အစေခံဖြစ်လာရန်ဆုံးဖြတ်ခြင်း
Vol. 53 Ch. 734
မကောင်းဆိုးဝါး၏ ပထမဆုံး ပစ်မှတ် ဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့သောကြောင့် တာအိုသခင် ယွီလန်မှာ အလွန်အမင်း ကြောက်ရွံ့နေမိသည်။
သူသည် အသည်းအသန် ထွက်ပြေးရန် ကြိုးစားပါသော်လည်း ကြီးမားလှသော သွေးနီရောင် မျက်ဝန်းများမှာ သူ၏လှုပ်ရှားမှုတိုင်းကို လိုက်လံကြည့်ရှုနေလေသည်။ ထိုသည်မှာ သေမင်းတမာန် နတ်ဘုရားသည် သူ့အားတည့်တည့်ကြည့်ရှုကာ သေဆုံးရမည့် အချိန်အား ကြေညာလိုက်သလိုပင်။
တာအိုသခင် ယွီလန်လည်း မနေနိုင်တော့ပဲ မြေပြင်ပေါ် ချက်ချင်းပင် ဆင်းသက်လိုက်သည်။
ဒုန်း......
သူသည် မကောင်းဆိုးဝါးကြီးကိုကြည့်ကာ ဒူးထောက်လိုက်သည်။
"ကျွန်တော်က ဘာကောင်မှ မဟုတ်ပါဘူး သခင်ကြီးရယ်။ ကျွန်တော့်ရဲ့ အသက်ကို မယူပါနဲ့ဗျာ။ သခင်ကြီးတို့အတွက် ဘာမဆို လုပ်ပေးဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော့်ကို စိတ်ကြိုက်စေခိုင်းပါခင်ဗျာ။ ကျွန်တော် ပျော်ပျော်ကြီး တာဝန်ထမ်းဆောင်မှာပါ။"
မိစ္ဆာကျင့်ကြံသူအတွက် ဒုတိယ အရေးအကြီးဆုံးမှာ သေရေးရှင်ရေး အခြေအနေမျိုးတွင် ရန်သူထံ အညံ့ခံရန် ဖြစ်သည်။
မကောင်းဆိုးဝါးကြီးသည်လည်း လက်အောက်ငယ်သားအချို့ လိုအပ်လိမ့်မည်ပင်။
အဆင့်အတန်း မြင့်မားသူများသည် ကိုယ်တိုင်လက်ညစ်ပတ်ခံကာ ပုရွက်ဆိတ်များကို ဖိခြေသတ်ဖြတ်နေမည် မဟုတ်ပေ။ အဆင့်နိမ့် သတ္တဝါများအား ၎င်းတို့အစား ကိုင်တွယ်ဖြေရှင်းပေးမည့် အစေခံအချို့ ရှိသင့်ပေသည်။
တာအိုသခင် ယွီလန်သည် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ ဖြစ်သည့်အပြင် မကောင်းဆိုးဝါးကြီး၏ ပထမဆုံး အစေခံ ဖြစ်သောကြောင့် ဆိုးဆိုးရွားရွား ဆက်ဆံခံရမည် မဟုတ်ပေ။ သူသည် အစေခံ ဘဝဖြင့်ပင် တစ်ကြိမ်တစ်ခါမှ စိတ်ကူးမယဉ်ခဲ့ဖူးသော အမြင့်သို့ပင် ရောက်ရှိသွားနိုင်သေးသည်။
ထင်မှတ်ထားသည့်အတိုင်း မကောင်းဆိုးဝါးကြီး တွေဝေသွားလေသည်။
"အမ်....... သူက ကျွန်တော်တို့ရဲ့ အစေခံ ဖြစ်ချင်တယ်တဲ့။ အစ်ကိုကြီးတို့ရော ဘယ်လိုထင်လဲ။"
လူသားခေါင်း မေးမြန်းလိုက်သည်။
တာအိုသခင် ယွီလန်မှာ စိတ်သက်သာရာ ရသွားသည်။ ထိုအကြောင်းအရာနှင့်ပက်သတ်၍ ဆွေးနွေးနေကြသောကြောင့် သူ၏လွတ်မြောက်နိုင်ခြေမှာ ပိုမိုမြင့်မားလာပြီပင်။
နဂါးခေါင်းမှာ အမူအရာ ကင်းမဲ့စွာ ပြောလိုက်သည်။
"ဒီကောင်က ငချွတ်အဆင့်ပဲ ရှိတယ်။ အဲ့လိုကောင်လိုမျိုးကို အစေခံထားထားရင် ငါတို့ပါ သိက္ခာကျမှာပေါ့။"
တာအိုသခင် ယွီလန်မှာ သွေးအန်တော့မလို ဖြစ်သွားရသည်။
ငါက ငချွတ်......... ငါ့ကို အစေခံအဖြစ် သတ်မှတ်ရင် သူတို့ပဲ သိက္ခာကျမယ် ဟုတ်လား......... မင်းတို့ကိုယ်မင်းတို့ ဘာထင်နေလဲကွ............
