ကမ္ဘာဖျက်ဓားချက်
Vol. 53 Ch. 736
"ဘာလို့ ငါပဲ ထိနေရတာလဲ။"
လူသားခေါင်းသည် မျက်ရည်ရော နှာရည်ပါကျကာ အသည်းအသန် ငိုကြွေးနေတော့သည်။
အန်လင်း မျက်နှာပျက်သွားကာ တစ်ချိန်တည်းမှာပင် ထိုလူသားခေါင်းသည် ဦးနှောက်မရှိသော အရူးကောင်ဖြစ်ကြောင်း အမှတ်ရလိုက်မိသည်။
၎င်းသည် အမြဲတမ်းလိုလို အလွဲလွဲအချော်ချော်ဖြစ်ကာ ခေါင်းချည်းထိနေသောကြောင့် သူမှမရူးလျှင် မည်သူမှ ရူးတော့မည် မဟုတ်ပေ။
သက်တန့်ရောင်စဉ်သည် အသိစိတ်ကို ဖျက်စီးနိုင်သည်အထိ ပြင်းထန်လွန်းပြီး လူသားခေါင်းမှာ အချိန်အတော်ကြာသည်အထိ ယူကြုံးမရအောင် ငိုကြွေးနေခဲ့သည်။
"အန်လင်း......... နင်ကအရမ်းမိုက်တာပဲ။"
လျှိုချင်းဟွမ်မှာ တောက်ပနေသော မျက်ဝန်းများဖြင့် ချီးကျူးလိုက်သည်။
"အတန်းဖော်အန်လင်း....... "
စုချန်းရန်မှာလည်း စိတ်လှုပ်ရှားစွာဖြင့် အန်လင်းအား ကြည့်ရှုလာသည်။
အန်လင်းသည် ကျင့်ကြံရေးအဆင့် မမြင့်လှပါသော်လည်း သေရေးရှင်ရေး အခြေအနေမျိုးတွင် အမြဲတစေ မှီခိုအားထားနိုင်သူ ဖြစ်သည်။
ထို့ကြောင့် စုချန်းရန်သည် အန်လင်းနှင့် ရှိနေတိုင်း မည်သည့်အရာကမှ သူမအား မထိခိုက်စေနိုင်သည့်အလား လုံခြုံနွေးထွေးသော ခံစားချက်ကို ရရှိလေ့ ရှိသည်။
"အဲ့ဒါအန်လင်းလား။"
လုံကွေးသည် အားလုံး၏ရှေ့တွင်ရှိနေသော လူငယ်လေးအား စိတ်ဝင်တစား ကြည့်ရှုလိုက်မိသည်။
စုဝမ်ကျွင်း လေးစားနေသော မျက်ဝန်းများဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။ သူက စုကျိုးအင်မော်တယ်ဂိုဏ်းချုပ် အန်လင်းပဲ။"
"သူက မကောင်းဆိုးဝါးရဲ့ တိုက်ခိုက်မှုကို ခုခံရုံတင် မကဘူး။ တန်ပါပြန်လိုက်သေးတယ်။ ဒီကောင်လေး ဘယ်တုန်းက ဒီလောက်ထိ ကြောက်စရာကောင်းသွားတာလဲ။"
ပိုင်ဖန်းဇယ် ပါးစပ်အဟောင်းသား ဖြစ်နေသည်။
ကောင်းကင်နတ်မိမယ် ဖေးရင်မှာလည်း အဝေးရှိ လူငယ်လေးအားကြည့်ကာ မျက်လုံးအပြူးသား ဖြစ်နေမိသည်။
"သခင်လေးအန်လင်း...... ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။ "
စုဝမ်ကျွင်း မေးမြန်းလိုက်သည်။
အားလုံး၏ အကြည့်များမှာ အန်လင်းထံ ရောက်ရှိလာလေသည်။ အန်လင်းသည် ချွေးတစ်စက်ပင် မထွက်ပဲ မကောင်းဆိုးဝါး၏ တိုက်ခိုက်မှုအား တန်ပြန်ကာ စုဝမ်ကျွင်းတို့အား အသက်ဘေးမှ ကယ်တင်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် လူတိုင်းသည် သူ၏လမ်းညွှန်ပြသမှုအား လိုက်နာရန် အသင့်ဖြစ်နေကြပြီပင်။
