ထုတ်ယူလိုက်သည်။

လီတောင်ချန်းက လျှပ်တစ်ပြက်ပင် လေထဲကို ခုန်တက်သွားသည်။ ဓားအသိက သူ၏ ခန္ဓာကိုယ်မှ ဖြာထွက်လာကာ သူက ရီဖူရှင်းနှင့်ယူချင်းကို အေးစက်စွာ ကြည့်လိုက်သည်။ ဤသက်တော်စောင့်များက သူ့အား အထင်သေး နေကြသည်လား။

ကြောက်မက်ဖွယ် ကောင်းသော ဓားအားလှိုင်းများ သူ့ခန္ဓာကိုယ်တွင် စီးဆင်းလာနေကြကာ ယူချင်းထံသို့ ခုန်ဝင်လိုက်သည်။ ထိုအခိုက်တွင် ယူချင်းကလည်း လေထဲကို ခုန်ဝင်လိုက်သည်။ သူ၏ ကြီးမားသော ခန္ဓာကိုယ်က လီတောင်ချန်းထံသို့ ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် တိုးဝင်သွားသည်။

“မင်းက သေချင်နေတာပဲ...” လီတောင်ချန်းက လေထဲမှ ဓားဖြင့် ရွယ်လျက် ပြောသည်။ မဆုံးနိုင်သော ဓားအားလှိုင်းများက ယူချင်းထံသို့ တိုးဝင်လာကြသည်။ ထိုအရာက အရာအားလုံးကို ဖျက်ဆီးကာ ယူချင်းထံသို့ အလင်းတန်းအလား ပြေးဝင်လာကြသည်။

သို့သော်လည်း ယူချင်းက သူ၏ပုဆိန်ဖြင့် ခုတ်ချလိုက်သည်။ သူ၏ခုတ်ချက်က လေဟာနယ် တစ်ခုလုံးကို ထက်ခြမ်းခွဲလိုက် သကဲ့သို့ပင် ထိုအားကောင်းလှသော ဓားအားလှိုင်းများနှင့် အရာအားလုံးက ပျက်စီး ပျောက်ကွယ် သွားရသည်။ မဆုံးနိုင်သော ဓားအားလှိုင်းများက ဘေးကို ပြန့်ကျဲ ပျောက်ကွယ် သွားကြ၏။ ယူချင်းက လီတောင်ချန်း၏ ရှေ့ကို လျင်မြန်သော အရှိန်အဟုန်ဖြင့် ခုန်လွှားလျက် သူ၏ ပုဆိန်ဖြင့် မိုးလျက် ခုတ်ချလိုက်သည်။ လီတောင်ချန်း၏ ထိတ်လန့်နေသော မျက်လုံးများ အောက်တွင်ပင် ယူချင်းက ပုဆိန်အား သူ၏ ခေါင်းနှင့် တစ်လက်မ အကွာလောက်တွင်ပင် ရပ်တန့်လိုက်သည်။ ထို့နောက် သူ၏ ခြေထောက်ကို မြှောက်ကာ ကန်ကျောက်လိုက်လျှင် ဘုန်းခနဲမြည်ကာ လီတောင်ချန်း မြေပေါ်သို့ ကျသည်။

လီတောင်ချန်းကား မြေပြင်ပေါ်သို့ ကန်ချက်တစ်ချက်ဖြင့် လွင့်စဉ်သွားရသည်။ သူကား ယူချင်း၏ ရိုက်ချက် တစ်ချက်မျှပင် ခုခံနိုင်စွမ်းမရှိပေ။ ယူချင်းက သူ၏ စွမ်းအား အစစ်အမှန်ကိုလည်း သုံးစွဲခဲ့ခြင်း မရှိပေ။ မဟုတ်လျှင် လီတောင်ယွန်ကား ပထမ ပုဆိန်ခုတ်ချက်နှင့်ပင် သေသွားပြီဖြစ်သည်။

လီတောင်ချန်းက မြေပြင်ပေါ်မှ ကုန်းရုန်းထရန် ကြိုးစားလိုက်သော အချိန်တွင်ပင် နောက်ထပ် ဘုန်းခနဲ မြည်သွားကာ ယူချင်းက ကောင်းကင်မှ ဆင်းသက်လာကာ လီတောင်ချန်းအား သူ၏ ခြေဖြင့် နင်းလိုက်သည်။

ကျွန်။ ထိုကျွန်က သူ့အား ခြေဖြင့် နင်းထားသည်။ ပတ်ဝန်းကျင်မှ လူများက ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်ကြသည်။ လီတောင်ချန်းကား ဖူယွန်ဓားကလန်မှ ဖြစ်သည်။ သူကား လီတောင်ယွန်၏ ညီဖြစ်သည်။ သူ့အား မည်သူက ဤသို့ ဆက်ဆံရဲရသနည်း။

ရီဖူရှင်းက ထိုမြင်ကွင်းကို တည်ငြိမ်စွာ ကြည့်နေသည်။ သူက လီတောင်ချန်းအား သနားခြင်း မရှိပေ။ သူက လီတောင်ယွန်ထံမှ အတိုးအနည်းငယ် ယူခြင်းသာ ဖြစ်သည်။ လီတောင်ချန်းကလည်း သူတို့ကို လာရောက် ထိပါးသည်။ သူက အမှန်ပင် အရိုက်ခံရန် ထိုက်တန်ပေသည်။

***

All Chapters