ဇာမဏီခေါင်းမှာ တည်ငြိမ်စွာ မေးခွန်းထုတ်လိုက်သည်။
"အစေခံဆိုတာ ဘာလဲ။ စားလို့ရော ရလို့လား။"
လူသားခေါင်းမှာ ဓားဖြင့်ခေါင်းကုတ်ကာ ပြောလိုက်သည်။
"စားလို့ရမှာပါ။ အစေခံ ဖြစ်သွားလည်း သူ့ရဲ့ ဟင်းလင်းပြင်သို့အပြန်အဆင့် စွမ်းအင်အဆီအနှစ်တွေ ရှိနေဦးမှာပဲဟာ။"
"သောက်တုံးကောင်........."
နဂါးခေါင်းမှ ကျိန်ဆဲလိုက်သည်။
တာအိုသခင် ယွီလန်မှာ ကြောက်ရွံ့လွန်းသောကြောင့် တဆတ်ဆတ် တုန်နေလေပြီ။
"ကောင်းပြီလေ။ မင်းငါ့ရဲ့ အစေခံလုပ်ပေါ့။"
လူသားခေါင်း ပြုံးကာပြောလိုက်သည်။
တာအိုသခင် ယွီလန် အလွန်ပျော်ရွှင်ကာ အရိုအသေ ပေးလိုက်သည်။
"ဘာပဲလိုလို ကျွန်တော့်ကိုပြောပါ။ ကျွန်တော့် ဘဝတစ်ခုလုံးနဲ့ရင်းပြီး ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်။"
လူသားခေါင်း စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ပထမဆုံး လုပ်ရမှာကတော့ ငါ့ပါးစပ်ထဲ ပျံလာဖို့ပဲ။ အခုငါ တော်တော်လေး ဗိုက်ဆာနေတာ။"
လူသားခေါင်း၏ သွေးနီရောင် မျက်ဝန်းများမှာ တဝင်းဝင်း တောက်နေပြီး သူ၏လုပ်ရပ်အပေါ် အမှန်တကယ် နှစ်ထောင်းအားရ ဖြစ်နေပုံရသည်။
"ဘယ်လိုလဲ။ ကျွန်တော် ဉာဏ်ကောင်းတယ်မလား။ အစေခံအဖြစ် လက်ခံပြီးမှ ပါးစပ်ထဲလာဖို့ အမိန့်ပေးလိုက်တာ။ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ တစ်ယောက်ကို ချွေးတောင်ထွက်စရာ မလိုပဲ စားရတော့မယ်။"
လူသားခေါင်း ရယ်မောလိုက်သည်။
တာအိုသခင်: ".........."
နဂါးခေါင်း မနေနိုင်တော့ပဲ ငေါက်ငန်းလိုက်သည်။
"ဦးနှောက်မရှိတဲ့ကောင်..........."