"ဘာဆက်လုပ်ကြမလဲ ဟုတ်လား...... "
အန်လင်းသည် တရားမျှတသော အမူအရာဖြင့် မျက်တောင်ခတ်ကာ ပြောလိုက်သည်။
"တိုက်ခိုက်ရမှာပေါ့။ တခြားဘာလုပ်နိုင်မှာလဲ။"
စုဝမ်ကျွင်း ချွေးစေးများ ပျံလာလေသည်။
"အစီအစဉ်လေးဘာလေး မရှိဘူးလား။ ဥပမာပြောရရင် ဘယ်လိုလွတ်အောင် ပြေးမလဲ ဘာညာပေါ့။"
လုံကွေးလည်း စကားဆိုလိုက်သည်။
"နင်အဲ့ရတနာနဲ့ တိုက်ခိုက်မှုကို ခုခံလိုက်တာမလား။ ဗလာသက်သက်နဲ့တော့ ငါတို့ဘယ်လိုမှ မကောင်းဆိုးဝါးကို တိုက်နိုင်မှာ မဟုတ်ဘူး။ စွမ်းအင်ကွာခြားချက်က ကြီးလွန်းတယ်။"
"အဆင်ပြေပါတယ်။ အနိုင်တိုက်စရာ မလိုပါဘူး။ အချိန်ဆွဲထားရုံပဲ။"
အန်လင်း တုံ့ပြန်လိုက်သည်။
"အချိန်ဆွဲရမှာလား။"
လုံကွေး နားမလည်နိုင် ဖြစ်သွားသည်။
ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးမှာ ၎င်းတို့ထံ ရောက်ရှိလာသောကြောင့် အန်လင်းသည်လည်း သေသေချာချာ မရှင်းပြလိုက်ရပေ။
"ငါ့တို့ညီလေးကို နာကျင်အောင် လုပ်ရဲတယ်ပေါ့။ မင်းကို သတ်ပစ်မယ်။"
နဂါးခေါင်း ကြိမ်းဝါးလိုက်သည်။
နဂါးဦးချိုထက်တွင် ပြင်းထန်လှသော အဖျက်စွမ်းအင်များနှင့်အတူ ကောင်းကင်နှင့်မြေပြင်ကိုပင် ပြာချပစ်နိုင်လောက်သည့် ခရမ်းရွှေရောင် မိုးကြိုးလျှပ်စီးများ ဖြစ်ပေါ်လာပြီး လျင်မြန်လှသော အရှိန်ဖြင့် အန်လင်းထံ ပျံဝဲသွားသည်။
ထိုမိုးကြိုးတွင် နဂါးခေါင်း၏ အံ့ဖွယ်တာအိုများ ပါဝင်နေသောကြောင့် လေထုသည်ပင် ဆုတ်ပြဲကုန်ရလေသည်။
စစ်နတ်ဘုရား ခန္ဓာသာ ရှိမနေပါက ထိုမိုးကြိုးနှင့် ပက်သတ်၍ ဘာမှလုပ်နိုင်မည် မဟုတ်ပေ။ လျှပ်စီးခြယ်လှယ်နည်းစနစ်သည်လည်း အံ့ဖွယ်မိုးကြိုးအပေါ် အလုပ်မဖြစ်သောကြောင့် သေခြင်းတရားကိုသာ စောင့်ဆိုင်းနေရပေလိမ့်မည်။ သို့သော် စစ်နတ်ဘုရားခန္ဓာ ရှိလာပြီးနောက် ယခုကဲ့သို့ မိုးကြိုးမျိုးကိုပင် ထိန်းချုပ်ကိုင်တွယ်နိုင်ပြီ ဖြစ်သည်။
အန်လင်း၏ လက်ညှိုးထိပ်တွင် လျှပ်စီးများ ဖြာထွက်လာပြီးနောက် ခရမ်းရွှေရောင် မိုးကြိုးမှာ နှစ်ဆဖြစ်လာကာ နဂါးခေါင်းထံ ဆင်းသက်သွားသည်။
နဂါးခေါင်းမှာ သွေးဆုတ်ဖြူရော်သွားပါသော်လည်း ကပ်သီးလေး ရှောင်ရှားလိုက်နိုင်သည်။
ဝုန်း.......