ဇာမဏီခေါင်းမှာ သက်ပြင်းချလိုက်သည်။
"နောက်ဆို ငါတို့ ဦးနှောက်များများ စားပေးသင့်တယ်။"
"အား......."
တာအိုသခင် ယွီလန်မှာ အလန့်တကြား ထွက်ပြေးတော့သည်။ သူ၏ခြေလက်များတွင် အခိုးအငွေ့များမှ ဖြစ်တည်လာသော ဝံပုလွေ လက်သည်း၊ ခြေသည်းများ ရှိနေသောကြောင့် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ငါးကီလိုမီတာ အကွာအဝေးသို့ ရောက်ရှိသွားလေသည်။
လျှို့ဝှက်ကျင့်စဉ်....... နတ်ဝံပုလွေပျံဝဲခြင်း.......
လူသားခေါင်းမှာ ဒေါသထွက် ပေါက်ကွဲသွားရသည်။
"ဟေး........ မင်းပြောတော့ ငါ့အစေခံ ဖြစ်လာရင် ဘဝတစ်ခုလုံး ပေးဆပ်မှာပါဆို။ ဘာလို့ ငါစားတာ မခံချင်ရတာလဲ။ မင်းက မရိုးသားတဲ့ လူပဲကွ။"
တာအိုသခင် ယွီလန်မှာ မျက်စိမျက်နှာ ပျက်သွားရသည်။
ဒီမကောင်းဆိုးဝါးက ကျပ်မပြည့်ဘူးလား...... ဖော်လန်ဖားလုပ်တဲ့ စကားတွေကို ဘယ်သူက အဲ့လောက်ကြီး အတည်မှတ်မှာလဲ...........
"ကျပ်မပြည့်ကောင်...... "
နဂါးခေါင်း ဆူပူလိုက်ပြန်သည်။
ထို့နောက် တာအိုသခင် ယွီလန် ပတ်ပတ်လည်ရှိ ကောင်းကင်နှင့်မြေပြင်သည် သေခြင်းတရား နယ်ပယ်တစ်ခုသဖွယ် အကန့်အသတ်မဲ့သော မီးတောက်မီးလျှံများ ဖြစ်ပေါ်လာသည်။
မည်သို့မှ လွတ်မြောက်နိုင်စရာ မရှိတော့ပေ။
ထိုမီးတောက်မီးလျှံများတွင် အနန္တစွမ်းအင်များ ပါဝင်နေပြီး မျက်စိတဆုံး အဆုံးမရှိပါချေ။
အန်လင်းနှင့် အခြားသူများ၏ အမြင်တွင် ဇာမဏီခေါင်းသည် မီးတောက်မီးလျှံများ မှုတ်ထုတ်လိုက်ခြင်းဖြစ်ပြီး ထိုရွှေရောင်မီးလျှံများသည် ကောင်းကင်နှင့်မြေပြင်တခွင် ပျံ့နှံ့ကာ တာအိုသခင် ယွီလန်အား ဖုံးလွှမ်းသွားခဲ့ခြင်း ဖြစ်သည်။
တာအိုသခင် ယွီလန်မှာ ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားလေသည်။
သို့သော် ၎င်း၏နာနာကျင်ကျင် အော်ဟစ်သံအား ကြီးမြတ်သော နတ်မိစ္ဆာသုံးပါး၏ ဝမ်းဗိုက်ထဲမှ ကြားလိုက်ရသည်။
ထို့နောက် တာအိုသခင် ယွီလန် သေဆုံးသွားသည့်အလား အော်ဟစ်သံများ ငြိမ်သက်သွားလေသည်။
ကြည့်ရှုနေသူများမှာ ကြောက်မက်ဖွယ် ကောင်းလွန်းသော အဖြစ်အပျက်ကြောင့် ခြေထောက်များပင် မခိုင်ကြတော့ပေ။
၎င်းတို့သည်လည်း တာအိုသခင် ယွီလန်အဆင့်သာ ရှိသောကြောင့် အလွယ်တကူ အသတ်ခံရနိုင်သည်။
"ဒါက အံ့ဖွယ်တာအိုရဲ့ အစွမ်းပဲ။ မီးတာအိုနဲ့ အာကာပြင်တာအိုရဲ့ ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုပဲ။"
စုဝမ်ကျွင်း၏ အသံများ တုန်ရီနေသည်။
"အေ့........"
ဇာမဏီခေါင်း လေချဉ်တက်လိုက်သည်။
"ခင်ဗျားပဲလား။ ကျွန်တော့်အစာ ခိုးသွားပြန်ပြီပေါ့။"
လူသားခေါင်း မကျေမနပ် ဖြစ်သွားသည်။
"ဘာလို့ အဲ့လိုပြောတာလဲ။ ငါကမင်းကို ကူညီပေးနေတာလေ။ ငါတို့က စိတ်ကူးယဉ်အိမ်မက်တွေ တူတဲ့အပြင် အစာအိမ်ပါ တူတူပဲဆိုတာ မမေ့နဲ့ဦး။"
ဇာမဏီခေါင်း ဖြည်းညင်းစွာ တုံ့ပြန်လိုက်သည်။
"မင်းအဆင်သင့်ဖြစ်ရင် ငါ့ကိုကျေးဇူးတင်လိုက်ပေါ့။"
"ကျေး..... ကျေးဇူးတင်ပါတယ်။"
လူသားခေါင်း အူလည်လည်ဖြင့် ကျေးဇူးတင်လိုက်သည်။
"ခေါင်းပဲရှိပြီး ဦးနှောက်မရှိတဲ့ကောင်......"
နဂါးခေါင်းမှာ ဆူဆဲရန် ပြင်လိုက်ပြီးမှ တစ်နေရာသို့ကြည့်ကာ ပြုံးလိုက်သည်။
"ဟင်းဟင်း........ နှုတ်ခမ်းယားမယ့် အလန်းစားလေးတွေပါလား။ အကုန်လုံး လိုချင်စရာလေးတွေ။"
လူသားခေါင်းသည်လည်း ထိုနေရာသို့ကြည့်ကာ ရယ်မောလိုက်သည်။
"ဟားဟားဟား....... ကျွန်တော်လည်း သူတို့ကို စားချင်တယ်။"
"သောက်တုံးကောင်......"
နဂါးခေါင်း ဒေါသထွက်သွားသည်။
"ငါကသူတို့ကို မောင်းမဆောင်အတွက် လိုချင်တာကွ။"
"ရွံစရာကြီးကွာ။"
ဇာမဏီခေါင်း အမူအရာ ကင်းမဲ့စွာ စကားဆိုလိုက်သည်။
"ငါတို့ခန္ဓာကိုယ်နဲ့ အဆင်မပြေပါဘူး။"
"ဟမ့်........ ငါက ဖြူစင်ရိုးသား ခိုးမစားတဲ့ နဂါးလေးပါနော်။"
နဂါးခေါင်း အေးစက်စွာ ပြောလိုက်သည်။
"ငါက သူတို့လေးတွေကို အလှကြည့်ဖို့ပဲ လိုချင်တာ။"
အန်လင်းသည်လည်း ကူကယ်ရာမဲ့စွာဖြင့် ထိုမကောင်းဆိုးဝါး ကြည့်နေသော အရပ်မျက်နှာသို့ ပျံဝဲသွားလိုက်သည်။
"အန်လင်း...... စိတ်မလောနဲ့။ ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးကို နင်ဘယ်လိုမှ မယှဉ်နိုင်ဘူး။"
ပိုင်လင် စိုးရိမ်ပူပန်စွာ အော်ဟစ်လိုက်သည်။
"ကျွန်တော့် သူငယ်ချင်းတွေကို ပစ်မထားနိုင်ဘူး။"
အန်လင်းမှာ ဆုံးဖြတ်ချက် ချထားပြီးပုံပင်။
ကြီးမြတ်သော နတ်မိစ္ဆာသုံးပါး မျက်စိကျနေသည်မှာ စုချန်းရန်နှင့် လျှိုချင်းဟွမ် ဖြစ်သောကြောင့် သူ့ထံတွင် ရွေးချယ်စရာ မရှိပေ။