ခရမ်းရွှေရောင် မိုးကြိုးမှာ လူသားခေါင်းကို ထိမှန်သွားပြီး ၎င်းအားမည်းတူးသွားစေသည်။
လူသားခေါင်း၏ ပါးစပ်မှ အငွေ့များ ပျံလာလေသည်။
အားလုံးမှာ ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားရပြန်သည်။
ကြောက်မက်ဖွယ် တိုက်ခိုက်မှုအား ဒုတိယအကြိမ် တန်ပြန်ခဲ့သည်ပင်။
လူသားခေါင်းမှာလည်း သနားစဖွယ်ပင် ဖြစ်နေလေပြီ။
"ဝါး........ ဒီတစ်ခါတော့ သခင်လေးအန်လင်းက ဘာရတနာမှ မသုံးပဲ ဘယ်လိုလုပ်လိုက်ပါလိမ့်။"
လုံကွေး တအံ့တသြ ဖြစ်နေသည်။
စုဝမ်ကျွင်းသည်လည်း ပါးစပ်အဟောင်းသား ဖြစ်နေရသည်။
"ငါလည်းမပြောတတ်ဘူး။"
နဂါးခေါင်းမှာလည်း အနည်းငယ် ကြောက်ရွံ့သွားမိသည်။
"ယီး.....သူကဘယ်လိုလုပ် တိုက်ခိုက်မှုတိုင်းကို တန်ပြန်နိုင်နေတာလဲ။ ဒင်းကို သတ်ပစ်မယ်။"
နဂါးခေါင်း ဒေါသထွက်စွာ ဟိန်းဟောက်လိုက်သည်။
"ခံစားချက်ကို လွှမ်းမိုးမခံနဲ့။ ဘာပဲပြောပြော ငါကတော့ အဲ့ကောင်ကို မမြိုရဲဘူး။"
ဇာမဏီခေါင်း ဖြည်းညင်းစွာ ပြောလိုက်သည်။
ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများမှာ အရသာ ရှိလှပါသော်လည်း စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်သာရှိသော ထိုလူသားအား ဝါးမြိုရန် မတွေးရဲပေ။ ထိုသူသည် ဗိုက်ထဲရောက်သွားလျှင်ပင် တစ်နည်းနည်းတဖုံဖုံ ဂြိုလ်မွှေနေလောက်မည့်သူ ဖြစ်သည်။
"လေဟာနယ်ကျင့်စဉ်တချို့ သုံးကြည့်....."
ဇာမဏီခေါင်း မျက်မှောင်ကျုံ့ကာ အကြံပေးလိုက်သည်။
"ဘယ်လောက်တော်တဲ့ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူဖြစ်ဖြစ် လေဟာနယ်ခြယ်လှယ်တာကို ခံနိုင်ရည် ရှိမှာမဟုတ်ဘူး။"
ထိုစကားနှင့်အတူ ကြမ်းတမ်းလှသော လေထုဖိအားတစ်ခုမှာ အန်လင်းတို့ထံ ကျရောက်လာသည်။
ထိုဖိအားသည် အရာအားလုံးကို ဖျက်စီးပစ်တော့မည့်အလား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
လေထုသည်ပင် ဆုတ်ပြဲကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးလည်း ပျက်စီးကုန်သည်။
အဖျက်စွမ်းအင် ပြင်းထန်လှသော လေထုဖိအားကြောင့် အသက်ရှင်နေရသည်မှာပင် အတုအယောင် တစ်ခုလို ခံစားလာရစေသည်။
ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများသည်ပင် ထိုသည်ကို ခံနိုင်ရည် မရှိပဲ မြေပြင်ပေါ် လဲကျကုန်ရသည်။
စုဝမ်ကျွင်းနှင့် လုံကွေးမှာ အမူအရာ ပြောင်းလဲကာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရန်အတွက် လေဟာနယ် စွမ်းအင်များ ထုတ်ဖော်လိုက်ရသည်။
သို့သော် ဆူနာမီသဖွယ် ထိတ်လန့်ဖွယ်ကောင်းသော လေထုဖိအားကြောင့် ၎င်းတို့၏ စွမ်းအင်များ တမုဟုတ်ချင်း ပျက်စီးသွားရလေသည်။
စုချန်းရန်နှင့် လျှိုချင်းဟွမ်တို့ဆိုလျှင် ထိုလေထုဖိအားကို ခုခံနိုင်စွမ်းပင် မရှိပေ။
အန်လင်းသည် လက်နှစ်ဖက်အား ကျောဘက်တွင် ယှက်သန်းကာ မုန်တိုင်းကြား တည်ငြိမ်နေသော ပညာရှိ တစ်ဦးသဖွယ် ရှိနေသည်။
သူမြေပြင်အား ခြေထောက်ဖြင့် ဆောင့်နင်းလိုက်သည်။
"ရပ်စမ်း....."
ဝုန်း........
အဖြူရောင် အလင်းတစ်ခုမှာ အန်လင်းနှင့် အခြားသူများအား ဖုံးလွှမ်းကာ လေထုဖိအားကို ခုခံထားလိုက်သည်။
စုဝမ်ကျွင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
"တော်တော်အားကောင်းတဲ့ ခုခံကာကွယ်ရေးပဲ။"
"အံ့ဖွယ်တာအိုရဲ့ သန့်စင်လွန်းတဲ့ အစွမ်းတွေပါ ပါနေတယ်။"
လုံကွေး တအံ့တသြ ဖြစ်သွားသည်။
"အန်လင်းက အံ့ဖွယ်တာအိုကိုတောင် ကျွမ်းကျင်နေပြီလား။"
ဤနေရာတွင် မည်သူကမှ အံ့ဖွယ်တာအို အစွမ်းအား မသုံးနိုင်သောကြောင့် ထိုအစွမ်းအား ထုတ်ဖော်လိုက်သည်မှာ အန်လင်းသာ ဖြစ်နိုင်သည်။
အန်လင်းသည် ဆန်းကြယ်လျှို့ဝှက်မှုများနှင့် ပြည့်နှက်ကာ မလုပ်နိုင်သောအရာ မရှိသူပင်။
အားလုံးသည် အန်လင်းအား မျက်လုံးအပြူးသားဖြင့် ကြည့်ရှုနေချိန်တွင် ဇာမဏီခေါင်းသည် တစ်နေရာကိုကြည့်ကာ ရွှေရောင်စွမ်းအင်လှိုင်းများ ပေါက်ကွဲစေလိုက်သည်။
အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦး ပေါ်ထွက်လာလေသည်။ ထိုသည်မှာ အန်လင်းအား တိတ်တဆိတ် ကူညီပေးနေသော ပိုင်လင် ဖြစ်သည်။
"ဟားဟား....... မင်းက သူများအကူနဲ့ တစ်ချိန်လုံး လေကျယ်နေတာပဲ။"
ဇာမဏီခေါင်း အန်လင်းအားကြည့်ကာ အေးစက်စက် ခနဲ့လိုက်သည်။
"အခုတော့ မင်းသေပြီသာမှတ်တော့။ ငါတို့ကို ဂျင်းထည့်တဲ့ကောင်။"
အန်လင်းသည် တစ်စုံတစ်ခုကို အာရုံခံမိသောကြောင့် ကောင်းကင်အား မော့ကြည့်လိုက်သည်။
ထို့နောက် ကောင်းကင်အား လက်ညှိုးထိုးလိုက်သည်နှင့် မျက်ဝန်းများ ရွှေရောင်လင်းလက်ကာ ကမ္ဘာကြီး၏ အုပ်စိုးသူအလား တော်ဝင်အရှိန်အဝါများ ဖြာထွက်လာလေသည်။
"မကောင်းဆိုးဝါးတွေကို နှိမ်နင်းဖို့ ကောင်းကင်ရဲ့အစွမ်းကို ဆင့်ခေါ်တယ်။"
ဝုန်း........
မယုံကြည်နိုင်စရာကောင်းစွာပင် ကောင်းကင်ထက်မှ ဓားပုံရိပ်တစ်ခု ဆင်းသက်လာသည်။ ထိုဓားသည် တိမ်တိုက်များသဖွယ် ဖွေးစွတ်ကာ တောက်ပသော သမုဒ္ဒရာရေပြင်အလား ပြာလဲ့နေပြီး သက်တန့်ရောင်စဉ်လို ရင်သက်ရှုမောဖွယ် အရောင်အဝါများ ထွက်ပေါ်နေသည်။ ကမ္ဘာပေါ်ရှိ ရောင်စဉ်များအားလုံး ပျောက်ကွယ်သွားသလို ထင်မှတ်ရပါသော်လည်း တစ်ချိန်တည်းမှာပင် ထိုဓား၏ ရောင်စဉ်သည် မည်သည့်အရောင်နှင့်မှ ဆင်တူမနေပေ။
ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးသည် အရှိန်အဝါများအား အမြင့်ဆုံးထိ ထုတ်ဖော်ကာ ဓားပုံရိပ်နှင့် ရင်ဆိုင်လိုက်သည်။
သို့သော် ဓားပုံရိပ်သည် ပြိုင်ဘက်ကင်းလောက်အောင် ထက်ရှနေသောကြောင့် အကာအရံများအား အလွယ်တကူ ဆုတ်ဖြဲကာ ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒများနှင့်အတူ ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးအား မြေပြင်ပေါ် ပြုတ်ကျသွားစေသည်။
ဓားပုံရိပ်မှာ ကြီးမြတ်သော နတ်မိစ္ဆာသုံးပါး၏ ရင်ဘတ်အား ထုတ်ချင်းပေါက်ကာ မြေပြင်ပေါ်ထိ ထိုးစိုက်သွားသည်။
အန်လင်းမှာ မထီမဲ့မြင် အမူအရာဖြင့် လက်ညှိုးအား ပြန်ရုတ်သိမ်းလိုက်သည်။
ကြီးမြတ်သော နတ်မိစ္ဆာသုံးပါး၏ နာနာကျင်ကျင် အော်ဟစ်သံမှာ ကောင်းကင်တခွင် ပဲ့တင်ထပ်သွားလေသည်။
အားလုံးမှာလည်း မြင်လိုက်ရသော မြင်ကွင်းအား မယုံကြည်နိုင်ဖြစ်ကာ ကြောင်တောင်တောင် ဖြစ်နေမိကြတော့သည်။