စုချန်းရန်နှင့် လျှိုချင်းဟွမ်သည် စုဝမ်ကျွင်း၏ ကာကွယ်မှုအောက်တွင် ရှိနေပြီး ၎င်းတို့နားတွင် သံချပ်ကာဝတ်စုံနှင့် အမျိုးသမီး ဗိုလ်ချုပ်တစ်ဦးလည်း ရှိနေသည်။ သို့သော် ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးအား မည်သို့မှ ခုခံနိုင်မည် မဟုတ်ပေ။
အန်လင်းသည် မျက်စိရှေ့တွင်ပင် သူမတို့ တစ်စုံတစ်ခု ဖြစ်သွားမည်ကို လက်မခံနိုင်ပေ။ ဘာလုပ်ရမှန်း မသိသေးပါသော်လည်း ဘာမှမလုပ်ချင်းထက်စာလျှင် ကောင်းမွန်လိမ့်မည်သာ။
ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးကြောင့် စုချန်းရန်နှင့် လျှိုချင်းဟွမ်မှာလည်း ထိတ်လန့်ကာ ဖြူရော်နေလေပြီ။
စုဝမ်ကျွင်းနှင့် လုံကွေးသည်ပင် မျက်လုံးအပြူးသား ဖြစ်နေမိကြသည်။
စွမ်းအင်ကွာခြားချက် ကြီးမားလွန်းလှသောကြောင့် ၎င်းတို့မှာ နှလုံးသားထဲမှ အကြောက်တရားကိုပင် မဖယ်ထုတ်နိုင်ကြပေ။ အဆင့်တူ သို့မဟုတ် ၎င်းတို့ထက် အနည်းငယ် ပိုမိုသာလွန်သော ရန်သူဆိုလျှင်ပင် ထိုမျှတုန်လှုပ်နေမည် မဟုတ်ပေ။
သို့သော် မည်သို့မှ ခုခံနိုင်မည် မဟုတ်သော ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်ရသောအခါ အလိုအလျောက်ပင် အကြောက်တရားများ ခိုအောင်းလာတတ်သည်။
"ငါက မီးလောင်ပြာချပြီး စားဖို့ပဲသိတာ။ လူတွေကို ဘယ်လိုမြှူဆွယ်ဖြားယောင်းရလဲ မသိဘူး။"
ဇာမဏီခေါင်း ဖြည်းညင်းစွာ ရေရွတ်လိုက်သည်။
"ဟီးဟီး......... ကျွန်တော့်ကို လွှဲထားလိုက်။"
လူသားခေါင်း ရယ်မောကာ တုံ့ပြန်လာသည်။
"လစ်စမ်းပါ။ မင်းက လူသတ်ဖို့ကလွဲရင် ဘာသိလို့လဲ။ ဦးနှောက်အဆံချောင်ကောင်...... ငါ့ဘာသာငါလုပ်မယ်။"
နဂါးခေါင်းသည် စုဝမ်ကျွင်းတို့အားကြည့်ကာ ပြိုင်ဘက်ကင်း နဂါးအရှိန်အဝါများကို ထုတ်ဖော်လိုက်သောကြောင့် ရွှေရောင်စွမ်းအင်လှိုင်းများပင် ရုပ်လုံးပေါ်လာသည်။
ဝှစ်..........
ထို့နောက် ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးသည် အရိုးစု တောင်ပံအားဖြန့်ကာ စုချန်းရန်တို့ထံ လျင်မြန်လှသော အရှိန်ဖြင့် ပျံဝဲသွားတော့သည်။